Quantcast
Channel: ပန်ဒိုရာ
Viewing all 97 articles
Browse latest View live

မျက်စိရှေ့မှောက် ဆိုက်ရောက်နေတာတွေ အားလုံးဟာ

$
0
0


မျက်စိရှေ့မှောက် ဆိုက်ရောက်နေတာတွေ အားလုံးဟာ

နက်ရှိုင်းတဲ့ စုပ်ယူမှုထဲက ဖြန့်ထွက်လာတဲ့ ပုံရိပ်ယောင်သက်သက်
အများအမြင် ထင်းထင်းကြီး ခုန်ချလိုက်တော့ “ပလုံ” မြည်သံ အက်ခိုးရိုက်သွား
ကမ်းနားသစ်ပင်မှာ တွဲလောင်းချန်ထားတဲ့ ဗျူဟာ ကိုတော့ မျှော့ကြိုးလျှော့ထားခဲ့
နိုင်ချင်ရင် ဒါမှမဟုတ် ရှုံးချင်ရင် တစ်ဘက်ဘက်ရဲ့ တောင်ပံတစ်ဖက်ကို ချိုးဖျက်/ဖြတ် မှရမယ်
မောင်းမတီးဘူး အလံမလွှင့်ဘူး အမှောင်ထုဟာ စစ်ဦးစီးပဲ
မြှူရုံမြှူပြီးမှ အတွင်းပိုင်းကို ဖြားယောင်းခေါ်လာခဲ့တာ
နောက်ဆုတ်ထားတဲ့ ခြေလှမ်း ရှေ့ကိုကမ်းလာတဲ့ လက်
ညိတ်လိုက်တဲ့ ဦးခေါင်း မတ်မတ်ခိုင်ထားတဲ့ ကျောရိုး
မာကျောမှုနဲ့ အပူဓာတ်သာလျှင် အားကြီးတာမဟုတ်
ပျော့ပြောင်းစွတ်စိုတဲ့ အေးစက်ခြင်းဟာ အလုံးအရင်းနဲ့ အဆင်သင့်
နေမြင့်ပြီ လူပြက်တွေလည်း ရင့်လာပြီ သရဖူလည်း (စိန်တုတွေနဲ့) တင့်တယ်နေပြီ
ရေလွှဲတံခါးဖောက်ချချိန်မှာ သမိုင်းအပြောင်းကို မျက်တောင်မခတ်ကြည့်ထား
တွားသွားနေတဲ့ ရွှေ့ကွက်တွေပေါ် ပြုတ်ကျလုလု ဝရံတာက ပန်းအိုးတစ်လုံး
ကျေနပ်နှစ်ချိုက်မှုတွေလည်း အခုယူရေနီယမ် တော်ကြာကျောက်စရစ်ခဲ
ထက်အောက် အောက်ထက် ဘေးချင်းယှဉ် ကန့်လန့်ဖြတ်
ဆက်ဆံရေးတွေကို မျက်စိနှစ်လုံးတည်းနဲ့ လှည့်ပတ်ချောင်းမြောင်းဖို့မလွယ်
နည်းစနစ်တွေရဲ့ အသေးစိတ်ဟာ အောက်ခြေအထိရောက်ဖို့တော့ ခက်မယ်
ခဲမိုးသွန်ရွာ မှန်ဖူးတဲ့ စာသူငယ်တွေဟာ ခြေပစ်လက်ပစ် ဒိုင်ဗင်ထိုးဝင်နေ
အခက်အခဲတွေကို အရည်ဖျော်ပေးပြီး အားလုံးရဲ့ ထောက်ခံမှုကို ကျော်လွန်သည်အထိ
မပြည့်ဝသေးတဲ့ အရေးပေါ်အစည်းအဝေးမှာ (နောက်တစ်ကြိမ်)
ကျေးဇူးတင်ခဲ့တယ် မျှော်လင့်နေခဲ့တယ် ဟုတ်ကဲ့ ကျွန်ုပ်တို့ သိခဲ့ကြပါတယ်
လမ်းဆုံးချင်းတူပါလျက် သွားပုံသွားနည်းကွဲတာနဲ့ မိတ်ဆွေတွေ လွဲချော်ကုန်ကြ
ဆန့်ကျင်ဘက် ဦးတည်သူချင်းဟာ လမ်းဆုံမှာ ထင်ယောင်ထင်မှား ပခုံးဖက်ကြ
အဝေးမှုန် အနီးပိန်းတို့ ကမ္ဘာမှာတော့ ကောလဟလတွေသာ လောကပါလ ဖြစ်လို့။


ပန်ဒိုရာ
၃၀.၈.၂၀၁၃

ကိုယ်ရေးကိုယ်တာ ၂၀၁၂-၂၀၁၃

$
0
0




နှစ်ကုန်တဲ့အခါ ဘာတွေကျော်ဖြတ်ခဲ့တယ် ဆိုတာ ပြန်ပြောရမယ်ဆိုရင်တော့ ၂၀၁၂ ကိုပါ ထည့်ပြောရလိမ့်မယ်။ ၂၀၁၁ စက်တင်ဘာမှာ အမိမြေကို ပြန်ခဲ့တာကိုး။ ၂၀၁၂ တစ်နှစ်လုံးနဲ့ ၂၀၁၃ တစ်နှစ်လုံးကို မြန်မာပြည်မှာပဲ အဓိက ဖြတ်သန်းခဲ့ရ။ ပြန်လာခဲ့တာဟာ ကိုယ်လိုချင်တာ တစ်ခုရနိုင်ဖို့ ဖိစီးမှုတွေ လျော့ပါးချင်တဲ့ ရည်ရွယ်ရင်းမို့ ကဗျာတွေစာတွေ အချိန်ပေးနိုင်သလောက်ထဲမှာ ဖိစီးမှုမဖြစ်ရုံ ရေးခဲ့။ ဒါပေမယ့်လည်း အလေးအနက်ထားတဲ့ အရာတိုင်းမှာ အလေးချိန်တစ်ခုက အမြဲဖိနေတာဆိုတော့ အချိန်တွေပိလာရင် နောက်ပြန်ဆုတ် ချိန်ညှိခဲ့ရ။ ကြံရွယ်ထားသလို မိသားစုနဲ့ အရည်အသွေးပြည့် အရသာပြည့်အချိန်တွေ ဦးစားပေး ဖန်တီး၊ ခံစား၊ ကျော်ဖြတ်။ 

အမိမြေကို ပြန်ရောက်ခိုက် ကမ္ဘာတုနဲ့ ကမ္ဘာစစ်ကြား ကွဲပြားနေတဲ့ ဘဝနှစ်ခုကို ပေါင်းစည်းပေးဖို့ အချိန်တန်ပြီလို့ ထင်မြင်လာတဲ့အခါ အင်တာနက်ဥခွံကနေ အပြင်ကိုထွက်လာခဲ့တယ်။ ဒါကလည်း ထွက်ဖို့ အခွင့်သာနေတုန်း အခိုက်အတန့်လေးမှာမို့ ထွက်ခဲ့တာမျိုး။ ကဗျာပွဲတွေ၊ တချို့သော အခမ်းအနားတွေ၊ ပြပွဲတွေ ရောက်ခဲ့။ ကဗျာဆရာ/ဆရာမ၊ စာရေးဆရာ/ဆရာမ အချို့နဲ့ သိကျွမ်းခဲ့။ ကဗျာပွဲတွေ စာအုပ်မိတ်ဆက်ပွဲတွေ သွားဖြစ်ခဲ့။ နိုင်ငံတကာပွဲတွေထဲမှာ Women in Media ၊ Blue Winds Multimedia Art Festival, Irrawaddy Literary Festival စသည်ဖြင့် အမှတ်တရ။  ပြည်ပခရီးအနေနဲ့ ပျောက်သွား(တယ်ထင်ခဲ့)တဲ့ IC card အသစ်ပြန်လုပ်ဖို့ စင်ကာပူကို တစ်ခေါက်ပဲ ပြန်ရောက်ခဲ့။ အခုအထိတော့ ထပ်မရောက်နိုင်သေး။ ၂၀၁၂ သြဂတ်စ်လမှာ IWP တက်ဖို့ အမေရိကကို မမျှော်လင့်ပဲ ရောက်သွားခဲ့။    

၂၀၁၃။ နှစ်ကုန်ပေမယ့် အကြွေးတွေကတော့ အများကြီးပဲ။ စာပေနဲ့ ပတ်သက်လို့တော့ -ဘာသာပြန်လက်စတွေ တန်းလန်း။ ဘလော့ဂ်တွေအကြောင်း ရေးလက်စ ပို့စ်က တန်းလန်း။ အိုင်အိုဝါရက်စွဲများ ရေးပြီးပေမယ့်လည်း ဘလော့ဂ်မှာ တင်ဖို့ နောက်ဆုံးတစ်ပိုင်းကျန်နေတယ်။ သူများတွေဆီက ရရန်ရှိတွေလည်း ရှိပါတယ်။ ကဗျာပါထားတဲ့ ပန်းဆိုးတန်းဂျာနယ် ဆရာမောင်လင်းရိပ်ဆီမှာ သွားမယူဖြစ်သေးဘူး။ တော်လှန်ကြောင် ခရီးရှည်ချီတက်ပွဲ စာအုပ်ကို မမြင်ရသေး။ ပိတောက်ပွင့်သစ်မှာ ကဗျာတစ်ပုဒ်ပါထားတာ ကြာလှပေမယ့် စာအုပ် သွားမယူဖြစ်။ ၂၀၁၄ ကို သယ်ဆောင်သွားမယ့် လုပ်လက်စတွေ။ အရေးအကြီးဆုံးကတော့ ကြွေးဟောင်းတွေ ကုန်အောင် မဆပ်နိုင်ခင်မှာ တသက်လုံးဆပ်ရဖို့တွက် ချထားလိုက်တဲ့ ကြွေးသစ်ကလေး။ 

ဒီအသက်ဒီအရွယ်ရောက်နေသူ ကိုယ့်ပြောင်းလဲမှုရဲ့ အရှိန်က ၂၀၁၃ ဖေဖော်ဝါရီကတည်းက ဝမ်းကြာတိုက်မှာ ခိုအောင်းနေတဲ့ လူအသစ်ကလေးကို ဘယ်မီမလဲ။ အောက်တိုဘာလကုန်မှာ သူကလေးဟာ လောကအလယ်ကို ရောက်လာ၊ အခု ဒီဇင်ဘာလကုန်မှာ ၂ လပြည့်တော့ နေ့ချင်းညချင်း လူလူသူသူဖြစ်လာတဲ့ အပြောင်းအလဲ။ မျက်စိရှေ့မှောက်မှာ တစ်ရွက်ချင်းလှန်သွားတဲ့ အချိန်စာမျက်နှာတွေ ဟာ အလှပဆုံးသော ကဗျာတစ်ပုဒ်။

အခုတော့ ကမ္ဘာတုမှာ မပြောနဲ့၊ တကယ့် လက်တွေ့ အပြင်ကမ္ဘာမှာတောင် ဟိုမသွားနိုင် ဒီမသွားနိုင်၊ မိတ်ဆွေများ ဆွေမျိုးများ ကို လောကဝတ် မကျေပွန်နိုင်။ ဒါကတော့ ဆုံးဖြတ်ချက်တစ်ခု အစပြုတဲ့ ကာလတွေကတည်းက နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ပြောရရင် ၅နှစ်ပျော့ပျော့။ အချိန်များ၊ ငွေများ၊ အခွင့်အရေးများ၊ အခွင့်အလမ်းများ၊ အခြားသော ဖြစ်နိုင်ခြေများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ၊ သားသမီးဝတ္ထရား၊ မိတ်ဆွေဝတ္တရား၊ ဆွေမျိုးဝတ္တရား၊ တပည့်ဝတ္တရား အစရှိသော ဝတ္တရားများနဲ့ ပျော်ရွှင်မှုတချို့တလေ - အားလုံးဟာ မရေရာတဲ့ တစ်ခုခုအတွက် ကျေကျေနပ်နပ် စိုက်ထိုး စီးဆင်းသွားခဲ့တာပါ။ 

ဒီလိုနဲ့ မျှော်လင့်မရဲတရဲမှာ အကောင်အထည်ပေါ်လာတော့ ပြန်ရတာက ရုပ်ဝတ္ထုချမ်းသာမှုမဟုတ် ကိုင်တွယ်ဖမ်းဆုပ်ပြလို့ မရတဲ့ ဝမ်းသာကြည်နူးမှုရယ်သာ။ ရှေ့လျှောက်ပြီး ကိုယ်ဝါသနာပါရာ လုပ်ဖို့ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ၊ ဝင်ငွေရဖို့ဖြစ်စေ ဖြစ်နိုင်ခြေတွေဟာ ပိုမိုတင်းကျပ်။ ၁၈ နှစ်နီးပါး တစ်ကိုယ်တော် လွတ်လွတ်လပ်လပ် နေလာသူအတွက် အခုတော့ အချိန်တွေဟာ အခြားဘက်ကို ပါသွား။ လောလောဆယ်တောင်မှ သူလေးအိပ်နေတုန်း အခုလို စာလေး ကမန်းကတန်း ရေးရ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်က နှစ်ကူးညမှာ အမှတ်တရတစ်ခု နှစ်ဦးကြား။ အခုတော့ တစ်ယောက်ထပ်တိုး သုံးဦးကြား။ ဒီစာကိုလည်း နောက်တစ်ခေါက် ပြန်မဖတ်(အားတော့)ဘူး။ တင်လိုက်တယ်။ Happy 2014.

ပန်ဒိုရာ
၃၁.၁၂.၂၀၁၃ ည ၁၀း၀၉ နာရီ

အိုင်အိုဝါ ရက်စွဲများ အပိုင်း (၅)

$
0
0


အိုင်အိုဝါ ရက်စွဲများ အပိုင်း (၅)

၁၃။ အိုင်အိုဝါရဲ့ ကျေးလက်မြင်ကွင်း


အိုင်အိုဝါမြို့ကို စရောက်ကတည်းက အနီးအနား သွားလိုက်တိုင်းမှာ ကျွန်မ အထူးမျက်စိကျမိတာကတော့ ပြောင်းခင်းတွေပါ။ ကျွန်မရဲ့ ကွန်ပျူတာထဲ ပါလာတဲ့ နောက်ခံဓာတ်ပုံတွေထဲက ကောက်ရိုးထုံးအကြီးကြီးတွေ ပုံကို သဘောကျနေတာ ကြာပြီမို့ အဲဒီလို ကောက်ရိုးထုံးတွေရယ် ပြောင်းခင်းတွေရယ် သူတို့ရဲ့ လူမှုဘဝတွေရယ်ကို ဓာတ်ပုံရိုက်ချင်ခဲ့ပါတယ်။ 

IWP ရဲ့အစီအစဉ်နဲ့ Eram Acreage ဆိုတဲ့နေရာ ကို အလည်သွားခဲ့ပါတယ်။ ကျွန်မ အိုင်အိုဝါမြို့ကို ရောက်ရောက်ချင်း ကြိုဆိုနှုတ်ဆက်တဲ့ညမှာ ပေါလ် လို့ခေါ်တဲ့ မြို့ခံ ဦးလေးကြီးတစ်ယောက်က လာနှုတ်ဆက်ပါတယ်။ ကျွန်မကို မြန်မာနိုင်ငံကမှန်းသိလို့ တကူးတက လာနှုတ်ဆက်တာပါ။ ပြီးတော့ သူက ပြောခဲ့ပါတယ်။ သူက IWP စာရေးဆရာတွေကို နှစ်တိုင်း သူ့အိမ်ကို အလည်ခေါ်ပါတယ် တဲ့ ဒီတော့ ကျွန်မလည်း သူ့အိမ်ကို အလည်ရောက်ချင်ရောက်ဦးမှာပါ တဲ့။ သူပြောခဲ့တဲ့ အတိုင်းပါပဲ Eram Acreage ကို အလည်သွားတဲ့ ခရီးဟာ ပေါလ်ရဲ့ အိမ်က ဖိတ်ကြားတာ ဖြစ်ပါတယ်။ 

အိုင်အိုဝါမြို့ရဲ့ အနီးအနားမှာရှိတဲ့ ကျေးလက်အိမ်ကလေးမှာ ပေါလ်နဲ့ သူ့ဇနီးတို့  နေထိုင်ကြပါတယ်။ ကျွန်မတို့ရောက်လာတဲ့အခါ အိမ်ကလေးနဲ့ အိမ်နားက ကြက်ခြံ ဂိုထောင် စတာတွေကို တည်ဆောက်ထားပုံကို ရှင်းပြပါတယ်။ ပေါလ်ရဲ့ အိမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကိုက်ညီအောင် သဘာဝစွမ်းအင်ကို အတတ်နိုင်ဆုံး အသုံးချထားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။  
ပေါလ်နဲ့အတူ သူ့ရဲ့အိမ်ရှေ့မှာ
ပေါလ်ရဲ့ အိမ်မှာ ခွေး နှစ်ကောင် မွေးထားပါတယ်။ ခြံကိုစောင့်တဲ့ ခွေးကြီးက အိမ်ထဲမှာ အလှမွေးထားတဲ့ ခွေးပုလေးကို ကြောက်ရတာကိုလည်း ပြုံးချင်စရာ တွေ့ခဲ့ရပါသေးတယ်။ သူတို့အိမ်ခြံဝင်းဟာ တခြားအိမ်တွေနဲ့ အတော်ကလေးလှမ်းပါတယ်။ ဒါကြောင့် တခါတလေတော့ ညဘက်တွေမှာ တောရိုင်းတိရိစ္ဆာန်အချို့က ကြက်တွေကို လာဆွဲတဲ့အခါ သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ရပါသတဲ့။ မြွှေရော ရှိလား လို့ ကျွန်မကမေးလိုက်တော့ အိုင်အိုဝါမှာ မြွေမရှိဘူး လို့ ပေါလ်က ပြန်ပြောပါတယ်။ 

သူတို့ဇနီးမောင်နှံ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ပရေရီမြက်ခင်းတွေနဲ့ အနီးအနားက စိုက်ခင်းတွေရှိရာကို ကျွန်မတို့ကို လိုက်ပို့ပါတယ်။ ပရေရီမြက်ခင်းတွေကို ထိန်းသိမ်းဖို့ဟာ ဂေဟစနစ်အတွက် ဘယ်လိုအရေးကြီးကြောင်း ရှင်းပြပါတယ်။ ပရေရီမြက်ခင်းတွေအကြောင်းကို ငယ်ငယ်တုန်းကတော့ ၇တန်း ပထဝီမှာ သင်ခဲ့ရသေးတယ်လို့ ကျွန်မ ခပ်ရေးရေး ပြန်မှတ်မိပါတယ်။ အဲဒီမြက်တွေဟာ လူတစ်ရပ်လောက်အထိ ရှည်ပါတယ်။ အဲဒီမြက်ခင်းတွေကို ထိန်းသိမ်းခြင်းဖြင့် မြေဆီမြေနှစ်နဲ့ ရာသီဥတုကိုလည်း ထိန်းညှိပေးတယ်လို့ ပေါလ်က ရှင်းပြပါတယ်။   
မြက်ခင်းတွေကြားမှာ ဓာတ်ပုံရိုက်နေကြတဲ့ ရုရှက အလီဆာ နဲ့ ဖိလစ်ပိုင်က ဂျင်းန်

ပေါလ်တို့ ဇနီးမောင်နှံ တည်ခင်းတဲ့ နေ့လည်စာ

အဲဒီခရီးအပြီး စက်တင်ဘာလကုန်လောက်မှာ  အလည်ရောက်ခဲ့တဲ့ ကျေးလက်တစ်နေရာကတော့ အိုင်အိုဝါမြို့နဲ့ ဒမွိုင်းမြို့ကြားက ပြောင်းခင်းတွေ ရှိတဲ့ ရွာတစ်ရွာပါ။ ဂူလာလာရဲ့ မိတ်ဆွေတစ်ယောက်က အလည်ခေါ်လို့ ဂူလာလာနဲ့ ကျွန်မ လိုက်သွားဖြစ်ပါတယ်။

အဲဒီအိမ်ကလေးမှာတော့ အိမ်ရှင် ကန် နဲ့ သူ့ဇနီး၊ ကလေး ၃ ယောက်တို့ နေထိုင်ကြပါတယ်။ ကန် တို့မိသားစုကတော့ ပြောင်းမစိုက်ပါဘူး။ ကန်က ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ သူတို့ အိမ်မှာ တနိုင်တပိုင် စိုက်ထားတဲ့ အသီးအနှံခင်းလေးတွေ ရှိပါတယ်။ ကလေးတွေအတွက်တော့ ပြေးလွှားဆော့ကစားစရာ နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့မို့ စိတ်ချမ်းသာစရာပါ။ ထင်းရှုးပင်မျိုးစုံ ဝန်းရံထားတဲ့ အိမ်လှလှလေးရယ် အိမ်နားပတ်ဝင်းကျင်က ပြောင်းခင်းတွေနဲ့ သိုလှောင်ရုံတွေကို ဓာတ်ပုံရိုက်လာခဲ့ပါတယ်။ သူတို့ကိုယ်တိုင်ချက်ပြုတ်ပြီး ဧည့်ခံတဲ့ လတ်ဆတ်တဲ့ ပြောင်းဖူးပြုတ်၊ အာလူးဖုတ်၊ ကြက်ကင်၊ ရွှေဖယုံသီးအစာသွပ်မုန့် တွေကို အားပါးတရ စားလာခဲ့ပါတယ်။ 
ပြောင်းခင်းတွေ

ကန် ရဲ့ အိမ်ကလေး
ကျေးလက်နဲ့ ပတ်သက်လို့ နောက်ထပ် အမှတ်တရတစ်ခုကတော့ Kalona Fall Festival ဖြစ်ပါတယ်။ ကလိုနာ ဒေသမှာ ကျင်းပတဲ့ ဆောင်းဦးရာသီ ပွဲတော်မှာ လယ်ယာသုံးပစ္စည်းတွေ၊ အသုံးအဆောင်ဟောင်းတွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေ၊ အိမ်မှာလုပ်တဲ့ အစားအသောက်တွေ ရောင်းချနေတဲ့ ဆိုင်ခန်းတွေနဲ့ စည်ကားလှပါတယ်။ တီးမှုတ်ဖျော်ဖြေသူတွေ ရှိသလို ဗဟုသုတရစရာ ပြတိုက်တွေလည်း ရှိပါတယ်။ ဥဇဘက်ကစ္စတန်က အလီနာကတော့ အဲဒီပွဲတော်မှာ ကလေးတွေနဲ့အတူ က လာခဲ့ပါသေးတယ်။ သူတို့နိုင်ငံက ရိုးရာပွဲတော်တွေနဲ့ ဆင်တူတယ် လို့ပြောပြီး အဲဒီနေ့က အလွန်ပျော်ရွှင်နေခဲ့ပါတယ်။ 
ကလိုနာပွဲတော်မှာ ရောင်းချနေတဲ့ ဒေသထွက်ကုန်တွေ

ကျွန်မ မသွားနိုင်ခဲ့တဲ့ ရိုးရာပွဲတစ်ခုကတော့ အိုင်အိုဝါမြို့မှာ မြို့ခံတွေက ဖိတ်ခေါ်ခဲ့တဲ့ Barn Dance ပွဲပါ။ ကျီ (သိုလှောင်ရုံ) ကို ပတ်ပြီး ကကြတဲ့ အမေရိကန် ကျေးလက် စုပေါင်းအက တစ်မျိုးပါ။ အဲဒီနေ့က ကျွန်မက spirit lake ကို face to face workshop အတွက် ခရီးသွားနေခဲ့ပါတယ်။ အဲဒီနေ့က Barn Dance မှာ IWP စာရေးဆရာ အတော်များများဟာ ကျေးလက်အကကို မြို့ခံ အဘိုးကြီး အဘွားကြီးတွေနဲ့ ရင်းရင်းနှီးနှီး အတူတူကခဲ့ကြတယ်လို့ ပြန်ပြောကြပါတယ်။


၁၄။ Global Express စင်တင်ကဇာတ်

အိုင်အိုဝါကို မသွားခင် ရန်ကုန်မှာကတည်းက အစီအစဉ်တွေကို ကျွန်မတို့ကို ပေးပို့တဲ့အခါ Global Express ဆိုတဲ့ စင်တင်ကဇာတ်ပွဲမှာ စာရေးဆရာတွေရဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ် စတဲ့ လက်ရာတွေကို သရုပ်ဖော်ကပြဖို့ ပါဝင်ချင်တယ်ဆိုရင် စာမူတွေ ပေးထားဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်မက ကျွန်မရဲ့ ကဗျာအချို့ကို ပေးပို့ထားခဲ့ပါတယ်။ 

အိုင်အိုဝါမြို့ကို ရောက်တဲ့အခါ IWP က စင်တင်ကဇာတ်မှာ ပါဝင်ဖို့ ရွေးချယ်ခံရတဲ့ စာမူတွေရဲ့ စာရင်းကို ထုတ်ပြန်ပါတယ်။ ကျွန်မရဲ့ “လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်” ကဗျာ ရွေးချယ်ခံရတဲ့အတွက် ဒီကဗျာကို အိုင်အိုဝါ တက္ကသိုလ် ပြဇာတ်ပညာဌာနမှာ သင်ယူနေတဲ့ကျောင်းသားတွေနဲ့ ဆရာတွေက ဘယ်လို သရုပ်ဖော်ကြမလဲ ဆိုတာ စိတ်ဝင်စားနေမိပါတယ်။

ဇာတ်တိုက်ဖို့ ချိန်းဆိုထားတဲ့ ရက်တွေမှာတော့ ကျွန်မက spirit lake ကို ရောက်နေခဲ့ပါတယ်။ အစီအစဉ် ဒါရိုက်တာ ပြဇာတ်မင်းသမီး ဆဖရွန် ဟန်ကီ (Saffron Henke) က သူကိုယ်တိုင် ကျွန်မရဲ့ ကဗျာကို ရွတ်ဆိုမှာဖြစ်ကြောင်း၊ ဘယ်လိုရွတ်ဆိုဖို့ အကြံပေးလိုက ပေးနိုင်ကြောင်း အီးမေးလ်ပို့လာပါတယ်။ ကျွန်မကလည်း သူ သင့်တော်သလို သရုပ်ဆောင် ရွတ်ဆိုဖို့ပဲ ပြောလိုက်ပါတယ်။

Spirit lake က ပြန်ရောက်တဲ့ ညနေမှာ စင်တင်ကဇာတ်ပွဲကို သွားခဲ့ကြပါတယ်။ စာရေးဆရာ ၉ ယောက်ရဲ့ အစီအစဉ် ၉ ခုထဲမှာ မှတ်မှတ်ရရဖြစ်မိတဲ့ တင်ဆက်မှု တချို့ရှိပါတယ်။ ယူရူဂွေးက လူးဝစ် ဘရာဗို ရဲ့ The Hunt ဆိုတဲ့ ကဗျာကို ဒစ်ဂျစ်တယ် နည်းပညာတွေ ပေါင်းစပ်လို့ ဗွီဒီယိုရိုက်ကူးထားပြီး ရုပ်ရှင်ပိတ်ကားပေါ်မှာ ဆလိုက်ထိုးပြီး ပြသခဲ့ပါတယ်။ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီ ရဲ့ Election Day ဆိုတဲ့ ဝတ္ထုတိုနဲ့ ကိုရီးယားက ချွိုင် ရဲ့ Two Daughters ဆိုတဲ့ ပြဇာတ်ကို ဟန်မူပါပါ သရုပ်ဆောင် ကပြသွားကြပုံကို အထူးသဘောကျမိပါတယ်။ အမျိုးသမီးတွေ စုပေါင်းပြီးတော့ တီဂျေဒီမားရဲ့ Dead and Bread ကဗျာကို တစ်ယောက် တစ်ခွန်းရွတ်ဆိုပုံနဲ့ ရုတ်တရက် ပြိုင်တူ လုပ်လိုက်တဲ့ လှုပ်ရှားမှုတွေ ဟာလည်း သိပ်ကို တီထွင်မှု အားကောင်းပါတယ်။ ကျွန်မရဲ့ ကဗျာ လူပြိန်းများ (အင်္ဂလိပ်ဘာသာပြန်) ကိုတော့ ဆဖရွန်ဟန်ကီ တစ်ဦးတည်းက အနိမ့်အမြင့် အသံအား၊ မျက်နှာထား၊ လက်ဟန်ခြေဟန်တွေကို ထိထိရောက်ရောက် အသုံးပြုပြီး ရွတ်သွားခဲ့ပါတယ်။
Global Express ပိုစတာ

ပွဲပြီးတဲ့အခါ IWP က ဝန်ထမ်းတစ်ဦးက ကျွန်မကို ဘယ်လိုသဘောရလဲလို့ လာမေးတော့ ဆဖရွန် ရွတ်သွားပုံကို ကြည့်ပြီးတဲ့အခါ အဲဒီကဗျာကို သူ့လိုကောင်းအောင် မရွတ်နိုင်လို့ ကျွန်မကိုယ်တိုင် ရွတ်ရဲမှာတောင် မဟုတ်တော့ဘူးလို့ ရယ်ကာမောကာ ပြောလိုက်ပါတော့တယ်။ သူရွတ်သွားပုံကို သင်ယူလေ့လာရအောင် ကင်မရာထဲမှာ ဗွီဒီယိုရိုက်ယူလာခဲ့ပါတယ်။(အဲဒီဗွီဒီယိုကို ကြည့်ချင်ရင် poetpandora@gmail.com ကို မေးလ်ပို့လိုက်ပါ။ ဆဖရွန်ရဲ့ ကော်ပီရိုက်ကိစ္စကြောင့် တစ်ဦးချင်းကိုပဲ ဖြန့်ဝေပေးနိုင်ပါတယ်။)

၁၅။ New Orleans သို့ အလည်ခရီး

၂၀၁၂ ခုနှစ် IWP စာရေးဆရာတွေအတွက် mid-residency trip လို့ခေါ်တဲ့ လေ့လာရေးခရီးမှာ သွားစရာ နေရာ နှစ်ခုထဲက တစ်ခုကို ရွေးခိုင်းလာပါတယ်။ တစ်နေရာကတော့ ဆန်ဖရန်စစ္စကိုပါ။ နောက်တစ်နေရာကတော့  နယူးအော်လန်းဇ်  ဆိုတဲ့ လူဝီစီယားနား ပြည်နယ်ရဲ့ စိတ်ဝင်စားဖွယ်နေရာပါ။ ကျွန်မက ဘယ်နေရာကိုမှ မရောက်ဖူးသေးပေမယ့် ယဉ်ကျေးမှုအရ ပိုထူးခြားတယ်လို့ ထင်မိတဲ့  နယူးအော်လန်းဇ်  ကိုပဲ ရွေးလိုက်ပါတယ်။ 

နယူးအော်လန်းဇ် ကို သွားဖို့ စာရင်းပေးထားတဲ့ စာရေးဆရာတွေဟာ အိုင်အိုဝါမြို့နဲ့ အနီးဆုံးဖြစ်တဲ့ စီဒါရက်ပစ် လေဆိပ်ကနေ အုပ်စု ၂ စု ခွဲပြီး ရှီကာဂိုကို ထွက်ခွာခဲ့ကြပါတယ်။ ရှီကာဂိုကနေ နောက်ထပ် လေယာဉ်ပြောင်းစီးပြီးတော့  နယူးအော်လန်းဇ်  လေဆိပ်ကို သွားဖို့ပါ။ ကျွန်မပါတဲ့ အဖွဲ့ဟာ စောစောထွက်တဲ့အဖွဲ့ဖြစ်ပြီး မနက် ၇ နာရီကျော်မှာ စီဒါရက်ပစ်ကနေ ထွက်လာပြီး ညနေ ၄ နာရီခွဲမှာ နယူးအော်လန်းဇ်ကို ဆိုက်ရောက်ဖို့ အစီအစဉ်ချထားပါတယ်။ စောစောစီးစီး ရောက်သွားတဲ့အခါ ဘယ်လို လျှောက်လည်လိုက်မယ်လို့ အဖွဲ့သားတွေက စိတ်ကူးယဉ်နေကြပါတယ်။ သို့သော်လည်း ကံဆိုးချင်တော့ လေယာဉ်နှောင့်နှေးမှုနဲ့ ကြုံရပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီးမှာလည်း ဒီလို အထစ်အငေါ့တွေ ရှိနေတတ်တာကို တွေ့ခဲ့ရပါတယ်။ (နောက်ပိုင်းမှာ အဝေးပြေးဘတ်စ် စီးဖြစ်တဲ့အခါ အဲဒီလို အတွေ့အကြုံတစ်ခု ထပ်ရပါသေးတယ်။)

