Quantcast
Channel: ပန်ဒိုရာ
Viewing all 97 articles
Browse latest View live

အင်တာနက်ပေါ်က ကဗျာစီးရီးစ်တွဲများ

$
0
0


အင်တာနက်ပေါ်က ကဗျာစီးရီးစ်တွဲများ

ငါမရောက်ဖူးတဲ့မြို့မှာ
ငါမတွေ့ဖူးတဲ့ လူတစ်ယောက်က
ငါမသိတဲ့ နာမည်စာပြား ကိုင်ဆောင်ထားပြီး
ငါ့ကိုကြိုဆို
ဟဲလို

လူအချို့ဟာ အထက်ပါကဗျာထဲက အဖြစ်ကို ကြုံဖူးကြပါလိမ့်မယ်။ မထူးဆန်းခဲ့ပေမဲ့ အခုလို ကဗျာထဲမှာ မီးမောင်းထိုးပြထားလိုက်တော့ တွေးစရာငေးစရာဖြစ်သွားမယ်။ မိမိအတွေ့အကြုံကို ပြန်လည်မြင်ယောင်ပြီ….း ဟုတ်ပေသားပဲ လို့ ရေရွတ်မိမယ်။ ရေးသူက ကဗျာဆရာ”လင်းဇင်ယော်” ဖြစ်ပါတယ်။ ကဗျာရဲ့ခေါင်းစဉ်က “လေယာဉ်(၂၅)”။ လေယာဉ်(၂၅) ဖြစ်ရခြင်းအကြောင်းရင်းက ဒီကဗျာဟာ လေယာဉ်လို့ အမည်ရတဲ့ ကဗျာတွေထဲက ၂၅ ပုဒ်မြောက် နံပါတ်စဉ်ထိုးထားတဲ့ ကဗျာ ဖြစ်လို့ပါ။

၁၃.၅.၂၀၁၅ အထိ facebook ပေါ်မှာ နောက်ဆုံးတွေ့ရတဲ့ လေယာဉ်ကဗျာကတော့ အခုလို ဆရီယယ်ဆန်နေပါတယ်။

လေယာဉ် (၆၁)

ခရီးဆောင်အိတ်ကိုဆွဲဖွင့်လိုက်တော့
လျှို့ဝှက်သယ်ဆောင်လာတဲ့လေယာဉ်တွေ
ဖလပ်ဖလပ်နဲ့ ပျံထွက်သွား

ပထမဆုံး လေယာဉ်ကဗျာမှာတော့ ကွန်ဆက်ချူရယ်ဆန်ဆန် အချက်အလက်တွေ ကောက်ယူချရေးထားရုံပါ။

လေယာဉ် (၁)

စင်ကာပူစံတော်ချိန် ၄:၄၅
ဘန်ကောက်စံတော်ချိန် ၃:၅၀
လန်ဒန်စံတော်ချိန် ၈:၅၀
နျူးယောက်စံတော်ချိန် ၃:၅၀
မြန်မာစံတော်ချိန် ၃:၂၅

လင်းဇင်ယော်ဟာ မြိတ်မြို့မှာနေထိုင်တယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်ကနေ စတင်ပြီး မြိတ်မြို့ကနေ အင်တာနက်ထဲကို တင်လိုက်တဲ့ အမှတ်စဉ် ၁ ကနေ ၆၀ ကျော်အထိ ကဗျာတွဲကို မြန်မာပြည် အခြားဒေသတွေမှာသာမက ကမ္ဘာအရပ်ရပ်မှာ နေထိုင်တဲ့ စာဖတ်သူတွေဟာ အင်တာနက်ရှိရင် သူတင်လိုက်တဲ့အချိန်နဲ့ တပြေးညီ အစဉ်မပြတ် ဖတ်ရှုလို့ရတယ်။ ကဗျာတွေမှာ ရေးဟန်ကန့်သတ်မှုမရှိဘူး။ လေယာဉ်ကို ဦးတည်ထားပေမဲ့ အမြင်ထောင့်လည်း ကန့်သတ်မှုမရှိဘူး။ လေယာဉ်ပေါ်မှာ၊ လေယာဉ်အောက်မှာ၊ လေယာဉ်ကွင်းမှာ၊ စိတ်ကူးထဲမှာ၊ ရုပ်ရှင်ထဲမှာ၊ ဖီလော်ဆော်ဖီထဲမှာ၊ နေရာတကာမှာ။ အများစုက ကဗျာတိုတွေဖြစ်တယ်။ တစ်နေရာမှာ တစ်ထိုင်ထဲ ရေးတဲ့ကဗျာတွေ မဟုတ်သလို အားလုံးကို ပြန်လည်ဖတ်ရှု တည်းဖြတ်ပြီးမှ အများဖတ်နိုင်အေင် တပြိုင်နက် ထုတ်ဝေတာမျိုးလည်းမဟုတ်ဘူး။ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်ချင်းကို စဉ်းစားရင်း၊ ပြုလုပ်ရင်း ကျေနပ်တဲ့အခါ မိမိကိုယ်တိုင် facebook status အနေနဲ့ တင်လိုက်ရင်း၊ ဆက်ဆက်ရေးသွားတယ်လို့ ယူဆရတယ်။

မောင်ယုပိုင် ရဲ့ ဒရာမာ နဲ့ ကျွန်းမြို့မှတ်စု ၊ ခင်အောင်အေးရဲ့ ဘီအာ နဲ့ ငှက်ကလေး၊  ဟံလင်းရဲ့ မိသားစု၊ မှုးနေဝန်းရဲ့ လူတစ်ယောက်နဲ့ပင်လယ်တစ်ကောင်၊ အေဖန့်ဖန့်ရဲ့ ရွှေရောင်လျှာ အစရှိတဲ့ ကဗျာတွဲတွေဟာလည်း ထိုနည်းတူပါပဲ။ ကဗျာဆရာ ခရမ်းပြာထက်လူကတော့ ကဗျာရှည်တစ်ပုဒ်ရဲ့ စာကြောင်းတွေကို facebook status မှာ ခွဲခွဲပြီး တင်ခဲ့တယ်။ ဒါဟာ ဥပမာ အနည်းငယ်သာရှိသေးတယ်။ ယနေ့အင်တာနက်ထဲက ကဗျာဆရာ အများအပြားဟာ စီးရီးစ်တွဲလိုက်ကဗျာတွေ အများအပြား ရေးလာကြတာကို တွေ့ရတယ်။  

အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ခေါင်းစဉ်တူဖြစ်စေ၊ နံပါတ်စဉ်ထိုးလို့ဖြစ်စေ၊ ခေါင်းစဉ်ကွဲနဲ့ဖြစ်စေ ကဗျာတို ကဗျာလတ်တွေ အများအပြား အတွဲလိုက်ရေးသားတာဟာ မြန်မာပြည်မှာရော နိုင်ငံတကာမှာပါ ယခင်ကတည်းကရှိခဲ့ပါတယ်။ မဂ္ဂဇင်း၊စာစောင်တွေထဲမှာ ဆက်တိုက်ဖော်ပြတာတွေရော၊ စာအုပ်အနေနဲ့ စုစည်းထုတ်ဝေတာရော ရှိပါတယ်။ ဒီလိုရေးသားပုံမျိုးဟာ အသစ်အဆန်းမဟုတ်ပါဘူး။ အင်တာနက်ထဲမှာ စီးရီးစ်တွဲ ကဗျာတွေရေးသားတဲ့အခါ ပုံနှိပ်မှာ ဖော်ပြတဲ့ စီးရီးစ်တွဲတွေနဲ့ ဘာကွာသလဲလို့ မေးရင်တော့ ခပ်ပါးပါးသာရှိမယ်။ အဲဒါကတော့ ဖတ်သူရော ရေးသူမှာပါ ပုံနှိပ်မှာ မဖြစ်ပေါ်နိုင်တဲ့ ခံစားနိုင်ခွင့်တွေ ရှိလာနိုင်တာ ဖြစ်တယ်။

အခြေခံအချက်အလက် တစ်ခုအနေနဲ့တော့ အင်တာနက် စာမျက်နှာထဲမှာတော့ နောက်ဆုံးတင်ထားတဲ့ စာပိုဒ်တွေကို အရင်မြင်ရပြီး ရှေ့ကကဗျာတွေကို အောက်ဆင်းပြီး ဖတ်မှ နောက်မှ မြင်ရတယ်။ ဒီတော့ အစဉ်တစ်စိုက်ဖတ်ရှုသူမဟုတ်တဲ့ စာဖတ်သူအသစ်ဟာ ကဗျာစီးရီးစ်တစ်တွဲကို facebook status ကနေ ဖြစ်စေ blog ထဲမှာဖြစ်စေ ဖတ်ရှုတဲ့အခါ နောက်ဆုံးတင်ထားတဲ့ ကဗျာကနေ စဖတ်ဖို့ ဖြစ်လာမယ်။ အစဉ်တစိုက် လိုက်ဖတ်နေသူကတော့ အဟောင်းတွေဟာ အောက်မှာ ကျန်ရစ်ပြီး ကဗျာနံပါတ်စဉ် အသစ်ပေါ်လာတာနဲ့ ချက်ချင်းမြင်နိုင်တဲ့ အကျိုးကိုရမယ်။ တစ်ခါတလေလည်း လူကြိုက်များတာ၊ နောက်ဆုံး like ထား၊ comment ရေးထားတာ၊ tag ထားတာ ဒါတွေပေါ်မှာ မူတည်ပြီး မိမိရဲ့ timeline ပေါ်မှာ အထက်အောက် အစီအစဉ်တွေ ပေါ်ချင်သလို ပေါ်နေနိုင်ပါသေးတယ်။ ပုံနှိပ်ဖော်ပြမှုမှာတော့ အရာရာဟာ အစီအစဉ်တကျဖြစ်တယ်။ ဖတ်ရှုသူက ဖတ်ချင်သလို ရွေးချယ်ဖတ်နိုင်တယ်။

အင်တာနက်ထဲမှာ ကဗျာစီးရီးစ်အသစ်တစ်ပုဒ်ကို issue တစ်ခုပြီးမှ တစ်ခု အချိန်မှန်ထွက်လာတဲ့   ပုံနှိပ်စာစောင်လို တစ်ပတ်၊ တစ်လ တိတိကျကျ စောင့်မျှော်စရာမလိုဘူး။ ဒါပေမဲ့ ဘယ်နေ့ ဘယ်အချိန် ထွက်ပေါ်လာမယ်လို့ အာမဘန္တေလည်းမရှိဘူး။ ကဗျာဆရာပေါ်မှာပဲ မူတည်တယ်။ ကဗျာတစ်ပုဒ်နဲ့ တစ်ပုဒ် အချိန်အကွာအဝေးဟာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလည်း ဖြစ်နိုင်သလို လနဲ့၊ နှစ်နဲ့လည်း ချီကြာသွားနိုင်တယ်။

ကဗျာရေးသူတွေဘက်ကရော အင်တာနက်ထဲမှာ စီးရီးစ်တွဲကဗျာတွေ အများအပြား ပိုရေးလာကြတာ ဘာကြောင့်လဲ။ ဆရာခင်အောင်အေးကတော့ သူ့ကဗျာအတော်များများကို facebook status ပေါ်မှာ တိုက်ရိုက် ချရေးဖြစ်တယ်လို့ဆိုပါတယ်။ သူ့ ကွန်ပျူတာ ထဲမှာတောင်မှ ချက်ချင်း file မသိမ်းဖြစ်ဘဲ တစ်လတန်သည် နှစ်လတန်သည် အချိန်တစ်ခုရောက်မှ status တွေထဲကို ပြန်သွားပြီး file အဖြစ် စုစည်းဖြစ်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ အတွဲလိုက် ကဗျာတွေနဲ့ ပတ်သက်လို့ တစ်ခါတလေလည်း ကဗျာတစ်ပုဒ်ကို စရေးချိန်က မရည်ရွယ်ဘဲ နောက်မှ စီးရီးစ်တွေ ဆက်ရေးဖြစ်တာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် ငှက်ကလေးကဗျာတစ်ပုဒ်ကို ပထမဆုံး စရေးပြီးတဲ့အခါ တခြားပုံစံတွေနဲ့ ရေးကြည့်ဦးမှပဲ ဆိုပြီး လေးလုံးစပ်ပုံစံ၊ ဟိုက္ကူပုံစံ စသည်ဖြင့် ရေးကြည့်ပြီး ငှက်ကလေးပေါင်းများစွာ ဆက်လက်ရေးသားဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အင်တာနက်ကိုဖွင့်ပြီး facebook status ပေါ်မှာ လက်ကွက်ကိုအသင့်ပြင်ထားပြီး တစ်ချိန်တည်းမှာပဲ အွန်လိုင်းစာမျက်နှာပေါ် တက်လာတဲ့ အခြားသော ကဗျာရေးသူများရဲ့ ကဗျာတွေကိုလည်း မြင်ရ ဖတ်ရတဲ့အခါ  သူ့အတွက်တော့ ကဗျာတွေရေးဖြစ်အောင် လှုံ့ဆော်ပေးစေတယ် လို့လည်း ဆရာခင်အောင်အေးက ပြောပြခဲ့ပါတယ်။

အင်တာနက်ပေါ်မှာ မြင်ရတဲ့ ကဗျာစီးရီးစ်တွဲတွေနဲ့ ယခင်ပုံနှိပ်မှာ တွေ့နေကျ စီးရီးစ်တွဲတွေ ရေးသားဖတ်ရှုခြင်းဟာ ဘာခြားနားသလဲ၊ အွန်လိုင်းဆိုင်ရာ နည်းပညာတိုးတက်မှုဟာ မြန်မာကဗျာစီးရီးစ်တွဲတွေ အများအပြားပိုရေးဖြစ်အောင် အထောက်အပံ့ ဘယ်လောက်ဖြစ်/မဖြစ် ဆိုတာ အပြင်ပန်း လေ့လာရုံနဲ့ ထင်ထင်ရှားရှား ကောက်ချက်ချနိုင်ဖို့ရာ သိမ်မွေ့လွန်းလှပါတယ်။ ဖတ်သူတွေရော ရေးသူတွေပါ ကူညီစဉ်းစားဖို့ လိုအပ်ပါမယ်။ 