 နယူးအော်လန်းဇ်  ရဲ့ လူးဝစ်အမ်းစထရောင်း လေဆိပ် ကိုရောက်တဲ့အချိန်မှာ နေဝင်ဖျိုးဖျ ဖြစ်နေပါပြီ။ လူးဝစ်အမ်းစထရောင်းက နာမည်ကျော် အမေရိကန် ဂျက်ဇ်ဂီတပညာရှင် အဆိုတော်ပါ။ အနုပညာရှင် တစ်ယောက်ကို ဂုဏ်ပြုပြီး ပေးထားတဲ့ လေဆိပ်နာမည်ဟာ အလွန်ကျက်သရေရှိတယ် လို့ ကျွန်မ ထင်မိပါတယ်။ ဂျက်ဇ်ဂီတ မြို့တော်ဖြစ်တဲ့  နယူးအော်လန်းဇ် နဲ့လည်း လိုက်ဖက်ညီလှပါတယ်။ မြို့ထဲကို ဖြတ်ကျော်ပြီး ကျွန်မတို့ တည်းခိုမယ့် ပြင်သစ်ရပ်ကွက် (French Quarter) ရှိရာကို ဘတ်စ်ကားက လိုက်ပို့ပါတယ်။ တည်းခိုတဲ့ ဟိုတယ်က Four Points By Sheraton ပါ။ လူစည်ကားရာ နာမည်ကျော် ဘာဘွန်းလမ်း (Barbon Street) မှာ တည်ရှိပါတယ်။

စက်တင်ဘာလကုန်ခါနီးမို့ အဲဒီအချိန်မှာ အိုင်အိုဝါမြို့နဲ့ အနီးတဝိုက်မှာ အတော်အေးလာပါပြီ။ အထူးသဖြင့် ညဖက်တွေဆိုရင် အနွေးထည်ထူထူ ဝတ်နေရပါတယ်။  နယူးအော်လန်းဇ် ကိုရောက်တဲ့အခါ နွေးထွေးတဲ့ ရာသီဥတုက ဆီးကြိုနေပါတယ်။ နေ့ဘက်တွေဆိုရင် နေကျဲကျဲပူနေတတ်ပြီး ညဘက်မှာလည်း အနွေးထည် လုံးဝဝတ်စရာမလိုပါ။ မြန်မာပြည်နဲ့ စင်ကာပူက ရာသီဥတုမျိုးမို့ ကျွန်မအတွက်ကတော့ သက်တောင့်သက်သာ ဖြစ်နေရပါတယ်။ ရာသီဥတုနဲ့ ပတ်သက်လို့ နယူးအော်လန်းဇ် ဒေသဟာ မုန်တိုင်းဒဏ်တော့ ရံဖန်ရံခါ ခံရတတ်ပါတယ်။၂၀၀၅ ခုနှစ်ကတော့ ကက်ထရီနာ ဟာရီကိန်း ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။

ပြင်သစ်ရပ်ကွက်ဟာ မန္တလေးမြို့က လမ်းတွေလို လေးထောင့်ကွက်ကျ တည်ဆောက်ထားတာမို့ မြေပုံကိုကြည့်ပြီး သွားလာရတာ သိပ်လွယ်ကူပါတယ်။ ညမှောင်ရီတရောမှာ ရေမိုးချိုးအပြီး ဟိုတယ်က ထွက်လာတဲ့အခါ မီးရောင်စုံ လမ်းမဟာ သီတင်းကျွတ်ပွဲတော်အလား စည်ကားနေတာကို တွေ့ရပါတယ်။ ဘာဘွန်းလမ်းဘေးတလျှောက်က စားသောက်ဆိုင်တွေနဲ့ အကခန်းတွေရှေ့မှာ မလုံ့တလုံ အဝတ်အစားနဲ့ ဧည့်သည်တွေကို ကြိုဆိုနေတဲ့ မိန်းကလေးတွေဟာ ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးတဲ့ မြင်ကွင်းတွေအတိုင်းပါပဲ။ သရဲပုံ၊ စက်ရုပ်ပုံ ဝတ်စားပြီး အခကြေးငွေယူပြီး ဓာတ်ပုံတွဲရိုက်ခံနေသူတွေကိုလည်း တွေ့ရပါတယ်။ တချို့ကလည်း အချင်းချင်း ပုတီးကုံးတွေနဲ့ ပစ်ပေါက် ဆော့ကစား နေကြပါတယ်။ တီးမှုတ် ကခုန်နေသူတွေကိုလည်း တွေ့ရပါတယ်။ ကျွန်မတို့ဟာ လမ်းလျှောက်ငေးမောရင်း Gumbo Shop ဆိုတဲ့ စားသောက်ဆိုင်ကို ရောက်လာကြပါတယ်။ 

နယူးအော်လန်းဇ် ဟာ ဒေသထွက် အစားအစာကောင်းတွေ အတွက်လည်း ထင်ရှားပါတယ်။ ခရီရိုး (Creole) လို့ခေါ်တဲ့ ပြင်သစ်၊ စပိန်၊ အာဖရိကန်၊ အင်ဒီယန် ရောနှောနေတဲ့ လူမျိုးတွေရဲ့ ဟင်းလျာတွေကို အလည်ရောက်နေတဲ့ ရက်အတွင်းမှာ တတ်နိုင်သလောက် မြည်းစမ်းကြည့်ဖို့ စဉ်းစားထားခဲ့ပါတယ်။ အဲဒီညကတော့ ပုစွန်လုံးအသားနဲ့ ချက်ထားတဲ့ crawfish Étouffée ကို စားခဲ့ပါတယ်။ ထမင်းကို အနှစ်ပါတဲ့ဟင်းနဲ့ စားရတာမျိုးမို့ ကျွန်မအတွက်တော့ မြန်မာထမင်းဟင်း စားရသလိုပဲ အရသာရှိပါတယ်။ အခြား စားဖြစ်ခဲ့တဲ့ အစားအစာတွေကတော့ Jambalaya ဆိုတဲ့ ထမင်းနဲ့ အသီးအရွက်၊ ဝက်အူချောင်း၊ အသားတွေ ရောနှောချက်ပြုတ်ထားတဲ့ အစားအစာ၊ ပဲနီ (red bean) နဲ့ ထမင်း၊ po-boy လို့ခေါ်တဲ့ အသားညှပ်ပေါင်မုန့် စတာတွေပါ။ ကမာ (oyster) အထူးပြုရောင်းတဲ့ ဆိုင်တွေမှာလည်း  သွားစားဖြစ်ကြပါတယ်။ နာမည်ကြီးတဲ့ဆိုင်ဆိုရင် တစ်နာရီလောက် တန်းစီရပါတယ်။ အဲဒီမြို့မှာ စားဖြစ်ခဲ့တဲ့ အစားအသောက်တွေမှန်သမျှ ကျွန်မကတော့ နှစ်သက်မိပါတယ်။ မနက်ခင်းစာ ဝယ်စားတဲ့ ကြက်ဥမွှေကြော်ကအစ အရသာရှိနေတာပါ။ 

ပြင်သစ်ရပ်ကွက်က အိမ်လှလှလေးတစ်လုံး
ပြင်သစ်ရပ်ကွက်ထဲမှာ လျှောက်ကြည့်တဲ့အခါ အိမ်ကလေးတွေကို ကျွန်မ အထူးသဘောကျမိပါတယ်။  တချို့အိမ်လေးတွေက ဗိသုကာ လက်ရာတွေဟာ မြန်မာပြည် တချို့ဒေသတွေမှာ တွေ့ရတဲ့ အိမ်လေးတွေနဲ့ တူသလိုလို ထင်မိပါသေးတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ မျက်နှာစာတွေနဲ့ ဝရံတာတွေကို ပန်းရောင်၊ ခရမ်းရောင်၊ အစိမ်းရောင် စသည်ဖြင့် တောက်ပတဲ့ ဆေးရောင်စုံတွေ ခြယ်ထားတာ၊ သံပန်းတွေ အလှဆင်ထားတာ အင်မတန် နှစ်သက်စရာကောင်းပါတယ်။ နောက်ထပ် စိတ်ဝင်စားမိတာကတော့ ဆိုင်ခန်းတွေရဲ့ ဒီဇိုင်းလှလှ ဆိုင်းဘုတ်တွေနဲ့ လမ်းမပေါ်မှာ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေပါ။ မြင်ရတဲ့အရာ အတော်များများဟာ အနုပညာမြောက်နေတယ်လို့ ခံစားရပါတယ်။
ပြင်သစ်ရပ်ကွက်က အိမ်လှလှလေးတစ်လုံး

ပြင်သစ်ရပ်ကွက်က ဆိုင်းဘုတ်တစ်ခု


ပြင်သစ်ရပ်ကွက်က ဆိုင်းဘုတ်တစ်ခု

လမ်းဘေးမှာ ချရောင်းတဲ့ ပန်းချီဆိုင်တွေရော ပန်းချီပြခန်းတွေကိုပါ ဝင်ကြည့်ဖြစ်ပါတယ်။ သူတို့ဆီက ပန်းချီပြခန်းတွေဟာ လက်ရာစုံ မူဟန်အစုံ ပြထားတာမဟုတ်ဘဲ တစ်ဆိုင်စီမှာ ကိုယ့်ဆိုင်ရဲ့ အထူးပြုလက်ရာ တစ်မျိုး နှစ်မျိုးကိုသာ ရွေးချယ်ရောင်းချကြတာ များပါတယ်။ ဥပမာ - တောက်ပတဲ့ ဆေးသားအထူသုံးပြီး ပန်းတွေကို ရေးထားတဲ့ ပန်းချီကားတွေကိုချည်း ရောင်းတဲ့ဆိုင်ရှိသလို၊ လူတွေရဲ့ လှုပ်ရှားမှု ကောက်ကြောင်း ပန်းချီလေးတွေကိုချည်း ရောင်းတဲ့ဆိုင်လည်းရှိပါတယ်။ ဆိုင်တိုင်းမှာ မူရင်းပန်းချီကားကိုရော၊ အဲဒီကားတွေရဲ့ ပုံနှိပ်မူပွား ပန်းချီတွေကိုရော အရွယ်အစားမျိုးစုံ ဈေးနှုန်းမျိုးစုံနဲ့ အမှတ်တရပစ္စည်း အနေနဲ့ ရောင်းကြပါတယ်။  ကျွန်မကတော့ သူတို့လက်ရာတွေထက် မညံ့တဲ့ ကိုယ့်ဆီက ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုလည်း မြန်မာပြည်ရောက်ရင် မဖြစ်မနေ ဝယ်သင့်တဲ့ အမှတ်တရ လက်ဆောင်အဖြစ် အဲဒီလို မူရင်းရော မူပွားကိုပါ တွင်တွင်ကျယ်ကျယ် ရောင်းရရင်ကောင်းမယ်လို့ တွေးမိပါတယ်။ 
body paint တွေအထူးပြသထားတဲ့ ပြင်သစ်ရပ်ကွက်က ပန်းချီပြခန်းတစ်ခန်း
အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ ရောင်းကြတာကတော့ အမှတ်တရ လွယ်အိတ်၊ တီရှပ်၊ ပို့စကဒ်တွေ အပြင် တစ္ဆေသရဲ ဝိညာဉ်တို့ ကျက်စားတယ်ဆိုတဲ့  နယူးအော်လန်းဇ် ရဲ့ အမှတ်အသားတွေဖြစ်တဲ့ ဗူးဒူးအရုပ်လေးတွေ၊ သွေးစုတ်ဖုတ်ကောင်တွေ၊ ငှက်မွှေးတွေ ဘော်ကြယ်တွေနဲ့ ရောင်စုံခြယ်သထားတဲ့ ဗင်းနစ် မျက်နှာဖုံးတွေ (Venetian masks)ကို တွေ့ရပါတယ်။ အမေရိကရဲ့ အမှတ်တရပစ္စည်းတွေဆိုပေမယ့် အားလုံးလိုလိုဟာ made in China ဖြစ်နေပြီး ရောင်းချတဲ့ ဈေးဆိုင်ပိုင်ရှင် အတော်များများကျပြန်တော့ အိန္ဒယလူမျိုးတွေ ဖြစ်နေတာကို သတိထားမိတော့ ပြုံးမိပါသေးတယ်။ မစ္စစ္စပီမြစ်နဲ့ အနီးအနားမှာရှိတဲ့ ပြင်သစ်ဈေး (French Market) မှာတော့ လက်မှုပစ္စည်းတွေ၊ အမှတ်တရ ပစ္စည်းတွေအပြင်၊ ဒေသထွက် အစားအစာတွေကိုလည်း တွေ့ရပါတယ်။
ပြင်သစ်ရပ်ကွက် အမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ဆိုင်က ဗူးဒူးအရုပ်တွေ

အမေရိကမှာ သရဲအခြောက်ဆုံးမြို့လို့ နာမည်ကြီးတဲ့  နယူးအော်လန်းဇ် က ပြင်သစ်ရပ်ကွက်မှာ ghost tour ဒါမှမဟုတ် haunted tour လို့ခေါ်တဲ့ သရဲခြောက်ခရီးစဉ်ကိုလည်း  လိုက်ပါခဲ့ပါသေးတယ်။ အဲဒီ ခရီးကတော့ ဧည့်လမ်းညွှန်က တစ္ဆေသရဲပုံပြင်တွေနဲ့ မြို့ရဲ့ သမိုင်းကြောင်းကို ပြောပြပြီး တစ်နာရီခွဲလောက် အနီးအနားနေရာတွေကို လှည့်လည် လိုက်ပြတဲ့ အစီအစဉ်ပါ။ ဒေါ်လာ ၂၀ ပေးရပါတယ်။ ဧည့်သည်တွေကို ဟာရီကိန်းဖျော်ရည် တစ်ခွက်ဝယ်ရင် တစ်ခွက်အလကား ပေးပါတယ်။ ဟာရီကိန်းဆိုတာက အဲဒီဒေသရဲ့ နာမည်ကြီး ကော့တေးလ် တမျိုးရဲ့ နာမည်ပါ။ အယ်လ်ကိုဟော အနည်းငယ် ပါတဲ့ ချိုရှရှဖျော်ရည်ဟာ အနီရဲရဲအရောင်မို့ သွေးစုတ်ဖုတ်ကောင်စုတ်ထားတဲ့ သွေးတွေနဲ့ တူတယ်ဆိုပြီး အခုလို သရဲခြောက်ခရီးစဉ်နဲ့ လိုက်ဖက်အောင် ရောင်းချပေးတာဖြစ်ပါတယ်။ ကျွန်မ အစက မျှော်လင့်မိတာကတော့ သရဲခြောက်တယ် ဆိုတဲ့ အဆောက်အဦတွေကို ဝင်ကြည့်ပြီး ညနေမှုန်ပျပျမှာ သရဲရထားစီးသလို ကြောက်စရာ ဖြစ်မလားလို့ပါ။ ဒါပေမယ့်လည်း အဲဒီအဆောက်အဦတွေရဲ့ အနီးအနားမှာ ရပ်နားရင်းနဲ့ပဲ သက်ဆိုင်တဲ့ ပုံပြင်တွေကို ဧည့်လမ်းညွှန်က ပြောပြတဲ့ ခရီးစဉ် ဖြစ်နေပါတယ်။

နယူးအော်လန်းဇ်က စိန့်လူးဝစ် ဘုရားကျောင်း

 နယူးအော်လန်းဇ် ဟာ တချိန်က စပိန်နဲ့ ပြင်သစ်တို့ရဲ့ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ပါတယ်။ လူမည်းတွေကို အကြီးအကျယ် ကျွန်ကုန်ကူးရာ ဆိပ်ကမ်းလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အဖြစ်တွေ၊ မြို့လုံးကျွတ်နီးပါး မီးလောင်ခဲ့တဲ့ အဖြစ်တွေလည်း ကြုံခဲ့ရပါတယ်။ နေ့ရက်တစ်ခု ရောက်တိုင်းမှာ ဘုရားကျောင်းက အလိုလို ခေါင်းလောင်းသံ မြည်လာတတ်တဲ့ အကြောင်း၊ သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်း၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ ဒီဒေသမှာ လူတွေ ပျောက်သွားတတ်တဲ့အကြောင်း စတဲ့ ခေတ်အဆက်ဆက်က အသည်းထိတ်စရာ ဇာတ်လမ်းတွေကို ဧည့်လမ်းညွှန်က တစ်ခုပြီးတစ်ခု ပြောပြခဲ့ပါတယ်။ အဲဒီပုံပြင်တွေဟာ သမိုင်းအရ တိတိကျကျ မှန်ချင်မှလည်း မှန်မှာပါ။ ဒါပေမယ့် စိတ်ဝင်စားတတ်တဲ့ ဧည့်သည်တွေကို ဖျော်ဖြေမှုပေးပြီး ဝင်ငွေအများအပြားရတဲ့ tour တွေလို့ ပြောကြပါတယ်။ ကျွန်မကတော့ ပုဂံလို နေရာမျိုးမှာ ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေပေါ် အခြေခံပြီး အဲဒီလို haunted tour တွေ တီထွင်ပြီး ရောင်းရင်တော့ သာသနာရေးအရ၊ သမိုင်းအရ လက်ခံနိုင်ဖွယ် ဖြစ်ပါ့မလားလို့ တွေးနေမိပါတယ်။ 
ပြင်သစ်ရပ်ကွက်က စိန့်လူးဝစ် သချိုင်္င်း အမှတ် (၁)
 
စိန့်လူးဝစ် သင်္ချိုင်း အမှတ် ၁ ကိုလည်း ဧည့်လမ်းညွှန်တစ်ဦးရဲ့ ဦးဆောင်မှုနဲ့ သွားခဲ့ကြပါတယ်။ ၁၇၈၉ ခုနှစ် ကတည်းက ဖွင့်လှစ်ခဲ့တာမို့ ရှေးအကျဆုံးနဲ့ အကျော်ကြားဆုံး ဂူသင်္ချီုင်းလို့ ဆိုပါတယ်။ ကြီးကြီးမားမား ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ အုတ်ဂူတွေကို တွေ့ရပါတယ်။ မိသားစုလိုက် နေရာချထားတဲ့ ဂူတွေ၊ ဘာသာရေး အထိမ်းအမှတ် အရုပ်တွေ ထုလုပ်ထားတဲ့ ဂူတွေဟာ စိတ်ဝင်စားစရာပါ။ Faulkner House လို့ခေါ်တဲ့ အမေရိကမှာ charming အဖြစ်ဆုံးလို့ ဆိုတဲ့ စာအုပ်ဆိုင်ကလေးကိုလည်း ရောက်ခဲ့ပါတယ်။ ရှားပါးစာအုပ်တွေကိုပါ စုဆောင်းထားတဲ့ဆိုင်ပါ။ ပန်းချီတွေ ရေးဆွဲထားတဲ့ ကွန်ကရစ်တိုင်လုံးတွေရှိရာ Claiborne Expresswayအောက်မှာလည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Claiborne Expressway အောက်က ပန်းချီခြယ်ထားတဲ့ တိုင်လုံးတွေ

နယူးအော်လန်းဇ်ရဲ့ ညတွေမှာ မဖြစ်မနေ ခံစားသင့်တဲ့ အရာတစ်ခုကတော့ တော့ ဂျက်ဇ် ဂီတ ဖျော်ဖြေပွဲတွေပါ။ ညနေစောင်းမှာ လမ်းမတွေရဲ့ ဘေးမှာ လွတ်လွတ်လပ်လပ် တီးမှုတ်နေတဲ့ တီးဝိုင်းတွေ ရှိသလို၊ ကော်ဖီဆိုင် ဘားဆိုင်တွေထဲမှာ ဖျော်ဖြေတဲ့ တီးဝိုင်းတွေလည်း ရှိပါတယ်။ တချို့နေရာတွေကတော့ အခကြေးငွေပေးပြီးမှ ဝင်လို့ရပါတယ်။ မနက်စောစောနဲ့ ညနေစောင်းတွေမှာ ခံစားသင့်တာကတော့ မစ္စစ္စပီမြစ်ကမ်းမှာ လေညင်းခံရင်း လမ်းလျှောက်ဖို့ပါ။ မစ္စစ္စပီမြစ်ကို မြင်တိုင်းတော့ စာရေးဆရာတွေရဲ့ စိတ်ထဲမှာ အမေရိကန် စာရေးဆရာကြီး Mark Twainရဲ့ Tom Sawyer တို့ Huckleberry Finn တို့ကို သတိတရ ဖြစ်နေကြမှာပါ။ 
စားသောက်ဆိုင်တစ်ဆိုင်ထဲက ဂျက်ဇ် ဂီတဖျော်ဖြေပွဲ

မစ္စ္စစ္စပီမြစ်ရဲ့ မနက်ခင်းအလှ
မစ္စစ္စပီမြစ်ရဲ့ ညချမ်းအလှ

ချောင်းထဲမှာ စက်လှေစီးပြီး alligator မိချောင်းခေါင်းတိုတွေကို သွားကြည့်ကြတဲ့ Bayou Tour လို့ခေါ်တဲ့ ခရီးတစ်ခုလည်း မှတ်မှတ်ရရပါ။ နယူးအော်လန်းဇ် ဟာ မိချောင်းတွေ ရှိတဲ့ ဒေသအဖြစ်လည်း ထင်ရှားပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမှတ်တရ ပစ္စည်းတွေမှာ မိချောင်းခေါင်းတွေကိုလည်း တွေ့ရပါတယ်။ Swamp ဆိုတဲ့ နွံဖုံးနေတဲ့ ရေတိမ်ချောင်းတွေမှာ မိကျောင်းတွေ မွေးထားကြပါတယ်။ ကျွန်မတို့ စီးနင်းလိုက်ပါလာတဲ့ စက်လှေကို မောင်းသူဟာ မိချောင်းတွေအကြောင်း ရှင်းလင်းပြောပြတဲ့ ဧည့်လမ်းညွှန်တစ်ယောက်လည်း ဖြစ်ပါတယ်။ လှေထဲမှာ မိကျောင်းခေါင်းပြတ် အစစ် အခြောက်တစ်လုံးကို ဧည့်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ကိုင်ကြည့်ကြပါတယ်။ နောက်တော့ ချောင်းစပ်က မိချောင်းတွေ ထွက်လာတာကို မြင်ရပါတယ်။ တစ်နေရာမှာတော့ စက်လှေကို ခဏစက်သတ်ပြီး မိချောင်းတွေကို ဧည့်လမ်းညွှန်က အနီးကပ် အစာကျွေးပြပါတယ်။ အပြန်ခရီးမှာတော့ လှေထဲမှာ ပါလာတဲ့ လာရီ လို့နာမည်ပေးထားတဲ့ မိချောင်းပေါက်စလေးကို ဧည့်သည်တွေက ကိုင်ကြည့်ကြပြန်ပါတယ်။ 
မိချောင်းလေးကို အစာကျွေးနေစဉ်

နယူးအော်လန်းဇ်မှာ ကျွန်မအပါအဝင် တချို့သော စာရေးဆရာတွေဟာ အလည်အပတ်ခရီးအပြင် IWP အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲရပါတယ်။ မောရိသျှက ဘာလင်၊ ဖိလစ်ပိုင်က ဂျန်နဲ့ ကျွန်မကတော့ နယူးအော်လန်းဇ်က အထက်တန်းကျောင်းတစ်ကျောင်းရဲ့ တီထွင်ဖန်တီးစာရေးသားခြင်း အတန်းတစ်တန်းမှာ ဆွေးနွေးဖို့ အစီအစဉ်ထဲမှာ ပါပါတယ်။ အဲဒီအတန်းဟာ တခြားကျောင်းပေါင်းစုံက ကျောင်းသားတွေ စုပေါင်းလာတက်ကြတဲ့ အတန်းဖြစ်ပါတယ်။ နယူးအော်လန်းဇ် က ကျောင်းသားတွေဟာ အိုင်အိုဝါက ကျောင်းသားတွေနဲ့ ကွဲပြားတဲ့အချက်လေးတွေ ရှိပါတယ်။ ဒီက ကလေးတွေက လူမည်းလေးတွေ များပါတယ်။ စာသင်ခန်းထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် နေကြပြီး မေးခွန်းတွေကိုလည်း ပိုမေးကြပါတယ်။ ကျွန်မတို့ရဲ့ စာ၊ကဗျာ နမူနာတွေကို သူတို့တွေကို ဖတ်ပြပြီး သူတို့တွေက အဲဒီစာတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးပါတယ်။ ပြီးတော့ ကလေးတွေဖတ်ဖို့ ကျွန်မတို့ ညွှန်းချင်တဲ့ နိုင်ငံတကာ စာရေးဆရာတွေအကြောင်းကို သူတို့ကို မိတ်ဆက်ပြောပြကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ ရွတ်ပြသွားတဲ့ လက်ရာတွေက ကောက်နုတ်ပြီးတော့ သူတို့ဆရာမက သူတို့ကို အောက်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါတယ်။


  • -       ကိုယ် တစ်ခါမှ မရောက်ဖူးတဲ့ မြို့တစ်မြို့အကြောင်း ရေးပါ။
  • -       ကမ္ဘာ့သမိုင်းကို အတိုဆုံးအကျဉ်းချုံး ရေးပါ။
  • -       နိုင်ငံရပ်ခြား ရေစိမ်းမြေစိမ်းမှာ ဆက်သွယ်မှု ခက်ခဲတဲ့အကြောင်း ရေးပါ။ 


နယူးအော်လန်းဇ်က creative writing စာသင်ခန်းတစ်ခန်းမှာ ဆွေးနွေးနေစဉ်
အီဂျစ်က ခါလက်၊ ဂျာမနီက လူစီနဲ့ ဘော့စဝါနာက တီဂျေ တို့ကတော့ Melvin’s Cocktail and Music ဆိုတဲ့ ဆိုင်မှာ ကျင်းပတဲ့ စာပေရွတ်ပွဲတစ်ပွဲမှာ ဒေသခံစာရေးဆရာ တစ်ယောက်နဲ့အတူ သူတို့ရဲ့ လက်ရာတွေကို ရွတ်ပြခဲ့ပါတယ်။ ကျွန်မတို့လည်း သွားနားထောင်ခဲ့ကြပါတယ်။ တကယ်တော့ ၄ ည ၅ ရက် ကြာမြင့်ခဲ့တဲ့ နယူးအော်လန်းဇ် ခရီးစဉ်အကြောင်းကို ဒီ့ထက်အသေးစိတ် ပြောစရာတွေ အများကြီးကျန်ပါသေးတယ် ပြောပြရရင်လည်း စာမျက်နှာပေါင်းများစွာ ဖြစ်သွားပါလိမ့်မယ်။  အမြဲတစေ ပွဲတော်အလား စည်ကားနေပြီး တက်ကြွပျော်ရွှင်နေသူတို့ရဲ့ ညတွေကို ကျွန်မအနေနဲ့တော့ အခုလို ခဏတဖြုတ် အလည်သွားပြီး ခံစားလေ့လာတာ လုံလောက်ပါပြီ။ ဒီလိုနေရာမျိုးမှာ နှစ်ရှည်လများ နေရရင် ကျွန်မအတွက်တော့ ပျော်ရွှင်စရာ လွန်ကဲပြီး အာရုံနောက်ကျိစေမှာပါ။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ ဂျူလိုင်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့




အစီရင်ခံစာ

$
0
0


အစီရင်ခံစာ

ဒိုင်နိုဆောတွေလည်း အမှုန့်ဖြစ်ပြီ
မင်းသားခေါင်းတွေလည်း သံချေးတက်ပြီ
ပါးဟက်နဲ့ ယပ်ခပ်ရင်း ရွှေငါးတွေပျံသွားပြီ
အောက်ဆီဂျင်မလိုဘဲ ဇွမ်ဘီတွေ ရှင်သန်နေပြီ
ငါတရားကို ငါတပါးက စီရင်တော်မူပြီ
“မရှိမဖြစ်”ဆိုတဲ့စကား ဖြစ်တည်ခဲ့ခြင်း မရှိပြီ
သူမရဲ့ကျောပြင်မှာ မင်ကြောင်ထိုးထားတဲ့
နဂါးရုပ်လေးလည်း အငွေ့ပျံပြီ။

ပန်ဒိုရာ
၁ ဒီဇင်ဘာ  ၂၀၁၂ - ၁၀ ဇန်နဝါရီ ၂၀၁၃


ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်တွင် ဖော်ပြခဲ့ပြီး


27.3.2014

$
0
0


၂၀၀၇ မတ်လ ၂၇ ရက်နေ့ ကနေစပြီး ဘလော့ဂ်ပို့စ် တင်ခဲ့တယ်။ အခုဆိုရင် ၇ နှစ်ပြည့်ပါပြီ။ လူမှုဘဝမှာ ဝတ္တရားတွေတိုးတိုးလာတော့ အချိန်တွေပဲ့ပဲ့လာတယ်။ တစ်နှစ်ထက်တစ်နှစ် ပို့စ်တွေနည်းလာတယ်။ လာဖတ်သူတွေ နည်းလာတယ်။ နည်းဆို မျက်နှာစာအုပ်မှာပဲ စုနေကြတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကိန်းအောင်းထားခဲ့ရတဲ့ ဝါသနာတွေကို တစ်နည်းနည်းနဲ့ ဖွင့်ဟ အကောင်အထည်ဖော်ဖြစ်ဖို့ အစပြုတဲ့ နေရာတစ်ခုဟာ အမှတ်တရပါ။ ရေးဖော်ရေးဖက် ဘလော့ဂါတွေထဲမှာ ဘလော့ဂ် ဆက်မရေးသူတွေရှိတယ်။ ဘလော့ဂ်ကို ပစ်ထားလိုက်သူတွေ ပိတ်လိုက်သူတွေ ဖျက်လိုက်သူတွေရှိတယ်။ ဆုံးပါးသွားသူ ဘလော့ဂါတွေလည်းရှိခဲ့တယ်။ ပို့စ်တွေကျဲလည်း ဒီဘလော့ဂ်ကတော့ ဆက်ရှိနေဦးမှာပါ။ 
ပန်ဒိုရာ
၂၇.၃.၂၀၁၄

မလေးလည်းဆယ် လေးလည်းဆယ်

$
0
0



မလေးလည်းဆယ် လေးလည်းဆယ်

ခပ်ပေါ့ပေါ့ ခပ်ပါးပါး ဒီလိုပဲ အူဝဲကစ မြစ်ဖျားချောင်းဖျားအခြေချ အမေ့ကျောင်းတက်ပြီး စောစောစီးစီး ကကြီးခခွေးဖတ်တော့ အနှောင်းကို သေချာမသိလည်း အစအတော်လှခဲ့သူ၊ လူစိမ်းကြောက် မျက်မှန်ကြောက် ခဏခဏငိုလည်း ကျောင်းမနေခင်ကတည်းက စင်ပေါ်တက် ကျောင်းစာအုပ်တွေထဲ မပါတဲ့ ကဗျာကိုရွတ်သူ၊ ဆယ်ကျော်သက်အရွယ် မျက်နှာကြောတင်းသွားမှန်းမသိ တွေးရင်းတည်မိ  စာအုပ်များကိုင်လိုက်ရင် မျက်စိမမြင် နားမကြားသူ၊ ဒါရိုက်တာကြမ္မာကျီစယ်လို့ တက်ရတဲ့ဒီဂရီကျောင်းမှာ ပျော်ရမှန်းမသိတတ်ပဲ လူငယ်ဘဝ လေးငါးနှစ်စာကို ခပ်ပြိန်းပြိန်း အလွတ်ကျက် ဖြုန်းတီးခဲ့သူ၊ အသည်းဟစိဟစိဖြစ်လိုက် ကွဲလိုက် ဆက်လိုက် အက်လိုက် ထုံခဲသွားလိုက် ကိုယ်ပိုင်အမှတ်အသားကို သဲပွင့်တစ်ပွင့်ချင်း စီကာစဉ်ကာ တည်ဆောက်ပြီးမှ သိမ်းပိုက်ထားတဲ့ တောင်ကုန်းကိုပြန်ဖြိုမယ့် ဒိုင်းနမိုက်ကို လှည့်မကြည့်စတမ်း မီးတို့တတ်သူ၊ သွေးရင်းထဲ စစ်သားမရှိ နိုင်ငံရေးအကျဉ်းသားမရှိ လွှတ်တော်အမတ်မရှိ ဆယ်လစ်ဘရစ်တီမရှိ ခပ်ပြားပြားဇာတ်မို့ ရင်နာလှိုက်ဖိုမောစရာ မှတ်တမ်းရုပ်ရှင် မတင်ဆက်နိုင်သူ၊ ယုံကြည်တာရယ် သေချာမှုရယ်ကြားက ပဋိပက္ခမှာ ဦးနှောက်ကိုခင်းကျင်း ကျောက်စရစ်ခဲအလုံးကြီးတွေ အရင်ထည့် ပြီးတော့မှ သဲထည့် နောက်ဆုံးမှ မလွတ်စတမ်း ရေကိုထည့်လည်း တစ်စက်တောင် မလျော့ချင်သေးသူ၊ ငြီးငွေ့မှုကို ကြောက်တိုင်း သတ်ပစ်လိုက်တာပဲဖြစ်ဖြစ် ညှိနှိုင်းတာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဒုက္ခကိုယ် ကန်ထိုးရှာရင်း ပြေးလွှားအသက်ဆက်နေသူ၊ ပေါ့ပေါ့နဲ့ပါးပါးပါပဲ ပူနွေးလာတဲ့ ကမ္ဘာကြီးမှာ နေရာတကာ ကျစ်လျစ်မှုတွေ အရည်ပျော်လာချိန်ဆိုတော့ မကြီးသေးငြားမငယ်တော့ငြား ဆောလစ်အဖတ် လတ်လတ်ဆတ်ဆတ်တွေ ရှိနေသေးသရွေ့ မလေးလည်းဆယ် လေးလည်းဆယ်။

 ပန်ဒိုရာ
၂-၃.၅.၂၀၁၄

သူ့ကိုယ်ပိုင်ဟန်မှာ နာကျင်ညည်းတွားရှိုက်ငိုသံ မပါဘူး

$
0
0




သူ့ကိုယ်ပိုင်ဟန်မှာ နာကျင်ညည်းတွားရှိုက်ငိုသံ မပါဘူး

ရွေးချယ်လျှောက်ခဲ့တဲ့ လမ်းပေါ်မှာ
စွန့်လွှတ်မှု ဆူးညှောင့်တွေဟာ
သွေးခြေဖနောင့်အောက် ပျော်ဝင်ခန်းခြောက်တယ်
လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီဟာ
ဘယ်တော့မှ လက်မလျှော့မယ့် စိတ်ကူးအိပ်မက်
ဖျက်ဆီးနိုင်စွမ်းဆိုတာ အာဏာပါဝါမဟုတ်
အာဏာပါဝါကိုဆုံးရှုံးရမယ့် ကြောက်ရွံ့ခြင်း

တပါးသူတို့ကို ကူညီခြင်းဖြင်
မိမိကိုယ်ကို ဘယ်လိုကူညီနိုင်တယ်ဆိုတာကို သင်ယူခဲ့
ပြောဆိုရမယ့် အချိန်လည်းရှိ
ငြိမ်သက်ရမယ့် အချိန်လည်းရှိ
စွမ်းအားမြှင့်တင်ချင်တာ
အားကောင်းခိုင်မာစေချင်တာ
လိုအပ်သမျှ အရည်အသွေးတွေနဲ့
ဖြည့်တင်းပေးချင်တာ
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘာသာ
တည်ဆောက်နိုင်ကြသည်အထိ

အဲဒီ စစ်တုရင်ပွဲမှာ
တစ်ဖက်ပလ္လင်ကို ကိုင်လှုပ်နိုင်ဖို့
အများကြီးရွှေ့ရဦးမယ်
အနိုင်ကွက်မရွှေ့ရသေးခြင်းဟာ
သရေကွက်တော့ မဟုတ်ပေဘူး တဲ့။

ပန်ဒိုရာ
၁၉.၆.၂၀၁၄

သီချင်းကြိုက်တဲ့ကြောင်ကလေးနဲ့ နတ်သမီး ပုံပြင်

$
0
0


၁၀၀% မဂ္ဂဇင်း အတွဲ ၂ မှာ ပါတဲ့ ပုံပြင်လေးပါ။ မွေးကင်းစမှ ၁၀ နှစ်အထိ ဆိုတဲ့ ကဏ္ဍအောက်မှာ ဖော်ပြထားပါတယ်။

 

သီချင်းကြိုက်တဲ့ကြောင်ကလေးနဲ့ နတ်သမီး ပုံပြင်

သာယာတဲ့ နွေဦး နံနက်ခင်းတစ်ခုမှာပေါ့။ ကြောင်ကလေးတစ်ကောင်ဟာ မှုန်ကုတ်ကုတ်နဲ့ လမ်းလျှောက်လာတယ်။ လမ်းမှာတွေ့သမျှ သစ်ရွက်ကလေးတွေကို ခြေထောက်နဲ့ တွန်းတိုက်လိုက် လိုက်ဖမ်းလိုက်နဲ့ ဘာတွေ အလိုမကျ ဖြစ်နေလဲ မသိပါဘူး။

တကယ်တော့ အဲဒီကြောင်ကလေးက ဂီတကို သိပ်ဝါသနာပါတဲ့ ကြောင်ကလေးပေါ့ကွယ်။ ဒီမနက်တော့ သူ့ကြောင်မေမေက သူ့ကို ဆူပူလိုက်သတဲ့။ ဆူလည်းဆူစရာပေါ့။ ကြောင်ကလေးကလည်း ဆိုးပါတယ်။ ဟစ်ပ်ဟော့ပ် သီချင်းတွေရေးတယ် ပြီးရင် သူ့အသံကြောင်လေးနဲ့ ဆိုတယ်။ ကြောင်ကလေးဆိုတော့ အသံလေးက ကြောင်နေတော့ ဘယ်သူမှ နားမခံနိုင်ဘူးလေ။ သူ့ကို ၀ိုင်းပြောကြရော။ ဒါနဲ့ သူများတွေ အိပ်တဲ့အချိန်ကျမှ တညောင်ညောင်နဲ့ ခြံထဲထွက်ပြီး သီချင်းဆိုရသတဲ့။ ကြောင်မေမေက ဟဲ့ ညဥ့်နက်ပြီ ဆိုရင် အိပ်ဘူး လို့ ဂျစ်ကန်ကန် ပြန်ပြောသတဲ့။

အဲသည်လိုနဲ့ ညတွေဆို တော်တော်နဲ့မအိပ်ပဲ သီချင်းရေး သီချင်းဆို အလုပ်ကောင်းလိုက်တာ နောက်နေ့တွေ မိုးလင်းရင် ထမင်းစားဝိုင်းမှာ အိပ်ငိုက်လိုက် ကြောင်အတတ်ပညာ ကြွက်ဖမ်းတို့ ကြောင်ကျကျအောင် ခုန်နည်းတို့ သင်တဲ့အခါတွေကျရင် အိပ်ငိုက်လိုက် ဖြစ်လာတော့ ကြောင်မေမေက ဆူပါလေရော။ သည်တော့ ခေတ်ကြောင်ငယ်တို့ ထုံးစံအတိုင်းပေါ့။ အဘွားကြီးတွေ ခေတ်ကိုနားမလည်ဘူး  ဘာဘူး ညာဘူးနဲ့ မကျေမနပ်ပြောပြီး နံနက်ခင်းလေးမှာ ဆောင့်ဆောင့်အောင့်အောင့် လမ်းလျှောက်ထွက်လာတာပေါ့။

နွေဦးရဲ့ သစ်ရွက်ကလေးတွေက လှတယ်။ လှတဲ့သစ်ရွက်ကလေးတစ်ရွက် လေထဲမှာ ဝေ့၀ဲကျလာတယ်။ ကြောင်ကလေးက လှမ်းဖမ်းဖို့ ကြိုးစားတယ်။ လေပွေမှာ သစ်ရွက်ကလေးက ဝေ့ကာဝဲကာ လွတ်ထွက်သွားပြန်တယ်။ မကျေမနပ်ဖြစ်နေတဲ့ ကြောင်ကလေးက မရရအောင် လိုက်ဖမ်းတယ်။ လိုက်ရင်းလိုက်ရင်းနဲ့ သတိထားမိတဲ့ အချိန်ရောက်တော့ သူ့အိမ်နဲ့ တော်တော်ဝေးနေပြီ။ အဲဒါမှ ခက်တော့တာ။ ကြောင်ကလေး အိမ်မပြန်တတ်တော့ဘူး။

ကြောင်ကလေးက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်တယ်။ သစ်ပင်တွေ ဆိုင်းနေတဲ့ တောအုပ်အုပ်ကလေးရယ်  မလှမ်းမကမ်းမှာ ဖြတ်စီးနေတဲ့ စမ်းချောင်းကလေးပေါ်က သစ်သားတံတားလေးရယ်။ သူရင်းနှီးကျွမ်းဝင်မှု မရှိတဲ့နေရာတစ်ခုပဲ။ ကြောင်ကလေးဟာ ထိုင်ချလိုက်ပြီး တိတ်တိတ်ကလေး ညည်းတွားနေပါတော့တယ်။

အဲဒီအချိန်မှာ တီတီ ဆိုတဲ့ အသံလေးကို ကြားလိုက်ရသတဲ့။  ဘေးနားမှာ လှည့်ပတ်ကြည့်လိုက်တော့ သူနဲ့အရွယ်တူလောက်ပဲ ရှိတဲ့ လူကောင်မလေး သေးသေးလေးကို တွေ့လိုက်ရသတဲ့။ အဲဒီ ကောင်မလေးက ၀တ်စားဆင်ယင်ထားတာ ပြောင်ပြောင်လက်လက်နဲ့ လက်ထဲမှာလည်း လက်ကိုင်ဖုန်းလေး တစ်လုံးကို ကိုင်လို့ ဖုန်းဆက်ဖို့ကြိုးစားနေတယ်တဲ့။ ကြောင်ကလေးက အံ့သြသွားတယ်။ ဘာကြောင့် ဒီလူမလေး သေးသေးလေးက ဒီနားကို ရောက်နေရတာလဲလို့ပေါ့နော်။

ကောင်မလေးကလည်း ကြောင်ကလေးကိုတွေ့သွားတယ်။ သူကပြောတယ်။ ငါက နတ်ပြည်က နတ်သမီးလေးပါ မင်းဘယ်သူလဲတဲ့။

ကြောင်ကလေးကပြောလိုက်တာပေါ့။ ငါက ကြောင်ကလေးပါ အိမ်ပြန်ဖို့ လမ်းပျောက်နေလို့တဲ့။

နတ်သမီးလေးက ဒါဆို ငါနဲ့လည်း အတူတူပဲတဲ့။ နတ်မေမေနဲ့ လူ့ပြည်ကို ခဏဆင်းလာတာ ကွဲသွားလို့ အခုဖုန်းဆက်နေတာလည်း ဆက်သွယ်ရေး ဧရိယာပြင်ပကို ရောက်နေလို့ မရဘူး ပေါ့နော်။

ကြောင်ကလေးကပြောတယ် နတ်သမီးဆိုရင် အတောင်ပံနဲ့ ပျံသွားပါလား ပေါ့။ ဒီတော့ နတ်သမီးလေးက ငါ့အတောင်ပံတွေက လုံလုံလောက်လောက် မသန်မာသေးဘူး။ မေမေက ကျောပိုးခေါ်လာရတာ လို့ပြန်ပြောသတဲ့။

အဲဒါနဲ့ အိမ်ပြန်မရောက်နိုင်တဲ့ ကြောင်ဆိုးကလေးနဲ့ နတ်သမီးလေးတို့ဟာ ဘာလုပ်ရမှန်းမသိ မှိုင်နေကြပါတော့တယ်။ အဲဒီလို ငိုင်နေတုန်း ကြောင်ကလေးက မနေနိုင်ပဲ သီချင်းတစ်ပုဒ် ကောက်စပ်ပြီး ဆိုလိုက်သတဲ့။

တိမ်တွေက ပျံတက်
အိမ်တွေက ကျန်ခဲ့
လမ်းပျောက်နေတဲ့ ဘ၀များ
ဆက်လျှောက်ဖို့လည်း ခဏနား
ကြောင်ကလေးလည်း တငူငူနဲ့
နတ်သမီးလည်း အတူတူပဲ

အဲဒီလို ဟစ်ပ်ဟော့ပ်ဆန်ဆန် သီချင်းကလေးပဲ ဆိုပါတော့။ ဒီတော့ နတ်သမီးကလေးက ၀မ်းသာအားရ ထအော်သတဲ့။ ဟေ့.. ကြောင်ကလေး မင်းက သီချင်းရေးတတ်သလားပေါ့။

ကြောင်ကလေးက ဟုတ်တယ် အဲဒီသီချင်းကြောင့်ပဲ ပြဿနာက တက်တာပေါ့ ဆိုပြီး သူအိမ်က ထွက်လာတဲ့အကြောင်းကို ပြောပြလိုက်သတဲ့။

ဒီတော့ နတ်သမီးလေးက တို့နတ်ပြည်မှာ ဒဏ္ဍာရီတစ်ခုရှိတယ်။ အိမ်ပြန်ရောက်ချင်လို့ရင် တကယ်တမ်းတပြီး ခံစားချက်အပြည့်နဲ့ သီချင်းအသစ်တစ်ပုဒ် ဆိုလိုက်လို့ရင် နတ်ပြည်က လှေခါးတစ်ခု ကျလာတယ်တဲ့။ ဒါဆို ငါအိမ်ပြန်လို့ရပြီ။ ခက်တာက ငါက သီချင်းအသစ်ရအောင် မစပ်တတ်ဘူး။ ကူညီပါလားလို့ပြောသတဲ့။

ဒီတော့ ကြောင်ကလေးကလည်း သူ့ပိုးတွေကို အစွမ်းပြခွင့်ရဖို့ ရီကွက်စ် အခုမှရတော့တယ် ဆိုပြီး ၀မ်းသာသွားတာပေါ့။ ဒီလိုနဲ့ အဲဒီတနေ့လုံး လက်သဲတွေနဲ့ကုတ်ခြစ်ပြီး ကြောင်ကလေးလည်း သီချင်းစပ်ပါလေရော။

သီချင်းကလည်း စပ်ရမယ်ဆိုမှ ခက်လိုက်တာ။ ကြောင်ကလေးက ဘလူးစ်တွေ ကန်းထရီးတွေ ရော့ခ်တွေ ပေါ့ပ်တွေ အမျိုးမျိုးစပ်လိုက် နတ်သမီးလေးကလည်း ဆိုကြည့်လိုက် နောက်ဆုံးတော့ နတ်သမီးလေးတောင် အသံဝင်ချင်သလိုဖြစ်လာသတဲ့။ နောက်ဆုံးတော့ ကြောင်ကလေးလည်း စိတ်ပေါက်ပေါက်နဲ့ အခုလို ရေးလိုက်သတဲ့။

ညောင်ညောင်ညောင်..
အိမ်ကိုလွမ်းတဲ့အကောင်
လွမ်းလွန်လွန်းလို့ငူငူငေါင်ငေါင်
နတ်သုဒ္ဒာတွေလည်းဝေး
အတောင်ပံတွေလည်းကွေး
တော်ရာမှာမနေခဲ့
ပျော်ရာရှာဖွေခဲ့
အခုတော့ ရေလည်ညစ်လို့
မေမေရေ သေမယ်ဖြစ်လို့
ကောင်းကင်ကလှေခါး
ကျလာပါလား
မျှော်လိုက်ရတာ တအား
ဂါးဂါးဂါး…

သူရေးပြီးတဲ့အခါ နတ်သမီးလေးက အင်မတန် ချိုသာတဲ့အသံလေးနဲ့ သီချင်းဆိုပါလေရော။ သီချင်းက သံစဉ်ရော စာသားပါ ဘ၀ဂ်အထိ ပျံလွင့်သွားတယ် ဆိုတာမျိုး ထင်ပါရဲ့ နတ်ပြည်ကို တက်သွားသတဲ့။ သိပ်မကြာပါဘူး လှေခါးကြီး ကျလာပါတယ်။

နတ်သမီးလေးက ၀မ်းသာသွားတယ်။ ကြောင်ကလေးကတော့ မပျော်ပါဘူး။ မင်းကတော့ ပြန်သွားတာဟုတ်ပါပြီ နတ်သမီးရယ်။ ငါကတော့ ဘယ်လိုပြန်ရမလဲ တဲ့။

နတ်သမီးလေးက မျက်စောင်းထိုးတယ်။ ကြောင်ကလေးကလည်း အ လိုက်တာတဲ့။
google earth တွေဘာတွေ သုံးဖူးပုံ မရဘူးတဲ့။ တကယ်တော့ ကြောင်ကလေးကလည်း internet savvy သိပ်မဖြစ်ဘူးလေ။

နတ်သမီးလေးက ကြောင်ကလေးကိုပါ လှေခါးပေါ် ခေါ်သွားတယ် ။ အပေါ်စီးကကြည့်တော့ သူ့အိမ်ကို လှမ်းမြင်ရပြီပေါ့။

ဒီတော့မှ နတ်သမီးက ကြောင်ကလေးအိမ်ကို ရှာပြီး အသေအချာ ပို့ပေးလိုက်တယ်။
ဒါပေမယ့် သူတို့ကသီချင်းတွေ ဘာတွေ အတူစပ် ခင်မင်ပြီးမှ ခွဲရတော့မယ်ဆိုတော့ နည်းနည်း ၀မ်းနည်းသွားကြတာပေါ့။ ကြောင်ကလေးက ငိုတောင်ငိုချင်သတဲ့။ ဒါပေမယ့် နတ်သမီးလေးက ကြောင်ကလေးရဲ့ နားနားကိုကပ်ပြီး တိုးတိုးလေး တစ်ခုပြောလိုက်တော့ ပြုံးသွားသတဲ့။

အဲဒီနေ့ကစပြီး ကြောင်ကလေးက အလုပ်တွေကို အချိန်နဲ့လုပ်တယ်။ မဆိုးတော့ဘူး။
ညတွေဆို ကြောင်မေမေက အိပ်တော့ဆိုရင် စောစောစီးစီး လိမ်လိမ်မာမာ အိပ်တယ်။
ဘာလို့လဲ သိလား။

နတ်သမီးလေးက ပြောလိုက်တယ် ညကျမှ အိပ်မက်ထဲကို လာခဲ့မှာပေါ့ တဲ့။ နတ်သမီးနဲ့ ကြောင်ကလေးက အိပ်မက်ထဲမှာ သူငယ်ချင်းတွေ အမြဲ ဆက်ဖြစ်ကြတာပါ့။

အဲဒီအချိန်ကစပြီး ဒီပုံပြင်ကို ဖတ်ဖူးတဲ့လူတွေဟာ သူတို့သူငယ်ချင်းတွေကို ညအိပ်ခါနီးရင် အိပ်မက်လှလှမက်ပါစေ နတ်သမီးနဲ့တွေ့ပါစေလို့ ဆုတောင်းလေ့ ရှိကြတာပေါ့ကွယ်။။


ပန်ဒိုရာ
ဖေဖော်ဝါရီ ၂၀၀၈






ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကလေး

$
0
0
ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကလေး



(မဂ္ဂဇင်းစာမျက်နှာဓာတ်ပုံ seesein shin)


၁၉၇၉ သြဂတ်စ်လမှာ ဖေဖေနဲ့မေမေဟာ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ကျွန်မကတော့ သူငယ်တန်းကို စတက်နေချိန်ပေါ့။ ကျွန်မနာမည်ကို ဆိုင်နာမည်မှည့်ပေးထားတဲ့ စာအုပ်ဆိုင်ကလေးတစ်ဆိုင်ဟာ စာအုပ်အနည်းငယ်နဲ့ အစပြုခဲ့တယ်။ မြစ်ဝကျွန်းပေါ်က ရွာကလေးတစ်ရွာမှာ အဲဒီဆိုင်ကလေးကို ဖွင့်ခဲ့ကြတာပါ။ ရွာကလေးလို့ ချစ်စဖွယ်ကောင်းအောင် ပြောရပေမယ့်လည်း တကယ်တော့ ရွာကြီးလို့ပြောရမယ်။ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးပြီး တိုက်နယ်ဆေးရုံရှိ၊ အထက်တန်းကျောင်းရှိတဲ့ ရွာကြီးတစ်ရွာပါ။ ဒါပေမဲ့ အဲဒီရွာမှာ စာအုပ်အငှားဆိုင်ကောင်းကောင်း မရှိခဲ့ဘူး။ တချိန်ကရှိခဲ့တဲ့ စာအုပ်အငှားဆိုင် တစ်ဆိုင်ကလည်း ကျွန်မတို့ပြောင်းရွှေ့လာတဲ့အချိန်မှာ ဖျက်သိမ်းစပြုနေပါပြီ။

စာအုပ်အငှားဆိုင်လေးကို ကာတွန်း၊ရုပ်ပြစာအုပ် ၁၂ အုပ်နဲ့ စတင်ခဲ့ပါတယ်။ ဆိုင်ဖွင့်ရက်က လလယ်ဖြစ်နေတဲ့အတွက် လကုန်မှ မဂ္ဂဇင်းအသစ်တွေဝယ်ပြီး စာအုပ်စင်ကို ထပ်ဖြည့်ခဲ့တယ်လို့  မေမေကပြောပြပါတယ်။ ကိုယ်ရေး အချက်အလက်တွေ ဖြည့်စွက်ရတဲ့ အခါ အိမ်ရှင်မ ဒါမှမဟုတ် မှီခို လို့ ထုံးတမ်းစဉ်လာအတိုင်း တစ်သက်လုံး ဖော်ပြခဲ့ရပေမယ့်လည်း သိမ်းထုတ်သေချာရုံသာမက တိုးပွားခိုင်မာအောင်ပါ ရောက်လေရာမှာ တနိုင်တပိုင်လုပ်ကိုင်ခဲ့သူ မေမေ့အတွက်တော့ အဲဒီစာအုပ်ဆိုင်ကလေးဟာ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုရဲ့ အောင်မြင်မှုမှတ်တိုင် တစ်တိုင်ပါ။

ဆိုင်ဖွင့်တဲ့နေ့မှာ ဈေးဦးပေါက် ငှားခဲ့ရတဲ့ စာအုပ်ကတော့ “ဓားငကောင်း” ဆိုတဲ့ ရုပ်ပြစာအုပ်တစ်အုပ် လို့ မှတ်မိနေခဲ့ကြပါတယ်။ အဲဒီတုန်းက ရုပ်ပြစာအုပ်တွေရဲ့ အရွယ်အစားဟာ မဂ္ဂဇင်းတွေလို အကြီးဆိုက်ဇ်တွေ မရှိသေးပါဘူး။ ဆိုင်ဖွင့်ခါစ ရက်တွေမှာ မဂ္ဂဇင်းနဲ့ ဝတ္ထုစာအုပ်တွေကို လူတွေက မငှားကြသေးဘဲ ရုပ်ပြတွေ ကာတွန်းတွေသာ ငှားရပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးဟာ ရွာမှာနေထိုင်ကြသူတွေကို သုတရသစာမျိုးစုံ ဖတ်ဖြစ်အောင် တွန်းအားပေးတဲ့ အဓိကနေရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

မဂ္ဂဇင်းတွေထဲမှာတော့ စစချင်းမှာ မြဝတီ၊ ငွေတာရီ နဲ့ စန္ဒာကို တင်ပါတယ်။ အဲဒီတုန်းက မြဝတီနဲ့ ငွေတာရီဟာ ယနေ့ခေတ် မြဝတီ ငွေတာရီနဲ့ ကွဲပြားခဲ့ပါတယ်။ အဲဒီအချိန်က ရုပ်ရှင်မင်းသား ဝင်းဦးစီစဉ်တဲ့ စန္ဒာ မဂ္ဂဇင်းဟာ အရမ်း ပေါက်နေချိန် ဖြစ်ပါတယ်။ စန္ဒာထဲက ဦးဦးပုံပြောမယ် တို့ ဆရာနန္ဒသူရဲ့ ပုဂံဇာတ်လမ်းတွေကို အခုအချိန်အထိ အမှတ်ရပါသေးတယ်။   စာအုပ်ဆိုင် စဖွင့်ဖွင့်ချင်းမှာ မဂ္ဂဇင်းစာအုပ်တွေကို သိပ်မဖတ်ကြလို့ တင်ရတာ အရှုံးပေါ်တယ်လို့ မေမေက ပြန်ပြောပြတယ်။ စာအုပ်ငှားခကတော့ အများအားဖြင့် တန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်း သတ်မှတ်လေ့ ရှိတယ်။ မဂ္ဂဇင်းတစ်အုပ်ကို အဲဒီတုန်းက ဝယ်ဈေး၅ကျပ် ဒါမှမဟုတ် ၇ ကျပ်လောက်ရှိတာဆိုတော့ တစ်ရက်ငှားရင် ပြားငါးဆယ် ပြားခုနစ်ဆယ် ဖြစ်ပါတယ်။။ ဆယ်ခါငှားရရင် အရင်းကျေပါတယ်။ ရွာက စာဖတ်သူတွေကို မဂ္ဂဇင်းဖတ်ဖို့ တိုက်တွန်းရပါတယ်။  စစ်ပြန် ပေါ်လာတော့  သမိုင်းကြောင်းတွေ အခန့်အထည်တွေ ဖတ်ချင်သူတွေ စိတ်ဝင်စားကြပါတယ်။ ဒီလိုနဲ့ သွေးသောက်၊ ရှုမဝ၊ မိုးဝေ စသည်ဖြင့် မဂ္ဂဇင်းတွေ စာအုပ်စင်ပေါ်မှာ ပိုများလာပါတယ်။

မဂ္ဂဇင်းဖတ်ရှုသူတွေ များလာတဲ့ အချိန်မှာ တစ်ဘက်ကလည်း မဂ္ဂဇင်းတွေ ပိုထွက်လာကြပါတယ်။ ပေဖူးလွှာဟာ တကျော့ပြန်ခေတ်စားလာပါတယ်။ ကျွန်မက ပေဖူးလွှာထဲမှာ ပါတဲ့ ဘာသာပြန်ပုံပြင်လေးတွေကို မလွတ်တမ်းဖတ်ခဲ့တာ မှတ်မိပါသေးတယ်။ အဲဒီတုန်းက သောင်းပြောင်းထွေလာရယ်စရာဆိုတဲ့ မဂ္ဂဇင်းမှာ သောင်းပြောင်းထွေလာ ဆိုတဲ့ စာလုံးက အကြီးကြီးပါ။ နောက်ခေတ်မှာတော့ ရယ်စရာဆိုတဲ့စာလုံးက ပိုကြီးလာပြီး အခုတော့ သောင်းပြောင်းထွေလာဆိုတာ မရှိတော့ပါဘူး။ စာပေလုပ်သားမဂ္ဂဇင်းကိုတော့ ကျွန်မငယ်ငယ်က နည်းနည်း ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ မဂ္ဂဇင်းတွေဟာ အမျိုးအစားလည်း စုံလင်လာကြပါတယ်။   စံပယ်ဖြူမဂ္ဂဇင်းနဲ့ လုံမလေးမဂ္ဂဇင်းတို့ဟာ အမျိုးသမီးမဂ္ဂဇင်းတွေပါ။ အဲဒီမှာပါတဲ့ စက္ကူခေါက်နည်း၊ တံမြက်စည်းလုပ်နည်း၊ ပန်းထိုးနည်း၊ ဟင်းချက်နည်း  စတာတွေကို ကျွန်မတို့ လိုက်လုပ်ကြည့်ကြပါတယ်။ ရုပ်ရှင်မဂ္ဂဇင်း၊ ရုပ်ရှင်မျက်မှန်နဲ့ ရုပ်ရှင်အမြုတေ ဆိုပြီး ရုပ်ရှင်အထူးပြု မဂ္ဂဇင်းတွေလည်း များလာပါတယ်။ စောစောကတည်းက ထုတ်ဝေနေခဲ့တဲ့ သပြေကတော့ ဂီတအထူးပြုလို့ဆိုရမယ်။ သပြေမဂ္ဂဇင်းထဲမှာ ခေတ်ဟောင်းသီချင်း၊ ဓမ္မသီချင်း၊ စတီရီယိုသီချင်းနဲ့ လူငယ်သပြေအားမာန်ဝေဆိုတဲ့ လူငယ်သီချင်း အဲဒီလို သီချင်းတွေကို ကဏ္ဍခွဲပြီး လစဉ် တစ်ပုဒ်စီ ဖော်ပြခဲ့တာကို အမှတ်ရမိတယ်။

ပန် ရုပ်စုံ မဂ္ဂဇင်းဆိုပြီး ပန်းချီအနုပညာအကြောင်းတွေ အသားပေးဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်ကိုလည်း အမှတ်ရနေပါတယ်။ ကျွန်မကတော့ အဲဒီထဲက ဆရာဦးဘကြည်ရဲ့ အခြေခံပုံဆွဲနည်းတွေကို လိုက်ဆွဲကြည့်ခဲ့ပါတယ်။ ဆရာ သိပ္ပံမှူးတင် စီစဉ်တဲ့ သိပ္ပံမဂ္ဂဇင်းထဲက Star War ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ကို ပြန်ရေးထားတဲ့ အခန်းဆက်ရုပ်ပြကို ကျွန်မ စောင့်ဖတ်ဖြစ်ခဲ့ပါတယ်။  အံ့ဖွယ်သုတ၊ သုတအံ့ဖွယ် ဆိုတဲ့ မဂ္ဂဇင်းတွေလည်းရှိခဲ့တယ်။ မှုခင်းနဲ့ ပတ်သက်လို့လည်း ဆရာနီလေးမောင်စီစဉ်တဲ့ မှုခင်းစာစောင်အပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတွေရှိခဲ့ပါတယ်။

အဲဒီ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ မြန်မာ့ဇာတ်သဘင်ကလည်း နိုင်ငံတဝှမ်းမှာ ရေပမ်းစားအောင်မြင်နေတဲ့ အချိန်ပါ။ သဘင်မဂ္ဂဇင်း ဆိုပြီးပေါ်ထွက်လာပါတယ်။ အဲဒီမဂ္ဂဇင်းမှာ ဇာတ်မင်းသားတစ်လက်ရဲ့ ရောင်စုံဓာတ်ပုံကို art paper နဲ့ မဂ္ဂဇင်းပြည့် ခေါက်ချိုးထားတဲ့ စာမျက်နှာတစ်ရွက် အမြဲပါပါတယ်။  ပထမပိုင်းတော့ စာဖတ်သူတွေ ခံစားနိုင်စေဖို့ ဒီလိုပဲထားလိုက်တာပါပဲ။ နောက်တော့ ဖြုတ်ယူထားသူတွေ ရှိလာတာနဲ့ စာအုပ်မငှားခင် အဲဒီစာရွက်ကို အရင် ဖြတ်ထားပြီး ဆိုင်မှာပဲ ကပ်ထားရတယ်။ အခုခေတ်တော့ အဲဒီလို စက္ကူအကောင်းနဲ့ မင်းသား၊မင်းသမီး၊မော်ဒယ် ပုံတွေဟာ မဂ္ဂဇင်းတွေထဲမှာ ပြည့်လျှံနေပါပြီ။ ဇာတ်သဘင်နဲ့ပတ်သက်လို့ နောက်ထပ် လူကြိုက်များတဲ့ စာစောင်တစ်ခုကတော့ ကြည်သာ(ပွဲကြိုက်ခင်) စီစဉ်တဲ့ ပွဲကြိုက်သူ ဆိုတဲ့ စာအုပ်ပါ။ သူက မဂ္ဂဇင်းအရွယ်လည်း မဟုတ်၊ ဝတ္ထုအရွယ်လည်း မဟုတ်တဲ့ အလယ်အလတ်ပါ။ အခုတော့လည်း တချိန်က အလွန်ထွန်းကားခဲ့တဲ့ ဇာတ်သဘင်တွေဟာ အထူးပြုစာစောင်တစ်စောင်အဖြစ် ထုတ်ဝေရလောက်တဲ့ အနေအထား မရှိတော့ပါဘူး။