·         ရေးသူဟာ မိမိတစ်ဦးတည်း ဖတ်မဲ့ မှတ်စုစာအုပ်လိုမျိုးမှာ ချရေး သိမ်းဆည်းပြီး နောက်တစ်ပုဒ်ကို ဆက်ရေးတာနဲ့ စာရင် ကွန်ပျူတာရှေ့ထိုင်ကာ တစ်ပုဒ်ပြီး တစ်ပုဒ် ရေးချပြီးလိုက်တိုင်း အများဖတ်ရှုဖို့ မိမိဘာသာ ထုတ်ဝေနိုင်တဲ့အခါ စီးရီးစ်တွဲလိုက် ပိုရေးချင်စိတ်ဖြစ်သလား။   
·         ဖတ်သူရဲ့ တုံ့ပြန်မှု (like, comment, share) စတာတွေဟာ ကဗျာစီးရီးစ်တွဲတွေ ပိုရေးဖြစ်စေသလား။ ဒီလိုမဟုတ်တောင် အနည်းဆုံးတော့ ကဗျာရေးသူဟာ ဖတ်သူဆီကို အင်တာနက်ထဲမှာ ချက်ချင်းအရောက်ပို့နိုင်တယ်လို့ အသိစိတ်နဲ့ ရေးနေတဲ့အခါ စီးရီးစ်လိုက် ဆက်ရေးဖြစ်ဖို့အတွက် စိတ်ကူးဥာဏ် ကွန့်မြူးမှုကို အထောက်အပံ့ဖြစ်သလား။
·         ကဗျာဖတ်သူဟာ ကဗျာစီးရီးစ်တွဲအားလုံးကို အတူတကွ မြင်နိုင်တဲ့ စာအုပ်ထဲမှာ တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်တာနဲ့ အင်တာနက်ထဲမှာ တင်ပြီးသား ကဗျာတွေကို scroll down လုပ်ပြီး ဖတ်ရတာနဲ့ အရသာခြင်း ခြားနားမှုရှိသလား။
·         အင်တာနက်ထဲက ကဗျာစီးရီးတစ်ပုဒ်နဲ့ နောက်အသစ်စီးရီးတစ်ပုဒ်မလာခင် ခြားထားတဲ့၊ ပုံမှန်လည်း ဟုတ်ချင်မှဟုတ်မဲ့ အချိန်နေရာလပ် (irregular space) ဟာ ဖတ်သူနဲ့ ရေးသူတို့အတွက် ပိုမိုစိတ်ဝင်စားမှု၊ ပိုမိုလွတ်လပ်မှု စတဲ့ သက်ရောက်မှုတွေဖြစ်စေသလား။
·         ကဗျာရေးနေရင်းနဲ့ တစ်ချိန်တည်းမှာ အခြားသော ကဗျာရေးသူတွေ၊ ရေးဖော်ရေးဖက်တွေရဲ့ ကဗျာတွေ ကို အင်တာနက်ထဲမှာ မြင်နေရတာ၊  အင်တာနက်ထဲက search engine နဲ့ အကြောင်းအရာတွေကို အလွယ်တကူရှာဖွေနိုင်တာ ဟာ စီးရီးစ်တွဲ ကဗျာတွေရေးဖြစ်ဖို့ လှုံ့ဆော်မှု၊ ကုန်ကြမ်း၊ စတဲ့ တစ်နည်းတစ်ဖုံ အထောက်အပံ့ဖြစ်စေသလား။


ပန်ဒိုရာ
၁၃-၁၅.၅.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အတွဲ ၇ တွင် ဖော်ပြပါရှိပြီး)





ဘာသာပြန်ပရောဂျက်များ ၂၀၁၅

$
0
0
(၁) 

UK က ထုတ်ဝေတဲ့ Modern Poetry in Translation မဂ္ဂဇင်း ယခုနောက်ဆုံး issue မှာ ကဗျာဆရာမ မအိ၊ ညိုပြာဝိုင်၊ ငယ်ငယ် (ကျောက်ဆည်) နဲ့ မွန်းသူအိမ် တို့ရဲ့ ကဗျာဘာသာပြန်တွေကို ဖော်ပြထားပါတယ်။ အဲဒီမဂ္ဂဇင်း ထဲမှာ မြန်မာကဗျာဆရာမတွေကို အထူးကဏ္ဍတစ်ရပ်အနေနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ သူတို့က ကြိုးညှိခြင်းထဲမှာ ပါဝင်ခဲ့တဲ့ ဆရာမတွေထဲက လိုချင်တယ် ဆိုလို့ ၂၀၁၃ နှစ်စပိုင်းလောက် ကတည်းက UK က ကဗျာဆရာမ ၄ ဦးနဲ့ အတူ ပူးပေါင်းပြီး ဘာသာပြန်ခဲ့ကြတာဖြစ်ပါတယ်။ စာမျက်နှာ အကန့်အသတ်ကြောင့် မြန်မာကဗျာဆရာမ ၄ ဦးကိုသာ ဖော်ပြနိုင်ခဲ့ပါတယ်။ ကြိုးညှိခြင်းထဲမှာ မပါဝင်ခဲ့ပေမဲ့ ကျွန်မ ထည့်စေချင်တဲ့ အခြား ကဗျာဆရာမတွေ နောက်ထပ် အသစ်ပေါ်လာတဲ့ လူငယ်မျိုးဆက်တွေကိုတော့ မထည့်နိုင်ခဲ့ပါဘူး။ အခွင့်အရေးရရင် အမျိုးသမီးတွေ အပါအဝင် မြန်မာကဗျာဆရာတွေရဲ့ ကဗျာတွေကို နိုင်ငံတကာက အထင်ကရ မဂ္ဂဇင်းတွေမှာ ဒီ့ထက်ပိုပြီး ပါဝင်စေချင်ပါသေးတယ်။

မြန်မာကနေ အင်္ဂလိပ်ကို ကဗျာတွေ ဘာသာပြန်တဲ့အခါ ကျွန်မအနေနဲ့ တစ်ဦးတည်း ဘာသာပြန်တာထက် မိခင်ဘာသာ အင်္ဂလိပ်စကားပြောသူများနဲ့ တွဲပြန်ရဖို့ကို ပိုစိတ်ဝင်စားပါတယ်။ ကျွန်မရဲ့ လိုအပ်ချက်တွေကို သင်ယူချင်လို့ ဖြစ်ပါတယ်။ ကဗျာဆရာမ မအိရဲ့ ကဗျာတွေကို ဘာသာပြန်တဲ့အခါ Stephanie Norgate ဆိုတဲ့ အင်္ဂလိပ်ကဗျာဆရာမက သူ့ရဲ့ အတွေ့အကြုံလေးတွေကို အခုလို ရေးထားခဲ့ပါတယ်။   http://www.mptmagazine.com/article/the-challenges-of-working-on-versions-of-ma-eis-poems-69/


(၂)

အာရှနွယ်ဖွား အမေရိကန် ကဗျာဆရာမ ပါဗီရှား (Purvi Shah) ရဲ့ "You hear a song in your wings"ကဗျာကို မြန်မာလို ဘာသာပြန်ပေးခဲ့ပါတယ်။  ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်တဲ့ ပါဗီရှားရဲ့ ကဗျာပရောဂျက်တစ်ခု ဖြစ်ပါတယ်။ မူရင်းရော ဘာသာပြန်ပါ အိုင်အိုဝါက ပြည်သူ့စာကြည့်တိုက်ရဲ့ မှန်ပြတင်းတွေမှာ ကပ်ပြီး အခုလို ခင်းကျင်းပြသထားပါတယ်။ (photo by Purvi Shah)





အင်တာနက်ထဲက စုပေါင်းစပ်ပေါင်းကဗျာများ

$
0
0


အင်တာနက်ထဲက စုပေါင်းစပ်ပေါင်းကဗျာများ



“ကဗျာတစ်ပုဒ် နှစ်ယောက်တွဲရေးတာ ဘာမှ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ရှေ့မှာ အများကြီး။ ကျွန်တော်ကတော့ fcebook သုံးရင်း FB ရဲ့ ဖန်ရှင်တွေကိုအသုံးချပြီး လုပ်လို့ရတဲ့ ကဗျာအလုပ်တစ်ခု လုပ်ကြည့်ဖို့ စိတ်ကူးမိတာပါလေ။ Group page တစ်ခုဖွင့်၊ ကော်မန့်ရေးစရာ ဘောက်စ်တွေနေရာမှာ ကဗျာရိုက်ထည့်ရင်း အပြန်အလှန်ရေးကြပေါ့”

ကဗျာတစ်ပုဒ်ကို ကဗျာဆရာတစ်ဦးထက်ပိုပြီး စုပေါင်းရေးသားကြတာ ယခင်ကတည်းက offline မှာ ရှိခဲ့ပါတယ်။ အင်တာနက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အကွာအဝေးတွေဟာ ကျုံ့လာတဲ့အတွက် ကဗျာရေးသူ တစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှုတွေဟာ ပိုပြီး မြန်ဆန် လွယ်ကူလာပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ပေါ်ထွက်လာတဲ့ ဥပမာတစ်ခုကတော့ ၂၀၁၅ ဖေဖေါ်ဝါရီက ထုတ်ဝေလိုက်တဲ့ ကဗျာဆရာမောင်ယုပိုင်ရဲ့ “Double Poetry Project” ဖြစ်ပါတယ်။ အထက်စာပိုဒ်ပါ စာသားတွေကတော့ Double Poetry Project ရဲ့ အမှာစာထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်။ မြိတ်မြို့မှာ နေထိုင်သူ မောင်ယုပိုင်ဟာ အင်တာနက်ကို သုံးပြီး မြန်မာပြည်အခြားဒေသတွေနဲ့ နိုင်ငံရပ်ခြားနေထိုင်သူ အပါအဝင် ကဗျာဆရာ၊ဆရာမ ၄၄ဦးနဲ့အတူ “နှစ်ယောက်တစ်ပုဒ်” (အနည်းငယ်ကတော့ သုံးယောက်တစ်ပုဒ်) ကဗျာစုစုပေါင်း ၄၂ ပုဒ် ကို ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။ “ကဗျာခေါင်းစဉ်ပူးပေါင်းမှု” မှာ အခြားသော ကဗျာဆရာ၊ဆရာမ ၁၆ ဦးလည်း ပါဝင်ခဲ့ကြပါတယ်။

၂၀၁၅ ကမ္ဘာ့ကဗျာနေ့မှာ အခမဲ့ကော်ပီတွေကို ဖြန့်ဝေခဲ့ပြီး ပုံနှိပ်စာအုပ်ထွက်လာဖို့ စီစဉ်နေဆဲဖြစ်တဲ့ ကဗျာဆရာရဲမြင့်သူ ရဲ့“ရဲမြင့်သူ နှင့် အခြားစစ်ပွဲများ (Collage & Collaboration)” ကဗျာတွေဟာလည်း ထိုနည်းတူဖြစ်ပါတယ်။ မောင်ယုပိုင်က facebook ပေါ်မှာ ပူးပေါင်းမဲ့ ကဗျာဆရာဆရာမ အားလုံးပါဝင်တဲ့ secret group page တစ်ခု တည်ထောင်ပြီး status နဲ့ comment တွေကတဆင့် ရေးသားခဲ့ပါတယ်။ ရဲမြင့်သူကတော့ facebook ပေါ်မှာ secret group page တစ်ခုစီ ကို ကဗျာဆရာ အခြားကဗျာဆရာ ၁၆ ယောက် တစ်ဦးချင်းနဲ့ သီးသန့်စီ တည်ထောင်ပြီး status နဲ့ comment တွေကတဆင့် ကဗျာပူးပေါင်းရေးသားခဲ့တယ်။

မောင်ယုပိုင်ရဲ့ နှစ်ယောက်တစ်ပုဒ်တွေမှာ ရေးသူနှစ်ဦးရဲ့ စာကြောင်းများ ပြန်လည်ရောနှောထားခြင်း တည်းဖြတ်ထားခြင်း မျိုး မတွေ့ရဘဲ ဘယ်သူက ဘယ်စာပိုဒ်ကို ရေးတယ်ဆိုတာကိုလည်း ကဗျာထဲမှာ နာမည်အတိုကောက်နဲ့ ဖော်ပြထားပါတယ်။ ရဲမြင့်သူကတော့ ရေးသူနှစ်ဦးရဲ့ စာကြောင်းတွေကို ပြန်လည်တည်းဖြတ် ရောနှောထားတယ် လို့ဆိုပါတယ်။ ဘယ်စာကြောင်းကို ဘယ်သူရေးတယ်ဆိုတာမျိုး ခွဲခြားဖော်ပြခြင်း မရှိပါဘူး။ ၂ ဦး ပေါင်းရေးရတာ တွဲဖက်ညီတာရှိသလို အဆင်မပြေတာလည်း ရှိတယ်၊ အာရုံခံစားမှုချင်း၊ စာကြောင်းချင်းဆက်စပ်မရလို့ ကဗျာဟာ မကောင်းဘူးလို့ ယူဆတဲ့အတွက် စာအုပ်ထဲ မထည့်ဖြစ်တော့တဲ့ ကဗျာတွေလည်းရှိတယ်လို့ ရဲမြင့်သူက ပြောပါတယ်။

ကဗျာတစ်ပုဒ်ကို ပူးပေါင်းရေးသားတဲ့နေရာမှာ ၂ ဦး သို့မဟုတ် ၃ ဦး ပူးပေါင်းတာတွေကို တွေ့ရပေမဲ့ အဲဒီထက်ပိုများတဲ့ ပူးပေါင်းမှုကတော့ တွေ့ရတာ နည်းပါတယ်။ အောက်ဖော်ပြပါကဗျာကတော့ တွေ့မိသမျှထဲမှာ ကဗျာရေးသူအရေအတွက် အများဆုံး ပူးပေါင်းမှုတစ်ရပ်ဖြစ်ပါတယ်။ စာကြောင်းအချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

တံတားကို အကာအကွယ်ယူပြီး
……
တံတားဆရာ FBI တွေကြားမှာ
တံတားကို အကာအကွယ်ယူထားသူကရော
တံတိုင်းတွေ ခုထိလုံခြုံစွာ ပုန်းခိုနေကြတုန်း
လူထုဆီ
လူရွှင်တော်တွေဆီမှာ
တံတားဆရာနားလည်စပြုလာပြီ
ကက်ဘိနက်မှာ တံတားအကြောင်း ဆွေးနွေးကြမယ်တဲ့
တံတား ခု အဲ့နေရာမှာ ရှိသေးလား
တစ်ယောက်ယောက်က စောင့်ကြည့်နေခဲ့တာ/ဆဲ
တစ်ယောက်ကို တစ်ယောက်က နေသားတကျစောင့်ဆိုင်း
London bridge is falling down
Falling down falling down
ဘယ်သူ နာသွားသလဲ ဘယ်သူတွေ သာသွားသလဲ
တံတားဆရာ အပျော်ဆုံးနေ့ပဲ
ခွေးလာလို့မရအောင် ကြောင်တွေ
နောက်ကွယ်က ကြိုးကိုင်ခဲ့တာ
…..
အထက်ပါကဗျာကို ကဗျာဆရာ ၂၂ ယောက်က တစ်ယောက်ကို စာကြောင်းအနည်းငယ်စီနဲ့ စုပေါင်း ရေးသားခဲ့ပါတယ်။ facebook ပေါ်က comment တွေမှာ ရှေ့ကရေးတဲ့သူရဲ့ စာကြောင်းကို ကြည့်ပြီး နောက်က ဆက်ရေးကြတာဖြစ်ပါတယ်။ ကဗျာထဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ၃ - ၄ ယောက်နဲ့တွေ့တဲ့အခါ ဒီလိုကဗျာမျိုးရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ မေးမြန်းမိတဲ့အခါ အားရမှု သိပ်မရှိကြောင်း ပြောခဲ့ကြပါတယ်။ သူတို့ပြောပြချက်အရ အွန်လိုင်းမှာ ဒီလို လူတွေအများကြီး စုရေးရတာ လွဲချော်မှုတွေလည်း ရှိတတ်ပါတယ် တဲ့။ ကိုယ့်ရှေ့က မှတ်ချက်ထဲက ကဗျာစာကြောင်းကို ကြည့်ပြီး လိုက်ရေးလိုက်တဲ့ စာကြောင်းဟာ ကော်နက်ရှင် အခြေအနေကြောင့် တော်တော်နဲ့ တက်မလာခင် အခြားသူတစ်ဦးရေးလိုက်တဲ့ စာကြောင်းက မှတ်ချက်ထဲမှာ တက်သွားလို့ အဆက်အစပ်မဲ့သွားတာ ဒါမှမဟုတ် အိုင်ဒီယာထပ်သွားတာမျိုး ရှိတတ်ပါသတဲ့။