၁၉၈၄ ခုနှစ်မှာ ဆရာမြတ်ထန်စီစဉ်တဲ့ ချယ်ရီမဂ္ဂဇင်းဟာ စာဖတ်သူတွေ အထူးစိတ်ဝင်စားကြတဲ့ ကဏ္ဍတွေနဲ့ ဆန်းသစ်စွာ ပေါ်ထွက်လာပါတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ အမှတ် ၁ မျက်နှာဖုံးက ချယ်ရီပန်းလေးတွေပုံနဲ့ပါ။ ချယ်ရီအမှတ်၂ ထွက်လာတဲ့အခါ မို့မို့မြင့်အောင်က မိတ်ကပ်ရဲရဲ လည်ဟိုက် ဂါဝန်အနီလေးနဲ့ ဒေါက်ဖိနပ်ကို ငုံ့ကိုင်နေတဲ့ မျက်နှာဖုံးနဲ့ပါ။ အဲဒီမျက်နှာဖုံးဟာ အတော်လေး ဟော့သွားပါတယ်။ အဲဒီတုန်းက ပြောကြတာကတော့ အဲဒီမျက်နှာဖုံးကို ဦးနေဝင်းက မြင်တဲ့အခါ ဒါ မြန်မာမှ ဟုတ်ရဲ့လားဆိုပြီး အမျက်တော်ရှခဲ့သတဲ့။ အဲဒီကာလ အတောအတွင်းတွေမှာ မဂ္ဂဇင်းစာစောင်တွေမှာ လည်ဟိုက်တာ ပေါင်ပေါ်တာတွေကို ငွေမင်နဲ့ ဖုံးအုပ်ထားတာတွေကို တွေ့ခဲ့ကြရပါတော့တယ်။ မဆလခေတ်က ဆင်ဆာပေါ်လစီတစ်ခုပါ။ ချယ်ရီမဂ္ဂဇင်းထဲက ပင်တိုင်ကဏ္ဍတွေထဲမှာ ဆရာမောင်သစ်ရဲ့ဆောင်းပါးတွေ၊ အားကျစေချင်လွန်းလို့ ဆိုတဲ့ ထူးချွန်သူတွေနဲ့အင်တာဗျူးကဏ္ဍ၊ ဆရာကြီးဦးသုခရဲ့စာတွေ၊ ပြီးတော့ ကာတွန်းဆရာသော်ကရဲ့ ချစ်လွန်းသူ ဆိုတဲ့ ခွေးဇာတ်လမ်း အခန်းဆက် ရုပ်ပြကာတွန်း အစရှိတဲ့ ကဏ္ဍတွေကို အခုထက်ထိ ကျွန်မအမြဲ အမှတ်ရနေခဲ့ပါတယ်။ နောက်တော့ ဆရာခင်မောင်မြင့်ရဲ့ မဟေသီ မဂ္ဂဇင်းထွက်လာပါတယ်။ မဟေသီဟာ စာအုပ်ဆိုင်ပိတ်ချိန်မှာ အငှားရဆုံး မဂ္ဂဇင်းအဖြစ် ထိပ်ဆုံးက ရပ်တည်ကျန်ခဲ့ပါတယ်။

အခုခေတ်ကွာလတီ မဂ္ဂဇင်းတွေလို စာရွက်သား မကောင်း၊ ဆေးရောင်မစုံလင်ပေမယ့် အဲဒီတုန်းက မဂ္ဂဇင်းတွေမှာ ဖတ်ချင်စရာတွေ ပြည့်နှက်နေပြီး ကြော်ငြာကလည်း အနည်းငယ်သာပါဝင်ခဲ့ပါတယ်။ ဝတ္ထုတိုရွှေခေတ်လို့ ပြောရလောက်အောင်လည်း ထွန်းကားခဲ့ပါတယ်။ စံပယ်ဦး မဂ္ဂဇင်းဆိုရင် တခြားဘာအကြောင်းအရာမှ မပါဘဲ ဝတ္ထုတိုတွေချည်းသက်သက် စုစည်းထားတဲ့ ဝတ္ထုတိုမဂ္ဂဇင်းပါ။    ဆရာမဂျူးကိုလည်း ကျွန်မက ရှုမဝမဂ္ဂဇင်းထဲက ဝတ္ထုတိုမှာ စပြီး သတိထားမိခဲ့တာပါ။ ဆရာမရဲ့ တင်ပြပုံနဲ့ ဇာတ်ကွက်တွေဟာ ကျွန်မအဖို့ ဆန်းသစ်ထူးခြားနေလို့ အလွန်စိတ်ဝင်စားမိပါတယ်။ ကျွန်မတို့စာအုပ်ဆိုင် ပိတ်ပြီး တခြားမြို့တွေကို ပြောင်းရွှေ့သွားတဲ့အခါ “သူမ၏မိုး” “အနီးဆုံးခရီးသို့အဝေးဆုံးအချိန်” စတဲ့ ဝတ္ထုတိုတချို့ ပါတဲ့ မဂ္ဂဇင်းတွေကို အချိန်အတော်ကြာကြာအထိ ကျွန်မက ဆက်သိမ်းထားခဲ့ပါသေးတယ်။ “အမှတ်တရ” ဝတ္ထုထွက်ပြီး နာမည်ထင်ရှားလာခဲ့တဲ့အခါ ဝတ္ထုတိုတွေကတည်းက နှစ်သက်ရတဲ့ စာရေးဆရာမတစ်ယောက်မို့ ပိုဝမ်းသာခဲ့ရပါတယ်။

စာအုပ်ဆိုင်ဖွင့်ခါစက ဖေဖေ ကိုယ်ပိုင်ဖတ်ရှုဖို့ စုဆောင်းထားတဲ့ စာအုပ်တွေကို တင်ကြည့်သေးတယ်။ တက္ကသိုလ်ဘုန်းနိုင်တို့ မင်းကျော်တို့ စသည်ဖြင့်ပေါ့။ ဒါပေမယ့် စာဖတ်သူတွေက လတ်တလော အသစ်ထွက်လာတဲ့ စာရေးဆရာတွေကိုပဲ ပိုတောင်းဆိုကြတယ်လို့ ပြောပါတယ်။ ကျွန်မတို့ စာအုပ်ဆိုင်ဖွင့်ခါစ ကာလမှာ လုံးချင်းဝတ္ထုတွေထဲ လတ်တလော ရေပမ်းစားနေသူတွေကတော့ ခင်စိန်လှိုင်၊ ကလျာ(ဝိဇ္ဇာသိပ္ပံ)၊ ခိုင်ယဉ်မွန် စတဲ့ ဆရာ၊ဆရာမတွေပါ။ ဟာသစာရေးဆရာကတော့ ကြူမွှေးပါ။(ထပ်ခါထပ်ခါ ဖော်ပြရတာ ထောက်ပြီး ရှည်တဲ့အတွက် တချို့နေရာတွေမှာ ဆရာ၊ဆရာမ ဆိုတာကို ဖြုတ်ပြီး ကလောင်နာမည်ကိုသာ ရေးသားပါမယ်။ ဆရာ၊ဆရာမတို့အပေါ် အ,ဂါရဝ ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ။) ဆွေဆွေအောင်၊ ဝေဝေအောင်၊ နေနွယ်ဇင်မြင့်၊ မမိုးမြေ၊ စုလှဖြူ တို့ ခေတ်စားလာပါတယ်။ မဟူရာ(လွိုင်ကော်)၊ ကောလ်ထန်မောရီယယ် စတဲ့ စာရေးဆရာတွေလည်း ပေါ်လာပါတယ်။ (အချိန်ကာလအားဖြင့် တကယ့်အစီအစဉ်တိတိကျကျတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ စာအုပ်တွေအကြောင်း ကျွန်မတို့မိသားစုတွေကြား ဒီလိုပဲပြန်ပြီး ပြောကြတဲ့အခါ အဲဒီတုန်းက ဆိုင်မှာအငှားသွက်ခဲ့တဲ့ စာရေးဆရာတွေရဲ့ နာမည်တွေ အစီအရီပေါ်လာပါတယ်။)

အငှားရဆုံး ဝတ္ထုတွေထဲမှာ မြင့်မောင်မောင်၊ မောင်သာပြည့် တို့ဟာလည်း တစ်ခေတ်တစ်ခါက ထိပ်ဆုံးမှာ ရှိနေပါတယ်။ နေနွယ်ဇင်မြင့်ရဲ့သမီး လမင်းမိုမို ပေါ်လာတဲ့အခါ ပထမဆုံးစာအုပ်ကစပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။  မောင်စိန်ဝင်း (ပုတီးကုန်း)ဟာ အားလုံးတန်းစီ စောင့်ဖတ်ကြတဲ့ ဘက်ဆဲလားအဖြစ် ဆိုင်မှာ နေရာယူလာပါတယ်။ လူငယ်လူရွယ် ကျောင်းသားအရွယ်တွေရဲ့ အသည်းစွဲဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ငြိမ်းကျော်နဲ့ နွမ်ဂျာသိုင်းတို့ရဲ့ ဝတ္ထုတွေဟာ ထိပ်တန်း အငှားရဆုံး အချစ်ဝတ္ထုတွေပါ။  ကျွန်မတို့ဆိုင်ဖွင့်တဲ့ ကာလအတွင်းမှာ မောင်စိန်ဝင်းဟာ အငှားရဆုံးစာရင်းမှာ အချိန်အကြာဆုံး ရပ်တည်ခဲ့တယ်လို့ မေမေက ပြောပြပါတယ်။ မိုးမိုး(အင်းလျား)၊ မောင်သာရ၊ နုနုရည်(အင်းဝ)၊ မစန္ဒာ တို့လို ဘဝသရုပ်ဖော်ဘက် လွှမ်းတဲ့ ဝတ္ထုမျိုးတွေနဲ့ နိုင်ငံခြားဘာသာပြန် ဝတ္ထုတွေကတော့ အငှားရဆုံး ဆိုတာမျိုးထက်  စာပေလိုက်စား ခံစားတတ်သူတွေကသာ အထူးရှာဖွေ ဖတ်ကြတာမျိုးပါ။ အပျော်ဖတ်လို့ လူတွေပြောကြတဲ့ ဝတ္ထုမျိုးတွေ၊ အချစ်ဝတ္ထုမျိုးတွေ၊ စွန့်စားခန်း လျှို့ဝှက်သည်းဖိုဝတ္ထုမျိုးတွေကတော့ ဘယ်ခေတ်ဘယ်အခါမှာမဆို ဖတ်သူဦးရေ ပိုများခဲ့ပါတယ်။

ရွှေဥဒေါင်း ဒဂုန်ရွှေမျှား ခေတ်တို့ ဆွေလှိုင်ဦးခေတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်တဲ့ အဲဒီ၁၉၈၀ ဝန်းကျင်မှာတော့ မင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေနဲ့ ဂမ္ဘီရဆန်တဲ့ဇာတ်လမ်းတွေဟာ သီးသန့်လိုင်းတစ်မျိုးနဲ့ အထူးသဖြင့် ယောက်ျားလေး စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။ ယောက်ျားလေး ပရိသတ်တွေ နောက်ထပ် အထူးစိတ်ဝင်စားတာကတော့ သိုင်းဝတ္ထုတွေပါ။ တရုတ်သိုင်းဘာသာပြန် ဝတ္ထုတွေကို စာဖတ်သူတွေက မေးလာကြတော့ စာအုပ်ဆိုင်ဖွင့်စ အစောပိုင်းကာလက စပြီး ဆိုင်မှာ တင်ခဲ့ပါတယ်။ တက္ကသိုလ် ဝင်းကြွယ်၊ ဘုန်းကြွယ်၊ မိုးကျော်သူ၊ တက္ကသိုလ် နေလင်းအောင် စတဲ့ ဆရာတွေ ဘာသာပြန်တဲ့ သိုင်းဝတ္ထု အတွဲလိုက်တွေဟာ အငှားရဆုံးတွေပါ။ နောက်ပိုင်းမှာတော့ သိုင်းဝတ္ထုထဲမှာ တက္ကသိုလ်နေလင်းအောင်က စာဖတ်သူတွေ အကြိုက်ဆုံး ထိပ်ဆုံးမှာ ရောက်ခဲ့ပါတယ်။ ကျွန်မ ပထမဆုံး အစအဆုံး ဖတ်ခဲ့တဲ့ ဝတ္ထုစာအုပ်ဟာ သိုင်းဝတ္ထုတစ်အုပ်ပါ။ စာအုပ်ဆိုင် ပိတ်ပြီး ပြောင်းရွှေ့သွားတဲ့အခါ မရောင်းဘဲ သိမ်းပြီးယူသွားခဲ့တဲ့ စာအုပ်တွေထဲမှာ ကျွန်မနှစ်သက်တဲ့ သိုင်းဝတ္ထု အတွဲတွေလည်း ပါပါတယ်။

ဆရာချစ်ဦးညိုနဲ့ ပတ်သက်လို့ကတော့ ထူးထူးခြားခြားပြောစရာတွေ ရှိပါတယ်။ လင်္ကာဒီပချစ်သူမှာ ဗီလိန်ကို ဇာတ်လိုက်အဖြစ် ပြောင်းလဲချဉ်းကပ်လိုက်တဲ့အခါ ဝေဖန်သံတွေ ဆူညံထွက်လာခဲ့တယ်။ မြန်မာစာသင်တဲ့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဖေဖေဟာ ရသစာပေရေးသားခြင်းရဲ့ သဘောတရားတွေအတွက် အဲဒီအချိန်မှာ ထွက်နေတဲ့ “လင်္ကာဒီပချစ်သူ”နဲ့ “နှင်းကေသရာချစ်တဲ့သူရဲကောင်း” ကို ဖတ်ဖို့ ဆယ်တန်းကျောင်းသား တပည့်တွေကို ညွှန်းခဲ့တယ်။ ခက်တာက အဲဒီကာလတုန်းက မိဘအများအပြားဟာ သားသမီးတွေကို အပြင်စာတွေဖတ်ဖို့ အားမပေးဘူး။ အထူးသဖြင့် အချစ်ဝတ္ထုတွေဖတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတတ်မယ်လို့ ထင်ကြတယ်။ အဲဒီ့အပြင် စာအုပ်ဆိုင်ဖွင့်ထားတဲ့ ကျောင်းဆရာက ညွှန်းတယ်ဆိုတော့ အကျိုးစီးပွားပဋိပက္ခ လိုလို ဖြစ်နေပါတယ်။ ကျွန်မတို့မောင်နှမတွေကတော့ ကျောင်းစာမပျက်ကွက်ရင် ပြီးတော့ ကိုယ်ဖတ်နေတဲ့/ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို လာငှားသူ မရှိဘူးဆိုရင် အိမ်မှာရှိသမျှ စာအုပ်တွေကို ကြိုက်သလောက် ဖတ်ခွင့်ရပါတယ်။

ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေဟာ လက်မလည်အောင် အငှားသွက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်လတစ်အုပ် နှစ်လတစ်အုပ် ထွက်နေကြတဲ့ လုံးချင်းဝတ္ထုတွေနဲ့ ယှဉ်ရင်တော့ အထွက်ကျဲတယ်လို့ ဆိုနိုင်ပါမယ်။ လင်္ကာဒီပချစ်သူကို ပန်းချီဝသုန်ရေးဆွဲတဲ့ ရုပ်ပြအနေနဲ့ ပြန်ထွက်လာတဲ့အခါ တစ်အုပ်ကို ၃၅ ကျပ်ကျမယ်လို့ သိလိုက်ရပါတယ်။ ကာတွန်းရုပ်ပြစာအုပ် ပုံမှန်တစ်အုပ်ကို ၁၀ကျပ်ကျော်ကျော်ဝယ်ရပြီး ပြန်ငှားရင် ၁ ကျပ်ကျော်နဲ့ ငှားနေတဲ့ အချိန်မှာ ၃၅ ကျပ်ဆိုတဲ့ ဈေးနှုန်းဟာ အလွန်ကို များလှပါတယ်။ ၃၅ ကျပ်ဆိုတော့ ၁၀ ရာခိုင်နှုန်း ငှားဈေးသတ်မှတ်ရင် တစ်ရက်ကို ၃ ကျပ်ခွဲ ဈေးနှုန်း သတ်မှတ်ရမယ်ဆိုရင် ငှားသူရှိပါ့မလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း မေမေဟာ ဒီစာအုပ်ကို စွန့်စားပြီးဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စာအုပ်မရောက်ခင်မှာ ပိုစတာ ကပ်ထားပြီး ဒီစာအုပ်ရောက်မယ့်အကြောင်းကို ကြော်ငြာထားပါတယ်။ စာအုပ်ရောက်လာတဲ့အခါမှာ အဲဒီဈေးနှုန်းနဲ့လည်း လက်မလည်အောင် ငှားရပါတော့တယ်။ အကြိမ် ၁၀၀ ကျော် ငှားရပြီး အမြတ်ငွေ အများကြီးတင်ကျန်စေအောင် ငွေရှာပေးခဲ့တဲ့ စာအုပ်မို့ ဆရာချစ်ဦးညိုကို အမြဲကျေးဇူးတင်မိတယ်လို့ မေမေက ပြောပြတတ်ပါတယ်။

အဲဒီခေတ်က ရုပ်ပြစာအုပ်တွေလည်း အလွန်ခေတ်စားခဲ့ပါတယ်။  တချို့ရုပ်ပြတွေက ပန်းချီဆန်ပြီး တချို့ကကာတွန်းဆန်ပါတယ်။ ရာမ၊ နန်းဦး၊ မင်းသိုက်၊ မြိတ်ဝင်းထိန် တို့ဟာ လူကြိုက်များတဲ့ ရုပ်ပြရေးဆရာတွေပါ။  တချို့ရုပ်ပြတွေကျတော့ ပြန်စဉ်းစားတဲ့အခါ  ဇာတ်လိုက်တွေကိုသာ မှတ်မိတော့တာရှိပါတယ်။ ထွန်းမင်းလတ်၊ စံရွှေမြင့်၊ နေကျောက်ခဲ၊ ဒီလုံး၊ ကြံ့ဗဟုံး စသည်ဖြင့် ပင်တိုင်ဇာတ်ကောင်တွေဟာ ကျော်ကြားပါတယ်။ မိုက်မိုက်(ပြည်) တို့လို ဘဝသရုပ်ဖော်ဆန်တဲ့ ရုပ်ပြတွေလည်း ရှိပါတယ်။ တစ်ဦးအောင်မြင်လာရင် ဆင်တူယိုးမှား လိုက်ရေးလာကြတာလည်း ရှိပါတယ်။ ရာမ ခေတ်စားလာတော့ လက္ခဏတို့ ဒဿတို့ လိုက်ထွက်လာပါတယ်။ ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ ခေတ်စားလာတော့ နေကျောက်လုံးတို့ နေကျောက်စိမ်းတို့ ထွက်လာတာကို တွေ့ရပါတယ်။ ကာတွန်းရုပ်ပြတွေထဲမှာ မောင်မောင်လေးရဲ့ ငပြည့်၊ မောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ သော်က ရဲ့ အရိုင်း၊ ပိုးဇာရဲ့ လေးမွန်ထွေးမွန်တို့ဟာ ထင်ရှားပါတယ်။ တချို့ ကာတွန်းရုပ်ပြတွေကတော့ နိုင်ငံခြားဇာတ်ကောင်တွေကနေ မှီငြမ်းထားတာလို့ ထင်ပါတယ်။ ကာတွန်းဆွေမင်း(ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီကတော့ ကျွန်မတို့စာအုပ်ဆိုင် ပိတ်သွားတဲ့ အချိန်လောက်မှ တစ်ခေတ်ဆန်းလာခဲ့တာပါ။

ကျွန်မငယ်ငယ်က မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ ပထမဆုံး ရှာဖွေခဲ့တဲ့ စာမျက်နှာက ကာတွန်းပါ။ ပြီးတော့မှ ဝတ္ထုတိုတွေ ရှာဖတ်ပါတယ်။ နောက်မှ ဆောင်းပါးတွေဖတ်ပါတယ်။ ကျွန်မအရမ်းငယ်သေးတဲ့အချိန်မှာ ကျောင်းမှာသင်ရတဲ့ ကာရန်ညီ ရိုးရာကဗျာတွေရဲ့ စပ်ထုံးတွေကို အလွန်စိတ်ဝင်စားပေမယ့် မဂ္ဂဇင်း ရှေ့ဘက် စာမျက်နှာတွေမှာ ပါတတ်တဲ့ ခေတ်ပေါ်ကဗျာတွေကိုတော့ မခံစားတတ်ပဲ ကျော်ဖတ်မိခဲ့ပါတယ်။ လွတ်လပ်ကာရန်ကဗျာ ဒါမှမဟုတ် ကာရန်မဲ့ကဗျာ ဒါမှမဟုတ် ခေတ်ပေါ်ကဗျာ လို့ဆိုကြတဲ့ ကဗျာတွေကို စပြီး စိတ်ဝင်စားမိတာကတော့ ဆရာမောင်သစ်တည် (ဆရာကြီးမြသန်းတင့်) ဘာသာပြန်တဲ့ “လင်ပစ်မညည်းချင်း” ဆိုတဲ့ ဘာသာပြန်ကဗျာ အခန်းဆက် မိုးဝေမဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့အချိန်က အစပြုပါတယ်။ အာဖရိက ကဗျာဆရာ Okot p’ Batek ရဲ့ Song of Lawino ကဗျာပါ။  အဲဒီအချိန်က ကျွန်မ ငါးတန်းလောက်ပဲရှိမှာပါ။ ချီလီကဗျာဆရာနီရူဒါရဲ့ သစ်ခုတ်သမားနိုးကြားလော့ ဘာသာပြန်ကဗျာကို ဆက်ဖတ်ပါတယ်။ အဲဒီ ကဗျာတွေကို အရမ်းစိတ်ဝင်တစား စောင့်ဖတ်ပြီး နောက်ပိုင်းမှာ မြန်မာခေတ်ပေါ်ကဗျာတွေ ရေးပုံသားပုံကို ဆက်ပြီး ဖတ်ဖြစ်သွားခဲ့ပါတယ်။

ဖေဖေနဲ့မေမေတို့ဟာ စာအုပ်ဆိုင်အတွက် အမြတ်အစွန်းမသေချာတဲ့ စာအုပ်တွေကို တင်ရတဲ့အခါ “အိမ်က ကလေးတွေဖတ်ရတာ အမြတ်ပဲ” လို့ သဘောထားပြီး ဝယ်လေ့ရှိကြပါတယ်။ စာအုပ်အငှားဆိုင်အဖြစ်သာမက တချို့စာစောင်တွေနဲ့ စာရေးကိရိယာတွေကိုပါ အရောင်းဆိုင်အနေနဲ့ တိုးချဲ့လာပါတယ်။ အဲဒီခေတ်က ကလေးတွေအတွက် မရှိမဖြစ် ဖတ်ကြတဲ့ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း၊ ဂါဒီးယန်းတွေ ကိုယ်စားလှယ်ယူပြီး ရောင်းပါတယ်။ အဲဒီခေတ်ကအခုလို ပုဂ္ဂလိကထုတ် ဂျာနယ်တွေ ပလူပျံအောင် ထုတ်ခွင့်မရတော့ နိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် ပုံမှန်ထုတ်တဲ့ ပါတီရေးရာ၊ နိုင်ငံတကာရေးရာ စာစောင်တွေကိုပဲ တင်ရပါတယ်။ ကျောင်းသားတွေအတွက် ဂါးဒီးယန်းကထုတ်တဲ့ Sunday Supplement ဆိုတဲ့ အင်္ဂလိပ်စာ လေ့ကျင့်ခန်းစာစောင်ကို ကိုယ်စားလှယ်ယူ ပြီး အလယ်တန်း အထက်တန်းကျောင်းတွေကို ဖြန့်ပေးပါတယ်။ အဲဒီစာစောင်ဟာ တစ်စောင်မှ ငါးပြားပဲ မြတ်တယ်လို့ မေမေကပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို စာအုပ်စာစောင်တွေကို ရွာမှာ အလွယ်တကူ ဝယ်ရနိုင်တဲ့အတွက် ကျောင်းသားတွေအတွက် အတိုင်းအတာတစ်ခုအထိတော့ အထောက်အကူဖြစ်ခဲ့ပါတယ်။

မေမေက စာအုပ်ဆိုင်ကို အဓိကဦးဆောင်သူပါ။ ဖေဖေကတော့ ကျောင်းဆင်းချိန်တွေမှာ ကူညီပါတယ်။ ငွေကြေးကို တွက်တတ်ချက်တတ်လာတဲ့အခါ ကျွန်မတို့မောင်နှမတွေကလည်း စာအုပ်ဆိုင်မှာ ကူထိုင်ပေးကြပါတယ်။ မနက်မိုးလင်းလာတဲ့အခါ အိမ်ထဲမှာသိမ်းထားတဲ့ စာအုပ်တွေကို အပြင်ထုတ်ပြီး စာအုပ်စင်ပေါ်စီ၊ ညနေဆိုင်ပိတ်ရင် အိမ်ထဲကို ပြန်သွင်းတာတွေကို နေ့စဉ်ကူညီကြပါတယ်။ စာအုပ်တွေကိုတော့ ပုသိမ်မြို့က ဦးလေးတွေက ဒိုင်ခံဝယ်ပေးပြီး မော်တော်နဲ့ ထည့်ပေးကြပါတယ်။ စာအုပ်တွေရောက်လာတဲ့အခါ ကြာရှည်ခံအောင်လို့ ဖလင်ပြားတွေ ကဒ်ထူပြားတွေနဲ့ စာအုပ်တွေကို ပြန်ချုပ်ကြရပါတယ်။ အစပိုင်းမှာတော့ စာအုပ်တွေကို ဖလင်ပြားခံပြီး ပင်နဲ့ရိုက်ကြပါတယ်။ နောက်ပိုင်းတော့ စာအုပ်တွေကို ကြိုးနဲ့ချုပ်ကြပါတယ်။ ကျွန်မ ငါးတန်းနှစ်ရောက်တဲ့အခါ စာရေးဆရာတွေကို အားကျစိတ်နဲ့ ဗလာစာရွက်အလွတ်မှာ ဝတ္ထုလေးတွေ ကိုယ့်ဘာသာရေး၊ စာအုပ်သေးသေးလေးတွေလုပ်၊ စင်ပေါ်မှာ ရောတင်ထားပြီး ခပ်တည်တည် ဆော့ကစားခဲ့တာကိုလည်း သတိရမိပါသေးတယ်။ ဝါသနာပိုး အစထိုးခဲ့တယ်လို့ ဆိုနိုင်ပါမယ်။

ရွာလေးတစ်ရွာက စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ တင်ခဲ့တဲ့ စာအုပ်တွေအကြောင်းကို ပြန်ပြောဖြစ်ကြတဲ့အခါ မြန်မာစာပေလောကကြီးတစ်ခုလုံးကို တိတိကျကျ မထင်ဟပ်နိုင်ပေမယ့်လည်း အဲဒီခေတ်က စာဖတ်သူတွေရဲ့ ဓလေ့ကို တစေ့တစောင်းတော့ ပြန်ပြောင်းသတိရစေခဲ့ပါတယ်။  ကျွန်မတို့စာအုပ်ဆိုင်က စာအုပ်တွေကို တရွာလုံး နေရာအနှံ့အပြားက လာငှားကြတဲ့အပြင် ရွာမှာငှားဖတ်သူတွေ နည်းပါးသွားတဲ့ စာအုပ်ဟောင်းတွေကို အနီးအနားက ရွာကလေးတွေကိုလည်း ရောင်းလို့၊ငှားလို့ရပါတယ်။ အငှားအလွန်လိုက်တဲ့ တချို့ဝတ္ထုတွေ တချို့မဂ္ဂဇင်းတွေကိုတော့ တန်းစီသူတွေအတွက် အဆင်ပြေအောင် နှစ်အုပ် သုံးအုပ် ဝယ်တင်ရတာမျိုးလည်း ရှိပါတယ်။ ငှားသူမရှိတော့တဲ့ စာအုပ်တွေဟာ ဟောင်းသွားပေမယ့်လည်း မပစ်လိုက်ရဘဲ ဝင်ငွေအနည်းငယ် ထပ်ရပါသေးတယ်။ ကျွန်မတို့စာအုပ်ဆိုင်သတင်းကို ကြားပြီး ကိုယ်မသိတဲ့ ရွာတွေက စာအုပ်ဆိုင်ကလေးတွေက ကျွန်မတို့စာအုပ်ဟောင်းတွေကို မေးစမ်းပြီး လာဝယ်ကြတာကိုလည်း ကြုံရပါသေးတယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်တချို့ကိုတော့ နှမြောလို့ ကျွန်မတို့က ပြန်မရောင်းဘဲ သိမ်းထားတတ်ကြပါတယ်။ စာအုပ်ဆိုင်ကလေးဟာ ဝန်ထမ်းမိသားစုလေးရဲ့ စီးပွားရေးကိုလည်း အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်။ စာအုပ်ဆိုင်ဝင်ငွေဟာ အိမ်စားရိတ်ကို ထိန်းတဲ့အပြင် ရွှေ လေးကျပ်ခွဲသားလောက် စုနိုင်ခဲ့တယ်လို့ မေမေကပြောပါတယ်။

စာဖတ်သူတွေဟာ ကျောင်းသူကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ရပ်ကွက်ထဲက အိမ်ရှင်မတွေ၊ ဈေးသည်တွေ စတဲ့ လူတန်းစားမျိုးစုံပါ။ တချို့ဈေးသည်တွေဆိုရင် ကျွန်မတို့ဆီက တစ်ကျပ်ကျော်နဲ့ ငှားထားတဲ့ စာအုပ်ကို ဖတ်ပြီးသွားရင် နောက်တစ်နေ့ပြန်မအပ်ခင် ဈေးထဲမှာ တစ်ခါဖတ် တစ်မတ်နဲ့ လက်ဆင့်ကမ်းငှားကြပါသေးတယ်။ တချို့လည်း အမြတ်တောင် ထွက်ကြပါသေးတယ်။ အဲဒီအချိန်အခါက အပန်းဖြေဖို့အတွက်ကို လူအတော်များများဟာ စာဖတ်ခြင်းနဲ့ အချိန်သုံးကြလေ့ရှိပါတယ်။ တစ်နေ့တာ ပင်ပန်းသမျှ ရသစာအုပ်တစ်အုပ်ကို စွဲစွဲမက်မက် စိတ်နှစ်ပြီး ဖတ်လိုက်ရင် အပန်းပြေသွားကြတယ်လို့ ဆိုကြပါတယ်။ ရွာမှာ ပုံမှန်ပြတဲ့ ရုပ်ရှင်ရုံဆိုတာလည်း မရှိတော့ ပွဲလမ်းတစ်ခုခုမှာ ပိတ်ကားကြီးထောင်ပြီး ပြမှ ရုပ်ရှင်ကြည့်ဖြစ်ကြတာပါ။ ရုပ်မြင်သံကြား စပေါ်လာတော့လည်း လူတိုင်းမဝယ်နိုင်ကြသေးပါဘူး။ ကြည့်ချင်ရင် သူများအိမ်မှာ သွားကြည့်ကြရပါတယ်။ နောက်ပိုင်းတော့ အဖိုးအခနဲ့ ပြစားတဲ့ ဗွီဒီယိုရုံတွေ ပေါ်လာပါတယ်။ အဲဒီအချိန်က မြန်မာဗွီဒီယိုဇာတ်လမ်းတွေ မပေါ်သေးတော့ တရုတ်သိုင်းကား၊ ကုလားကားတွေ အကြည့်များကြပါတယ်။ အခုခေတ်လိုမျိုး အခြားအခြားသော အပန်းဖြေစရာ ဆော့ကစားစရာတွေ အလျှံပယ် ပေါများမလာသေးတဲ့အခါ လူတွေဟာ စာပိုဖတ်ဖြစ်ကြပါတယ်။ စာဖတ်ခြင်းဓလေ့ကလည်း ကူးစက်ပါတယ်။ ရွာမှာ စာအုပ်ဆိုင်ကောင်းကောင်း မရှိသေးခင်က မဖတ်ဖြစ်ကြတဲ့ ပရိသတ်ဟာ စာအုပ်စုံလင်တဲ့ ဆိုင်တစ်ဆိုင် ပေါ်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး ပြောဆိုဖလှယ်ကြရင်း စာအုပ်တွေ ဖတ်ကြတဲ့ အလေ့အထ ပိုပြန့်နှံ့လာခဲ့ကြပါတယ်။