အပြင် offline မှာတော့ Creative Writing သင်တန်းတွေမှာ  ဂိမ်းဆန်ဆန် ဒီလိုကဗျာရေးကြတဲ့ ရေးနည်းတစ်ခုကို ကြုံတွေ့ခဲဖူးပါတယ်။ ကျောင်းသား အများအပြားရှိတဲ့ အတန်းထဲမှာ စာရွက်လွတ်တစ်ရွက်ကို ပေးပြီး ကဗျာစာကြောင်းတစ်ကြောင်းစီ ရေးခိုင်းပါတယ်။ ဒုတိယရေးသူက ပထမဆုံးရေးသူရဲ့ ကဗျာစာကြောင်းကို ကြည့်ပြီး လိုက်ရေးရပါတယ်။ အဲဒီနောက် ပထမရေးသူရဲ့ စာကြောင်းကို စာရွက်ထဲမှာ ခေါက်ထားလိုက်ပါတယ်။ ဒီလိုနဲ့ နောက်ဆက်ရေးသူတွေက ကိုယ့်ရှေ့က ရေးသူရဲ့ စာကြောင်းက လွဲလို့ ဟိုးရှေ့က ရေးထားတဲ့ စာကြောင်းတွေကို မမြင်ရအောင် စာရွက်ကို ဆက်ဆက် ခေါက်သွားကြပါတယ်။ အားလုံးပြီးသွားတဲ့အခါကျမှ စာရွက်တစ်ရွက်လုံးကို ဖြန့်ကြည့်ပြီး ဘယ်လို ကဗျာမျိုး ထွက်လာတယ်ဆိုတာကို ကြည့်ကြပါတယ်။ ဒီလို အခြေအနေမှာတော့ အွန်လိုင်းမှာလို ကော်နက်ရှင် ပြဿနာ ကြုံစရာအကြောင်းမရှိလို့ ပိုစနစ်ကျစေပါတယ်။ ဒါပေမဲ့ ကဗျာဆရာ အများအပြားကို အခုလို စုပြီး ရေးသားဖို့ ဆိုရင်တော့ အားလုံး တစ်စုတစ်စည်း တစ်ထိုင်တည်း ဆုံတွေ့ဖို့ဟာ အွန်လိုင်းထက် အများကြီး ခက်ခဲပါတယ်။

အမေရိကန်ကဗျာဆရာကြီး မာဗင်ဘဲလ် (Marvin Bell) နဲ့ အိုင်အိုဝါတက္ကသိုလ်က IWP ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်တို့ဟာ “Everything at once” ဆိုတဲ့ နှစ်ဦးပေါင်း စကားပြေကဗျာစာအုပ် ဖြစ်မြောက်လာဖို့အတွက် ခရစ္စတိုဖာမာရေးလ်က ပြည်ပနိုင်ငံတွေမှာ ရှိနေပြီး မာဗင်ဘဲလ်က အမေရိကန်နိုင်ငံမှာ ရှိနေခဲ့ချိန်မှာ တစ်ဦးနဲ့တစ်ဦး ၁၅ လကြာအောင် အီးမေးလ်ကတဆင့် အပြန်အလှန် ကဗျာတွေ ပို့ ဆွေးနွေးတိုင်ပင်ပြီး ထုတ်ဝေခဲ့ကြတာဖြစ်ပါတယ်။ “ကဗျာဆရာ ၇ ယောက်၊ လေးရက်တာ၊ စာအုပ်တစ်အုပ်( seven poets, four days, one book)”  လို့ ခေါင်းစဉ်ပေးထားတဲ့ စာအုပ်တစ်အုပ် အတွက်တော့ ခရစ္စတိုဖာမာရေးလ်ဟာ ကဗျာဆရာ ၆ ယောက်ကို အိုင်အိုဝါမြို့ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ လေးရက်တာ နေထိုင်တဲ့အခိုက် ပထမဦးဆုံး ခရစ္စတိုဖာမာရေးလ်က ကဗျာတစ်ပုဒ်ကို အရင်ရေးပါတယ်။ သူ့ကဗျာထဲက စာကြောင်းတွေကို ကျန်ကဗျာဆရာတစ်ယောက်စီက ပထမဆုံး စာကြောင်းအဖြစ်ယူပြီး အသီးသီး ကဗျာဆက်ပြီး ရေးကြပါတယ်။ ပြီးတော့ အဲဒီကဗျာဆရာအသီးသီးရဲ့ စာကြောင်းတွေကို တခြားကဗျာဆရာတွေက ပထမဆုံးစာကြောင်းအဖြစ် ခွဲဝေယူပြီး ဆက်ရေးကြပြန်ပါတယ်။ အဲဒီလိုနဲ့ ချိတ်ဆက်ဖြစ်ပေါ်လာတဲ့ ကဗျာတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရပ်ခြားက သူတို့ရဲ့ အွန်လိုင်း အော့ဖ်လိုင်း ကဗျာပူးပေါင်းမှုတွေ ဖြစ်ပါတယ်။

အင်တာနက်ထဲက စုပေါင်းစပ်ပေါင်း ကဗျာမျိုးတွေထဲမှ အကြောင်းအရာ၊ Theme ဒါမှမဟုတ် ခေါင်းစဉ်တစ်ခုတည်းကို မတူညီတဲ့ ကဗျာဆရာတွေက တစ်ယောက် တစ်ပုဒ်စီ တမင်ရည်ရွယ် ဝိုင်းရေးကြတာတွေလည်း ရှိပါတယ်။ “ကျွန်တော်မသိဘဲ မိုးတွေရွာသွားတယ် မကြည်ဖြူ” နဲ့ အခြားသော မကြည်ဖြူခေါင်းစဉ်ပါ ကဗျာတွေကို ဇာတိ၊ နေ့သစ်၊ သူရဿဝါ၊ မိငြိဏ်းခက် စတဲ့ကဗျာဆရာ အသီးသီးကရေးခဲ့ကြတယ်။ “ဆိတ်” နဲ့ပတ်သက်တဲ့ ကဗျာတွေကို PEM Skool ကဗျာဆရာတွေ တစ်ယောက်တစ်ပုဒ် ရေးခဲ့ကြတယ်။ တချို့သော ခေါင်းစဉ်တူတွေကတော့ တိုင်ပင်တာမဟုတ်ဘဲ တိုက်ဆိုင်မှု ဒါမှမဟုတ် ယေဘုယျဆန်လွန်းသော ခေါင်းစဉ်ဖြစ်လို့ လည်းတူညီတာဖြစ်နိုင်တယ်။ ဥပမာအားဖြင့် “မိသားစု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသူတွေ အင်တာနက်ထဲမှာ အများအပြားရှိပါတယ်။

“သန်းခေါင်ယံကဗျာရေးပွဲတော်” လို့ အမည်ပေးထားတဲ့ ကဗျာစုစည်းမှုမှာတော့ ကဗျာဆရာ ဒီလူကလေးဟာ ကမ္ဘာ့ကဗျာနေ့ ညဘက်မှာ အချိန်တစ်ခု သတ်မှတ်ပြီး facebook ထဲက သူတင်ထားတဲ့ status အောက်မှာ မိမိတို့ကဗျာတွေကို comment ဝင်ရေးဖို့ ကဗျာဆရာအများအပြားကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှတ်ချက်ကဗျာတွေကို စုစည်းပြီး ကဗျာစုစည်းမှုစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

မြန်မာတွေကြား Facebook ခေတ်မစားခင် forum ၊ blog ၊ chat room၊ gtalk တွေထဲမှာလည်း လျှို့ဝှက်အုပ်စုဖွဲ့လို့ဖြစ်စေ၊ အများမြင်နိုင်တဲ့ public နေရာမှာဖြစ်စေ၊ တစ်ဦးနဲ့တစ်ဦး ခေါင်းစဉ်တူ ကဗျာရေးဖို့ tag ကြတာ၊ comment တွေ အပြန်အလှန်ပြောစကားတွေကို အသုံးပြုပြီး ပူးပေါင်းကဗျာရေးကြတာတွေ ရှိခဲ့ပါတယ်။ ဆက်သွယ်ရေး လွယ်ကူမြန်ဆန်စေတဲ့ အင်တာနက်သုံးစွဲမှုဟာ စုပေါင်းလုပ်ဆောင်ရတဲ့ ကဗျာလှုပ်ရှားမှု အတော်များများကို အထောက်အကူပြုခဲ့တာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ အင်တာနက်ရဲ့ လျှင်မြန်မှုနဲ့ လွယ်ကူမှုဟာ စုပေါင်း ကဗျာတွေရဲ့အရည်အသွေးကိုရော သိသိသာသာ ပိုကောင်းလာစေသလား ဆိုတာကတော့ အပြင် offline မှာလိုဘဲ နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှု၊ တည်းဖြတ်မှု၊ အာရုံခံစားတူညီမှု စတာတွေမှာ မူတည်နေတာမို့ ပြောရခက်နေပါသေးတယ်။


ပန်ဒိုရာ
၁၃-၁၈.၆.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အတွဲ ၂ အမှတ် ၁ တွင် ဖော်ပြပြီး)

အိုင်အိုဝါရက်စွဲများ အပိုင်း (၉) - နိဂုံး

$
0
0


(ဓာတ်ပုံတွေတင်ရခက်တာနဲ့ မတင်ဖြစ်တဲ့ နိဂုံးပိုင်းပါ။ နှစ်ချို့နေပြီမို့ ခွင့်လွှတ်ပါ။ ဖတ်သူလည်း သိပ်မရှိလောက်လို့ အေးအေးဆေးဆေး လုပ်နေတာပါ။ :))


အိုင်အိုဝါရက်စွဲများ အပိုင်း (၉) - နိဂုံး

၂၃။ ဝါရှင်တန်ဒီစီ ခရီး

ဝါရှင်တန်ဒီစီကို မထွက်ခွာခင် IWP စာရေးဆရာတွေရဲ့ အထုပ်အပိုးတစ်ခုစီကို အမေရိကန်နိုင်ငံတွင်း မိမိတို့နှစ်သက်ရာ ခရီးဆုံးတစ်ခုကို ပို့ပေးဖို့ IWP ကစီစဉ်ပေးပါတယ်။ ပစ္စည်းအတော်များများကို သေတ္တာအကြီးထဲမှာ ထုပ်ပိုးပြီး နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ နယူးယောက်ကို ပို့လိုက်တဲ့အခါ ဝါရှင်တန်ဒီစီမှာ နေထိုင်ဖို့ အဝတ်အစားအနည်းငယ်ပဲ သေတ္တာအသေးထဲမှာ သက်တောင့်သက်သာ ဖြစ်သွားပါတယ်။ 

မသွားခင် ရက်အတန်ကြာကတည်းက ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့ ဒေါ်မေငြိမ်း၊ ဒေါ်စမ်းစမ်းတင်၊ ဒေါ်ခက်မာတို့နဲ့ ချိန်းဆိုထားခဲ့ပါတယ်။ ဆရာမဒေါ်မေငြိမ်းနဲ့ သိကျွမ်းခင်မင်ခဲ့တာ ၂၀၀၇ ခုနှစ်မှာ အင်တာနက်ထဲက စခဲ့တာပါ။ ဆရာမ ဒေါ်စမ်းစမ်းတင်၊ ဒေါ်ခက်မာတို့နဲ့လည်း ကြိုးညှိခြင်း ကဗျာစာအုပ် စီစဉ်ရင်းနဲ့ ခင်မင်ခဲ့ရပါတယ်။ အပြင်မှာ လူချင်းတစ်ခါမှ မဆုံဖူးတဲ့ စာရေးဆရာမတွေနဲ့ တွေ့ဆုံရမှာ  စိတ်လှုပ်ရှားစရာလည်း ကောင်းလှပါတယ်။

အုပ်ချုပ်ရေးမြို့တော် ဝါရှင်တန်ဒီစီကို ရောက်တဲ့ညဟာ သမ္မတရွေးကောက်ပွဲ အဆုံးအဖြတ်ပေးမယ့် ညလည်း ဖြစ်နေပါတယ်။ IWP ရုံးက အချိန်ကိုက် စီစဉ်ထားခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာ ကျွန်မတို့ တည်းခိုတဲ့ Hilton Garden Inn Downtown ဟိုတယ်မှာ လာတွေ့သူက ဒေါ်စမ်းစမ်းတင်ပါ။ အဲဒီနေ့ညနေပိုင်းမှာ ဟိုတယ်အနီးတဝိုက်နဲ့ အိမ်ဖြူတော်အထိ လမ်းလျှောက်ပြီး လိုက်ပြခဲ့ပါတယ်။ ဝါရှင်တန်ဒီစီရဲ့ ဖွဲ့စည်းပုံကြောင့် မြို့ထဲက လမ်းတွေဟာ မှတ်ရလွယ်ကူပါတယ်။  ပြီးတော့ ဒေါ်မေငြိမ်း စောင့်နေတဲ့နေရာကို ရထားစီးပြီး သွားကြပါတယ်။

(ပုံ၁။ ဒေါ်စမ်းစမ်းတင်နဲ့အတူ)


အဲဒီညက ဒေါ်ခက်မာ၊ ဒေါ်စမ်းစမ်းတင်၊ ဒေါ်မေငြိမ်းမိသားစု၊ ကျွန်မသူငယ်ချင်း ညီညီ(သံလွင်)ရဲ့အစ်မ မတင်မိုးအေးတို့ ဇနီးမောင်နှံ နဲ့အတူ မြန်မာထမင်းဟင်း ရောင်းတဲ့ စားသောက်ဆိုင်မှာ ညစာစားခဲ့ပါတယ်။  တကယ်တော့ မတင်မိုးအေးနဲ့ ဆရာမဒေါ်မေငြိမ်းတို့က ကျွန်မရောက်လာတဲ့အခါ ဝါရှင်တန်ဒီစီအနီးက နီဝါရောင်သစ်ရွက်တွေနဲ့ လှပတဲ့ တောအုပ်ရှိရာကို လိုက်ပို့ပေးမယ်လို့ စီစဉ်ထားခဲ့တာပါ။ ဒီဒေသက သစ်ရွက်တွေ အရောင်ပြောင်းချိန်ဟာ အိုင်အိုဝါထက် နောက်ကျတဲ့အတွက် လှပတဲ့ ရှုခင်းကို မြင်နိုင်သေးလို့ပါ။ ဒါပေမယ့်လည်း စန်ဒီမုန်တိုင်းကြောင့် သစ်ရွက်တွေလည်း ကြွေပြီး ရာသီဥတုဆိုးသွားခဲ့တဲ့အတွက် အဲဒီအစီအစဉ်ကို ဖျက်လိုက်ရပါတယ်။ 

(ပုံ၂။ ဒေါ်ခက်မာ၊ ဒေါ်မေငြိမ်း၊ ဒေါ်စမ်းစမ်းတင်တို့နဲ့ ညစာအတူစားကြစဉ်)

ညကအေးလာတဲ့အတွက် ဟိုတယ်မှာ ပြန်နားရင်း တီဗွီကနေ သမ္မတ ရွေးကောက်ပွဲ အဖြေကို စောင့်ကြည့်ခဲ့ပါတယ်။ IWP စာရေးဆရာ တချို့ကတော့ အဲဒီညမှာ အိမ်ဖြူတော်အနီးတဝိုက်မှာ စောင့်နေခဲ့ကြပါတယ်။ IWP ရုံးအဖွဲ့တွေရော စာရေးဆရာတွေပါ သမ္မတအိုဘားမားကို အားပေးကြသူတွေ ဖြစ်တာမို့ ပျော်ရွှင်စရာည ဖြစ်ခဲ့ပါတယ်။
နောက်တစ်နေ့ မနက်ပိုင်းမှာတော့ IWP က စီစဉ်ပေးတဲ့ tour ကားကြီးနဲ့ မြို့ရဲ့ ထင်ရှားတဲ့နေရာတွေကို လျှောက်ကြည့်ကြပါတယ်။ အဖြူရောင်အဆောက်အဦတွေ အများအပြားတွေ့ရတဲ့ ဝါရှင်တန်ဒီစီမြို့မှာ အဆောက်အဦအမြင့်ကြီးတွေတော့ သိပ်မရှိပါဘူး။ သွားခဲ့တဲ့ နေရာတွေထဲမှာ သမ္မတဟောင်းတွေဖြစ်တဲ့ ဂျက်ဖာဆင်၊ လင်ကွန်း၊ ဝါရှင်တန်၊ ရုစဗဲ့ တို့ရဲ့ အမှတ်တရ အဆောက်အဦတွေ၊ အမှတ်တရကျောက်တိုင်၊ ဒုတိယကမ္ဘာစစ်၊ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ တွေအတွင်းမှ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အမှတ်တရနေရာတွေ၊ မာတင်လူသာကင်းအမှတ်တရ၊ Capitol အဆောက်အဦ၊ အိမ်ဖြူတော်နဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ပြတိုက်စုစည်းရာဧရိယာဖြစ်တဲ့ စမစ်ဆိုနီယမ် ပြတိုက်ဝင်း တို့ပါဝင်ပါတယ်။  


(ပုံ ၃။ အိမ်ဖြူတော်)


(ပုံ ၄။ Capitol အဆောက်အဦ)


(ပုံ ၅။ သမ္မတလင်ကွန်း ရုပ်တု)


(ပုံ ၆။ မာတင်လူသာကင်းရုပ်တုရှေ့မှာ IWP စာရေးဆရာတွေ ပို့စ်ပေးနေစဉ်)

(ပုံ ၇။ ကိုရီးယားစစ်ပွဲ အမှတ်တရ နေရာ)

(ပုံ ၈။ ဗီယက်နမ်စစ်ပွဲအတွင်း ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ နာမည်ကို ကဗျည်းမှတ်တမ်းတင်ထားပုံ)


IWP က လိုက်ပို့တဲ့ နေ့တစ်ဝက်ခရီးစဉ် ပြီးတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့နေရာကို သွားလည်ဖို့ အချိန်ရတာမို့ ဒေါ်စမ်းစမ်းတင်နဲ့ ချိန်းဆိုထားခဲ့ပါတယ်။ နေ့လည်စာစားပြီးကြတဲ့အခါ စမစ်ဆိုနီယမ် ပြတိုက်ဝင်းထဲကို ဝင်လာခဲ့ပါတယ်။ ကြည့်ရှုစရာ ၁၉ ခုလုံးကို နေ့တစ်ဝက်နဲ့ လည်ပတ်ဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ကိစ္စပါ။ တကယ်တော့ အဲဒီလိုပြတိုက်ကြီးတွေကို တစ်နေ့မှာ တစ်ခုပဲ လည်ပတ်ကြည့်ရှုရင် အကောင်းဆုံး၊ အနှစ်သာရလည်း အရှိဆုံးဆိုတာကိုတော့ ရှီကာဂိုက ပြတိုက်တွေမှာ သွားကြည့်ကတည်းက သဘောပေါက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်တစ်နေ့မှာ ကျွန်မက ကဗျာရွတ်ဖို့ အစီအစဉ် ရှိနေတဲ့အတွက် လေကြောင်းနဲ့အာကာသ ပြတိုက်နဲ့  ကျွန်မကြည့်ချင်နေတဲ့ တရုတ်အနုပညာရှင် အိုင်ဝေဝေရဲ့ လက်ရာတွေကို အထူးခင်းကျင်းထားတဲ့ ဟစ်ရှ်ဟွန်းပြတိုက် တို့ကို သွားခဲ့ပါတယ်။

လေကြောင်းနဲ့အာကာသ ပြတိုက်ထဲမှာ ခင်းကျင်းထားတဲ့ လေယာဉ်တွေကို မြင်တော့ စိတ်ထဲမှာ  Night at the museum 3 ရုပ်ရှင်ကို ပြန်သတိရပြီး ပြုံးမိပါသေးတယ်။ စင်ကာပူက Science Centre နဲ့ အသစ်ဖွင့်ထားတဲ့ ArtScience Museum ကိုလည်း သတိရမိပါတယ်။ မြန်မာပြည်မှာတော့ ရန်ကုန်က နက္ခတ်တာရာပြခန်းကို ငယ်ငယ်က ရောက်ဖူးခဲ့ပါတယ်။ အခုတော့ အဲဒီပြခန်းလည်း လူတွေ စိတ်ဝင်စားကြသေးရဲ့လား မသိပါဘူး။ ပြုပြင်မွမ်းမံတယ်လို့လည်း ကျွန်မ မကြားမိပါ။ နိုင်ငံရပ်ခြားက ပြတိုက်တွေလို ခေတ်မီ ခေတ်လွန် အရာတွေကို အဆင့်မြင့်မြင့် မခင်းကျင်းနိုင်ပေမယ့် အနည်းဆုံး အခြေခံလောက်ဖြစ်ဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်တဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပြတိုက်တစ်ခုလောက် ရန်ကုန်မှာ ရှိရင် ကလေးတွေအတွက် အကျိုးရှိမယ်၊ တီထွင်ဖန်တီးလိုစိတ်နဲ့ အားကျစိတ်လည်း ရှိလာမယ်လို့ တွေးဖြစ်အောင် တွေးမိလိုက်ပါသေးတယ်။
(ပုံ ၉။ လေကြောင်းနဲ့အာကာသပြတိုက် (Air and Space Museum) မှ မြင်ကွင်းတစ်ခု) 


အဲဒီနောက် ဟစ်ရှ်ဟွန်းပြတိုက်ကို ဆက်သွားခဲ့ပါတယ်။ ဟစ်ရှ်ဟွန်းပြတိုက်မှာက အဆောက်အဦထဲမှာ တပ်ဆင်မှုအနုပညာ (installation) တွေ ပန်းချီကားတွေရှိပြီး အပြင်ဘက် ခြံဝင်းထဲမှာတော့ ရုပ်တုဥယျာဉ်အဖြစ် တည်ရှိပါတယ်။ According to what လို့ နာမည်ပေးထားတဲ့ အိုင်ဝေဝေရဲ့ လက်ရာစုစည်းမှုတွေထဲက ပထမဦးဆုံး ထင်ထင်ရှားရှား လှမ်းမြင်ရတာက ရာသီခွင်သင်္ကေတ တွေပါ။ ဗိသုကာပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ အိုင်ဝေဝေဟာ အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းတွေကို သူ့ရဲ့ ကျွမ်းကျင်တဲ့လက်ရာနဲ့ လှလှပပ ပေါင်းစပ်ပြီး ခဲရာခဲဆစ် ဖန်တီးနိုင်သူပါ။ နာမည်ကြီးလှတဲ့ အိုင်ဝေဝေရဲ့ လက်ရာတွေကို မျက်ဝါးထင်ထင်တွေ့လိုက်ရမှပဲ သူ့ရဲ့ အသေးစိတ်ကျကျ အားထုတ်မှုနဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုဟာ အလွယ်တကူ လိုက်လံတုပလို့မရအောင် ကြီးမားလှတာကို ပိုသဘောပေါက်မိပါတယ်။ 


(ပုံ ၁၀။ အိုင်ဝေဝေရဲ့ provisional landscape တရုပ်ပြည်က ဆောက်လုပ်ရေးလုပ်ငန်း အဆင့်ဆင့်ဓာတ်ပုံ)


(ပုံ ၁၁။ အိုင်ဝေဝေရဲ့  a cloud burst of wooden stools သစ်သားထိုင်ခုံများ ချိတ်ဆက်မှု)


(ပုံ ၁၂။ အိုင်ဝေဝေရဲ့ snake ceiling  စီချွမ်ငလျင်မှာသေဆုံးသွားကြတဲ့ ကျောင်းသားလေးတွေ သုံးလေ့ရှိတဲ့ ကျောပိုးအိပ်တွေကို မြွေတစ်ကောင်အဖြစ် ခင်းကျင်းထားပုံ)


(ပုံ ၁၃။ အိုင်ဝေဝေရဲ့ Dropping a Han Dynasty Urn, 1995/2009; Colored Vases, 2007-2010. )


အဲဒီနောက် အောက်ထပ်မှာ ခင်းကျင်းပြထားတဲ့ ဘာဘရာကရုဂါ (Babara Kruger) ရဲ့ ယုံကြည်မှု+သံသယ (belief+doubt) စကားလုံး installation တွေကို ကြည့်ဖြစ်ပါတယ်။ ဥပဒေရဲ့အလွန်မှာ ဘယ်သူရှိသလဲ။ ဘယ်သူဖွင့်ဟပြောဆိုသလဲ။ ဘယ်သူနှုတ်ဆိတ်နေလဲ။ (Who is beyond the law? Who speaks? Who is silent?) အစရှိတဲ့ ပုံနှိပ်စာလုံးအဖြူရောင်တွေကို အကြီးကြီးချဲ့ပြီး အနီရောင်နဲ့ အနက်ရောင် နောက်ခံတွေမှာ ခင်းကျင်းစီရီထားတာ ထူးခြားတဲ့ အာရုံခံစားမှုကို ပေးစေပါတယ်။ 
(ပုံ ၁၄။ ကရုဂါရဲ့ ခင်းကျင်းတင်ဆက်မှု)

ပြတိုက်တွေက ပြန်လာပြီးတဲ့အခါ တရုတ်ဆိုင်က အစားအသောက်တွေ ဝယ်ပြီး ဒေါ်စမ်းစမ်းတင်အိမ်မှာ စားဖြစ်ကြပါတယ်။ 

ပြီးတော့ ရွေးကောက်ပွဲ လေ့လာရေးခရီးအတွက် မြန်မာပြည်ကနေ ရောက်နေကြသူတွေနဲ့အတူ လွတ်လပ်သောအာရှအသံ (RFA) ရုံးကို အလည်သွားဖြစ်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာတော့ မနက်ပိုင်းမှာ ဗွီအိုအေ(VOA) အသံလွှင့်ဌာနကို အလည်ရောက်ခဲ့ပါတယ်။ ဒေါ်လှလှသန်းနဲ့ တွေ့ဆုံဖြစ်တဲ့အခါ ကျွန်မစီစဉ်ခဲ့တဲ့ ကြိုးညှိခြင်း ကဗျာစာအုပ်နဲ့ မြန်မာအမျိုးသမီး ကဗျာဆရာ တွေအကြောင်းကို စိတ်ဝင်စားတဲ့အတွက် အမျိုးသမီးကဏ္ဍအတွက် အင်တာဗျူးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ 

(ပုံ ၁၅ ။ RFA ရုံးမှာ အမှတ်တရ)


(ပုံ ၁၆။ VOA ရုံးမှာ အမှတ်တရ)

မွန်းလွဲပိုင်းမှာတော့ Politics and Prose Book Store မှာ ကျင်းပတဲ့ ကဗျာရွတ်ပွဲကို သွားရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဌာန က Assistant Secretary ဖြစ်တဲ့ မစ်စ် အန်းစတော့ခ် (Ms. Ann Stock) က အမှာစကားပြောခဲ့ပါတယ်။  အဲဒီနေ့က ကူဝိတ်က တားလက်ဘ်၊ ရုရှက အလီဆာ၊ ပါကစ္စတန်က ဘီလယ်တို့နဲ့အတူ ကျွန်မလည်း ကဗျာအချို့ ရွတ်ခဲ့ပါတယ်။ မေးလာတဲ့ မေးခွန်းတွေကိုလည်း ဆွေးနွေးဖြေကြားခဲ့ပါတယ်။ အဲဒီညနေစောင်း ကဗျာရွတ်ပွဲကိုလည်း ဆရာမ ဒေါ်စမ်းစမ်းတင်က လာပြီး အားပေးခဲ့ပါတယ်။ ဆရာမရဲ့ ဧည့်ဝတ်ကျေဖော်ရွေမှုတွေက မမေ့နိုင်စရာပါ။  ကြိုးညှိခြင်းစာအုပ်ကို တကူးတကမှာကြားပြီး အားပေးသူတစ်ဦးဖြစ်တဲ့ မချယ်ရီ ကလည်း ကဗျာရွတ်ပွဲကို လာရောက်ခဲ့ပါတယ်။ 

(ပုံ ၁၇။ Politics and Prose စာအုပ်ဆိုင်မှာ ကဗျာအကြောင်းဆွေးနွေးကြစဉ်)