ကျွန်မတို့မောင်နှမတွေ စူးစမ်းလိုစိတ် အားကောင်းနေတဲ့ ငယ်ရွယ်ချိန်ခါမှာ ဖေဖေမေမေတို့က ဒီလိုစာအုပ်အငှားဆိုင်လေး ဖွင့်ဖြစ်ခဲ့တာဟာ ကျွန်မတို့ဘဝအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်အနေနဲ့ အသိပညာတွေကို ခိုင်မာစေခဲ့ပါတယ်။ စာအုပ်မျိုးစုံကပေးတဲ့ သုတရသမျိုးစုံကို ကိုယ့်အိမ်မှာနေရင်းနဲ့ပဲ ဥာဏ်မီသလောက် စုပ်ယူနိုင်ခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်မှာ တခြားမြို့တစ်မြို့ကို ပြောင်းတဲ့အခါ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးကို ပြန်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အဲဒီရွာကလေးမှာလည်း ကျွန်မတို့လို စုံလင်တဲ့ စာအုပ်ဆိုင်လေး နောက်ထပ်တစ်ဆိုင် ပေါ်ထွက်နေပါပြီ။ အသစ်ရောက်လာတဲ့ နောက်မြို့လေးတစ်မြို့မှာတော့ ကျွန်မတို့တွေ စာအုပ်ဆိုင်ထပ်မဖွင့်ဖြစ်တော့ပါဘူး။ အဲဒီမှာလည်း သူ့ဈေးကွက်နဲ့သူ ရှိနေကြပါပြီ။ ဒီတော့ ကျွန်မတို့တွေဟာ စာအုပ်သစ် ဖတ်ချင်ရင် သူများဆိုင်က သွားငှားဖတ်ရပါတော့တယ်။ အဲဒီအခါမှာတော့ ကိုယ့်ဆိုင်မှာလို ပေါ်သမျှ အကုန်ဖတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကုန်ကျစားရိတ်ကြောင့် ရွေးချယ်ဖတ်ရှုလာရပါတော့တယ်။

မြန်မာစာပေကတော့ ဆက်လက်နေဆဲပါ။ စာဖတ်ဓလေ့တွေလည်း ပြောင်းလဲလာပါတယ်။ လူတွေ သိပ်မဖတ်ကြတော့တဲ့ စာမျိုးတွေရှိသလို ပိုဖတ်လာကြတဲ့ စာအမျိုးအစားတွေလည်း ရှိပါတယ်။ တချိန်ကစာပေတွေ ပြန်ပြီးပုံနှိပ်ထုတ်ဝေလာကြတာတွေလည်း ရှိပါတယ်။ မသိမသာ တိမ်မြုပ်သွားကြတဲ့ စာတွေလည်းရှိပါတယ်။ စာအုပ်ဆိုင်ကလေး ဖွင့်ဖြစ်ခဲ့တဲ့ကာလဟာ ကျွန်မအတွက် အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် စာအဖတ်ဖြစ်ဆုံးကာလ ဖြစ်ခဲ့သလို ပျော်ရွှင်စိတ်လှုပ်ရှားစရာ အကောင်းဆုံးလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကျေးဇူးကြောင့် ဒီစာအုပ်ဆိုင်လေးကို ဖြတ်သန်းဖြစ်ခဲ့ရတဲ့ အချိန်တွေဟာ ဘဝမှာ အမြဲတမ်းအရေးပါနေတော့မှာပါ။

ပန်ဒိုရာ
၁၆-၁၇.၆.၂၀၁၄
 (နှင်းဆီဖြူမဂ္ဂဇင်းအမှတ်၂ တွင် ဖော်ပြပြီး)

(နောက်ဆက်တွဲမှတ်စုတို။ ။  ဒီအကြောင်းအရာကလေးကို ရေးဖို့ ခေါင်းထဲမှာ သိမ်းထားခဲ့တာ ကြာပါပြီ။ နှင်းဆီဖြုအတွက် ဖောင်ပိတ်ခါနီးမှ အမြန်ရေးဖြစ်သွားတယ်။ အမြန်ရေးတာကတစ်ကြောင်း၊ ဒါလေးရေးဖို့ အကြိမ် ၃၀ လောက် ပြတ်တောင်းပြတ်တောင်းနဲ့ ကွန်ပျူတာရှေ့ထိုင်ရတာက တစ်ကြောင်းကြောင့် အသုံးအနှုန်းတွေ ထပ်နေတာတို့ ထပ်ဖြည့်နိုင်သေးတဲ့ အကြောင်းအရာတချို့ကို သတိမရတာတို့ ဖြစ်သွားပါတယ်။ မိတ်ဆွေတစ်ယောက်ထောက်ပြလို့ ဒီဆောင်းပါးမှာ ထပ်နေတဲ့ စကားဆက်အနည်းငယ်ကို စာဖတ်ရချောအောင် ဖြုတ်လိုက်ပါတယ်။  )

တစ်ခါအပြာဆိုရင် အမြဲအပြာပဲ

$
0
0
တစ်ခါအပြာဆိုရင် အမြဲအပြာပဲ

ဘောလုံးကစားနည်းကို တီထွင်ခဲ့သူကို ဘုရားအဖြစ် ကိုးကွယ်ဖို့ကောင်းတယ်။
ကျုပ်တို့အားလုံး ဂိုးသမားတွေချည်းဖြစ်နေလို့ကတော
ဘောလုံးသင်းဆိုတာ ရှိလာမှာမဟုတ်ဘူး။
ကျုပ်က ဘောလုံးကစားတာမဟုတ်ဘူး ဂိုးသွင်းတာ။
တစ်ဂိုးဂိုးမရှိနဲ့ ဆယ်ခါနိုင်ရတာက ဆယ်ဂိုးဂိုးမရှိနဲ့
တစ်ခါနိုင်ရတာထက် ပိုကောင်းတယ်။
ဒီ(သူ့မျက်နှာကို ဖိနပ်မှန်သွားတဲ့) ကိစ္စမျိုးကို
ကျုပ် အကြိမ် ၁၀၀၊ အကြိမ်သန်းပေါင်းများစွာ၊ ကြိုးစားလည်း
ပြန်မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်ရင်လည်း ကျုပ် ဘောလုံးပဲ ဆက်ကန်တော့မှာပေါ့။
ဘောလုံးပွဲအုံကြွမှုတွေမှာ လူအလွန်ဆုံးသေရင် ဆယ်ဂဏန်းပေါ့၊
အတွေးအခေါ်အုံကြွမှုတွေက လူသန်းပေါင်းများစွာကို ဆုံးရှုံးစေတယ်။
ဘောလုံးစည်းမျဉ်းဆိုတာ ရှင်းရှင်းလေးပါ၊ အခြေခံအားဖြင့် ဒီလို -
၁) ဘောလုံးလိမ့်နေရင် ကန်။
၂) မလိမ့်ရင် မလိမ့်မချင်းကန်။
ခံစစ်နဲ့ပိတ်ကစားနေတဲ့ အသင်းနဲ့ ကန်ရတာ
သစ်ပင်တစ်ပင်နဲ့ ဖက်အိပ်ရသလိုပဲ။
ဘောလုံးပွဲဆိုတာ မျှမျှတတ ကစားတာမျိုး မဟုတ်ဘူး၊
အမုန်းတွေ၊ မနာလိုမှုတွေ၊ အကြွားတွေ၊ စည်းကမ်းဖောက်ဖျက်မှုတွေ၊
အကြမ်းဖက်မှုကို အရသာခံကြည့်ကြတာတွေနဲ့ ပြည့်နှက်နေတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ ဘောလုံးပွဲဆိုတာ
သေနတ်ပစ်ခတ်တာ မပါတဲ့ စစ်ပွဲပဲ။
နိုင်ငံတကာဘောလုံးပွဲတွေဆိုတာ စစ်ကို တခြားနည်းလမ်းနဲ့ ဆက်တိုက်တာ။
တချို့လူတွေက ဘောလုံးပွဲဆိုတာ သေရေးရှင်ရေးကိစ္စလို့ ပြောကြတယ်၊
စိတ်ပျက်စရာပဲ၊ ကျုပ်ကတော့ ဒီ့ထက်အများကြီး ပိုအရေးကြီးတယ်လို့ ထင်တယ်။
လူတစ်ယောက်ဟာ ဇနီးမယား၊ နိုင်ငံရေးပါတီ၊
ဘာသာရေးတွေကိုသာ ပြောင်းကောင်းပြောင်းမယ်၊
အကြိုက်ဆုံး ဘောလုံးသင်းကိုတော့ ပြောင်းလို့မရဘူး။
ရပ်ဂ်ဘီ ဆိုတာ လူရိုင်းတွေရဲ့ပွဲ၊ ဒါပေမဲ့ လူကြီးလူကောင်းတွေ ကစားနေတာ၊
ဘောလုံးကန်တယ်ဆိုတာ လူကြီးလူကောင်းတွေရဲ့ပွဲ၊ ဒါပေမဲ့ လူရိုင်းတွေ ကစားနေတာ။
ဒိုင်တွေရဲ့ပြဿနာကတော့ သူတို့က စည်းမျဉ်းစည်းကမ်းပဲသိတာ
ပွဲအနှစ်သာရကိုမသိဘူး။
ဘောလုံးပွဲဆိုတာ ရိုးရိုးလေးပါ၊ လူ၂၂ ယောက်က ဘောလုံးတစ်လုံးကို လုမယ်၊
သောက်တလွဲတွေ လုပ်မဲ့ ဒိုင်လူကြီးတစ်ယောက် ပါမယ်၊
နောက်ဆုံးတော့ ဂျာမနီပဲ အမြဲနိုင်မယ်။
ကျုပ်က ဒိုင်တွေနဲ့ ပတ်သက်ရင် ဘာဆိုဘာမှ မှတ်ချက်မချပါဘူး၊
အဲဒီခွေးမသားတွေအကြောင်းကို ဘာတစ်ခွန်းမှ မပြောတဲ့အကျင့်ကိုလည်း
မသေမချင်း ထိန်းသိမ်းသွားမှာပါ။
ကြည့်စမ်းပါ၊ ကျုပ်က ဘောလုံးနည်းပြပါ၊ ဟယ်ရီပေါ်တာမဟုတ်ဘူး၊
သူကမှော်ဆရာ၊ ဒါပေမဲ့ တကယ့်တကယ်မှာ မှော်ဆိုတာမရှိပါဘူး၊
မှော်ဆိုတာက ဝတ္ထုဇာတ်လမ်း၊ ဘောလုံးပွဲဆိုတာက အမှန်တကယ်။
ကျုပ်ကို မောက်မာတယ်လို့ မပြောကြပါနဲ့၊ ကျုပ်က ဥရောပ ချန်ပီယံ၊
ပြီးတော့ ကျုပ်က စပယ်ရှယ်ဝမ်း။
ဘောလုံးပွဲမှာ အဆုံးဝါးဆုံး အမြင်ကန်းမှုကတော့ ဘောလုံးကိုပဲ မြင်တာ။
မာရာဒိုနာရဲ့ ခေါင်းနဲ့က နည်းနည်း၊ ဘုရားသခင်ရဲ့ လက်နဲ့က နည်းနည်း
သုံးလိုက်တော့ ဂိုးဝင်သွားတာပါ။
ပင်နယ်တီကန်တယ်ဆိုတာ သူရဲဘောကြောင်တဲ့နည်းနဲ့ ဂိုးရအောင်လုပ်တာ။
ဖိလစ်ပို အင်ဇာဂီ ဆိုတဲ့ ငနဲဟာ လူကျွံဘောနဲ့ မွေးလာတာဖြစ်ရမယ်။
ကျုပ်တို့မှာ တင်မ်ရှားဝုဒ် ရှိနေမှတော့ ဘာဖြစ်လို့ ဇီဒိန်း လိုအပ်မှာလဲ။
ကျွန်မရည်းစားကပြောတယ်၊ ဘောလုံးပွဲလား၊ သူလား၊ ကြိုက်ရာရွေးတဲ့၊
ကျွန်မသူ့ကို အမြဲ လွမ်းနေတော့မှာ။
…အခုတော့ နီသွားတဲ့ ရွန်နီ၊ တို့ရင်ထဲမှာ သေသွားပြီ။ ။

ပန်ဒိုရာ
၁၀-၁၄.၇.၂၀၁၄
(ဘောလုံးနှင့်ပတ်သက်သော စကားအချို့ကို ပြန်ဆို စုစည်းထားခြင်း ဖြစ်သည်။)

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၂

$
0
0


မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၂
 
၂၀၀၇ ခုနှစ် MBS ရဲ့ ဖိတ်စာ အမှတ်တရ
( BLOG ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ တူတဲ့ (3108)  သြဂတ်စ်လ ၃၁ ရက်နေ့ကို Blog Day လို့ blogday.org က ၂၀၀၅ ခုနှစ်က စပြီး သတ်မှတ်ခဲ့ဖူးတယ်။ အခုတော့ အဲဒီ website တောင် မရှိတော့ပါဘူး။ မြန်မာဘလော့ဂါတွေကတော့ ဆက်လက်ကျင်းပနေကြပါတယ်။ ၂၀၀၇ ကနေ စတင် သတ်မှတ်ခဲ့ကြတဲ့ Blog Action Day ဆိုတာကတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ အောက်တိုဘာ ၁၅ သို့မဟုတ် ၁၆ ရက်မှာ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်တာကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါတွေက ဝိုင်းရေးကြဖို့ပါ။ ၂၀၀၇ မှာ environment ၊ ၂၀၀၈ မှာ poverty ၊ ၂၀၀၀၉ မှာ climate change ၊ ၂၀၁၀မှာ water ၊ ၂၀၁၁ မှာ food ၊ ၂၀၁၂ မှာ the power of we  လို့ သိရပါတယ်။ အခုလာမယ့် ၂၀၁၄ အောက်တိုဘာ ၁၅ ၁၆ အတွက် ခေါင်းစဉ်ကတော့ inequality ဖြစ်ပါတယ်။ http://blogactionday.org/။ ဘယ်လိုပဲဖြစ်ဖြစ် မနှစ်ကရေးခဲ့တဲ့ ပို့စ်ကို ရှေ့ဆက်ပါဦးမယ်။)


ရွှေဝါရောင်တော်လှန်ရေးကာလ ဖြစ်တဲ့ စက်တင်ဘာ ၂၀၀၇ မှာ မြန်မာဘလော့ဂ်တွေရဲ့ အခန်းကဏ္ဍဟာ ပိုထင်ရှားခဲ့တယ်။ နိုင်ငံရေးဆန်တဲ့ လှုပ်ရှားမှုတွေကိုတော့ ဂျူလိုင် ၂၀၀၇ လောက်ကတည်းက တွေ့မြင်ခဲ့ရတာပါ။ ၂၀၀၇ ဂျူလိုင် ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု အမှတ်တရအနေနဲ့ ပိုစတာတွေကို ဘလော့ဂ်ပို့စ် အနေနဲ့ဖြစ်ဖြစ် sidebar မှာ ဖြစ်ဖြစ် ဘလော့ဂ်အတော်များများမှာ တင်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကတော့  မသင်္ကာကြည့်နဲ့ စောင့်ကြည့်ခံရတဲ့ အချိန်ဖြစ်တာမို့ ဘလော့ဂါတွေဟာ အလှမ်းမီဖို့ ခက်တဲ့ အင်တာနက်ထဲမှာ ဒီလိုလှုပ်ရှားမှုမှာ ပါဝင်တာကိုက အရဲကိုးခဲ့ကြတယ်လို့ ဆိုနိုင်ပါမယ်။ အဲဒီနောက် ၁၉ ဂျူလိုင် အာဇာနည်နေ့မှာလည်း ဗိုလ်ချုပ်အမှတ်တရ ပို့စ်တွေ ရုပ်ပုံတွေနဲ့ ဖြတ်သန်းခဲ့တယ်။ သြဂတ်စ် ၁၅ ရက်နေ့မှာတော့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်။ အဖြူရောင် လှုပ်ရှားမှုမှာ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ အဖမ်းခံခဲ့ရပါတယ်။

ရွှေဝါရောင်တော်လှန်ရေး စတင်လို့ သံဃာတော်တွေ စီတန်းလမ်းလျှောက်ကြတဲ့အခါ အစပိုင်းရက်တွေမှာ အင်အားသုံး နှိမ်နင်းမှုတွေ မရှိသေးပါဘူး။ အဲဒီအစောပိုင်းကာလတွေကတည်းက သံဃာတော်တွေရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေကို ကမ္ဘာအရပ်ရပ်က မြင်တွေ့ကြရပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ ဘလော့ဂါတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း ပါပါတယ်။ ၁၉၈၈ ကာလက နည်းပညာတိုးတက်မှုတွေ မပေါ်ပေါက်သေးလို့ ဖြစ်ကြောင်းကုန်စင်ကို  အလျှင်အမြန် လူအများသိအောင် ချပြဖို့ မဖြစ်နိုင်ခဲ့ပေမဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ အင်တာနက်ခေတ်မှာတော့ မြန်မာပြည်မှာ ဖြစ်ဖြစ်သမျှတွေကို မိနစ်ပိုင်းအတွင်းမှာပဲ ကမ္ဘာအရပ်ရပ်က သိမြင်နိုင်ခဲ့ကြပါတယ်။

အလွန်တင်းကျပ်တဲ့ကာလမှာ သတင်းဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေ တင်တဲ့ ဘလော့ဂါတွေဟာ အမည်ရင်းနဲ့ ပုံရိပ်မှန်ကို ဖျောက်ထားကြရတယ် ဆိုတာ ပြောပြစရာတောင် မလိုပါဘူး။ အထူးသဖြင့် အလွန်တရာ နှေးကွေးတဲ့ ကော်နက်ရှင်နဲ့ မြန်မာပြည် အင်တာနက်ကဖေးတွေကနေ တင်ရသူတွေဟာ အချိန်လုပြီး စွန့်စားခဲ့ကြရမှာ သေချာပါတယ်။ တချို့က မူရင်းစတင် ဝေမျှသူတွေပါ။ တချို့က အခြားမှာ တင်ထားတဲ့ သတင်းတွေ ဓာတ်ပုံတွေကို ပြန်လည်ဝေမျှသူတွေပါ။ တချို့ကတော့ နှစ်မျိုးစလုံးပါ။ ဆန္ဒပြသူတွေကို ပစ်ခတ်မှုတွေ ဖြစ်လာပြီလို့ ကြားရတဲ့အခါ မိုးဇက်လို့ အမည်ရတဲ့ ဘလော့ဂ်တစ်ခုမှာ ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ တက်လာခဲ့တယ်။ ခဏကြာတော့ အဲဒီဘလော့ဂ် ပျောက်သွားတယ်။ ဘယ်လို ဖြစ်သွားသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲဒီကာလမှာ လူသိများတဲ့ သတင်းဘလော့ဂ်တွေထဲမှာ နစ်နေမန်း၊ ကိုထိုက်၊ ဒေါက်တာလွမ်းဆွေ၊ ဆုံဆည်းရာ ဘလော့ဂ်တွေ ပါဝင်ပါတယ်။

အဲဒီတုန်းက ပြည်တွင်းပြည်ပ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြတဲ့အခါ အခုလို viber တို့ facebook တို့ ခေတ်မစားသေးပါဘူး။ Gmail၊ Gtalk နဲ့ ဆီပုံး ဒါမှမဟုတ် Cbox လို့ခေါ်တဲ့ Chat box တွေ ဖိုရမ်တွေ ဘလော့ဂ်တွေက တဆင့် သတင်းအချက်အလက် ဖြန့်ဖြူးလေ့ရှိပါတယ်။ ဘလော့ဂ်တွေရဲ့ sidebar မှာ Cbox တွေ တပ်ထားလေ့ရှိပါတယ်။ အချက်အလက်တစ်ခုခု ဖြန့်ဖြူးချင်သူတွေဟာ လူသိများတဲ့ ဘလော့ဂ်တွေရဲ့ Cbox တွေမှာ တစ်ခုပြီး တစ်ခု လိုက်ရေးလေ့ရှိကြပါတယ်။ များသောအားဖြင့်တော့ အလကားရတဲ့ Cbox မှာ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့် function တွေ လိုချင်ရင်တော့ ပိုက်ဆံပေးဝယ်တပ်ကြပါတယ်။ ဥပမာ နစ်နေမန်း ဘလော့ဂ်မှာ သတင်းတွေကို Cbox ကနေ အမြန်ဆုံးတင်ပေးတာကို သွားသွားဖတ်ရပါတယ်။ လူဖတ်များတဲ့ Cbox link တွေချည်း သက်သက် စုစည်းထားတဲ့ link တွေလည်းရှိခဲ့ပါတယ်။

အဲဒီကာလက ပြည်တွင်းမှာ ပုဂ္ဂလိကထုတ် ဂျာနယ်တွေ သတင်းစာတွေ မပေါ်ပေါက်သေးဘဲ အစိုးရထုတ် သတင်းတွေကိုပဲ ဖတ်ရှုနိုင်တဲ့အတွက် သတင်းစာထဲမှာ မဖော်ပြတဲ့ တချို့ဖြစ်ရပ်မှန်တွေအတွက် အင်တာနက်ထဲက သတင်းတွေရယ် ပြည်ပအသံလွှင့်ဌာနတွေရယ်ကိုပဲ အားကိုးခဲ့ကြရပါတယ်။ ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေ မဟုတ်တဲ့ ဘလော့ဂ်တွေထဲက သတင်းတွေဟာ ပြည်ပအသံလွှင့်ဌာနက သတင်းတွေလိုပဲ အားကိုးစရာ အသွင်ဆောင်လာပြီး နောက်ပိုင်းမှာတော့ ထူးခြားမှုတွေ ပေါ်ပေါက်လာပါတယ်။

ပထမဦးဆုံး သတိထားမိတာကတော့ ဘလော့ဂ်ထဲက သတင်းတွေရဲ့ ယုံကြည်အားထားမှုကို လျော့ကျလာစေတာပါ။ သတင်းတစ်ခု မှန်မမှန်ကို ပရော်ဖက်ရှင်နယ်ကျကျ စိစစ်စဉ်းစားတတ်တဲ့ ကျွမ်းကျင်မှုမျိုး မရှိဘဲ အချိန်ကိုလုပြီး အမြန်ဆုံး သတင်းပို့ဖို့ကို စိတ်ဆန္ဒအားကြီးနေကြတဲ့ ဘလော့ဂ်တွေကို သတင်းမှား ပေးသူတွေ ပေါ်လာပါတယ်။ နောက်ထပ်သိသာတာတစ်ခုက တော်လှန်လှုပ်ရှားသူတွေ နိုင်ငံရေးဆန်တယ်လို့ ထင်မြင်ခံရသူတွေ၊ လူသိများတဲ့ဘလော့ဂါတွေဟာ အုပ်ချုပ်ရေးကို ဝေဖန်တဲ့ အရေးအသားမျိုး ရေးတဲ့အခါ မကြားဝံ့မနာသာ ဆဲလာသူတွေ ပေါ်လာပါတယ်။ အမျိုးသမီးတွေကိုဆိုရင် ပိုပြီးတော့ ဆိုးပါတယ်။ မျက်နှာမဖော်ဝံ့အောင် ရှက်သွားကြောက်သွားပြီး ဆက်မရေးဝံ့အောင် ဆဲဆိုမှုတွေကို တွေ့ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရအာဘော်ဆန်တဲ့ ဘလော့ဂ်တွေကိုလည်း လူသိများအောင် မြှင့်တင်လာကြပါတယ်။

အဲဒီနောက်မှာတော့ ဘလော့ဂ်အချို့ကို မြန်မာပြည်တွင်းက ကြည့်မရအောင် ပိတ်ပင်မှုတွေရှိလာပါတယ်။ နောက်ဆုံးတော့ blogspot.com တစ်ခုလုံး အပိတ်ခံလိုက်ရပါတယ်။ ပြည်တွင်းက အင်တာနက် သုံးစွဲသူတွေဟာ proxy တွေသုံးပြီး ကျော်ကြလွှားကြရပါတယ်။ တချို့က wordpress.com ကိုပြောင်းကြတယ်။ တချို့က blogspot.com မပေါ်အောင် domain name တစ်ခု နောက်ဆက်တွဲလုပ်ထားပြီး မြန်မာဘလော့ဂါတွေကို မျှဝေသုံးစေတယ်။ တချို့က ကိုယ်ပိုင် domain name  .net .com ဝယ်ကြတယ်။ တချို့ကတော့ ning.com မှာ sign up လုပ်ပြီး သွားရေးကြတယ်။ ning ကို ဘလော့ဂါအတော်များများ ရောက်လာကြပြီး စည်စည်ကားကား ဖြစ်စပြုလာတဲ့အချိန်မှာ ning site တွေက အလကားမပေးတော့ပဲ ပိုက်ဆံယူမယ်လို့ ဖြစ်လာတယ်။ အဲဒီမှာ တစ်ခေတ် ပျက်သွားပြန်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီနဲ့ အတောအတွင်းက ဘလော့ဂါအများစုဟာ ဘာအကြောင်းရေးရေး နိုင်ငံရေးလို့  ဆွဲယူချင်ရင် ရနိုင်ပြီး မမြင်ရတဲ့ နောက်ဆက်တွဲ အရေးယူနိုင်ခြေတွေကလည်း ရှိနေတယ်ဆိုတာ သဘောပေါက်ကြတာမို့ တစ်ဦးနဲ့တစ်ဦး မည်သူမည်ဝါဆိုတာ သိသည်ဖြစ်စေ မသိရသည်ဖြစ်စေ အရေးမကြီးခဲ့ကြပါဘူး။ ၂၀၀၆ ကနေ ၂၀၀၈ ဝန်းကျင် အချိန်လောက်က သတင်းဘလော့ဂ်မဟုတ်တဲ့ အထဲမှာ ညီလင်းဆက်၊ မေဓာဝီ၊ နိုင်းနိုင်းစနေ၊ နေဘုန်းလတ်၊ ခင်ဦးမေ၊ မင်းဒင် အစရှိတဲ့ ထင်ရှား ထူးခြားတဲ့ ဘလော့ဂါတွေ သူ့ကိုယ်ပိုင်ဟန်နဲ့သူ ရှိခဲ့ကြပါတယ်။ ဘလော့ဂါ ညီလင်းဆက်ရဲ့ ဘလော့ဂါစစ်တမ်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်။

(ခဏနားဦးမယ်။ ဖြည်းဖြည်း ဆက်မယ်။ )

ပန်ဒိုရာ
၃၁၊၈၊၂၀၁၄



 

ကိုးလဆယ်လ

$
0
0



 
ပန်းချီ- မမသီရိ
 ကိုးလဆယ်လ

ရီမုကွန်ထရိုး၊ လက်ကိုင်ဖုန်း၊ ယပ်တောင်၊ ပလတ်စတစ်ဗူးခွံ၊ စက္ကူဗူးခွံ၊ အမာထည်တွေသာ အကြိုက်ဆုံး ကစားစရာ။ မွှေးပွရုပ်တွေ၊ လှုပ်ရှားမှု၊ သက်ရောက်မှု မပါတဲ့ အရုပ်တွေကို စိတ်မဝင်စား။ မှောက်တတ်ပြီ။ ချိုမိုင်မိုင် ကတတ်ပြီ။ ရွှေဝါးလက်ခုပ် တီးတတ်ပြီ။ ခိုးခိုးခစ်ခစ် ရယ်မောတတ်ပြီ။ တအိပ်ရာလုံး လူးလှိမ့်အိပ်တတ်ပြီ။ ငုတ်တုတ် ထထိုင်တတ်ပြီ။ ခြေနှစ်ဘက်ပေါ် မတ်မတ်ရပ်တတ်ပြီ။ ဗူးဗူး မှုတ်တတ်ပြီ။ ခြေထောက်ကလေးလှုပ်ပြ လက်ကလေးပုတ်ပြတတ်ပြီ။ နာမည်ခေါ်ရင် ရင်ဘတ်ကို ပုတ်ပြတတ်ပြီ။ ခြင်္သေ့ကြီးလို ဂါးဂါးနဲ့ သူများတွေကို လိုက်ခြောက်တတ်ပြီ။ ကြောင်ကလေးကို မီမီမီမီ ခေါ်တတ်ပြီ။ ကျီးကန်းကြီးလို အအအအ ပြောတတ်ပြီ။ လက်ညိုးလေးထောင်ပြီး ဒက်ဒက်ဒက်ဒက် လုပ်တတ်ပြီ။ တစ်ခုခု မကြိုက်ရင် နှုတ်ခမ်း စူပြတတ်ပြီ။ မေမေ၊ ဖေဖေ၊ ပါပါ၊ ဘွားဘွား၊ ဘဘ၊ မမ၊ နာနာ၊ ငယ်ငယ်၊ မျက်မှန် စတာတွေ ခေါ်တတ်ပြီ။  ခေါင်း ဘယ်မှာလဲ၊ ခြေထောက် ဘယ်မှာလဲ ပြတတ်ပြီ။ လမ်းလျှောက်ထိုင်ခုံတစ်လုံးနဲ့ တစ်အိမ်လုံး လျှောက်ပြေးတတ်ပြီ။ မွှေးမွှေးပေးတတ်ပြီ။ ဟိုင်းဖိုက် ဖလိုင်းကစ်စ် လုပ်တတ်ပြီ။ ခေါင်းပေါ်မှာ လက်ကိုင်ပုဝါလေးတင်ပြီး မုန့်ရောင်းတတ်ပြီ။ တူတူရေဝါး ကစားတတ်ပြီ။ ပုံပြင် နားထောင်တတ်ပြီ။ မုန့်လက်ညိုး ကိုင်စားတတ်ပြီ။ နို့ဗူးကုန်သွားရင် ခေါင်းခါ လက်ခါပြတတ်ပြီ။ လူတွေကို အားနာပါးနာ ဟန်ဆောင်ပန်ဆောင် အပြုံးလေးနဲ့ ပါးစပ်ဖြဲပြတတ်ပြီ။ အဲဒီလို တတ်ပြီးနောက် ဘာမှခိုင်းမရ၊ ဘာအမိန့်မှ မနာခံ၊ ဘာမှလုပ်မပြ၊ သူ့သဘော၊ သူ့ဆန္ဒ၊ သူလုပ်ချင်တာတွေ၊ သူ့စိတ်ထဲရှိသလို၊ သူနေချင်သလို၊ လွတ်လပ်စွာ၊ သဘာဝကျကျ၊ အာခံတတ်ပြီ။ အပြင်ခဏခဏ ထွက်ချင်ပြီ။ ပိတ်ထားတဲ့ တံခါးကို တဒေါက်ဒေါက် ခေါက်ရမှ။ လူကြီးလက်ပေါ်မှာ ဝမ်းလျားမှောက် ဆန့်တန်းပြီး လေယာဉ်ပျံကြီး ခဏခဏ စီးရမှ။ ဘာတွေ့တွေ့ ဘာရရ နောက်ဆုံးမှာ ပါးစပ်ထဲကို ထည့်ကြည့်ရမှ။ ညအိပ်ချိန် ခဏခဏ နိုးတိုင်း၊ မျက်စိမဖွင့်ဘဲ ဘေးပတ်ဝန်းကျင်ကို ပါးစပ်လေးဟ လိုက်စမ်းလိုက်တိုင်း ငုံစရာ သောက်စရာ အဆင်သင့် ရောက်လာမှ။ အရာဝတ္ထု သေးသေးလေးတွေကို သူပဲမြင်၊ သူပဲလိုက်ကောက်။ အပေါက်မြင်ရင် လက်ချောင်းတွေနဲ့ လိုက်ထိုးကြည့်။ သူ့လက်ညိုးလေးနှစ်ချောင်း အချင်းချင်း တို့ထိပြီး တွေတွေငေးကြည့်။ သူ့လက်ဖဝါးသူ ဆုပ်ကြည့်၊ ဖြန့်ကြည့်၊ နှိုင်းယှဉ်ကြည့်။ ဆံပင်ရှည်မြင်ရင် ခေါင်းခါယမ်းခိုင်းပြီး လိုက်ဆွဲ။ သဏ္ဍာန်တူတွေကို ရုပ်ပုံကားချပ်ထဲမှာ လက်ညိုးလိုက်ထိုး။ ပါးစပ်တပြင်ပြင် စားမယ် သောက်မယ် ဆိုတာချည်း၊ လူကြီးတွေမှာ သူစားလို့ မရတာတွေကို တိတ်တိတ်ဝှက်စားရ။ ဆတ်ဆတ်ထိမခံ။ လူစိမ်းကြောက်။ လန့်သွားရင်၊ နာသွားရင် မျက်ရည်ပေါက်ကြီးတွေ ကျအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ထငို။ ဒိုက်ပါမှာ၊ ဖိနပ်မှာ၊ ပိုက်ဆံအိတ်မှာ ဗျစ်ဗျစ်မြည်တဲ့ ကပ်ခွာတွေကို  ဆွဲခွာလိုက် ပြန်ကပ်လိုက်။ ဗူးခွံတွေကို အဖုံးဖွင့်ကြည့်။ ပစ္စည်းတွေကို ကြမ်းပြင်ပေါ် ခဏခဏ ပစ်ချပြီး ကမ္ဘာမြေဆွဲအားကို စမ်းသပ်။ သွက်လက်မြူးကြွ တီဗွီကြော်ငြာ လာရင် ငေး။ မဂ္ဂဇင်းစာမျက်နှာတွေကို တဖျတ်ဖျတ်လှန်ပြီး လူရုပ်ပုံတွေကို သဘောကျ။ ကစားစရာ ပတ္တလားလေးနဲ့ ဖုန်းထဲက ပီယာနိုလေးကို လက်ဖဝါးနှစ်ဘက်နဲ့ အပြည့် ဒိန်းဒိန်းဒေါင်းဒေါင်း ခပ်ကြမ်းကြမ်းတီး။ ဂီတသံကြားလိုက်တိုင်း ခေါင်းကလေး တဆတ်ဆတ် လက်ကလေးတလှုပ်လှုပ် စည်းချက်နဲ့ က ။ 