၂၄။ နယူးယောက်ခရီး

ဝါရှင်တန်ဒီစီကနေ နယူးယောက်ကို ဘတ်စ်ကားစီးပြီး သွားခဲ့ပါတယ်။ နယူးယောက်ကို ရောက်တဲ့နေ့က သောကြာနေ့ မွန်းလွဲပိုင်းဖြစ်ပါတယ်။ IWP စာရေးဆရာတစ်ယောက်က MoMA (မော်ဒန်အနုပညာပြတိုက်)ကို သောကြာနေ့ညနေပိုင်း သွားရင် ဝင်ခွင့်လက်မှတ်တွေ အလကားပေးတယ်လို့ သတင်းပေးထားပါတယ်။ ပုံမှန်ဆိုရင်တော့ ဝင်ကြေး၂၅ဒေါ်လာ ပေးရမှာပါ။ အဲဒီညနေက နာမည်ကျော် MoMA ကို ရောက်ခဲ့ပါတယ်။ ပြတိုက်ထဲက နာမည်ကျော်တွေရဲ့ မူရင်း လက်ရာတွေကို ကြည့်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ပေမယ့်လည်း အခုလို တစ်စုတစ်စည်းတွေ ထပ်တွေ့ရတော့ ရင်ခုန်စရာကောင်းတာပါပဲ။

အချိန်တိုအတွင်းမှာ ကျွန်မစိတ်အဝင်စားဆုံး လက်ရာတွေရှိတဲ့ အထပ်တွေကိုပဲ သွားခဲ့ပါတယ်။ ဒေါ်လာ ၁၂၀ မီလီယံနီးပါး စံချိန်ချိုးပြီး လေလံအောင်ထားခဲ့တဲ့ မွန့်ခ်ျရဲ့ အော်သံ၊ မိုနေးရဲ့ ကြာပန်းတွေ၊ ဗန်ဂိုးရဲ့ ကြယ်စုံည၊ ဖရီဒါခါလိုရဲ့ ကိုယ်တိုင်ရေးပုံတူတွေ၊ ရူးဆိုး၊ ဂေါ်ဂင်၊ ပီကာဆို၊ မိုဒီလျာနီ စတဲ့ မြောက်များလှစွာတဲ့ နာမည်ကျော် ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေ၊ ပန်းပုရုပ်တွေ၊ installation art တွေကြားမှာ ညနေခင်းရဲ့ အချိန်တွေဟာ အကုန်မြန်ခဲ့ပါတယ်။
(ပုံ ၁၈။ နယူးယောက်မြို့တွင်းတစ်နေရာ)


(ပုံ ၁၉။ MoMA မှာ တွေ့ခဲ့ရတဲ့ အော်သံ ပန်းချီကား)


(ပုံ ၂၀။ မိုနေးရဲ့ ကြာပန်းတွေနဲ့အတူ)


နယူးယောက်မြို့ကို ရောက်ရှိခဲ့တဲ့ အချိန်အတောအတွင်း flarf ကဗျာဆရာမ နာဒါဂေါ်ဒင်နဲ့ LPကဗျာဆရာ ပါမောက္ခ ချားလ်စ်ဘန်းစတိန်း တိုနဲ့ တွေ့ဆုံဖြစ်ခဲ့တာဟာလည်း အလွန်ကို ကံကောင်းလှပါတယ်။ နာဒါဂေါ်ဒင်ကိုတော့ PEM-SKOOL ကဗျာဆရာတွေနဲ့ ကဗျာဆရာဟံလင်း တို့ကတဆင့် facebook မှာ မိတ်ဆက်ဖြစ်ပြီးတော့ ဘန်းစတိန်းကိုတော့ Bones Will Crow အယ်ဒီတာတစ်ဦးဖြစ်သူ ဂျိမ်စ်းဘန်းရဲ့ အကြံပြုချက်အရ ကိုယ့်ဘာသာမိတ်ဆက်ပြီး တွေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။ (Conceptual ကဗျာဆရာ ဂိုးလ်စမစ်၊ LP ကဗျာဆရာ ဘန်းစတိန်းနဲ့ flarf ကဗျာဆရာမ နာဒါဂေါ်ဒင်တို့နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းတွေကို ကဗျာလောက ၂ မှာလည်း ဆောင်းပါးသီးသန့် ရေးထားခဲ့ပါတယ်။) 

(ပုံ ၂၁။ နာဒါဂေါ်ဒင်နဲ့ တွေ့ဆုံစဉ်)


(ပုံ ၂၂။ ဘန်းစတိန်းနဲ့ တွေ့ဆုံစဉ်)


ကဗျာနဲ့ပတ်သက်လို့ Poets House ကိုလည်း IWP အစီအစဉ်နဲ့ အလည်အပတ်ရောက်ခဲ့ပါတယ်။ အဆောက်အဦရဲ့ အပေါ်ထပ်မှာတော့ ကဗျာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများအပြားစုစည်းထားတဲ့ စာကြည့်တိုက်တည်ရှိပြီး အောက်ထပ်မှာတော့ ကဗျာရွတ်ပွဲကျင်းပတဲ့ ခန်းမရှိပါတယ်။ IWP စာရေးဆရာတွေထဲက ဥဇဘက်ကစ္စတန်က အလီနာ၊ ဘော့စဝါနာက တီဂျေဒီးမားနဲ့ ဘရာဇီးက ရော်ဒရီဂိုတို့က သူတို့ရဲ့ လက်ရာတွေကို ဖတ်ပြခဲ့ပါတယ်။ 

(ပုံ ၂၃။ Poets House ရှေ့မှာ)

စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တစ်ခုကတော့ Battery Dance Company နဲ့ IWP တို့ ပူးပေါင်းတင်ဆက်တဲ့ စာပေနဲ့အက အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာပါဝင်ဖို့ ကဗျာတွေ စကားပြေတွေကို ပေးပို့ဖို့ IWP စာရေးဆရာတွေကို ဖိတ်ခေါ်ထားခဲ့ပါတယ်။ ရေးသားရမယ့် အဓိက အကြောင်းအရာကတော့ Expressing Freedom ဖြစ်ပါတယ်။ IWP စာရေးဆရာ ၉ ယောက်နဲ့ ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်ကိုယ်တိုင် ပါဝင်ခဲ့ကြပါတယ်။ ကျွန်မက ကဗျာကို အင်္ဂလိပ်လို တိုက်ရိုက် ရေးလေ့ရေးထ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း ဒီအစီအစဉ်မှာ ပါဝင်ဆင်နွှဲချင်တဲ့အတွက် “…. Leading to the people” လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ ဒီကဗျာကို ရေးတဲ့အချိန်မှာ ခေါင်းစဉ်အတွက် “Liberty Leading the People” ဆိုတဲ့ နာမည်ကျော် ပြင်သစ်ပန်းချီကားရဲ့ လှုံ့ဆော်မှုကို တစ်စိတ်တစ်ပိုင်း ရခဲ့တယ်။ ကဗျာကို မြန်မာလို ဘာသာပြန်ရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လူထုဆီသို့ သယ်ဆောင်လာသော…

ဖြတ်သန်း ပြီးတော့ ဖြတ်တောက်
ပြတ်တောင်းပြတ်တောင်း ဖြတ်
ပြတ်တောင်းပြတ်တောင်းများစွာနဲ့ ဖြတ်
တဆက်တစပ်တည်း ဖြတ်
တစ်သက်တာထာဝရ ဖြတ်
တစ်ဦးဆိုင်လက်နဲ့
အများပိုင်လက်နဲ့
ရှေ့ကကမ်းတဲ့ လက်တစ်ချောင်းနဲ့
ရှေ့ကိုလှမ်းတဲ့ လက်အချောင်းချောင်းနဲ့
သေးကွေးနုနယ်လက်တွေနဲ့
အရေတွန့်ရှုံ့တွလက်တွေနဲ့
သွယ်ပျောင်းဖော့ဖယောင်းလက်တွေနဲ့
ဆာလောင်ငတ်မွတ်အရိုးပြိုင်းလက်တွေနဲ့
သွေးရောင်လွှမ်းကျန်းမာသန်စွမ်းလက်တွေနဲ့
လက်ဖြူတွေ လက်မဲတွေ လက်ဝါတွေ
တစ်ခုခုကို ဆုပ်ကိုင်ချင်ရင် တစ်ခုခုကိုတော့ လွှတ်ချခဲ့ရမယ်
(ဟင့်အင်း တစ်ခုမက အများကြီး)
ကြက်သီးမွေးညင်းတွေ
ပါးစပ်ထဲကိုက်ထားတဲ့ လက်သည်းတွေ
တဆတ်ဆတ်တုန်နေတဲ့ ရင်ခုန်သံတွေ
နက်ရှိုင်းတဲ့အမြစ်တွေရဲ့ ဖက်တွယ်မှုတွေ
ဒရွတ်တိုက်နေတဲ့ သံကြိုးထူထူတွေ
ပျံ့လွင့်နေတဲ့ ထင်ယောင်ထင်မှားတွေ
ဒါတွေကို လွှတ်ချလိုက်ပြီး မီးရှုးတိုင်တစ်တိုင်ကို ကိုင်စွဲနိုင်လိုက်တဲ့အခါ
အဲဒါကို လွတ်လပ်ရေးလို့ခေါ်တယ်

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂

ကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို အကပညာရှင် ကားမန်းနီကိုးလ် (Carmen Nicole) ရဲ့ အကသရုပ်ဖော်နဲ့ အတူ ရွတ်ဆိုတင်ဆက်ခဲ့ပါတယ်။ အဲဒီပွဲကို အစကတော့ Ellis Island မှာ စင်တင်ကပြမကြလို့ စီစဉ်ခဲ့ကြတယ်။ နောက်တော့ စန်ဒီ ဟာရီကိန်း ကြောင့် အဲဒီကျွန်းကို သွားလို့မရတဲ့အတွက် နယူးယောက်မြို့ ဘရော့ဝေးလမ်းက Access Theatre မှာပဲ ကျင်းပလိုက်ရပါတယ်။

အဲဒီနေ့က တင်ဆက်မှုအစီအစဉ်တွေဟာ ကျွန်မအတွက်တော့ အများကြီး လေ့လာမှတ်သားစရာတွေ ဖြစ်ခဲ့ပါတယ်။ စာရေးဆရာ ၁၀ ယောက်ရဲ့ လက်ရာတွေကို သရုပ်ဖော်တဲ့ အကပညာရှင် ၁၀ ယောက်ဟာ တစ်ဦးနဲ့တစ်ဦး တင်ဆက်ပုံချင်း စိတ်ကူးစိတ်သန်းချင်း မတူညီပဲ အတော်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးလည်း ဖြစ်ကြပါတယ်။ ကကြိုးကကွက်တွေထဲမှာ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီ ရဲ့ ကဗျာထဲက ပန်းတွေပွင့်လာပုံကို သရုပ်ဖော်တဲ့ လူမည်းအကပညာရှင် ဘာဖာနာ ရဲ့ လှုပ်ရှားဟန်တွေဟာ အထူးကို အသက်ဝင်လှပါတယ်။ (အဲဒီအစီအစဉ်ကို အင်တာဗျုးတွေအပါအဝင် ရိုက်ကူးထားတဲ့ ဗွီဒီယိုကိုတော့ အင်တာနက်ထဲက http://vimeo.com/58791865ဆိုတဲ့ လင့်ခ်မှာ ကြည့်လို့ရပါတယ်။) ရန်ကုန်ကို ပြန်ရောက်တဲ့အခါ အဲဒီ တင်ဆက်မှုဟာ ကျွန်မရဲ့ စိတ်ထဲမှာ စွဲလန်းနေတဲ့အတွက် Blue Wind Multimedia International Art Festival မှာ ကဗျာဆရာမလည်းဖြစ် အကပညာရှင်လည်းဖြစ်တဲ့ မွန်းသူအိမ်နဲ့အတူ ကျွန်မရဲ့ “ငါ ကျနေတယ်” ဆိုတဲ့ကဗျာကို သရုပ်ဖော်ခဲ့ပါတယ်။ 

(ပုံ ၂၄။ အကပညာရှင် ကားမန်းနီကိုးလ် နဲ့ အတူ)

ကျွန်မရောက်ဖူးချင်တဲ့ နိုင်ရာဂရာ ရေတံခွန်ဘက်ကို သွားဖို့ အဆင်မပြေခဲ့ပေမယ့် နယူးယောက်မြို့ကြီးမှာ လည်ပတ်ဖို့ အချိန်တချို့ရခဲ့ပါတယ်။ ကျွန်မရဲ့ ဘလော့ဂ်ကို လာဖတ်ရာကနေ သိကျွမ်းခင်မင်ခဲ့တဲ့ ကိုသက်မှူး (ဆရာရန်ကုန်ဘဆွေရဲ့သား) ကလည်း နေရာတချို့ကို လိုက်ပို့ပေးခဲ့ပါတယ်။ ကျွန်မတို့ တည်းခိုတဲ့ဟိုတယ်က Times Square မှာ တည်ရှိတာမို့ သွားရလာရတာလည်း အဆင်ပြေလှပါတယ်။ ဘရွတ်ကလင်း တံတား၊ Wall street အနီးတဝိုက်၊ World Trade Centre ရဲ့နေရာဟောင်း၊ Central Park တို့ကိုလည်း ရောက်ခဲ့ပါတယ်။ စင်ကာပူမှာ ရထားကို အဓိကထားပြီး သွားလာခဲ့တဲ့ အလေ့အကျင့်ကြောင့် ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မှာ မြေပုံကိုကြည့်ပြီး ရထားစီးရတာ သိပ်တော့ မခက်ခဲလှပါဘူး။ တစ်ခုပါပဲ။ နယူးယောက်မှာတော့ ရထားရှိရာ မြေအောက်ထဲကို ဝင်ပေါက်နဲ့ ထွက်ပေါက်ဟာ နေရာမတူတာမို့ သင်္ကေတတွေကို မှတ်သားထားရပါတယ်။ အလွန်စည်ကား ကြီးမားလှတဲ့ နယူးယောက်မြို့ကြီးမှာ သန့်ရှင်းသပ်ရပ်မှုအတွက်တော့ စင်ကာပူလောက် နိုင်နိုင်နင်းနင်း မစီမံနိုင်ဘူးလို့ မြင်ရပါတယ်။ 

(ပုံ ၂၅။ ဘရွတ်ကလင်း တံတားပေါ်မှမြင်ကွင်း)


(ပုံ ၂၆။ Central Park ထဲက မြင်ကွင်းတစ်ခု)