ချစ်စရာ ၊ ချစ်တယ် ဆိုတဲ့ ဝေါဟာရကိုပဲ ပြောတတ်တာမို့ ဒီလိုဖော်ပြချက်ဟာ ပေါပေါပဲပဲ ဖြစ်နေမလား  စိုးရိမ်စိတ်နဲ့ပါ။ သူ့ဋီကာ သူ့ဗေဒ ချဲ့ကားမဆုံးနိုင်။ အိပ်ရေးဝခြင်းနဲ့ နှုတ်ဆက်ခွဲခွာရတာ အားအင်မကုန်ခန်းနိုင်။ ငါတို့အိုမင်းမစွမ်းချိန်နဲ့ သူ့အတောင်ပံတွေ လောက်လောက်လားလား သန်မာချိန်နဲ့ တိုက်ဆိုင်ပြီး အဝေးကို ပျံထွက်၊ ကျန်ခဲ့ရမှာကို သိသိနဲ့။ ပြန်မလိုချင်ပါဘူး၊ မလိုအပ်ဘူး။  တကယ်လို့ တစ်ခုခု လိုချင်မိတယ် ဆိုရင်တောင် ငါ့ကို၊ ငါတို့ကို သူကရော ချစ်ခင်ပါရဲ့လား ဆိုတာ။ လူးလွန့်ဝင်ဆန့်ရုံ ဝမ်းကြာတိုက်မှသည် အပြောကြီး အပြောကျယ် လောကအလယ်ကို ထွက်ကြည့်နိုင်ဖို့၊ ကိုယ့်အာဟာရ  တစ်ကိုယ်စာ လုံလောက် ဘောင်ခတ်ထားတဲ့ ရိက္ခာစက်ဝန်းထဲမှသည် သမုဒ္ဒရာ ဝမ်းတစ်ထွာ တစ်သက်စာ ဆာလောင်စေဖို့၊ ဖူးလ်စတော့ပ် အရွယ်မှသည် ဖဝါးလက်နှစ်လုံး အထိ၊ ရှင်သန်မှုတန်ဖိုးအတွက် ကိုယ်ချင်းစာနာစိတ်ကို၊ မိဘဘဝကို၊ ချစ်ခြင်းမေတ္တာကို၊ ထူးထူးခြားခြား လက်တွေ့ခံစား သင်ကြားပေးခဲ့တာ တစ်ခုတည်းနဲ့တင် ကျေးဇူးတင်ပြီ၊ ကျေနပ်ပြီ၊ လူအဖြစ်မှာ အနေတန်ပြီ။ ငါတို့သဘော၊ ငါတို့ဆန္ဒ၊ ငါတို့လိုအင်၊ ငါတို့ဆုံးဖြတ်ချက်၊ ငါတို့ထိုက်ငါတို့ကံ၊ ငါတို့လုပ်ငါတို့ခံ၊ ငါတို့လောဘ၊ ငါတို့အတ္တမှာ သူ့တိုက်ဆိုင်မှုကို အားဖြည့်ပေးပြီး ရောက်ရှိလာရသူတစ်ဦး။ အားပြင်းလှတဲ့ စုန်ရေ။ အခုအချိန်မှာ မေမေဆိုတာ သူ့အစားအစာ၊ သူ့ကစားစရာ၊ သူ့ဆော့ဖော်ဆော့ဖက်၊ သူ့မှီအုံး၊ သူ့အနွေးထည်၊ သူ့အအေးခန်း၊ သူ့ခိုလှုံရာ၊ သူ့အပျင်းဖြေ၊ သူ့စိတ်ဖောက်ခွဲရာ၊ သူ့အုပ်ချုပ်သူ၊ သူ့သူနာပြု၊  သူ့သမိုင်းရေးသမား။ မနက်မနက်ဆို ဖေဖေ့အတွက် သက်ရှိ နာရီနှိုးစက်ကလေး။ ထိခိုက်ပဲ့ရွဲ့မှာစိုးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘဲ နေ့နေ့ညည တဖွဖွ တသသ စောင့်ကြည့်နေရတဲ့ ဖန်ရုပ်ပါးပါးကြည်ကြည်လေး။ တစ်ချက်မှ အငြိမ်မနေဘဲ လှုပ်ရှားရိုက်ခတ်နေတတ်တဲ့ မာမာတင်းတင်း တစ်တစ်ရစ်ရစ် ခြေသလုံးကလေး။ ခေါင်းလေးငုံ့နေတိုင်း တွဲပြီး ထွက်ကျနေတဲ့ ဖောင်းဝဝ ပါးကလေး။ တစ်ခုခု မလုပ်ဖို့ ဟန့်တားလိုက်ကာမှ တမင်တကာ လုပ်ရင်း ပြန်လှည့်ရယ်ပြတတ်တဲ့ ပြုံးစစ စပ်ဖြဲဖြဲ သွားမပေါက်သေးတဲ့ ပါးစပ်ကလေး။ သူအမက်မောဆုံး ချိုချိုကို ပါးစောင်မှာ ဆေးတံခဲသလို ခဲထားရင်း မော့ကြည့်နေတတ်တဲ့ မျက်လုံးဝိုင်းကလေးတွေ။ အကာအကွယ်မဲ့ အနှောင့်အယှက်ကင်း ပကတိ သန့်စင်စွာ အိပ်မောကျနေတတ်တဲ့ မျက်တောင်ကော့ကော့လေးတွေ။

ပန်ဒိုရာ
၃၁.၇-၁၈.၉.၂၀၁၄


(အခုတလော ဘလော့ဂ်တွေကို ပြန်အသက်ဝင်စေဖို့ဆိုပြီး challenge လုပ်ကြတယ်။ ၂ ပတ်အတွင်း ဘလော့ဂ်မှာ တစ်ခုခုတင်ဖို့ပါ။ တခြား တင်စရာတွေ လက်စမသတ်သေးတာတွေ ရှိတော့ရှိသေးတယ်။ ဒီစာကတော့ မသက်ဝေ နဲ့ မစုချစ်သူတို့ ရည်ညွှန်းထားတာအတွက်ပါ။ နောက်ထပ်တော့ ကိုနတ္ထိ၊ မမေဓာဝီ၊ မအိန္ဒြာ၊ မ မနော်ဟရီ၊ မခင်ဦးမေ၊ Imaginary clouds No.2 ၊ မမေငြိမ်း၊ မခင်မင်းဇော် တို့ကို (မရေးရသေးရင်) တစ်ခုခုရေးဖို့ စာရင်းပေးချင်ပါတယ်။)

ကိုယ်ရေးကိုယ်တာ ၂၀၁၄

$
0
0
ကိုယ်ရေးကိုယ်တာ ၂၀၁၄




၂၀၁၄ ဟာ ကိုယ်ရေးကိုယ်တာ အဆန်ဆုံးနှစ် လို့ ဆိုရမယ်။ ဘာကိုမှ မလိုချင်၊ ဘာကိုမှ မမက်မော၊ ဘာကိုမှလည်း ကြိုတင်တွေးတော ပူပန်စိတ်စောမှု မရှိ၊ ပြန်ပြောင်းတမ်းတ အောက်မေ့တသ နှမြောနောင်တတွေလည်း မရှိဘဲ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ်နစ်မြုပ်ရင်း ချစ်ခြင်းမေတ္တာ အသစ်တစ်မျိုးကို တစိမ့်စိမ့်ခံစားနေတဲ့ နှစ်။ လူ့လောကမှာ တစ်ယောက်ယောက်ကို ချစ်ရတာ သိပ်ကောင်းသလို ချစ်ချင်းရဲ့နောက်ကွယ်မှာ စိုးရိမ်ပူပန် လောင်ကျွမ်းရတာကတော့ မကောင်းဘူး။ မိဘ မောင်နှမတွေကို ချစ်တော့လည်းဒီလိုပဲ။ ချစ်သူကို ချစ်တော့လည်း ဒီလိုပဲ။ သားသမီးကျပြန်တော့ လူ့ဖြစ်စဉ်တလျှောက်လုံးကို မျက်ဝါးထင်ထင် ကြုံတွေ့ရတာဆိုတော့ ဒီ့ထက်ပို။ ချစ်ရတာ တုန်လို့။ ပူလောင်စရာတွေလည်း ပုံလို့။ ဆက်လက် သင်ယူရဦးမယ့် ဖြစ်စဉ်။ တစ်နှစ်တာ အလုပ်အကိုင် ဇီးရိုး၊ ဝင်ငွေ စာမူခအနည်းငယ်။ ဖတ်ရှုလေ့လာပညာရေး မိုင်းနပ်စ်၊ လူမှုရေးမှာ အောင်မှတ်ရရုံလေးနဲ့ အချိန်တွေကို မလှုပ်တလှုပ် ဖြတ်သန်းရင်း ရှေ့တိုးမယ်ထင်ရတဲ့ ဆင်ဟာ နောက်ကို တစ်လှမ်းနှစ်လှမ်း ဆုတ်ရင်း အရှိန်ယူသလိုလိုနဲ့ ပက်လက်ကုလားထိုင်မှာ အေးအေးဆေးဆေး ထိုင်ချလိုက်တာမျိုး။ တစ်ဖက်ကလည်း ကိုယ်ငြိမ်သက်နေတဲ့ အခိုက်အတန့်ဟာ ရှည်ကြာလာတဲ့အခါ ဆုပ်ကိုင်လို့မရတဲ့ စာမျက်နှာတွေပေါ်မှာ ဟိုးတစ်ချိန်က အစပျိုးထားတဲ့  ကိုယ့်လက်ရာတွေ စိတ်ကူးအကြံဥာဏ်တွေကို သိသိသာသာ မသိမသိ မသာမသာ ဆွဲဆွဲစားစား  ဒီလိုကိစ္စမျိုး ရှိပါလားလို့ပဲ စိတ်အေးလက်အေး သံဝေဂ ယူလိုက်တဲ့နှစ်။ ပျောက်ဆုံးနေတာတချို့ ပြန်ရှာတွေ့တဲ့နှစ်။ ဆန်းသစ်တီထွင် အရှိန်အဟုန်မြှင့်ဖို့ နေနေသာသာ အဟောင်းအမြင်းတွေကိုတောင် ပုံနှိပ်ဖြစ်ဖို့ အားတိုက်အင်တိုက် ဘာမှ မလုပ်ဖြစ်/မလုပ်ချင်တဲ့ နှစ်။ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ အေးခဲတဲ့နှစ်။ အရွေ့အလျား ကျဉ်းမြောင်းတဲ့နှစ်။ ငါနှင့် ငါ့ ကိုသာ ဗဟိုပြု   ပြိုင်ဆိုင်လိုခြင်း၊ ရယူလိုခြင်းတွေ ပါးလွှာတဲ့နှစ်။ မသိကျိုးကျွံမှုများ ထူထဲသောနှစ်၊ စက္ကန့်တံ ပေါ်မှာ စီးနင်းလိုက်ပါရင်း အချိန်ရဲ့အသံကို တထစ်ချင်း နားထောင်ဖြစ်တဲ့နှစ်။ မသေချာတဲ့ လောကကြီးမှာ လောဘ ဒေါသ မောဟမီးဆိုတာ ငြှိမ်းသတ်နိုင်ခဲတဲ့အရာတွေ ဆိုတော့လည်း ဒီလိုနှစ်မျိုး ဆင်တူ နောက်ထပ် ဆက်ရှိဦးမလား။ စောင့်ကြည့်သေးတာပေါ့ ၂၀၁၅။

ပန်ဒိုရာ
၂၉.၁၂.၂၀၁၄-၁.၁.၂၀၁၅
 

Happy New Year 2015

$
0
0
Type your summary here. Type the rest of your post here.

ခြင့် ခြင် ခြင်း

$
0
0




ခြင့် ခြင် ခြင်း


(၁)
အိမ် ထောင်ကျတာ ရယ်
လူ ထောင်ကျတာ ရယ်
ခြင် ထောင်ကျတာ ရယ်
ဘာများ ကွာခြား

(၂)
ရောဂါပိုးကြီးကြီး သယ်နိုင်လေလေ
ခြင်လောကမှာ ပါဝါရှိလေလေ

(၃)
ကြမ်းပိုးနဲ့ ခြင် ဘယ်သူသာမယ်ထင်
ကြမ်းပိုးက စာကြမ်းပိုးရှိတယ်
ခြင်က
သေစာခြင်စာတောင် မတတ်ဘူး

(၄)
သင့်အနားတွင် ခြင်တစ်ကောင်ဝဲနေပါက
အမြဲတစေ ဝဲလည်နေလိမ့်မည်
သင့်သွေး အစုပ်မခံရမချင်း
သို့မဟုတ် ခြင် မသေမချင်း

(၅)
ခြင့်ဖြစ်တည်မှုကြောင့်
ခြင်မဟုတ်တဲ့ အခြားသက်ရှိတွေအတွက်
ကောင်းကျိုးတစုံတရာ
ဖြစ်တည်မတည်

(၆)
ချဉ်သီးနှင့်ခြင်အတူထား
ချဉ်သီးပေါ်ခြင်နား

(၇)
ခြင်ချင်းပြန်သတ်တဲ့ ချဉ်ခြင်းတပ်တာမျိုး
ခြင်ပုဆိန်ရိုး

(၈)
ဆိုးပ
အိပ်ရာနိုးထ မှန်ထဲမှာ
ငါဟာအင်းဆက်ကောင်ကြီး
ပိုဆိုးတာက
ခြင်ကျားကြီး

(၉)
လက်ဝါးနှစ်ဖက်ကြားက ပြားခနဲခြင်
လက်ဝါးတစ်ဖက်နဲ့ အခြားကိုယ်အင်္ဂါ(ဥပမာ-တင်ပါး) ကြားက ကားခနဲခြင်
လျှပ်စစ်ခြင်ရိုက်တံနဲ့ထိ ဖြစ်ဖြစ်မြည်ခြင်
ခြင်ဆေးခွေမှိုင်းဝ ဖုတ်ခနဲပြုတ်ကျခြင်
ခြင်ဆေးမှုန့်ဖြူးခံရ ပြန်မထနိုင်ခြင်
ခြင်ဆေးရည်အဖြန်းခံရ ထွက်ပြေးခြင်
ဒယ်အိုးထဲမှာဆီပူလှိမ့်ခံရ ခြင်သတ်သမားခြင်

(၁၀)
ဘယ်တတ်နိုင်မလဲ
သွေးစုပ်ဖို့မွေးဖွားလာတာ ခြင်ပဲ

(၁၁)
ကျားတွေရယ်
မြင်းကျားတွေရယ်
ပုစွန်ကျားတွေရယ်
ဖွတ်ကျားတွေရယ်
ခြင်ကျားတွေရယ်
ကျားမျိုးတော်စပ်ကြတယ်

(၁၂)
ဆက်ရေးချင်သေးတယ်
ဆက်ရေး
ခြင်
သေးတယ်


ပန်ဒိုရာ

၁၀.၈.၂၀၁၄ - ၂.၁.၂၀၁၅

ကျွန်မတင်ပါးသို့ ဂါရဝ (လူစီးလ် ကလစ်ဖ်တန်)

$
0
0


ကျွန်မတင်ပါးသို့ ဂါရဝ

အဲဒီတင်ပါးတွေဟာ အကြီးကြီးတွေ
ဟိုဒီလှည့်ပတ်လှုပ်ယမ်းဖို့
နေရာလပ် လိုတယ်
သေးသေးနုတ်နုတ် ပိစိပေါက်စ နေရာတွေမှာ
အဲဒီတင်ပါးတွေ မဆန့်ဘူး အဲဒီတင်ပါးတွေဟာ
လွတ်လပ်တဲ့ တင်ပါးတွေ
သူတို့ကို ဆုပ်ကိုင်ထားတာကို မကြိုက်ဘူး
အဲဒီတင်ပါးတွေဟာ တစ်ခါမှ ကျွန်ပြုမခံဖူးဘူး
သူတို့သွားချင်ရာကိုသွားတယ်
သူတို့လုပ်ချင်ရာကိုလုပ်တယ်
ဧရာမတင်ပါးတွေ
ပဉ္စလက်တင်ပါးတွေ
အဲဒီတင်ပါးတွေနဲ့
ယောက်ျားတစ်ယောက်ကိုပြုစားပြီး
ဂျင်တစ်လုံးလို မွှတ်နေအောင် လှည့်ပစ်လိုက်ဖို့
ကျွန်မသိပြီးသား။

လူစီးလ် ကလစ်ဖ်တန်



အမေရိကန် ကဗျာဆရာမ Lucille Clifton (၁၉၃၆-၂၀၁၀) ၏ homage to my hips ကို ပန်ဒိုရာ ဘာသာပြန်သည်။

ကဗျာဆရာ သုံးယောက်၊ သုံးဘက်မြင် ရုပ်လုံးကြွ၊ သုံးခုမကတဲ့မြင်ကွင်းတွေ၊ သုံးကြိမ်မက

$
0
0



ကဗျာဆရာ သုံးယောက်၊ သုံးဘက်မြင် ရုပ်လုံးကြွ၊ သုံးခုမကတဲ့မြင်ကွင်းတွေ၊ သုံးကြိမ်မက  


အင်တာနက်ထဲမှာ လူငယ်တွေရေးသားနေတဲ့ ကဗျာအများစုဟာ  လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပေါ်မှာ အခြေခံတာနဲ့အညီ အသံမြန်ဆန်မှု၊ အကြောင်းအရာရှည်လျားစုံလင်မှု၊ ရှုပ်ထွေးမှုတွေကို တွေ့နေရတယ်။ ပြောင်းလဲလာတဲ့ ရေးဟန်တွေ အကြောင်းအရာတွေဟာ အချိန်ကာလနဲ့ ဆက်စပ်နေတယ်။ ဖြစ်ဆဲပျက်ဆဲ နေရာတွေနဲ့ ပတ်သက်နေတယ်။ မြန်မာစကားကတော့ ကာလံ ဒေသံ လို့ဆိုတယ်။  ကာလ ဒေသ ပယောဂ လို့လည်း ပြောတာလည်းရှိတယ်။ နေရာနဲ့အချိန် ဆိုတဲ့ space and time ဟာ လူသားဖြစ်တည်မှုရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်တယ်လို့ မနုဿဗေဒနဲ့ ပထဝီဝင် ပညာရှင် ပါမောက္ခ ဒေးဗစ်ဟာဗေး က ဆိုခဲ့တယ်။ space ဆိုတာ ဘာလဲ။ time ဆိုတာဘာလဲ။ time ကို စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ လ၊ နှစ် စတာတွေနဲ့ ပိုင်းခြားပြီး လူတွေက သတ်မှတ်ခဲ့ကြတယ်။ ကိန်းဂဏန်းတွေအဖြစ် အသွင်ပြောင်း ယူဆလိုက်ကြတယ်။ space ဆိုတဲ့ သဘောတရားက ပိုရှုပ်ထွေးတယ်။ space ဆိုတာ အစနဲ့အဆုံး အနားသတ်တွေ နယ်ခြားစည်းမျဉ်းတွေ ရှိနိုင်တဲ့ နေရာ။ ပြင်သစ်တွေးခေါ်ပညာရှင် မိုက်ကယ်ဖူးကိုးကတော့ “မိမိတို့နေထိုင်နေသောနေရာ၊ အဲဒီအထဲမှာ မိမိတို့ကိုယ်တိုင်ထဲမှ မိမိတို့ကို ဆွဲထုတ်နေ၊ မိမိတို့ ဘဝများ၊ အချိန်၊ သမိုင်းတို့ ပျက်စီးခြင်း ဖြစ်ပွားရာ၊ မိမိတို့ကို ကုတ်ခြစ်ကိုက်ခဲနေသော နေရာ၊ ထိုနေရာအတွင်းကိုယ်တိုင်ကလည်း သောင်းပြောင်းထွေလာနေရာ၊….. ထိုနေရာအတွင်းတွင် ပေါင်းသင်းဆက်ဆံမှုအစုအဝေး တစ်စုံဖြင့် မိမိတို့ နေထိုင်နေကြသည်” လို့ ပြောခဲ့ပါတယ်။  

ဘယ်လိုပဲဖြစ်ဖြစ် လူမှုကိစ္စတွေထဲမှာ နေရာနဲ့အချိန်နဲ့ ပတ်သက်တဲ့ ပိုင်းခြားသတ်မှတ်မှုတွေဟာ ဘယ်တော့မှ သာတူညီမျှမှု မရှိနိုင်ဘူးတဲ့။ space ဆိုတာ မူလတည်ရှိတဲ့အရာမဟုတ်ဘဲ လူတွေက တည်ဆောက်ထားတဲ့ အမြင်သဘောထားသာဖြစ်တယ်။ နိုင်ငံအဆင့်၊ နယ်မြေဒေသအဆင့် ကျယ်ပြန့်သော macro space၊ တစ်ဦးချင်းတစ်ယောက်ချင်း အဆင့် အသေးစိတ်သော micro space။    ပထဝီအနေအထား၊ ကိုးကွယ်ယုံကြည်မှု၊ ထုံးတမ်းစဉ်လာ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြား space ခြင်း မတူညီတဲ့အခါ ဘယ်လိုဖြစ်လာမလဲ။ လူအများစု သတ်မှတ်ထားတဲ့ space နဲ့ တစ်ဦးတစ်ယောက်ရဲ့ space အကြား ခြားနားမှုတွေ ပေါ်ပေါက်လာတဲ့အခါ ဘယ်လိုဖြစ်လာမလဲ။  နိုင်ငံရေးအာဏာနဲ့ ပတ်သက်လာရင်ရော space တွေကို ဘယ်လို ဖန်တီး/ဖျက်ဆီး/ကစားလေ့ရှိကြသလဲ။ အဲဒါတွေဟာ ယနေ့ခေတ် မြန်မာပြည်က လူငယ်တွေ ကြုံတွေ့နေရတဲ့ လူမှုဘဝထဲကို ဘယ်လို သက်ရောက်လာခဲ့သလဲဆိုတာ လူငယ်တွေရဲ့ အနုပညာ ဖန်တီးမှုလက်ရာတွေမှာ လတ်လတ်ဆတ်ဆတ် ထင်ဟပ်နေမယ်လို့ ယုံကြည်မိတယ်။ 

ကဗျာ စစချင်းကတည်းက လျှပ်စစ်ဓါတ်စီးနေတဲ့ ဝါယာကြိုးတစ်ချောင်း ဆိုတော့ “နှစ်ဆယ့်တစ်ရာစုရဲ့ သရီးဒိုင်မေးရှင်း” ကဗျာထဲမှာ ရှော့ခ်ရှိနေတာ အသေအချာ။ ရေးသူက  ၃ ယောက် ( ရဲရင့်လမင်း၊ ကျော်ဦး(လှိုင်)၊ ရွှေမိုးမြူ )။ အတွေးအမြင် ဆတ်ဆတ်ဆော့ဆော့နဲ့ လက်ဆော့ခြေဆော့ ရေးလိုက်ကြတဲ့ ကဗျာဆရာတွေဟာ ပညာရှိ မျောက်သုံးကောင်ဆန်ဆန် ။ “see no evil, hear no evil, speak no evil”။ မမြင်ချင် မကြားချင် မပြောချင်တဲ့၊ ဒီ့ထက်ဆိုးတာက ပြောမိရင် ပြစ်မှားသလို ဖြစ်မယ့် အခြေအနေတွေ။  ပြစ်မှားတယ်ဆိုတာက အသက်၊ ဂုဏ်၊ ဝါ၊ အကျင့်သီလ ကြီးမားတယ်လို့ ယူဆရသူတွေကို အနုတ်လက္ခဏာပါတဲ့ မှတ်ချက်ပြုမိရင် ပြစ်မှားတယ် လို့ ပြောလေ့ရှိတဲ့ မြန်မာမှုဝေါဟာရ။ ကဗျာဆရာသုံးယောက်က ဘာတွေကို ပြစ်မှားချင်နေသလဲ။ ဆက်လက်ပြေးလွှားနေဆဲ စကားစုတွေထဲမှာ ပြစ်မှားတယ်လို့ ယူဆနိုင်တာတွေ ပါမပါ။

 “လျှပ်စစ်ဓါတ်စီးနေတဲ့ ဝါယာကြိုးတစ်ချောင်းလိုစတယ်။ မမြင်ချင်တဲ့ မျက်လုံးရယ် မကြားချင်တော့တဲ့ နားရယ်တစ်ခုခုဆို အလိုရှိသလောက် ပြစ်မှားချင်တဲ့ပါးစပ် ထိလို့မရတဲ့ အပြင်းစားဗို့အားနဲ့ငါအသက်ရှူမှုကို ရှောရှောရှူရှူ ရိုက်သွင်းလိုက်တယ်။”

အပြင်းစားဗို့အား နဲ့  ရိုက်သွင်းလိုက်ရတဲ့ အသက်ရှူမှု။ ဒါကိုတောင်မှ ရှောရှောရှူရှူလို့ ဆိုပြန်တယ်။ ဆန့်ကျင်အနက် ယှဉ်တွဲစကားလုံးများ။ ၂၁ ရာစုထဲမှာ အသက်ရှူမှုကို ရိုက်သွင်းလိုက်ရတာတောင်မှ ရှောရှောရှူရှူလို့ သတ်မှတ်ရဦးမလား။  အဲဒီမှာ ပဋိပက္ခက စနေပြီ။

“ဒုက္ခတရားဟာ ဗိုင်းရပ်စ်သန့်စင်ထားတဲ့ဆော့ဖ်ဝဲ။ Download ကလစ်တွေက သန်းခြောက်ဆယ်။ အစစ အရာရာ ကျေကျေနပ်နပ်ကြီး “ဝ”ဖီးလို့။ခုခံအားကျဆင်းမှုရောဂါကို ဈေးကွက်စီးပွားရေးစနစ်ထဲ ထည့်ပစ်လိုက်။”

ဗိုင်းရပ်စ်၊ ဆော့ဖ်ဝဲ၊ Download ကလစ်၊ ခုခံအားကျဆင်းမှုရောဂါ၊ ဈေးကွက်စီးပွားရေးစနစ်၊ အားလုံးဟာ ၂၁ရာစုဆိုတဲ့ ကာလထဲ မပါမဖြစ် ကျေကျေနပ်နပ် ဝဖီးနေကြတဲ့ ကမ္ဘာဆန်စကားလုံး global space တွေ၊ အဲဒီအထဲမှာ ဒုက္ခတရားဆိုတဲ့ ဘာသာရေးဆန်တဲ့ အယူအဆနဲ့ သန်းခြောက်ဆယ်ဆိုတဲ့ ကိန်းဂဏန်းကတော့ ပြည်တွင်းဖြစ် local space တွေ။­­ 

“ အခန်းဝမှာအဖြူရောင်ပန်းခြင်းကိုချိတ်မယ်။ လျှောက်နေကျ လမ်းက ပျံကျဈေးမှာ စံပယ်ပန်းသည်တွေထွက်ပြေးနေတာမြင်တော့ ငါ့ကိုယ်ငါ ဆွဲဆိတ်မိတယ်။ ဒါ အပြာရောင် shock ပဲ။ ဓါတ်ကြိုးပေါ်က ခိုတွေကတော့ ခပ်တည်တည်နားနေကြတာပဲ။ လှလှပပဆပ်တတ်ဖို့ပဲ လိုတယ်လူသားဝဋ်ကြွေးဆိုတာတွေကို ဟောဒီလို သွေးမရိုး သားမရိုး နေ့တွေထဲမှာ။”

အခန်းဝမှာ ချိတ်ဆွဲလိုက်မယ့် အဖြူရောင်ပန်းခြင်းဟာ စံပယ်ပန်းတွေများလား။ စံပယ်ပန်းသည်တွေကတော့ ပျံကျဈေးမှာ ထွက်ပြေးနေတယ်။ ဘာကြောင့်လဲ။ စည်ပင်ရဲက လိုက်ဖမ်းလို့လား။  အဲဒါကို မြင်တော့ ကဗျာရေးသူဟာ သူ့ကိုယ်သူ ဆွဲဆိတ်ပစ်လိုက်သတဲ့။ ဘာသက်ဆိုင်ပါလိမ့်၊ ရှော့ခ်ဟာလည်း ဘာကြောင့် အပြာရောင်လို့ပြောရသလဲ။ ရှော့ခ်တွေမှာ အရောင်ရှိသလား။ ဓာတ်ကြိုးပေါ်က ခိုတွေဆိုတာ ရန်ကုန်မြို့ရဲ့ သင်္ကေတတစ်ခု။ နေ့တွေဟာ သွေးမရိုးသားမရိုး လူသားဝဋ်ကြွေးဆိုတာတွေက ဘာတွေလဲ။

 “ထောက်ထောက်ထောက်ထောက်နဲ့ မြန်လိုက်တဲ့ မှန်လှီးဓါး လက်ကောက်ဝတ်လေး ထိုးမသွင်းဖြစ်ခင် ငါလှည့်ထွက်ခဲ့ရတယ်။ ထွက်ပြေးလို့ မလွတ်တာ ပစ္စုပ္ပန်ခေတ်ဆိုတော့။ အသက်ရှုလိုက်တိုင်း နှာခေါင်းဝမှာအကုသိုလ်တွေ အတုံးလိုက်အတစ်လိုက် လာစို့နေတယ်။ လက်က လက်အုပ်ကို ကျစ်ကျစ်ပါအောင် ချီထားတယ်။ စိတ်က ဘုရားသခင်နဲ့ ဂိမ်းကစားနေတယ်။ အသိဥာဏ်ထဲ အသံညှိပြီးဝင်လာတဲ့ အတွေးအခေါ်အစုတ်အပြတ်များ။ ကိလေသာနဲ့ ယားနေတဲ့ ခန္ဓာကို ကိလေသာနဲ့ပြန်ကုတ်ခြစ်။သွေးတွေဖြာဆင်းလာပေမယ့် အပျိုရည်မပျက်သေးတဲ့ သေခြင်းတရားကို ဝဋ်နာကံနာ မျက်လုံးတွေနဲ့ ကြောင်စီစီ ထိုင်ငေး။ ခေါင်းလည်းဝင်တယ် ကိုယ်လည်းဆံ့တယ်။ ဒါလူ့ဘဝ၊လူသားဆန်မှုကို စိတ်မပျက်မိစေနဲ့။ လီဗာကိုခပ်ပြင်းပြင်းနင်းထား၊ မိုင်တိုင်တွေ တခုပြီးတခုလာမယ်။ ဒုက္ခတွေ တကွေ့ပြီးတကွေ့လာမယ်။”

ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားပေမယ့်လည်း မသေဖြစ်ခဲ့ပြန်ဘူး။ ဒီစာပိုဒ်မှာတော့ ဘာသာရေးအတွေးအခေါ်တွေ ဆက်ပါလာပြီ။ နှာခေါင်းဝမှာ အကုသိုလ်တွေ အနံ့ရနေတယ်။ လက်ကတော့ ဘုရားကို ရှိခိုးနေပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ အတွေးများစွာ၊ သံသယများစွာ၊ စိတ်ပျက်မှုတွေကြောင့် ကိုယ့်ဘာသာကိုယ် သတိပေးနေရတယ်။ ဒါဟာ ဒုက္ခတရားပဲ။ ဒါဟာလည်း တရားသဘောပဲ လို့ မပြတ်စိတ်သွင်းနေတဲ့ကြားက လာနေပြီ တစ်ခုပြီးတစ်ခု။

“ လောလောဆယ် လောင်စာလည်း မလိုဘူး၊ ကုသိုလ်လည်းမရချင်ဘူး။ သံသရာကို အသားဖတ်လေးတဖက်လို ဆတ်ခနဲကောက်ဝါးလိုက်ရုံ။  စွဲလန်းလာတဲ့လူ့အဖြစ်ကို ရိုက်ချိုးပစ်လိုက်ချင်တယ်။ ငြိမ်းချမ်းမှု မရှိတော့တဲ့ လောက ညှင်းပန်နှိပ်စက်မှုကအသုံးပြုများလာတဲ့ ဘာသာတရားပဲ။ သံသယကို ပြောင်လက်နေအောင် ကိုယ်တိုင်အရောင်တင်လို့။ ကိုယ်ချင်းစာမှု သစ်ပင်က ပြောင်းပြန်စိုက်ထားတယ်။ ကိုယ့်ခန္ဓာကိုယ်တောင် မယုံရဲ။ အစိမ်းလိုက်မှောက်ကျထားတဲ့ အပျိုမလေးရဲ့ ရာသီသွေးတွေ။ ဝမ်းနည်းစရာကောင်းပုံများ ဆွဲကြိုးချထားတဲ့မျှော်လင့်ချက်ကိုပဲ တစိမ့်စိမ့်ကြည့်နေရသလိုမျိုး။ ငါတို့မျိုးဆက်က အစာအိမ်ဒဏ်မခံနိုင်တော့အလုပ်ဖြစ်အောင် အလစ်တွေချည်း ဖြုတ်ရတော့မှာလား။ လမ်းဘေးမှာစိုက်ထားတဲ့ဆိုင်းဘုတ်တွေအစား သစ္စာတရားဟာဘာလဲ၊ လမ်းအူကြောင်းပေါ်ပြေးနေတဲ့ ကားတွေအစား ကိုယ်ချင်းစာတရားဟာဘာလဲ၊ လမ်းဘေးဝဲယာတလျှောက်မှ မြင်ကွင်းတွေအစား ယိုယွင်းလာတဲ့ဂေဟစနစ်ဟာဘာလဲ၊ လမ်းညွှန်သင်္ကေတအမှတ်အသားတွေအစား ဆာလောင်မွတ်သိပ်မှုဟာဘာလဲ၊”

စိတ်ပျက်မှုတွေဆက်လာတယ်။ အဖြစ်အပျက်တွေအားလုံးမှာ မေးခွန်းထုတ်စရာတွေရှိလာတယ်။ လောင်စာနဲ့ကုသိုလ် မအပ်စပ်တဲ့ အရာနှစ်ခုကို ယှဉ်တွဲငြင်းဆိုထားတယ်။ လူ့ဘဝကိုလည်း မခင်တွယ်ချင်တော့ဘူး။ ညှင်းပန်းနှိပ်စက်မှု ကိုယ်ချင်းစာနာမဲ့မှုတွေကိုသာ ကိုးကွယ်ကုန်ကြပြီ။ မျှော်လင့်ချက်ဟာလည်း သေလုမျောပါးဖြစ်နေပြီ။ ဆင်းရဲမွဲတေမှုကလည်း မေးခွန်းထုတ်စရာ။ အစာအိမ်ပြည့်ဖို့အတွက် ကိုယ်ကျင့်တရားတွေလည်း ယိုယွင်းလာပြီ။ သစ္စာတရားဆိုတာကို ဝေဝေဝါးဝါးဖြစ်လာပြီ။ သဘာဝဝန်းကျင်တွေလည်း ပျက်စီးလာပြီ။  ကိုယ်တိုင်တော့ ဘာမှ မတတ်နိုင်တဲ့အနေအထား။

“ အရှေ့တွင် လူကူးမျဉ်းကြားရှိသည်၊အရှေ့တွင် အာဏာရူးတွေရှိသည်၊ အရှေ့တွင် ကုန်းကျော်တံတားရှိသည်၊ အရှေ့တွင် စစ်ပွဲတွေရှိသည်၊ အရှေ့တွင် ကျောင်းရှိသည်၊ အရှေ့တွင် ဘာသာရေးအစွန်းရောက်မှုရှိသည်၊ အရှေ့တွင် speed trap ရှိသည်၊ အရှေ့တွင် အကျင့်ပျက်ချစားမှုရှိသည်၊ ယာဉ်သုံးတန် ၊ ကုန်သုံးတန် ၊ အကြမ်းဖက်မှုသုံးတန် ၊ အဓမ္မမှုသုံးတန် ၊ မေတ္တာတရားတောင်ခြေတွင် အကုသိုလ်လော်ရီကားကြီး ဘီးပေါက်ချေပြီ။ ပေါက်တယ် ခေတ်ထဲက ဂွင်တွေမှာခွပ်ခနဲနေအောင် ပေါက်ရမယ်။ လက်ပြန်ကြိုးတုပ်ပြီး ကိုယ့်ကိုကိုယ် ငုတ်တုတ်မေ့နေတဲ့လူ့အဖွဲ့အစည်း။ ဝေး..လို့အော်ရုံနဲ့ ဝါး..ဆိုတဲ့ ဟာမိုနီ။ ကမ္ဘာကြီးရဲ့ အရသာကချဉ်တယ်။ ရှင်းလို့မရတဲ့ အရှုပ်ထဲ ရှင်းအောင်နေမရတဲ့အခါ မေးငေါ့လိုက်တဲ့ဓါးတွေက စင်းစင်းကြီး စိုက်ဝင်တယ်။ အရေပြားအချင်းချင်း အထာမထားကြတော့ဘူး။ ကောက်နေတဲ့အမြီးကို ဖြောင့်စက်နဲ့ ဆွဲဖြောင့်ပစ်တဲ့အခါ စပရိန်ကောက်ကြီးထပ်ထွက်လာ။ ပက်လက်လှန်တံတွေးထွေးနေတဲ့ လူကြီးမင်းများ လက်ခုပ်တီးပါ။ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ တီးလုံးတွေစမယ်။ အသုံးဝင်တဲ့အရာမှန်သမျှ အသည်းအသန်မရှာချင်ဘူး ဒါပေမယ့် တရစပ်။ နေ့ရောညပါ သဒ္ဒါတရားနဲ့နေရတယ်။”

အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေကို တန်းစီချရေးလိုက်တယ်။ မျက်စိရှေ့မှောက်မှာ ဟုတ်တာတွေ မဟုတ်တာတွေ အကုန်ရှိတယ်။ အကုသိုလ်တင်ဆောင်တဲ့ ကားကြီးဘီးပေါက်တာဟာ အများသူငါကြား ပေါက်မြောက်/ပေါက်ရောက် တာနဲ့ ရောထွေးသွားတယ်။ လူအများကြားမှာ “ပေါက်” သွားတိုင်း ကောင်းတဲ့အရာ ဟုတ်လို့လား။ အများယောင်လို့ လိုက်ယောင်နေသူတွေ၊ မယောင်ယောင်အောင် သွေးထိုးမှုတွေ၊ တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ လွဲချော်မှုတွေ၊ တည့်မတ်ဖျောက်ဖျက်လို့မရတဲ့ အကျင့်ဆိုးတွေ၊ မိမိကိုယ်ကို ပြန်ထိနိုင်တဲ့ (ထိလိုထိမှန်းလည်း သိချင်မှသိမယ့်) လုပ်ဆောင်မှုတွေ။ အံကိုက်ဇာတ်တိုက်ထားတဲ့ မတော်တဆအတုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလ။ အသုံးဝင်တဲ့အရာတွေကို ရှာမတွေ့နိုင်တဲ့ ကာလမှာ ကိုယ့်ဘာသာ သဒ္ဒါတရားနဲ့သာ နေရသတဲ့။

“ အံကိုခဲ အံကိုခဲဆိုတော့ ဗေဒါဆိုတာလည်း ပန်းပဲ။ Ending Point ဟာ နေရာတိုင်းမှာ အသက်ရှုတယ်။ သတ်မှုကနေ သေမှုဆီသို့။ မလိမ့်တစ်ပတ်ခေတ်ထဲ ငယ်ငယ်က သေနတ်ပစ်တမ်းကစားခဲ့ကြသလို တစ်နှစ်သုံး ရေနေမလို့လား။ ဟေ့ ဆိုတာနဲ့ အိတ်ကပ်ထဲလက်နှိုက်ထားရတဲ့အနေအထားတွေ။ သူငယ်အိမ်တွေ ငြိမ်နေမယ့်အစား ရူးချင်ယောင်ဆောင်နေမှဆိုသလို။ အခန်းတံခါးတွေမှာ မေတ္တာတရားတွေအစား အလွယ်တကူဖွင့်မရမယ့် finger print တွေထား ထား။ ပြောင်းပြန်အဓိပ္ပါယ်တွေနဲ့ ကမ္ဘာကြီးကိုက တစ်ဖက်စောင်းနင်း။ သွေးကြောတွေထဲ အဓမ္မတရားတွေထွန်းကားတယ်။ လက်ခလယ်ထောင်ထားတဲ့ ခွေးတွေဟာ ရွှေတောင်ကြီးရွေ့အောင် ဝိုင်းဟောင်တာများ ငါတို့မှာ ထထကြည့်ရတယ်။ ဟော ပြောနေရင်း ငါ့မျက်စိရှေ့တင် သွေးသံတရဲရဲ။ ဟောဒီ လောကကြီးကိုက စိတ္တဇဆေးရုံကြီးတစ်ခုပဲ။ အပြုံးသေတွေ စုထားတဲ့ ကဒ်ထူပူဖောင်းကြီး။ စကားလုံးမှိုင်းတွေပြည့်နေတဲ့ မီးပုံပျံကြီး။ ဒေါသတကြီးမီးရောင်တွေကို ငါ ကြောက်လာတယ်။ သိလား သူငယ်ချင်း ငါတို့မြေကို ငါတို့ယတြာခြေယူနေရတာ။ ဘုရားတွေမှာ ဘာသာစုံသူတောင်းစားတွေများလာပြီ။ လူမှုကွန်ယက်ကြီးဟာ ညည်းညူသံတွေနဲ့ တဖြည်းဖြည်း စွတ်ငြိ။ “စောက်/ဆောက်” စကားတွေ ဆန်းထနေတယ်။ “ဖ” စာလုံးတွေ လန်းလာတယ်။”

မာန်ကိုသာ တင်းထားရတယ်။ အပြီး အဆုံးဆိုတဲ့ နေရာတိုင်းဟာလည်း တကယ့်တကယ်မှာ အဆုံးမသတ်သေးဘဲ အသက်ဝင်နေသေးတယ်။ သတ်မှုကနေ သေမှုတဲ့။ လိုရာကိုကောက်ချက်ဆွဲပြီး အမှုအခင်းကို အနေအထား ပြောင်းလိုက်ကြတဲ့ အခြေအနေ။ မလိမ့်တပတ်ခေတ် လို့ ဆိုပြန်တယ်။ အချိန်တိုင်းမှာ သတိအနေအထားနဲ့ ပြင်ဆင်ထားရတယ်။ မသိချင်ယောင် ဆောင်ရတာတွေလည်း ရှိလာတယ်။ သူခိုးကလူဟစ်၊ ကာလပြောင်းပြန်၊ တရားလိုက တရားခံ ဖြစ်နေတဲ့ ကာလမှာ နေထိုင်နေရင်း ဖြစ်ချင်တိုင်းဖြစ်နေတာတွေအတွက် ကိုယ်ကလည်း ဘာမှမတတ်နိုင်ပြန်ဘူး။ မြန်မာလိုဆဲဆိုလိုက်တဲ့ စလုံးဆလိမ်စကားတွေ၊ အင်္ဂလိပ်လိုဆဲဆိုလိုက်တဲ့ ဖဦးထုပ် စကားလုံးတွေ၊ အမုန်းစကားတွေနဲ့ ရူးသွပ်နေတဲ့ လူမှုဘဝဟာ ခေတ်သစ်အင်တာနက် နည်းပညာအရှိန်နဲ့ ပိုပြီး လျှင်လျှင်မြန်မြန် ခေတ်စားပြန့်နှံ့လာပြန်တယ်။  ၂၁ရာစု ခေတ်ကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ လူငယ်တွေရဲ့ ပစ္စက္ခအခြေအနေ။ 

“ ရွှေဝါရောင်အနားစမှာ ငါတို့မျက်နှာတွေ ငယ်ရ၊ ကိုယ့်ဒဏ်ရာကိုယ်ကန်းပေးထားရနဲ့။ ခြေထောက်များဆီက မျှော်လင့်ခြင်းများ။ သွေးရိုးသားရိုး မိုးတွေပဲ ကမ္ဘာပေါ်သည်းဖို့ ဘုရားသခင်တိုင်းစောင့်ရှောက်ပါစေ။”

 အဆုံးသတ်စာသားတွေကတော့ ပိုရှင်းသွားတယ်။ ရွှေဝါရောင်အနားစမှာ ငါတို့မျက်နှာတွေငယ်ရ သတဲ့။  ၂၀၀၇ ခုနှစ်မှာ မထင်မှတ်ဘဲ အရှိန်ကြီးမားသွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာတော့ မျက်နှာတွေပွင့်လန်းခဲ့ရတယ်။ အပြောင်းအလဲတစ်ခု ဖော်ဆောင်ဖို့အတွက် အရေးပါတဲ့ တွန်းအားတွေဖြစ်ခဲ့ရတယ်။ လက်ရှိအနေအထားမှာတော့ ရွှေဝါရောင်အနားစ (အနားစ လို့ပဲသုံးနှုန်းထားတယ်) မှာ မျက်နှာတွေ ငယ်နေကြတဲ့ လူငယ်တစ်စု။ သူတို့ ဘာကို အရှက်ရနေသလဲ။ လူ့အဖွဲ့အစည်းဆိုတဲ့အရာက သတ်မှတ်ထားတဲ့ space၊ ယုံကြည်မှု ကွဲပြားသူတွေ အသီးသီး သန်ရာသန်ရာ ယူဆထားတဲ့ space၊ ပထဝီဝင်အနေအထားက ပိုင်းခြားထားတဲ့ space၊ ထုံးတမ်းစဉ်လာ မျိုးရိုးဗီဇအရ ပြဌာန်းထားတဲ့ space၊ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက တမင်တကာ ဖန်တီးထားတဲ့ space၊ လူငယ်တွေရဲ့ မိမိကိုယ်ပိုင် လွတ်လွတ်လပ်လပ် ဖောက်ထွက်ချင်တဲ့ space တွေဟာ အချိန်ကာလ တစ်ခုမှာ အတူတကွ တည့်တည့် ဝင်တိုးမိတဲ့အခိုက် ဖြစ်ပေါ်လာတဲ့ အရှုပ်အထွေးတွေကို ဒီကဗျာမှာ ပြနေတယ်။ လူငယ်တစ်စုဟာ သူတို့မြင်တာကိုပြောလည်း ပြချင်တယ်။ ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်း ချပြလို့လည်း စွန့်စားမှုတွေ ပြည့်နှက်နေတဲ့ အနေအထား။ နာကျင်တာကိုတောင် အော်ဟစ်လို့မရတဲ့ အနေအထား။ သွေးရိုးသားရိုးမိုးတွေပဲ သည်းဖို့၊ ဘုရားသခင်(တိုင်း) က စောင့်ရှောက်စေဖို့ တဲ့။ မျှော်လင့်ဆုတောင်းသံနဲ့ အဆုံးသတ်လိုက်တဲ့ ကဗျာရေးသူတွေဟာ ကဗျာရေးချလိုက်တာကလွဲလို့ ဘာများတတ်နိုင်ဦးမလဲ။

မာ့ခ်စ် ဝါဒ လိုက်စားသူ ပြင်သစ်တွေးခေါ်ပညာရှင် အွန်ဟီး လဖေးဗား က space ကို ၃ မျိုး ချဉ်းကပ်ပြထားတယ်။ (၁) ပထမ space - ရုပ်ပိုင်းဆိုင်ရာ/ သတိပြုလက်ခံရရှိမှုဆိုင်ရာ space။ တိုင်းတာ ထိတွေ့လို့ရတယ်။(၂) ဒုတိယ space - စိတ်ပိုင်းဆိုင်ရာ/ စိတ်ကူးကြံစည်လက်ခံရရှိမှုဆိုင်ရာ space။ လူတွေရဲ့ အတွေးအခေါ်တွေက ဆင်းသက်လာတယ်။  (၃) တတိယ space - လူမှုရေးဆိုင်ရာ/ ရှင်သန်လှုပ်ရှားနေသော space။ ဖိနှိပ်မှု၊ ရုန်းကန်မှု၊ ခွဲခြားမှု စတာတွေကြားက လူ့အဖွဲ့အစည်းက ဖန်တီးထားတဲ့ space။ အဲဒီ အယူအဆတွေကို အခြေပြုပြီး အမေရိကန်က ပို့စ်မော်ဒန် နိုင်ငံရေးပထဝီဝင် ပညာရှင် အက်ဒဝပ် ဆိုးဂျား က တတိယ space ချဉ်းကပ်ပုံကို ချဲ့ထွင်ခဲ့တယ်။ ထုံးတမ်းစဉ်လာ ပထမ ဒုတိယ space ချဉ်းကပ်ပုံတွေဟာ ယနေ့ခေတ် ကမ္ဘာဖြစ်ပျက်ပုံတွေမှာ အကျုံးမဝင်တော့ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူယုံကြည်တာက လူမှုအမျိုးအစားတစ်ခုထဲမှာပဲ space တွေဟာ တည်မနေနိုင်ဘဲ လူမှုအမျိုးအစား အများကြီးတွေနဲ့ အယူအဆမျိုးစုံတွေထဲမှာ တည်ရှိနေမှာပါ တဲ့။ အမျိုးအစား တစ်ခုနဲ့တစ်ခုပေါင်းပြီး အသစ်ထွက်လာမယ့် ဟိုက်ဘရစ် မျိုးစပ် space တွေဟာ မူလ space တွေ၊ တန်ဖိုးတွေ၊ အယူအဆတွေကို ချေဖျက်ပြီး ကမ္ဘာကြီး ကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ၊ ဂျင်ဒါဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ မေးခွန်းတွေကို လက်တွေ့ကျကျ ဖြေကြားပေးနိုင်မယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ တချို့နိုင်ငံတွေမှာတော့ အဲဒီ third space ဆိုတဲ့ အမြင်ကို အခြေခံပြီး ဖျန်ဖြေမှုတွေ၊ ညှိနှိုင်းမှုတွေ၊ မတူညီသူတွေကြား လူမှုရေး ပေါင်းစည်းရင်းနှီးမှုတွေကို ဆောင်ရွက်လာကြတာတွေ ရှိနေကြပါတယ်။ ပဋိပက္ခတွေကို ဖြေရှင်းမယ့် မျှော်လင့်ချက် ရောင်ခြည်ပေလား။ 
၂၁ ရာစု ဆိုတဲ့ စီးဆင်းနေဆဲ အချိန်ကာလမှာ မြန်မာနိုင်ငံဆိုတဲ့ နယ်မြေ space တစ်ခုထဲက ရဲရင့်လမင်း၊ ကျော်ဦး(လှိုင်)၊ ရွှေမိုးမြူ တို့ကတော့ အတွေးအခေါ်ပဋိပက္ခတွေ၊ အဖြစ်အပျက်ပဋိပက္ခတွေ၊  ရှုထောင့်မျိုးစုံကြားက ပဋိပက္ခတွေ၊  ယုံကြည်မှုမျိုးစုံကြားက ပဋိပက္ခတွေ၊ မတော်တဆ ဖြစ်ပွားသွား ဒါမှမဟုတ် တမင်တကာ ဖန်တီးထားတဲ့ ပဋိပက္ခတွေကို ရှည်လျားရှုပ်ထွေးတဲ့ စာသားတွေနဲ့ ပုံဖော်ခဲ့ကြတယ်။ ဒါကို နိုင်ငံရေး ကဗျာလို့ မှတ်ယူကြမှာလား။ ပုဂ္ဂလိကဘဝတွေ ထဲမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ကင်းလွတ်ထွက်ပြေးလို့ မရနိုင်တဲ့ အနေအထားလို့ မှတ်ယူကြမှာလား။ ကဗျာတစ်ပုဒ်ထဲက မေးခွန်းတွေ အများကြီးထွက်လာနိုင်တာကို သီအိုရီပါးပါး၊ အတွေးများများနဲ့ ခပ်တိမ်တိမ် တူးထုတ်ကြည့်မိတယ်။

ပန်ဒိုရာ
၂၉.၁-၁၀.၂.၂၀၁၅

(နှင်းဆီဖြူဂျာနယ် အတွဲ (၁) အမှတ် (၁) တွင် ဖော်ပြခဲ့သော ဆောင်းပါး)



ခရုပစ်လောင်ချာ

$
0
0


ခရုပစ်လောင်ချာ

“ခရုပစ်လောင်ချာ” ဆိုတဲ့ စကားလုံးကို သမ္မတတစ်ယောက်ရဲ့ မိန့်ခွန်းလိုမျိုးမှာ
 တွေ့လိုက်ရတဲ့အခါ ငါဟာ အံ့သြခြင်းကြီးစွာ အိပ်မက်က လန့်နိုးသွား
သမ္မတကြီးရဲ့မိန့်ခွန်းက ကဗျာဆန်လှချည့်လား ဆိုတဲ့ ငါ့မှတ်ချက်နဲ့အတူ
ဒါဟာ အကြံပေး တစ်ယောက်ယောက်က ရေးပေးတာဖြစ်မယ် လို့ နောက်ဆက်တွဲ
တွေးဖြစ်သွား ချက်ချင်းဆိုသလိုပဲ ဒါဟာ သမ္မတကြီးကို အထင်သေးသလိုများ
ဖြစ်သွားမလားလို့ စိတ်မကောင်းဖြစ်သွား သမ္မတကြီးလည်း ကဗျာဆန်နိုင်တာပဲ
သမ္မတကြီးလည်း “ခရု”ဆိုတဲ့ စကားလုံးနဲ့ “လောင်ချာ” ဆိုတဲ့ စကားလုံးကို
တွဲဖက်ကြည့်ဖို့ ကိုယ်တိုင် စဉ်းစားမိကောင်း စဉ်းစားနိုင်တာပဲ ဒီစကားလုံးမှာ
နောက်ခံအခြေအနေက အရေးပါခဲ့တာ ဒီစကားလုံးကို
မကြားရခင် အိပ်မက်ထဲမှာ မြန်မာအမျိုးသမီးတွေကို ယွမ် ၆၀ ဆိုလား
၈၀ ဆိုလားနဲ့ တရုတ်ပြည်ကို ရောင်းစား လူကုန်ကူးခံရတယ် ဆိုတဲ့သတင်းပါခဲ့တာ
အဲဒီကိစ္စတွေဟာ သိပ်ကို သိမ်မွေ့နူးညံ့တယ် လို့ သမ္မတကြီးက
ပြောချလိုက်တာ ပြီးတော့မှ ဒီလိုသိမ်မွေ့နူးညံ့တဲ့ ကိစ္စတွေကို ကိုယ်တွယ်ရတဲ့နေရာမှာ
အစိုးရအနေနဲ့ ခရုပစ်လောင်ချာ ကို သုံးရင်တောင်မှ ပြည်သူတွေရဲ့
အပြစ်တင် ဝေဖန်ခံရမှု မကင်းနိုင်သေးပါဘူး လို့ မိန့်ခွန်းထဲမှာ
ထည့်ပြောသွားတာ ဒါဟာ သိပ်ကို လှပတဲ့ အလင်္ကာမြောက်စကားလုံး ဆိုတော့ကာ
ငါ့မှာ ပါးစပ်အဟောင်းသား ခရုပစ်လောင်ချာဆိုတာ တကယ်သာ
ရှိခဲ့ရင် တခြားအရာတွေမထိပဲ ခရုတွေကိုပဲ အလိုအလျောက် ရွေးပစ်မှာလား ဒါမှမဟုတ်
ခရုတွေ ထိခိုက်လောက်တဲ့ အရှိန်အဟုန်ကို ချိန်ဆတီထွင်ထားတဲ့ လောင်ချာဖြစ်မလား
ခရုတွေဟာ ခရုပစ်လောင်ချာအောက်မှာ အတုံးအရုံး ကြေမွသွားကြမလား
ပြည်သူတွေဟာ ခရုပစ်လောင်ချာလေး သုံးတာတောင်မှ
အပြစ်တင် ဝေဖန်နေကြဦးမယ်ဆိုရင် သိပ်လွန်နေမယ်ဆိုတာ ဟုတ်လေမလား
ခရုပစ်လောင်ချာဆိုတဲ့ စကားလုံးအဆန်းနဲ့ ပြည်သူတွေရဲ့ အာရုံကို
လွှဲဖယ်လိုက်တာရော ဖြစ်နေမလား  ခရုပစ်လောင်ချာ ဆိုတဲ့စကား ကို
ဘယ်လို ဆက်စဉ်းစားရမလဲ ငါစဉ်းစား ဒါပေမဲ့လည်း ငါဟာ
အဲဒီခရုပစ်လောင်ချာနောက် ကောက်ကောက်ပါအောင်
လိုက်မနေဘဲ စကားလုံးရဲ့နေ့နံကို ကိန်းဂဏန်းတစ်ခုနဲ့ ပြောင်းကြည့် ဒါမှမဟုတ်
ယွမ် ၆၀ လား ၈၀ လား သေသေချာချာ မမှတ်မိတော့တဲ့ ပမာဏကို အစွဲပြုပြီး
နှစ်လုံးထီ ထိုးကြည့်ရမလား ဒါမှမဟုတ် ခရုပစ်လောင်ချာ ဆိုတဲ့ခေါင်းစဉ်နဲ့
ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့ရင် သမ္မတကြီးကို ကျေးဇူးတင်ရမှာလား ဘယ်လိုပဲဖြစ်ဖြစ်
ငါဟာ အိပ်မက်ထဲမှာ သမ္မတကြီးကို  ဆွဲထည့်ပြီး အလွဲသုံးစား
လုပ်မိတာလား လူကုန်ကူးမှုကို အလွဲသုံးစား လုပ်မိတာလား ဒါမှမဟုတ်
ခရုတွေကိုဖြစ်ဖြစ် လောင်ချာကိုဖြစ်ဖြစ် အလွဲသုံးစားလုပ်မိတာလား
စကားလုံးတွေကို ကဗျာကို အလွဲသုံးစား လုပ်မိတာလား
ခရုပစ်လောင်ချာရဲ့ပစ်ခတ်မှုမှာ ငါဟာစီးမျော တအံ့တသြ ။


ပန်ဒိုရာ
၂၆.၂.၂၀၁၅

ကဗျာတွင် ပြောသူနာမ်စား၏အရေးပါမှု နှင့် ကဗျာရေးသူကိုဖတ်ရှုခြင်း

$
0
0
ကဗျာတွင် ပြောသူနာမ်စား၏အရေးပါမှု နှင့် ကဗျာရေးသူကိုဖတ်ရှုခြင်း



အင်တာနက်ထဲမှာ တွေ့ရတဲ့ စာတွေကဗျာတွေရဲ့ ဝိသေသတစ်ခုကတော့ စာဖတ်သူတွေဟာ သိလျက်နဲ့ဖြစ်စေ မသိလိုက် မသိဘာသာဖြစ်စေ စာကိုသာမက စာရေးသားသူကိုပါ အစဉ်တစိုက် လိုက်လံဖတ်ရှုကြတာ ဖြစ်တယ်။ ဒီလိုဖြစ်ရခြင်းဟာ ပုံနှိပ်စာပေနဲ့မတူတဲ့ အင်တာနက်ရဲ့ အပြန်အလှန် တုန့်ပြန်နိုင်စွမ်းမြန်ဆန်မှု ကြောင့် ဖြစ်ပါတယ်။ (ဒါဟာ အတွေ့အကြုံအရ သတိပြုမိခြင်းသာဖြစ်လို့ အတည်ပြုဖို့ သီအိုရီ ကိုးကားရတာတော့ ခက်ခဲပါတယ်။ ပြန်လည် ငြင်းချက်ထုတ်လိုကလည်း ထုတ်နိုင်ကြပါတယ်။) စာရေးသူကို လိုက်လံဖတ်ရှုတဲ့နေရာမှာ စာ၊ကဗျာရဲ့ ဆွဲဆောင်နိုင်စွမ်းတစ်ခုဖြစ်တဲ့ ပုဂ္ဂလိကဆန်မှု ဟာ အရေးပါလာတယ်။ လူတွေရဲ့ စူးစမ်းတတ်တဲ့ သဘာဝအရ ရေးသူဟာ ဘယ်လိုလူမျိုးလဲ၊ ဒီနေ့ ဘယ်လိုစိတ်အခြေအနေရှိသလဲ၊ မနက်ဖြန် ဘာဇာတ်လမ်းကိုပြောပြမလဲ ဆိုတာမျိုးကို စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံအသီးသီးမှာ နာမည်အကြီးဆုံး ဘလော်ဂါလို့ ပြောလိုက်ရင် မိမိရဲ့ ပုဂ္ဂလိကဘဝအတွေ့အကြုံတွေကို နေ့စဉ်မပြတ် update လုပ်နေတဲ့ ဘလော့ဂ်မျိုးတွေဟာ ထိပ်တန်းမှာ ရောက်နေတာဖြစ်တယ်။

ကဗျာအနုပညာဖက်ကို ဗဟိုပြုပြီး လေ့လာရမယ်ဆိုရင်တော့ ဒီကနေ့ အင်တာနက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့မြင်ရတဲ့ ကဗျာရေးသူတွေထဲမှာ Minerva Jupiter ဆိုတဲ့ account ပိုင်ရှင် မီနားဗား ရဲ့ ကဗျာတွေအကြောင်း စူးစမ်းချင်ပါတယ်။ မီနားဗား ဆိုတဲ့ အမည်ကတော့ ရောမနတ်သမီးတစ်ဦးရဲ့ အမည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားပြု နာမည်တစ်ခုဖြစ်ပါတယ်။  မီနားဗားရဲ့ ကဗျာတွေမှာ  စီးဆင်းမှုလေသံ အေးဆေးပုံ၊ ခံစားချက် အရောင်ပါပုံ၊ မိမိနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြနေပုံတွေက confessional ဆန်တဲ့ အပိုင်းတွေဖြစ်ပါတယ်။ ပြောသူနာမ်စားကို မကြာခဏ အသုံးပြုကာ ခံစားချက်တွေ၊ မိမိရဲ့ပုဂ္ဂလိကဘဝ အတွေ့အကြုံတွေကို အခြေပြု ရေးသားတဲ့ ကဗျာမျိုးကို confessional poetry လို့ခေါ်ပြီး အမေရိကန်ကဗျာမှာ ၁၉၅၀၊ ၆၀ ခုနှစ်တွေလောက်က စတင်ခေတ်စားခဲ့ပါတယ်။ မီနားဗားဟာ အမျိုးသမီးတစ်ဦးရဲ့ ပုဂ္ဂလကိုယ်ပိုင်နာမ်စား တစ်ခုဖြစ်တဲ့ ကျွန်မ (သူ့ရဲ့ စာလုံးပေါင်းအရတော့ “ကျမ”) ဆိုတာကို ကဗျာတိုင်းလိုလိုမှာ ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာ သူ့ကဗျာတွေရဲ့ ထူးခြားတဲ့ တသမတ်တည်း ပုဂ္ဂလိကဆန်မှု ဖြစ်တယ်။ ဒါဟာ ဘာကြောင့်လဲ။ စာဖတ်သူတွေများအောင် အမျိုးသမီးတစ်ဦးအနေနဲ့ ဆွဲဆောင်ဖို့ ဆိုတဲ့ အပေါ်ယံ ယူဆချက်မျိုးထက် ပိုလေးနက်တဲ့ လေ့လာမှုမျိုးကိုပဲ စိတ်ဝင်စားပါတယ်။