နိုဝင်ဘာ ၁၃ ရက်ညမှာတော့ ဟိုတယ်မှာ အတူတည်းခိုနေကြတဲ့ IWP စာရေးဆရာတွေဟာ IWP coordinator ဂျိုးရဲ့အခန်းမှာ နှုတ်ဆက်ပွဲညအဖြစ် အမှတ်တရ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ သုံးလတာနီးပါး အတူတကွနေထိုင် စားသောက်ခဲ့၊ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ခရီးစဉ်ဟာ အဆုံးသတ်ခဲ့ပါပြီ။ တချို့လည်း ကမ္ဘာ့တစ်နေရာရာမှာ အလွယ်တကူ ပြန်ဆုံကြဦးမှာပါ။ တချို့ကိုတော့ နောက်ထပ် လူချင်း တွေ့ဆုံဖြစ်ပါဦးမလားဆိုတာ မပြောနိုင်ပါဘူး။ အင်တာနက် လူမှုကွန်ရက်တွေ သုံးစွဲသူတို့ကတော့ အနည်းဆုံး အွန်လိုင်းကနေ အဆက်မပြတ် သတင်းတွေ ဝေမျှနေကြဦးမှာပါ။ တွေ့ဆုံခဲ့တဲ့ IWP စာရေးဆရာတွေကတဆင့် ဆက်လက်ချိတ်ဆက်ပြီး နိုင်ငံတကာစာပေ ကွန်ရက် ပိုပြီး ကျယ်ပြန့်လာဖို့လည်း ဖြစ်နိုင်ပါတယ်။

ဒီအစီအစဉ် တလျှောက်လုံးမှာ အနည်းဆုံး ဖုန်းဆက်လို့ပဲဖြစ်ဖြစ် အကူအညီပေးကြ၊ မသိတာကို ပြောပြပေးကြပြီး ဧည့်ဝတ်ကျေပွန်ခဲ့ကြတဲ့ အမေရိကရောက် မြန်မာမိတ်ဆွေတွေရဲ့ ကျေးဇူးကြောင့်လည်း အခက်အခဲတွေ လျော့ပါးခဲ့ရပါတယ်။ ရောက်လေရာမှာ ပန်ဒိုရာရဲ့ စာပေခရီးဟာ အွန်လိုင်းကနေ စတင်ခဲ့တာ၊ ထုတ်ဝေမှုလည်း ဘယ်လောက်အတိုင်းအတာပဲ ရှိသေးတာကို အားလုံးကို ပြောပြခဲ့ပါတယ်။ ကျွန်မရဲ့ ကဗျာတွေ စာတွေကို နှစ်သက်တယ်ဆိုရင် ပိုထင်ရှားတဲ့ ခေတ်ပြိုင် မြန်မာစာရေးဆရာ ကဗျာဆရာတွေ၊ ဘာသာမပြန်ရသေးတဲ့ ခေတ်အဆက်ဆက်က စာကောင်းပေကောင်းတွေ အများကြီး ရှိသေးတာကိုလည်း အမြဲမီးမောင်းထိုးပြခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာဆရာကြီး ပါမောက္ခ ချားလ်စ် ဘန်းစတိန်း အပါအဝင် ကျွန်မတွေ့ခဲ့တဲ့ စာပေသမားတွေ၊ ကျောင်းက တက္ကသိုလ်ဆရာတွေ အားလုံးဟာ မြန်မာလူမျိုး ကဗျာရေးသူ စာရေးသူ တစ်ယောက်အပေါ် ဝါနုဝါရင့်၊ အွန်လိုင်းပရင့်၊ အမျိုးသမီးအမျိုးသား ခွဲခြားမှုဆိုလို့ ခေါင်းထဲလုံးဝမထည့်ဘဲ အလေးထားဆက်ဆံခဲ့တာ ကျေးဇူးတင်လေးစားစရာပါ။ 

မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ IWP စာရေးဆရာတချို့ရဲ့ အင်တာဗျူးတွေ၊ စာပေလက်ရာတွေကို ဘာသာပြန်ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ ကဗျာတချို့ကိုလည်း သူတို့ရဲ့ ဘာသာစကားနဲ့ ပြန်ဆိုဖြစ်ကြတာ ရှိပါတယ်။ IWP ဝက်ဘ်ဆိုက်မှာလည်း “On going home” ဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်ပြန်ရောက်ချိန် ခံစားမှု ရသအက်ဆေးတစ်ပုဒ် အင်္ဂလိပ်ဘာသာနဲ့ ရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနိုင်ငံတကာ အစီအစဉ်တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား စာပေယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်ဖို့အတွက် အလွန်သင့်တော် ကောင်းမွန်လှပါတယ်။ ၂၀၁၃ နှစ်ဆန်းပိုင်းမှာတော့ IWP ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်နဲ့ အမေရိကန်စာရေးဆရာ ကဗျာဆရာတွေဟာ မြန်မာနိုင်ငံကို လာရောက်ပြီး တက္ကသိုလ်တွေမှာ ရက်တိုသင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။ IWP ရဲ့ ၂၀၁၃ ခုနှစ် fall residency မှာတော့ မြန်မာနိုင်ငံက ကဗျာဆရာ၊ ဘာသာပြန်ဆရာ ဇေယျာလင်း တက်ရောက်နေပါပြီ။ 

မြန်မာစာပေကို ကမ္ဘာကသိစေ၊ ကမ္ဘာ့စာပေနဲ့ ယဉ်ကျေးမှုကိုလည်း မြန်မာက ပိုမိုရင်းနှီးကျွမ်းဝင်စေဖို့ ဒီလို အစီအစဉ်တွေမှာ မြန်မာစာရေးဆရာတွေ တက်တက်ကြွကြွ နှစ်စဉ်ပါဝင်နေကြဦးမယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မဟာ ကံကောင်းချင်တော့ ဒီအစီအစဉ်တက်ရောက်နေစဉ်မှာ အလုပ်ကနေ ခွင့်ရက်ရှည်ယူထားတာမို့ မိသားစုကို သတိရတာကလွဲလို့ ဘာမှ ပူပင်စရာမရှိပဲ ခရီးစဉ်တလျောက်လုံးမှာ စိတ်အေးလက်အေး ပါဝင်ဆင်နွှဲနိုင်ခဲ့ပါတယ်။ လှပတဲ့အိုင်အိုဝါမြို့ကလေးမှာ အေးချမ်းခဲ့တဲ့ နေ့ရက်တွေကိုတော့ အထူး အမှတ်ရနေမှာပါ။

ပန်ဒိုရာ
၁၀.၉.၂၀၁၃

 ၂၀၁၃ နိုဝင်ဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။ 








My 10 reasons for wanting a kid သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက်

$
0
0
My 10 reasons for wanting a kid
သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက်

1. I love kids. I really want to raise my own child, give her/him all my support and see how she/he will grow and stand on own feet. (my goodwill)

၁။ ကလေးတွေကိုချစ်တယ်။ ကိုယ့်ကလေးကို ပျိုးထောင်ချင်တယ်။ ပံ့ပိုးမှုတွေအားလုံး ပေးချင်တယ်။ ပြီးတော့ သူဘယ်လိုကြီးပြင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လာမလဲဆိုတာ ကြည့်ချင်တယ်။ (ကျွန်မရဲ့စေတနာ)

2. I don’t want to miss the experience/advantage that only women can have. (my greed)
၂။ မိန်းမတွေသာလျှင် ရရှိနိုင်တဲ့ အဲဒီ အတွေ့အကြုံ/အခွင့်အရေးကို လက်မလွတ်ချင်ဘူး။ (ကျွန်မရဲ့လောဘ)

3. I am very interested in going through by myself the human-making process provided by our mother nature. (my curiosity)
၃။ သဘာဝမိခင်ကြီးက ဖန်တီးပေးထားတဲ့ လူပြုလုပ်ခြင်း ဖြစ်စဉ်ကို ကိုယ်တိုင်ဖြတ်သန်းဖို့ ကျွန်မ အလွန်စိတ်ဝင်စားတယ်။ (ကျွန်မရဲ့စူးစမ်းမှု)

4. I feel like I have done all I wanted so far and I am bored. I need the change of life. (my craziness)
၎။ အခုအချိန်အထိ ကျွန်မလုပ်ချင်တာတွေ အားလုံး လုပ်ပြီးသွားပြီလို့ ခံစားရတယ်။ ကျွန်မငြီးငွေ့လာပြီ။ ဘဝအပြောင်းအလဲ လိုအပ်တယ်။ (ကျွန်မရဲ့ရူးသွပ်မှု)

5. With the change of life, I think I will also have new challenges to polish my abilities (as well as new subjects to create my literary work). (my ego)
၅။ အဲဒီဘဝအပြောင်းအလဲမှာ ကျွန်မရဲ့ အရည်အသွေးတွေကို အရောင်တင်ပေးဖို့ စိန်ခေါ်မှုအသစ်တွေ ရလာမယ်လို့ထင်တယ်။ (စာပေလက်ရာတွေ ဖန်တီးဖို့ ကုန်ကြမ်းတွေလည်း ရလာမှာပေါ့)။ (ကျွန်မရဲ့အတ္တ)

6. I don’t want to run away from the ordinary ways of life that many other people are encountering. (my stubbornness)
၆။ အများသူငါ ကြုံတွေ့နေကြရတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် လူ့ဘဝမျိုးကနေ ကျွန်မ ထွက်မပြေးချင်ဘူး။ (ကျွန်မရဲ့ခေါင်းမာမှု)

7. I want to prove that, while not trying to escape from the ordinary ways of human life and entering motherhood, a woman can still manage some other things which not everyone can achieve. (my esteem)
၇။ အဲဒီလို လူတိုင်းရဲ့သာမန်ဖြစ်စဉ်တွေကနေ ရုန်းထွက်ဖို့ မကြိုးစားနေတုန်း၊ ပြီးတော့ မိခင်ဘဝကို ခံယူလိုက်တုန်းမှာပဲ မိန်းမတစ်ယောက်ဟာ လူတိုင်းမဆောင်ရွက်နိုင်တဲ့ တခြားကိစ္စတချို့ကိုလည်း စီမံနိုင်သေးတယ်ဆိုတာ ကျွန်မက သက်သေပြကြည့်ချင်တယ်။ (ကျွန်မရဲ့ဂုဏ်သိက္ခာ)

8. It is my gift that can make my beloved ones happy. I believe in all sorts of love. I believe in happiness. I have witnessed happy families. I think I can enjoy my life better with my devotion to family. (my hope)
၈။ ဒါဟာ ကိုယ်ချစ်တဲ့လူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မဲ့ ကျွန်မရဲ့လက်ဆောင်တစ်ခု ဖြစ်တယ်။ ကျွန်မက ချစ်ခြင်းမေတ္တာ အမျိုးမျိုးကို ယုံကြည်ပါတယ်။ ပျော်ရွှင်မှုကိုလည်း ယုံကြည်တယ်။ ပျော်ရွှင်တဲ့ မိသားစုတွေကိုလည်း ကြုံတွေ့ဖူးခဲ့တယ်။ မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျွန်မရဲ့ဘဝကို ပိုပြီး နှစ်ခြိုက်ပျော်ရွှင် ခံစားနိုင်မယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့မျှော်လင့်ချက်)

9. Some people believe that this ruined blue planet is not worthy of bringing in innocent babies. But I would like to try my best to generate a good person (at least not a destructive one) to this crazy world with a hope that he/she will provide a helping hand. (my ambition)
၉။ တချို့လူတွေကတော့ ပျက်စီးနေတဲ့ ဒီဂြိုဟ်ပြာကြီးကို အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေကို ထပ်ခေါ်မလာသင့်တော့ဘူးလို့ ယုံကြည်ကြတယ်။ ကျွန်မကတော့ အဲဒီ ရူးသွပ်နေတဲ့ ကမ္ဘာကြီးအတွက် လူကောင်းတစ်ယောက် (အနည်းဆုံးတော့ ဖျက်လိုဖျက်ဆီးမလုပ်မဲ့ လူတစ်ယောက်) မွေးထုတ်ကြည့်ချင်တယ်။ သူက ကူညီပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့။ (ကျွန်မရဲ့ရည်မှန်းချက်)

10. I think all pros and cons about having a kid will make me more like a human, bring me to a more mature level and help me to find out interesting perspectives on the essence and meaning of life. (my willingness to learn)
၁၀။ သားသမီးရှိခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ အားလုံးဟာ ကျွန်မကို လူသားတစ်ယောက် ပိုဆန်လာအောင် လုပ်ပေးနိုင်မယ်၊ ပိုပြီးရင့်ကျက်တဲ့ အဆင့်တစ်ခုကို ခေါ်ဆောင်သွားနိုင်မယ်၊ ဘဝရဲ့အနှစ်သာရနဲ့ အဓိပ္ပာယ်အပေါ် စိတ်ဝင်စားစရာ အမြင်တွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်မယ် လို့ ကျွန်မ ထင်မိတယ်။ (ကျွန်မရဲ့သင်ယူလိုမှု)

Pandora
24.10.2013
ပန်ဒိုရာ
၂၄.၁၀.၂၀၁၃

အိုင်အိုဝါရက်စွဲများ အပိုင်း (၈)

$
0
0


အိုင်အိုဝါရက်စွဲများ အပိုင်း (၈)

၂၀။ စီနီယာကောလိပ် နှင့် ဂျာနယ်လစ်ဇင်သင်တန်း စာသင်ခန်းများတွင်ဆွေးနွေးခြင်း

အိုင်အိုဝါမြို့က ကျောင်းစာသင်ခန်းတွေကို သွားလည်ပတ်တဲ့ အစီအစဉ်တွေက မပြီးဆုံးသေးပါဘူး။ အိုင်အိုဝါစီနီယာ ကောလိပ်ကို သွားပြီး မြန်မာနိုင်ငံအကြောင်းနဲ့ စာပေအကြောင်း ဆွေးနွေးပေးနိုင်မလားလို့ ဖိတ်ခေါ်လာပြန်ပါတယ်။ စီနီယာကောလိပ်မှာ အသက်အရွယ်ကြီးတဲ့ ပင်စင်စားအရွယ် ကျောင်းသားကျောင်းသူတွေ ရှိတယ်လို့ ပြောပါတယ်။
ရုရှက အယ်လီဇာ ရယ် ကျွန်မရယ်ဟာ စီနီယာကောလိပ်ကို သွားဖို့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အလှည့်ကျပါတယ်။ အဲဒီနေ့က ညနေခင်းမှာ ကျွန်မတို့ IWP စာရေးဆရာအားလုံး ဘဏ်အကောင့်ဖွင့်ဖို့ စီမံပေးတဲ့ US Bank က ဖိတ်ကြားထားတဲ့ ညစာစားပွဲကလည်းရှိနေပါတယ်။ အောက်တိုဘာလထဲမှာ အပြင်ထွက်ရတာ ရာသီဥတုက အတော်အေးနေပါပြီ။ အဲဒီနေ့က ကျွန်မနဲ့ အယ်လီဇာဟာ မိုး သည်းသည်းအောက်မှာ အတူတူထွက်လာခဲ့ကြပါတယ်။