ခေတ်သစ်အင်္ဂလိပ်ဘာသာစကားမှာ မိမိကိုယ်ကို ရည်ညွှန်းတဲ့ နာမ်စားတွေဟာ ကတ္တားပုဒ်နေရာမှာ I နဲ့ We ဆိုပြီး ပုဂ္ဂလနဲ့ အများပိုင် နှစ်မျိုးရှိပေမဲ့ မြန်မာစာမှာ ပိုမိုရှုပ်ထွေး စုံလင်တယ်။ ကျားမဖြစ်တည်မှု၊ လေသံ၊ လူမှုအဆင့်အတန်း၊ အသက်အရွယ်၊ ရင်းနှီးမှု အစရှိတဲ့ အခြေအနေတွေ အပေါ်မူတည်ပြီး ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွနု်ပ်၊ ကျုပ်၊ မိမိ၊ ကိုယ်၊ ငါတို့၊ ကျွန်တော်တို့၊ ကျွန်မတို့၊ ကျွန်ုပ်တို့၊ ကျုပ်တို့၊ မိမိတို့၊ ကိုယ်တို့ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ နေ့စဉ်သုံးစကားတွေထဲမှာ သူများက၊ ခင်က၊ မောင်က၊ သားက၊ သမီးက ၊ ဘုန်းကြီးက စတာတွေ နာမည်အတိုကောက်တွေ သုံးစွဲကြတာလည်း ရှိတယ်။ ကြားနာသူနာမ်စားတွေဟာလည်း ပြောသူနာမ်စားနဲ့ ဆက်စပ်ပြီး လိုက်လျောညီထွေစွာ ကွဲပြားပါတယ်။ အဲဒီလို မတူညီတဲ့သုံးစွဲမှုတိုင်းရဲ့ နောက်ကွယ်မှာ ကွဲပြားတဲ့ အဓိပ္ပာယ်၊ အနှစ်သာရ၊ ဆက်နွယ်မှု တစ်ခုခုရှိနေပါတယ်။

ပုဂ္ဂလနာမ်စားသုံးခြင်းဟာ ရေးသူက ဖတ်သူနဲ့ ဆက်သွယ်မှု ပြုလုပ်ပြီး ဖတ်သူကို အဓိကထား ချိန်ရွယ်ပြောပြသလို ပိုဖြစ်စေပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ I ကို ထည့်စရာမလိုပဲ ရေးသားလို့ ရတဲ့ဝါကျတည်ဆောက်ပုံတွေ ရှိသလို မြန်မာဘာသာစကားမှာ ပြောသူကတ္တားပုဒ် မပါဘဲ အဓိပ္ပာယ်ရှိ ပြီးပြည့်စုံတဲ့ ဝါကျတွေ အများကြီးရေးလို့ရပါတယ်။ ဒါကြောင့် ပြောသူနာမ်စားကို ကတ္တားနေရာမှာ ထည့်မယ်ဆိုရင် မဖြစ်မနေမဟုတ်ဘဲ ရေးသူရဲ့ ရွေးချယ်မှုတစ်ရပ်လို့ ပြောလို့ရပါတယ်။ အနုပညာမြောက် အဖွဲ့အနွဲ့တစ်ခု ရေးသားတဲ့နေရာမှာ အဲဒီကတ္တားကို ရွေးချယ် သုံးစွဲလိုက်တဲ့အခါ အနုပညာဆိုင်ရာ ရည်ရွယ်ချက်တစ်ခုခု ရှိမယ်လို့ ခန့်မှန်းရတယ်။

မြန်မာဘာသာစကားရဲ့ နာမ်စားနဲ့ပတ်သက်တဲ့ ချဲ့ထွင်ဖွဲ့နွဲ့နိုင်မှုဟာ လေ့လာစရာကောင်းတဲ့ အချက်တစ်ချက်ကို ပေးစွမ်းလာပါတယ်။
အနုပညာလက်ရာတစ်ခု ရေးသားတဲ့အခါ ရေးသူဟာ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ ကျားမ မထင်ရှားသူဖြစ်စေ၊ ပြောသူနာမ်စားကို မိမိနှစ်သက်သလို မိမိရဲ့ ရည်ရွယ်ချက်အတိုင်း ရေးသားနိုင်တာက ရေးသူရဲ့ အခွင့်အရေးပါ။ ယခုလေ့လာမှုမှာ ကဗျာရေးသူမီနားဗားရဲ့ ကဗျာတွေကို ဖတ်မိတဲ့အခါ  - အမျိုးသမီးတစ်ဦးရဲ့ အကြောင်းအရာတွေလား။ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်တွေလား။ အမျိုးသမီးကိုယ်စားပြုတဲ့အတွက် ကဗျာရဲ့ လေသံနဲ့ အကြောင်းအရာမှာ ဘာထူးခြားသွားသလဲ။ ကျွန်မဆိုတဲ့ နေရာတွေမှာ ကျွန်မကို ဖြုတ်ပြီး ကျွန်တော် ဖြစ်ဖြစ် ငါ ဖြစ်ဖြစ် ဘာမှမထည့်ဘဲ ဖြစ်ဖြစ် ပြင်ဆင် ဖတ်ကြည့်ရင် ကဗျာအရသာ အနှစ်သာရ ဘာတွေပြောင်းလဲသွားမလဲ။ - လို့ မေးခွန်းတွေ ထုတ်ကြည့်မယ်ဆိုရင်တော့ ဖတ်ရှုသူရဲ့ လွတ်လပ်စွာ စိတ်ဝင်စားနိုင်ခွင့် ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ကျွန်ုပ်၊ မိမိ ဆိုတဲ့ အသုံးတွေက ကျားမ မကွဲပြားတဲ့ ထုံးတမ်းစဉ်လာ အခန့်သုံး ဖြစ်တယ်။ ငါ ဆိုရင် ရိုင်းတယ်လို့ ယူဆတာလည်းရှိတယ်။ ရင်းနှီးတဲ့ အရိပ်အယောင်ပါတယ်။ ကျားမမခွဲခြားတဲ့ အသုံးဖြစ်တယ်။ မိမိကိုယ်ကိုမိမိ တိုင်တည်ပြောဆိုတဲ့အခါ ငါ ကို သုံးတာနဲ့ ဆီလျော်တယ်။ ပြင်းထန်လေးနက်တဲ့ အကြောင်းအရာတွေကို ရေးရင် ကျွန်ုပ် တို့ ငါ တို့ သုံးရင် ပိုပြီး မာန်ပါတယ်။ ကျွန်တော် ကျွန်မ အသုံးကို ပိုယဉ်ကျေးတယ်လို့ သတ်မှတ်ကြတဲ့အတွက် ပရိသတ် ဒါမှမဟုတ် အခြားတစ်ယောက်ကို တိုင်တည်ပြောဆိုတဲ့အခါမှာတော့ ကျွန်တော် ကျွန်မ က ပိုလိုက်ဖက်ဟန်ရှိတယ်။

မြန်မာစကားရဲ့ ရှုပ်ထွေးမှုမှာ နိုင်ငံရေးဆန်နေတဲ့ အချက်တစ်ချက်ကတော့ စာလုံးပေါင်းသတ်ပုံဖြစ်တယ်။ ကျွန်တော် ကျွန်မ ဆိုတဲ့ အသုံးအနှုန်းပေါ်မှာ အယူအဆတစ်ရပ်ကြောင့် ကျနော် ကျမ လို့ ရွေးချယ်သုံးစွဲတဲ့ မျိုးဆက်တစ်ဆက်ရှိတယ်။ တစ် လို့စာလုံးပေါင်းရမယ်ဆိုတဲ့ ရေတွက်ပုံတွေကို တ လို့ပဲ ဆက်ပေါင်းကြသူတွေရှိတယ်။ ဒီအယူအဆကို ယနေ့ခေတ်ပြိုင်လူငယ်တွေထဲမှာတော့ သိပ်မတွေ့ရပါ။ ကျမ ဆိုတဲ့ စာလုံးပေါင်းပုံနဲ့ သပ်ရပ်တိကျတဲ့ လက်ရာတွေဟာ ကဗျာရေးသူရဲ့ သက်လတ်ပိုင်းအတွေ့အကြုံနဲ့ ခိုင်မာတဲ့ကဗျာရေးသက်တန်းကို ညွှန်ပြနေတယ်။

စာမျက်နှာအကန့်အသတ်ကြောင့် မီနားဗားရဲ့ ကဗျာတွေကို အသေးစိတ် ကောက်နုတ် လေ့လာချက်တွေ အများအပြား မဖော်ပြတော့ပါ။ မီနားဗားဟာ လေသံတူပေမဲ့ အကြောင်းအရာ၊ တင်ပြပုံ၊ သုံးစွဲတဲ့စကားလုံးတွေ မထပ်ဘဲ လှပစုံလင်တဲ့  ကဗျာအများအပြားကို အချိန်တိုအတွင်းမှာ ရေးခဲ့တယ်။ “ကျမ” “ကျမတို့” ဆိုတဲ့ အသုံးကြောင့် မီနားဗားရဲ့ကဗျာတွေကို ဖတ်တဲ့အခါ စီးဆင်းမှု ပျော့ပြောင်းညင်သာတဲ့ အရသာကို ခံစားရတယ်။ ဖတ်သူအနေနဲ့ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက် ဆိုတာကို အာရုံထဲရှိနေတဲ့အခါ  ရေးသူပြောချင်တဲ့ သတင်းအချက်အလက်တွေ ဖွဲ့နွဲ့မှုတွေ အိုင်ဒီယာတွေကို နားဝင်အောင် ဖြည်းဖြည်း ပြောပြနေသလို ပိုဖြစ်တယ်။ တချို့ကဗျာတွေဟာ အမျိုးသမီး အကြောင်းအရာဆန်တယ် ဥပမာ “တောင်နဲ့မြူ”၊ “နှင်းလူ” ။ ဒါပေမဲ့ အများစုကတော့ အမျိုးသမီးရဲ့တင်ပြချက် ဖြစ်စရာ တကူးတက မလိုအပ်တဲ့ အတွေးအခေါ်တွေ၊ တင်စားချက်တွေ ဖြစ်တယ်။ တချို့ကဗျာတွေမှာတော့  ပြောသူနာမ်စားကို မထည့်လည်း ရနိုင်လောက်တယ်။ ဥပမာ “မြို့သစ်” ဆိုတဲ့ ကဗျာမှာ ပြောသူနာမ်စား မပါဘဲ တလျှောက်လုံးမှာ မြို့သစ်ရဲ့အကြောင်းတွေကို ဗဟိုပြု ဖွဲ့ဆိုလာပြီး နောက်ဆုံးဝါကျ ရောက်ခါမှ “ကျမစိတ်ထဲဝါးတားတားပဲ” လို့ ထည့်ဖြစ်အောင်ထည့်လိုက်တယ်။ ဒီနေရာမှာ ကျမ ဆိုတဲ့ နာမ်စားမပါဘဲ “စိတ်ထဲဝါးတားတားပဲ” လို့ပြောလိုက်ရင်လည်း ဒါက ကဗျာရေးသူရဲ့စိတ်ထဲ လို့ ဆိုလိုမှန်း နားလည်နိုင်လောက်တဲ့ ဝါကျတည်ဆောက်ပုံဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် Minerva Jupiter ရဲ့ ကဗျာတွေ ဆက်တိုက်စီးဆင်းလာမှုဟာ စောင့်ဖတ်သူတွေအဖို့ စိတ်ဝင်စားစရာကောင်းတယ်။ “ကျမ” ဆိုတဲ့ နာမ်စားဟာ သူ့ကဗျာတွေမှာ အထူးပံ့ပိုးနေတာ ထင်ရှားတယ်။ အခြားသော ရှာဖွေတွေ့ရှိမှုတွေလည်း ရှိနိုင်ပါသေးတယ်။ - မီနားဗားရဲ့ “ကျမ” ဟာ ရေးဟန်တစ်ခု တည်ဆောက်ရုံသက်သက်ပဲလား။ ရေးသူဟာ အမျိုးသမီးတစ်ယောက်ရဲ့ အသံ ဆိုတာကို ဖတ်သူကို မပြတ် သတိပေးချင် သတင်းပို့ချင် နေရုံပဲလား။ အဲဒါဟာ ကဗျာတည်ဆောက်မှုမှာ ဘယ်လို ပိုအရေးပါသွားမလဲ။ တမင်တကာ ရွေးချယ်ထားတဲ့ ပြောသူနာမ်စားကို ရေးသူဟာ ဘယ်လိုရည်ရွယ်ချက် (ကဗျာဆိုင်ရာရည်ရွယ်ချက်) ကြောင့် ကဗျာထဲမှာ တကူးတက ထည့်သွင်းသလဲ။ တစ်ဖက်ကလည်း ကဗျာရေးသူက ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အဲဒီလိုထည့်လိုက်တဲ့အတွက် ကဗျာရဲ့ လေသံ၊ ပေးချင်သောအချက်အလက်၊ နောက်ဆက်တွဲ အနက်ဂယက် စတာတွေအပေါ် ဘယ်လိုထင်ဟပ်ခဲ့သလဲ - ဆိုတာတွေဟာ မြန်မာဘာသာစကားနဲ့ မြန်မာကဗျာအတွက် စိတ်ဝင်စားစရာ လေ့လာချင်စရာကောင်းတဲ့ အချက်တွေလို့ ထင်မြင်မိတဲ့အတွက် ကဗျာလေ့လာသူတွေ ဆက်လက်တွေးတောနိုင်အောင် တင်ပြလိုက်ပါတယ်။

ရည်ညွန်း။ ။ မီနားဗား၏ စာမျက်နှာ link  https://www.facebook.com/profile.php?id=100008148947868&fref=ts

ပန်ဒိုရာ
၂-၇.၃.၂၀၁၅

(နှင်းဆီဖြူဂျာနယ် အတွဲ၁ အမှတ် ၃ တွင် ဖော်ပြပါရှိ)

ကဗျာထဲက ယဉ်ကျေးမှုအရ အငြင်းပွားဖွယ် စကားလုံးများ

$
0
0


ကဗျာထဲက ယဉ်ကျေးမှုအရ အငြင်းပွားဖွယ် စကားလုံးများ

အင်တာနက်ထဲမှာ တွေ့ရတဲ့ ကဗျာတွေထဲမှာ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ လူမှုဝန်းကျင်ရဲ့ အသားကျနေတဲ့ ထုံးတမ်းစဉ်လာကနေ ခွဲထွက်လာတဲ့ အသုံးအနှုန်းတွေ၊ အယူအဆတွေပဲ ဖြစ်ပါတယ်။ သတင်းစာတွေထဲမှာ ပြောလေ့ရှိတဲ့ စကားအတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ဆိုရပါမယ်။ ဂန္ထဝင်ကဗျာယဉ်ကျေးမှု၊ ကဗျာ့ထုံးတမ်းစဉ်လာ၊ ဆန်းကျမ်းတွေနဲ့ တိုင်းတာမယ်ဆိုရင်လည်း ကဗျာရေးတဲ့အခါ  ဒီလို ရေးသားမှုတွေကို စကားလုံးကြမ်းတမ်းတဲ့ ဂါမ္မဒေါသသင့်တယ်လို့ ဆိုကြပါလိမ့်မယ်။

မြန်မာစကားမှာ ယဉ်ကျေးမှု ဆိုတဲ့ ဝေါဟာရကိုက မရှင်းမရှင်း ဖြစ်တတ်ပါတယ်။ polite (ယဉ်ကျေးသိမ်မွေ့တယ်) ဆိုတဲ့ အဓိပ္ပာယ်နဲ့ civilization (ပြောင်းလဲဖြစ်ပေါ်နေတဲ့ သမိုင်းယဉ်ကျေးမှု အလေ့အထ) ဆိုတဲ့ အဓိပ္ပာယ်ကို ရောရောထွေးထွေး ပြောတတ်ကြပါတယ်။ ကဗျာဟာ polite ဖြစ်စရာ မဖြစ်မနေ လိုအပ်ပါသလား။ civilization ဟာ ပြောင်းလဲတတ်တယ်ဆိုရင် ကဗျာ့ civilization ထဲမှာ ဘယ်ဟာက polite ဖြစ်တယ် ဘယ်ဟာက polite မဖြစ်ဘူး ဆိုတဲ့ လူတွေရဲ့ သတ်မှတ်ချက်နဲ့ အယူအဆတွေကရော အမြဲတစေ တသမတ်တည်း ဖြစ်နေနိုင်ပါဦးမလား။ ဒါတွေဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။  ပြောင်းလဲတတ်တဲ့ ယဉ်ကျေးမှုစံ၊ တန်ဖိုးတွေနဲ့ ပတ်သက်လို့ ပြောဆိုရတာ အင်မတန် ခက်ခဲလှပါတယ်။

မသင့်တော်ဘူးလို့ ယူဆကြတဲ့ စကားလုံးတွေကို ပုံနှိပ်မီဒီယာထက် အင်တာနက်ထဲက ကဗျာတွေထဲမှာ အဓိက မြင်တွေ့လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုက လွတ်လပ်မှုနဲ့ဆိုင်ပါတယ်။ ဒီလို ရေးသားလာကြတာ ယနေ့ခေတ်မှ လို့တော့ တပ်အပ်ပြောရတာ ခက်ပါတယ်။ ပုံနှိပ်မီဒီယာမှာရေးကြတဲ့ ကဗျာဆရာတွေထဲမှာလည်း ယခင်ကတည်းက ဒီလို ရေးသားခဲ့ကြတာမျိုး ရှိနိုင်ပေမဲ့ အများပြည်သူ ဖတ်ရှုနိုင်တဲ့ နေရာတွေမှာ မြင်တွေ့ခွင့်ရဖို့တော့ ခက်ခဲပါတယ်။ (၁) စိစစ်ရေးကြောင့်ပါ။ (၂) အယ်ဒီတာတွေရှိလို့ပါ။ အခုအချိန်ကာလမှာတော့ စိစစ်ရေး မရှိတော့ပေမဲ့ အယ်ဒီတာတွေ ရှိနေပါသေးတယ်။ လူမှုဝန်းကျင်အတွက် အငြင်းပွားဖွယ် အရေးအသားတွေနဲ့ ကဗျာတစ်ပုဒ်ကို ပုံနှိပ်စာစောင်ပေါ်ကို ဖြတ်သန်းပေးဖို့ အယ်ဒီတာ့အနေနဲ့ ခက်ခဲနေဦးမှာပါ။ 

ဒီနေရာမှာ ကဗျာရည်ရွယ်ချက်က အရေးကြီးတယ်လို့ ယူဆပါတယ်။ ဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရအောင် တမင်ရေးသားကြတယ်၊ တစ်ယောက်ရေးလို့ အားကျမခံ လိုက်ရေးတယ်လို့ ထင်မြင်စရာတွေလည်း အများကြီး ရှိပါတယ်။ တချို့က တီထွင်စမ်းသပ်မှု ကဗျာ့နည်းစနစ်ဆိုင်ရာ၊ ကဗျာဝါဒဆိုင်ရာကြောင့် ရေးသားကြတာဖြစ်နိုင်ပါတယ်။ အမေရိကန် flarf ကဗျာဆရာမ နာဒါဂေါဒင်က ကဗျာထဲကို ထည့်ရေးဖို့ မသင့်တော်ဘူး လို့ ယူဆကြတဲ့ စကားလုံးတွေကို သူတို့ရဲ့ flarf ကဗျာတွေမှာ တမင် ထည့်ရေးလေ့ရှိတယ်လို့ ၂၀၁၂ ခုနှစ်က မြန်မာပြည်ကို သူအလည်လာခဲ့စဉ် ကျင်းပတဲ့ ကဗျာ workshop မှာ ပြောပြသွားခဲ့ပါတယ်။ flarf ကဗျာကို လိုက်စားကြတဲ့ PEM Skool က ကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာ ဒီလို စကားလုံးတွေ တွေ့နိုင်ပါတယ်။ တချို့က သဘာဝကျအောင် လိုအပ်တယ် ထင်လို့ ရေးသားကြတာ ဖြစ်နိုင်ပါတယ်။ facebook ခေတ်မစားခင် blog တွေထဲမှာ ကဗျာဆရာ မြေမှုန်လွင်ရဲ့သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့” ဆိုတဲ့ ကဗျာတစ်ပုဒ်ကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ဧရာဝတီစာပေပွဲက ဆွေးနွေးပွဲတစ်ခုမှာတော့ ဆရာမြေမှုန်လွင်က သူ့ရဲ့ရေးသားမှုတွေဟာ တကယ်တော့ realism တွေဖြစ်ကြောင်း၊ လူငယ်တွေရဲ့ အပြင်လက်တွေ့လောကမှာ ပြောဆိုနေကြတဲ့ အသုံးအနှုန်းတွေ၊ ဖြစ်ပျက်နေကြတဲ့ အဖြစ်အပျက်တွေကို သူက အရှိအတိုင်း ပြန်ပြောပြခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ ပွင့်လင်းရဲတင်းတဲ့ အသုံးအနှုန်းတွေ၊ အရိုအသေ ကင်းမဲ့တယ်လို့ ယဉ်ကျေးမှုအရ သတ်မှတ်ကြတဲ့ ပြောဆိုမှုတွေ၊ ဆဲရေးတယ်လို့ သတ်မှတ်ထားတဲ့ စကားလုံးမျိုးတွေကို  အင်တာနက်ထဲက ကဗျာအချို့မှာ တွေ့မြင်နေရပါတယ်။ လူငယ်အမျိုးသားတွေသာမက လူငယ်အမျိုးသမီးတွေပါ ဒီလို ရေးသားနေတာကလည်း အထူးအဆန်း မဟုတ်တော့ပါဘူး။ ကဗျာဆရာမ ချိုပိန်းနောင်ရဲ့ ကဗျာတစ်ပုဒ်ကို တင်ပြလိုက်ပါတယ်။

အမေဟာ စောက်ဆန်းကြီး

အမေဟာ တစ်နှစ်မှာ တစ်ခါလောက်ကျမတို့ကို စောက်ဆန်းကြီးတွေ လုပ်လုပ်ပြတယ်
လုပ်ပြတိုင်းလည်း ကျမတို့ ထင်မထားတဲ့ရက် ထင်မထားတဲ့ အချိန်တွေမှာချည့်ပဲ
အခုလည်း လွန်ခဲ့တဲ့ ၈ ညက ကျမကဗျာစာအုပ်တစ်အုပ်လက်ဆောင်ရလာတယ်
တစ်ခါမှ ကဗျာမဖတ်တဲ့ အမေက ပြစမ်းဆိုပြီး စာအုပ်လာလှန်တယ်
ကျမပြလိုက်တော့ ငါဝယ်မယ်ဆိုပြီး ပိုက်ဆံပေးသွားတယ်
ကျမမှာ စောက်ဆန်းကြီးဖြစ်လို့
နောက်ရက်တွေမှာ သူနဲ့အတူအိပ်နေကျ အဖေနဲ့ မအိပ်တော့ဘူးဆိုပြီး အဖေ့ကို ကုတင်ပေါ်က မောင်းချတယ်
အဖေက စောက်ဆန်းကြီးဖြစ်ပြီး အပြင်ကို ထွက်အိပ်တယ်
အမေက နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အကျအနမှောက်
ဘေးက မှန်အိမ်ကို မီးစာအဆုံးထိမြှင့်ပြီး
ကဗျာစာအုပ်ကို ကောက်ဖတ်တယ်
ဖတ်ရင်း ဖတ်ရင်း တစ်ခါတစ်လေ အင်း အင်းဆိုပြီး သူ့ဟာသူ စာအုပ်ကို ခေါင်းတွေညိတ်ပြတယ်
သုံးလေးရက် ဒီတိုင်းလုပ်နေတယ်
ကျမက တံခါးကြားက ခိုးကြည့်နေတော့ သူဘာလုပ်လဲမြင်ရတယ်
တစ်မနက်ကျ ဒီစာအုပ်ထဲ နင့်ကဗျာတွေပါတယ် ဒီလိုမှန်းသိ ငါမ၀ယ်ပါဘူးဆိုပြီး အတင်းလာပြန်ပေးတယ်
ကျမပြန်ပေးလိုက်တော့ အင်တင်တင်နဲ့ ပြန်ယူသွားတယ်
နေ့လယ်စာ စားပြီးတော့ သူကျမကိုလာပြောတယ်
“ဒီကဗျာစာအုပ်ထဲက ကဗျာဆရာတွေလက်မှတ်ငါလိုချင်တယ်”
ကျမနဲ့ သိပ်မသိတဲ့ ကဗျာဆရာတွေဆီ ကျမသွားတယ်
လက်မှတ်လေးထိုးပေးပါလို့ သွားတောင်းဆိုတယ်
အားလုံး ကြည်ကြည်သာသာလက်မှတ်ထိုးပေးကြတယ်
ဒီမှာ လက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ အိမ်ရောက်ရင် ပြောလိုက်မယ်လို့ ၀မ်းသာပြီး ကျမအားခဲလာတယ်
သူဝမ်းသာသွားမှာပဲ
အိမ်ပြန်ရောက်တော့ ဒီမှာလက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ ကျမသူ့ကိုပြောလိုက်တယ်
အေး ဒီမှာချထား
ကျမ သူ့ကိုကြည့်ပြီး သူပြောတဲ့နေရာမှာ စာအုပ်ချထားပေးလိုက်တယ်
အဲဒီညက သူအလုပ်များတယ်
ကျမကလည်း ညဘက်အိမ်ပြန်မအိပ်ဘူး
နောက်ရက်တွေလည်း ကျမအိမ်ပြန်မအိပ်ဖြစ်ဘူး
သူ့သတင်းကိုလည်း ကျမ မကြားဘူး
နောက်ရက် ကျမအိမ်ပြန်တယ်
ကဗျာစာအုပ်ကို ကျမမေ့နေတယ်
ညဘက်ရောက်မှ အမေမှန်အိမ်ကိုင်နေမှ သတိရပြီး သူ့ကို မေးလိုက်တယ်
အမေ ကဗျာစာအုပ်ရော
သူက ပြန်ပြောတယ်
အေး ငါမေ့နေတာ ရှိတယ် ဟုတ်တယ် ဟုတ်တယ်
ဆိုပြီး ကဗျာစာအုပ်ကို မီးဖိုချောင်ထဲက သွားဆွဲထုတ်လာပြီး အနောက်ဖက်ထွက်သွားတယ်
ကျမ သူဘာလုပ်မလဲသိရအောင် သူ့နောက်လိုက်သွားတယ်
အိမ်နောက်က မြေကွက်လပ်မှာ သူစာအုပ်ကိုချတယ်

လေတိုက်နေတော့ စာရွက်တွေက တဖျတ်ဖျတ်လန်နေတယ်
ကဗျာဆရာတွေရဲ့ လက်မှတ်မည်းမည်းတွေကို လရောင်အောက်မှာ မည်းမည်းမြင်ရတယ်
စာအုပ်ကိုကြည့်နေတော့ သူ့လက်ထဲက ရာဘာတုံးလေးနဲ့ မီးခြစ်ကို သတိမထားမိဘူး
  
အမေဟာ စတင်မီးရှို့တော့တာပဲ
ကျမ သူ့ကိုကြည့်နေတယ်
သူ ကျမကိုပြန်ကြည့်တယ်

ပြီးတော့ စာအုပ်တကယ်ပြာကျ မကျ ပြန်ကြည့်တယ်
ပြာကျသွားတော့ မီးလောင်စာတွေကို ရေနဲ့ပြန်ပက်တယ်
ငါ့စာအုပ်လေး နှမြောစရာလို့ သူရွတ်တယ်
ဂွတ်နိုက်လို့ သူပြောတယ်
ငါမနက် အလုပ်သွားရဦးမယ်
အမေဟာ ဒီအချိန်ဆို တရှူးရှူးအိပ်ပျော်နေမှာပဲ
အမေဟာတကယ်
စောက်ဆန်းကြီးပဲ။         ။

ချိုပိန်းနောင်
(3/28/15) (Saturday) (11:16 PM)
(Thanks Mom. I inspired you! )

ရိုးရှင်းတဲ့ ဖွဲ့စည်းပုံနဲ့ ရေးထားတဲ့ ချိုပိန်းနောင်ရဲ့ ကဗျာမှာ အဓိက ဆန်းပြား အငြင်းပွားဖွယ် အချက်ကတော့ အနန္တဂိုဏ်းဝင်လို့ မြန်မာ့ထုံးတမ်းစဉ်လာအရ၊ အထူးသဖြင့် ဗုဒ္ဓဘာသာအရ သတ်မှတ်ထားတဲ့ မိခင်ကို ဆဲရေးတဲ့စကားလုံးလို့ သတ်မှတ်ကြမဲ့ ဘန်းစကားတစ်ခုနဲ့ ယှဉ်တွဲထားတာပါပဲ။ ရှေ့မှာ ဖော်ပြခဲ့သလို ကဗျာ့ရည်ရွယ်ချက်က အရေးကြီးပါမယ်။ ကဗျာပါ အကြောင်းအရာဟာ တကယ့်အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်။ သိရသလောက် ချိုပိန်းနောင်ရဲ့ အမေဟာ ကဗျာစာအုပ်ကို ဖတ်တာ၊ ကဗျာဆရာတွေကို လက်မှတ်ထိုးခိုင်းတာ တကယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာတစ်ပုဒ်လုံးကို အတည်ယူဖို့ကတော့ ခက်ပါတယ်။ ယနေ့ခေတ်မှာ မသုံးတော့တဲ့ မှန်အိမ်နဲ့ စာဖတ်တယ် ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို သတိပြုမိတဲ့အခါ၊ အမေက စာအုပ်ကို မီးရှို့တယ်ဆိုတာကလည်း တကယ် ဖြစ်ခဲ့တာ ဟုတ်မဟုတ်၊ ဒါဆိုရင် ကဗျာထဲမှာ မိခင်ကို မလေးစားတဲ့ ရည်ရွယ်ချက်နဲ့ အငြင်းပွားဖွယ် ဝေါဟာရကို သုံးလိုက်တာရော ဟုတ်ပါ့မလား၊ ဆရာမြေမှုန်လွင်ပြောခဲ့သလို ဒီဝေါဟာရဟာ ယနေ့ခေတ် လူငယ်တို့ကြားမှာ သာမန်အသုံးတစ်ခုမို့ ပြောဆိုနေကျ သဘာဝအတိုင်း ထည့်သွင်းထားသလား ဆိုတာကို စဉ်းစားစေပါတယ်။ တကယ်လို့ ဆဲရေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တယ်ဆိုရင်ရော၊ ဒါဆိုရင် လူငယ်တွေရဲ့ စံတန်ဖိုးတွေကို နားလည်ဖို့ လိုအပ်လာပါပြီ။ 

မူဝါဒရေးဆွဲသူတွေ၊ ယဉ်ကျေးမှု ထိန်းသိမ်းသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ခေတ်သစ်အဖွဲ့အစည်းကို အားပေးလိုသူတွေ၊ တီထွင်ဆန်းသစ်လိုသူတွေ၊ အမျိုးမျိုးသော ဝါဒရေးရာတွေအတွက်တော့ ဒီတွေ့ရှိချက်အပေါ်မှာ ကဲ့ရဲ့ခြင်း၊ တားမြစ်ခြင်း၊ တိုက်တွန်းခြင်း၊ ချီးကျုးခြင်း စသည်ဖြင့် ဘက် တစ်ဘက်ဘက်ကနေ တစ်ခုခု အရေးယူဆောင်ရွက်ကောင်း ဆောင်ရွက်ပါလိမ့်မယ်။ လေ့လာသူအတွက်ကတော့ ဒီလို အရေးအသားတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်ကို အင်တာနက်ထဲက ကဗျာအချို့ရဲ့ စရိုက်လက္ခဏာ အချက်အလက်တစ်ခုအဖြစ် မှတ်သားရုံသာ ဖြစ်ပါတယ်။ 

ပန်ဒိုရာ
၁၄.၄.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အမှတ် ၅ တွင် ဖော်ပြပါရှိပြီး)
Viewing all 97 articles
Browse latest View live