ညစာစားပွဲအတွက် အယ်လီဇာက အင်္ကျီပြန်လဲချင်တယ်ဆိုလို့ သူ့ကိုအရင်ဆုံး ဆွေးနွေးဖို့ အလှည့်ပေးလိုက်ပါတယ်။ ကျွန်မကတော့ အဲဒီဆွေးနွေးပွဲပြီးပြီးချင်းပဲ US Bank ကို ဆက်သွားလိုက်ပါတယ်။ ကောလိပ်မှာတွေ့ရတဲ့ သင်တန်းသားတွေက တကယ့်ကို အဘိုးအဘွားအရွယ်တွေပါ။ ဒီလိုအရွယ်မှာ ကိုယ်ဝါသနာပါတဲ့ စာပေကို လေ့လာနိုင်ဖို့ အခွင့်အရေး ရှိနေသေးတာလည်း အားကျစရာပါ။ တချို့လည်း တုတ်ကောက်နဲ့ တချို့လည်း ဘီးတပ်လှည်းတွေနဲ့ပါ။ လူကြီးတွေဖြစ်တဲ့အတွက် သူတို့နဲ့ ပြောတဲ့အခါမှာ ကျောင်းသားကလေးတွေကို ပြောရမယ့် အကြောင်းအရာနဲ့မတူပါဘူး။ အားလုံးက ဘားမား/မြန်မာ ဆိုတာကို သိကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးနေဝင်း စသည်ဖြင့် အသေအချာ ကြားဖူးကြသူတွေလည်း ပါပါတယ်။ စာပေထက် နိုင်ငံအကြောင်းကို ပိုစိတ်ဝင်စားကြဟန်တူပါတယ်။ ကျွန်မလည်း သူတို့နဲ့ လိုက်ဖက်မယ့် အကြောင်းအရာတွေကို ပြင်ဆင်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာ့စာပေအကြောင်းအကျဉ်းချုပ်ကို မိနစ်၂၀ လောက်ပြောပြပြီး ကျွန်မရဲ့ ကဗျာတွေထဲက သူတို့ကို ဖျော်ဖြေမှု ပေးနိုင်မယ့် ကဗျာ ၃ ပုဒ်ကို ရွေးထုတ်ပြီး ရွတ်ပြခဲ့ပါတယ်။ အချိန်နည်းသွားတာမို့ မေးခွန်း နှစ်ခု သုံးခုသာ ခွင့်ပြုနိုင်ခဲ့တယ်။ သူတို့ထဲက တချို့ကတော့ မနှစ်ကလည်း မြန်မာစာရေးဆရာ တစ်ယောက် လာပြီး ဟောပြောသွားသေးတယ်လို့ ဆိုပါတယ်။ ကိုချိုတူးဇော်လား ဆိုတော့ ဟုတ်တယ်လို့ ပြန်ပြောကြပါတယ်။ ကိုချိုတူးဇော်ကို သူတို့က အမှတ်တရဖြစ်နေခဲ့ကြပါတယ်။ 
စီနီယာကောလိပ်မှာ မြန်မာနိုင်ငံနှင့် မြန်မာစာပေအကြောင်း ဆွေးနွေးနေစဉ်

ဂျာနယ်လစ်ဇင်စာသင်ခန်းအတွက်ကိုတော့ သူတို့ရဲ့ ပရော်ဖက်ဆာ ဆရာမကြီးက ကြိုတင်ပြီး စာတွေပို့ထားပါတယ်။ ဒီအတန်းအတွက်ကိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ထင်ရှားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ကရှာဖွေ စုဆောင်းပြီး slide show ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ သီပေါဘုရင်နဲ့ စုဘုရားလတ်ပုံ၊ ကိုလိုနီခေတ်က ဓာတ်ပုံတွေ၊ ၈၈ အရေးအခင်းမှာ မဝင်းမော်ဦးကို ဆရာဝန်နှစ်ယောက် သယ်ပြေးသွားတဲ့ပုံ အပါအဝင် လှုပ်ရှားမှုပုံတွေ၊ ရွှေဝါရောင်အရေးအခင်းတုန်းက နာမည်ကျော်တဲ့ ကိုရင်လေးသပိတ်မှောက်နေတဲ့ပုံနဲ့ ဂျပန်သတင်းထောက်ကို ပစ်သတ်နေတဲ့ ပူလစ်ဇာဆုရပုံ၊ နာဂစ်ဒဏ်ခံရပုံ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမဆုံး ပြန်လည်ညှိနှိုင်းကြစဉ် ဗိုလ်ချုပ်ဓာတ်ပုံကားချပ်ရှေ့မှာ ရိုက်ထားတဲ့ ပုံ၊ စတာတွေအပြီးမှာ မြန်မာ့ရေမြေတောတောင်ရဲ့ လှပတဲ့ရှုခင်းတွေနဲ့ မြန်မာ့ကျေးလက်လူထုရဲ့ သနပ်ခါးပါးကွက်ကျားနဲ့ ရိုးရိုးသားသား ပြုံးရွှင်နေတဲ့ ပုံလေးတွေ ပါဝင်ပါတယ်။ 

ကျွန်မရဲ့တင်ပြမှုကို “ဓာတ်ပုံတွေက ပြောပြတဲ့ မြန်မာအကြောင်း” လို့ ခေါင်းစဉ်တပ်ပြီး ကျောင်းသားတွေကို ဓာတ်ပုံရဲ့နောက်ကွယ်က မြန်မာ့သမိုင်းကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ချီလီက မာတီးရားစ်နဲ့ ဘော့စဝါနာက တီဂျေတို့လည်း ပါကြပါတယ်။ ဆွေးနွေးသူတွေရဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ပရော်ဖက်ဆာက ကျောင်းသားတွေကို ကြိုတင်ပြီးတော့ မေးခွန်းလေးတွေ မေးထားခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာ၊ ချီလီ၊ ဘော့စဝါနာ လို့ ပြောလိုက်ရင် အဲဒီနိုင်ငံအသီးသီးအတွက် ခေါင်းထဲကိုဝင်လာတဲ့ စကားလုံး ၃ လုံးစီ ချရေးထားပါ ဆိုတာလည်း ပါပါတယ်။ အဲဒီစကားလုံးတွေကို ကြည့်လိုက်တဲ့အခါ တချို့ကျောင်းသားတွေဟာ မြန်မာနိုင်ငံအကြောင်းရော ချီလီ နဲ့ ဘော့စဝါနာတို့ အကြောင်းကိုရော တော်တော် မသိကြတာကို သတိထားမိပြန်ပါတယ်။ ဂျာနယ်လစ်ဇင် ဘာသာရပ်ကို သင်ကြားနေတဲ့ ကျောင်းသားတွေ ဖြစ်ကြပေမယ့် ကျွန်မပြတဲ့ ပူလစ်ဇာဆုရ ဓာတ်ပုံကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ အကြောင်းအရာတွေကို သူတို့ကို မိတ်ဆက်တင်ပြခွင့်ရခဲ့ရတာ ကျွန်မအတွက် အခွင့်အရေးဖြစ်သလို သိခွင့်ကြုံရတာလည်း သူတို့အတွက် အကျိုးရှိခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဂျာနယ်လစ်ဇင် စာသင်ခန်းမှာ ချီလီက မာတီးရားစ်၊ ပန်ဒိုရာနဲ့ ဘော့စဝါနာက တီဂျေ

၂၁။ ပျော်ရွှင်ဖွယ်တွေ့ဆုံပွဲများ

အောက်တိုဘာလထဲမှာ တဖြည်းဖြည်းနဲ့ နောက်ဆုံးပိတ် အစီအစဉ်တွေကို အပြီးသတ်ဖို့ ကြိုးစားလာရပါပြီ။ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြတာကိုတော့ နောက်ဆုံးအချိန်အထိ စောင့်မနေဘဲ စက်တင်ဘာလကတည်းက လုပ်ခဲ့ပြီးပါပြီ။ IWP ကိုတက်ရောက်ကြတဲ့ စာရေးဆရာတွေထဲမှာ အချိန်အစကနေ အဆုံးအထိ မနေနိုင်ကြသူတွေလည်း ပါပါတယ်။ တချို့ကလည်း ကြားကာလတွေမှာ အိမ်ပြန်ကြ၊ သူတို့အစီအစဉ်နဲ့ သူတို့ ခရီးသွားကြသူတွေလည်း ပါပါတယ်။ ဒီတော့ အားလုံးစုံစုံညီညီ ရှိလောက်တဲ့ စက်တင်ဘာလကတည်းက စုပေါင်းဓာတ်ပုံကို ရိုက်ထားခဲ့ကြပါတယ်။
စုပေါင်းဓာတ်ပုံ။ ရိုက်ပေးသူကတော့ စင်ကာပူက စတက်ဖနီရဲ့ အမျိုးသားပါ


ကျွန်မတို့ကို နေရာချထားပေးတဲ့ Iowa House Hotel မှာ IWP စာရေးဆရာအားလုံး အသုံးပြုနိုင်ဖို့ အများပိုင်အခန်းတစ်ခုကိုလည်း ပေးထားပါတယ်။ အဲဒီအခန်းထဲမှာ စာဖတ်ကြ၊ တွေ့ဆုံဆွေးနွေးကြ၊ စားသောက်ကြ၊ ညနေခင်းအစီအစဉ်တွေ လုပ်ကြ ပါတယ်။ တစ်ခါကတော့ အိုင်အိုဝါမြို့ခံ ကဗျာဆရာတစ်ယောက်ကို အဲဒီအခန်းကို ဖိတ်ကြားပြီး ကဗျာရွတ်ပွဲလုပ်ခဲ့ကြတယ်။ ပွဲအပြီး အမေးအဖြေ ကဏ္ဍမှာ ကျွန်မက မေးခွန်းတစ်ခုကို အမှတ်မထင် အစဖော်ခဲ့မိပါတယ်။ အဲဒါကတော့ ကဗျာဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်သလား ဆိုတာပါပဲ။ အဲဒီနေ့ကမှတ်မှတ်ရရ အီရတ်က  ဂူလာလာနဲ့ ဥဘက်ကစ္စတန်က အလီနာတို့ နှစ်ယောက်ကြားမှာ ဆွေးနွေးငြင်းခုံပွဲလေး ဖြစ်သွားကြပါတယ်။

ဧည့်သည်ကဗျာဆရာ ပြန်သွားတဲ့အခါ အဲဒီအကြောင်းအရာကို ဆက်ဆွေးနွေးကြပါတယ်။ ဂူလာလာဟာ အသက်လေးဆယ်ပတ်ဝန်းကျင်ဖြစ်ပြီး စစ်ပွဲနဲ့ ဒုက္ခသုခ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့တဲ့ ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ အလီနာကတော့ ၂၃ နှစ်လောက်ပဲ ရှိသေးပြီး အင်မတန်မှ စိတ်အားတက်ကြွတဲ့ ထူးချွန်ထက်မြက်သူလေးပါ။ သူတို့နှစ်ဦးက ကိုယ့်အမြင်နဲ့ကိုယ် ဆက်ဆွေးနွေးကြပါတယ်။ ဂူလာလာက “ကျွန်မကြုံတွေ့ခဲ့သမျှတော့ ကဗျာနဲ့ လူ့အဖွဲ့အစည်းကို မပြောင်းလဲနိုင်ဘူး” လို့ ဆိုပါတယ်။ “ကျွန်မဟာ ဝါသနာအရ ကဗျာရေးပေမယ့်လည်း နိုင်ငံက ကြုံနေရတဲ့ လတ်တလော စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့အတွက် လက်တွေ့ကျတဲ့ လူမှုရေး နိုင်ငံရေး အလုပ်တွေကို လုပ်ခဲ့ရတယ်၊ အဲဒီလိုအချိန်မှာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်မှုတွေကို ကဗျာရေးခြင်းအားဖြင့်တော့ ထိထိရောက်ရောက် မကူညီနိုင်ဘူး” လို့ဆိုပါတယ်။ 

အလီနာကတော့ လူငယ်ပီပီ မျှော်လင့်ချက်ထက်သန်စွာနဲ့ တက်တက်ကြွကြွပြန်ပြောပါတယ်။ “ကျွန်မဆိုလိုတာကတော့ ရေရှည်အတွက်ပါ။ ကဗျာက လူ့အဖွဲ့အစည်းကို ချက်ချင်းလက်ငင်း ပြောင်းလဲမသွားပေးပေမယ့် ကဗျာရေးခြင်း ဖတ်ခြင်း ဆိုတဲ့ ကဗျာယဉ်ကျေးမှု ဟာ လူ့အဖွဲ့အစည်းရဲ့ ခံယူချက်တွေကို ပြောင်းသွားစေနိုင်တယ် လို့ ကျွန်မကတော့ ယုံကြည်တယ်။” လို့ပြောပါတယ်။ ဒီအခါ ဂူလာလာက “ကဗျာတစ်ပုဒ်ကို ဖတ်ပြီးတော့ လူ့အဖွဲ့အစည်းတစ်ခုလုံး ပြောင်းသွားမှာလား” လို့မေးခွန်းထုတ်ပါတယ်။ ဂူလာလာဟာ ကဗျာတစ်ပုဒ်ကြောင့် ကိုလိုနီလက်အောက်မှာ အမျိုးသားရေးစိတ်ကို လှုံ့ဆော်ပေးတာတို့၊ အာဏာရှင် ဖိနှိပ်မှုအောက်မှာ လွတ်လပ်လိုစိတ်ကို အားပေးတာတို့အထိ လက်ခံပေမဲ့ လူ့အဖွဲ့အစည်းကို ပြောင်းနိုင်တယ် ဆိုတဲ့ စကားလုံးအပေါ်မှာတော့ လက်တွေ့ကျတဲ့ အယူအဆဘက်ကနေ သဘောမတူနိုင်ဘူးဖြစ်နေပါတယ်။

ကျွန်မက ကဗျာဆရာနှင်းခါးမိုးပြောခဲ့ဖူးတဲ့ “ကဗျာဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေမယ့် လူတွေကို ပြောင်းလဲပေးစေနိုင်ပါတယ်” ဆိုတဲ့စကားကို ကိုးကားလိုက်တော့ ဒါကိုတော့ သူတို့ နှစ်ဦးစလုံး လက်မခံနိုင်စရာ မရှိကြပါဘူး။ အဲဒီလို အမျိုးသမီးကဗျာဆရာတွေ တက်တက်ကြွကြွ ဆွေးနွေးနေကြတာကို အမျိုးသားကဗျာဆရာတွေကတော့ ခေါင်းတညိတ်ညိတ်နဲ့ စိတ်ဝင်တစား ထိုင်ကြည့်နေကြပါတယ်။ အဲဒီလို လွတ်လပ်ပွင့်လင်းတဲ့ အလွတ်သဘော ရင်းရင်းနှီးနှီး ဆွေးနွေးချိန်တွေဟာ စိတ်လှုပ်ရှားစရာ ပျော်စရာကောင်းလှပါတယ်။ 

တစ်ခါကလည်း ကိုရီးယားစာရေးဆရာ ဟေးအီစူးနဲ့ စကားလက်ဆုံကျဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ဂျပန်စာရေးဆရာ မူရာကာမိကို နှစ်သက်ကြတဲ့အကြောင်း ပြောဖြစ်ပါတယ်။ သူက ကိုရီးယားရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေဟာ ကမ္ဘာကျော်ပေမယ့် ဂျပန်စာရေးဆရာတွေ ကမ္ဘာကျော်သလို ကိုရီးယားစာရေးဆရာတွေ ကိုရီးယားဝတ္ထုရှည်တွေ ကိုတော့ လူမသိကြဘူးဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့်မို့ သူတို့ဆီမှာ အစိုးရအစီအစဉ်နဲ့ ဘာသာပြန်သင်တန်းတွေပေးပြီး ကိုရီးယားဝတ္ထုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဘာသာပြန်ဖို့ လုပ်နေတာတွေရှိတယ် လို့ ပြောပြပါတယ်။ သူတို့ဆီက စာရေးဆရာတွေဟာ ၂ နှစ် ၃ နှစ်လောက်မှ တစ်ခါ ဝတ္ထုရှည်တစ်ပုဒ်ရေးတာနဲ့ ဒီကြားထဲမှာ စာသင်တာနဲ့ မိသားစု လူတန်းစေ့ နေနိုင်တယ်လို့ဆိုပါတယ်။ သူဟာလည်း ဝတ္ထုတိုကိုတောင်မှ လိုအပ်တဲ့ သုတေသနတွေလုပ်၊ အချိန်ယူပြီးမှ တစ်နှစ်ကို ပုဒ်ရေအနည်းငယ်သာ ရေးသူပါ။ ကျွန်မတို့ဆီမှာ လောလောဆယ်ဖြစ်နေသေးတဲ့ အနေအထားတွေ (ဥပမာ- စာရေးဆရာတစ်ယောက်ဟာ စာရေးသားခြင်းသက်သက်နဲ့ အသက်မွေးဖို့ ခက်ခဲတာ၊ ရသစာပေ အရည်အသွေး တိုးတက်မှုနည်းနေတာ) တစ်ခွန်းပြောပြလိုက်တိုင်း သူက ဒီလိုမျိုး ကိုရီးယားမှာ လွန်ခဲ့တဲ့ အနှစ် ၂၀၊ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျယ်ပြန့်တဲ့ ကိုရီးယားနိုင်ငံမှာ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ဆိုတာကလည်း မလွယ်ပါဘူးတဲ့။ စာပေပြိုင်ပွဲ အဆင့်ဆင့်မှာ ဆုရဖို့လိုအပ်တယ် လို့ ပြောပါတယ်။ အခုအချိန်မှာ စာပေရေးသားခြင်းကို လူငယ်တွေဟာ အလွန် စိတ်ဝင်စားနေကြပြီး တက္ကသိုလ်တွေမှာ creative writing မေဂျာကို တက်ခွင့်ရဖို့အတွက် အမှတ်ကောင်းကောင်းရဖို့ ယှဉ်ပြိုင်နေကြတယ်လို့ဆိုပါတယ်။ 

IWP တက်ရတဲ့အခါမှာ ကျောင်းကစီစဉ်ပေးတဲ့ ပုံမှန်အစီအစဉ်တွေအပြင် အခုလို နိုင်ငံတကာက စာရေးဆရာတွေနဲ့ အလွတ်သဘော စကားစမြည်ပြောပြီး သူတို့ဆီက ဗဟုသုတရစရာတွေကို ဆွေးနွေးဖလှယ်ရတာ တန်ဖိုးရှိလှပါတယ်။ ဘော့စဝါနာက တီဂျေဒီးမားနဲ့ အိုင်အိုဝါမြစ်ဘေးမှာ နေ့လည်စာအတူထိုင်စားဖြစ်တဲ့ နေ့တစ်နေ့ကတော့ ကျွန်မတို့ဟာ ကဗျာအကြောင်း ပြောနေရင်းနဲ့ ဘော့စဝါနာနိုင်ငံရဲ့ ကြောက်စရာလန့်စရာ HIV/AIDS ပြန့်ပွားမှု အခြေအနေဆိုး အကြောင်းကို ပိုပြီး စိတ်ဝင်တစား ပြောဖြစ်ကြပါတယ်။ ခုခံအားကျဆင်းမှုရောဂါ ပျံ့နှံ့မှုဟာ တစ်နိုင်ငံလုံးကို ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားတဲ့အထိ ရှင်းလင်းပစ်နိုင်လောက်အောင် ဆိုးဝါးနေကြောင်းကို သဘောပေါက်သွားတဲ့အခါ ဘော့စဝါနာ  အုပ်ချုပ်သူတွေဟာ ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေကို အတည်ပြုဝန်ခံပြီး အကူအညီတွေကို တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အိုင်အိုဝါဟိုတယ်ရဲ့ ညနေခင်းတချို့မှာ စာရေးဆရာတွေဟာ အဲဒီ အများသုံးဧည့်ခန်းမှာ စုဝေးပြီး စားသောက်ကြ သီချင်းဆိုကြ ကကြနဲ့ ပျော်ရွှင်စရာအချိန်တချို့လည်း ရှိခဲ့ပါတယ်။ တစ်ညနေမှာတော့ တစ်ယောက်က ဂစ်တာယူလာခဲ့ပါတယ်။ စာရေးဆရာ အတော်များများဟာ ဂီတအနုပညာနဲ့လည်း မစိမ်းသူတွေပါ။ အထူးသဖြင့် ဘီလာရုဇ်က အန်ဒရေနဲ့ ဘရာဇီးလ်က ရော်ဒရီဂိုး တို့ဟာ ပရော်ဖက်ရှင်နယ်တွေလို ဂစ်တာတီး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ နေဘုန်းလတ်ကလည်း သူကိုယ်တိုင် စပ်ထားတဲ့ မြန်မာသီချင်း တစ်ပုဒ်ကို ဂစ်တာတီးပြီး ဆိုပြခဲ့ပါသေးတယ်။ အီရတ်က ဂူလာလာက သူတို့ရိုးရာ ဗိုက်လှုပ်အကကို သင်ပေးလို့ စာရေးဆရာတွေက ကိုးရိုးကားရား လိုက်ကကြတာလည်း ပြန်တွေးကြည့်ရင် ရယ်စရာပါ။ Life of Discovery လို့ခေါ်တဲ့ IWPနဲ့ တရုတ်နိုင်ငံက စာရေးဆရာတွေရဲ့ ပူးတွဲပရောဂျက်အတွက် ရောက်ရှိနေကြတဲ့ တရုတ်စာရေးဆရာ ၄ ယောက်ကလည်း ဟိုတယ်ကို လာလည်ပြီး အဲဒီ အများသုံးဧည့်ခန်းလေးမှာ တရုတ်ရိုးရာ တူရိယာတွေကို တီးမှုတ်ဖျော်ဖြေသွားကြပါသေးတယ်။

အိုင်အိုဝါဟောက်စ်ဟိုတယ်မှာ အီရတ်က ဂူလာလာနဲ့ ဘီလာရုဇ်က အန်ဒရေ

အိုင်အိုဝါဟောက်စ်ဟိုတယ်မှာ ညနေခင်း အမှတ်တရ တွေ့ဆုံပွဲတစ်ခု



၂၂။ နှုတ်ဆက်ပွဲများ


စီနီယာကောလိပ်မှာ သွားရောက်ဆွေးနွေးတဲ့နေ့ ညနေပိုင်းမှာ US Bank က ဖိတ်ခေါ်တဲ့ ညစာစားပွဲကို သွားရပါတယ်။ US Bank ဟာ IWP စာရေးဆရာတွေ အစဉ်အဆက်ကို ငွေစာရင်းဖွင့်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ အဲဒီညစာစားပွဲမှာ IWP ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဟွာလင်းနီးလ်အန်ဂယ်လ် (ပေါလ် အန်ဂယ်လ်ရဲ့ ဇနီး) နဲ့လည်းတွေ့ခဲ့ရပါတယ်။ အဲဒီပွဲမှာတော့ ဘီလာရုဇ်က အန်ဒရီ၊ ဇင်ဘာဘွေက ခရစ္စတိုဖာနဲ့ ကိုရီးယားက ချွိုင် တို့က ကဗျာတွေ ပြဇာတ်တွေကို ဖတ်ခဲ့ကြပါတယ်။ ညစာစားပွဲအပြီး ချမ်းအေးလှတဲ့ ညချမ်းမှာ Englert Theatre မှာ နာမည်ကျော် Kronos Quartet ဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို အခမဲ့ နားဆင်ခဲ့ကြရပါတယ်။ IWP ကိုတည်ထောင်ခဲ့တဲ့ ဟွာလင်း အန်း အန်ဂယ်လ်ကို International IMPACT Award ဆုပေးပွဲ အခန်းအနားကိုလည်း IWP စာရေးဆရာတွေဟာ နှုတ်ဆက်ကာလတွေမှာ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနေ့အခန်းအနားက WorldCanvass Broadcast နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ 
US Bank ရဲ့ အမှတ်တရ ဒေါ်လာပြားလေးကို လက်ခံစဉ်


US Bank ဒင်နာမှာ ဆရာမကြီး ဟွာလင်း အန်း အန်ဂယ်လ် နဲ့ အမှတ်တရ


Kronos Quartet ဖျော်ဖြေပွဲ


နှုတ်ဆက်ပွဲတွေထဲမှာ ဖော်ရွေလှတဲ့ စာကြည့်တိုက်တာဝန်ခံ ဂျပန်မလေး ချာကီရဲ့ အိမ်ကိုခေါ်ကျွေးမွေးတဲ့ နေ့လည်စာကိုလည်း မေ့ထားလို့မရပါဘူး။ ချာကီဟာ အာရှတိုက်သား စာရေးဆရာတွေရဲ့ စာကြည့်တိုက်ကိစ္စ အဝဝ ကို ကူညီဖို့ တာဝန်ပေးခံထားရသူဖြစ်ပါတယ်။ သူက အာရှတိုက်သား စာရေးဆရာတွေကို လူနည်းနည်းစီခွဲပြီး သူ့အခန်းမှာ နေ့လည်စာလာစားကြဖို့ ဖိတ်ပါတယ်။ ကျွန်မကို ဘယ်သူတွေနဲ့ အတူတူလာချင်လဲ လို့ မေးတော့ ကျွန်မတို့ မြန်မာ ၂ ယောက်နဲ့အတူ ကိုယ်နဲ့လည်းခင်မင်နေတဲ့ ကိုရီးယား ၂ ယောက်ကို တစ်အုပ်စု ဖိတ်ပေးဖို့ ပြောလိုက်ပါတယ်။ အဲဒီနေ့မှာ သူ့တစ်ဦးတည်းနေထိုင်တဲ့ သပ်ရပ်တဲ့ အခန်းလေးထဲမှာ အရသာရှိလှတဲ့ ဂျပန်နေ့လည်စာကို စားခဲ့ရပါတယ်။ 
ချာကီရဲ့အိမ်မှာ ချာကီ၊ နေဘုန်းလတ်၊ ကိုရီးယားက အီးစူးတို့နဲ့အတူ။ ကိုရီးယားက ချွိုင် ကတော့ ဓာတ်ပုံရိုက်ပေးနေလို့ ဒီပုံထဲမှာ မပါဘူး။



နောက်ထပ်မမေ့စရာပွဲတစ်ခုကတော့ အောက်တိုဘာ ၃၀ ညမှာ IWP က ဆက်ဆံရေးတာဝန်ခံ ဂျိုးရဲ့ ညီတစ်ယောက် အိမ်မှာ ကျင်းပတဲ့ တစ္ဆေကြီးပွဲလို့ ခေါ်တဲ့ ဟယ်လိုဝင်းပါတီ ပါ။ ကျွန်မလည်း ဟယ်လိုဝင်းပါတီတွေကို တစ်ခါမှ မသွားဖူးပါဘူး။ သူတို့တွေ ဝတ်စားဆင်ယင်ကျင်းပပုံကိုတော့ အလွန်သိချင်နေပါတယ်။ ကျွန်မ အပါအဝင် IWP စာရေးဆရာတချို့ဟာ ပါတီပွဲနဲ့ လိုက်လျောညီထွေ ဝတ်စားဆင်ယင်ပြီး အဲဒီပွဲကို သွားခဲ့ကြပါတယ်။ အက ဝါသနာပါသူတွေကလည်း သီချင်းတွေဖွင့်ပြီး ကကြပါတယ်။ အဲဒီတလောမှာ ခေတ်စားနေတဲ့ အိုပါဂန်းနန်းစတိုင် သီချင်းကိုလည်း ဖွင့်ပြီး ကကြတာတွေ့ရပါတယ်။ အမေရိကန်တွေဟာ အဲဒီသီချင်းကိုလည်း အလွန်နှစ်သက်ကြပါတယ်။ 
စင်ကာပူက စတက်ဖနီက ယူရူဂွေးက လူးဝစ်ကို ဟယ်လိုဝင်းပွဲအတွက် ပြင်ဆင်ပေးနေစဉ်


အာဖဂန်နစ္စတန်က မိုဟစ်ဘ်နဲ့ ကိုရီးယားက ချွိုင် ဟယ်လိုဝင်းအတွက် ဝတ်စားဆင်ယင်ထားပုံ


စာကြည့်တိုက်မှာ အပတ်စဉ်ကျင်းပတဲ့ panel discussion ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအစီအစဉ်မှာ Image of America ဆိုတဲ့ ခေါင်းစဉ်နဲ့ IWP စာရေးဆရာတွေက အမေရိကမှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ထင်မြင်ချက်တွေကို ပြောကြပါတယ်။ အဲဒီနေ့က စကားပြောအလွန်ကောင်းတဲ့ ကူဝိတ်က တားလက်ဘ်က စာကြည့်တိုက်ဆွေးနွေးပွဲတွေမှာ ပီဇာကိုပဲ အမြဲကျွေးလို့ ငြီးငွေ့မိတဲ့အကြောင်း ဟာသနှောကာ ပြောတော့ အားလုံးပွဲကျခဲ့ကြပါတယ်။ ကျွန်မနဲ့ နေဘုန်းလတ်တို့လည်း အမေရိကအပေါ် ထင်မြင်ချက်တွေကို အနည်းငယ် ပြောဖြစ်ခဲ့ကြပါတယ်။ စလိုဗက်ကီးယားက စာရေးဆရာမ ယာနာ ရဲ့ holy တွေ ထပ်နေတဲ့ အိုင်အိုဝါ နှုတ်ဆက် ကဗျာတစ်ပုဒ် ကိုလည်း အားလုံးက အထူးသဘောကျကြပါတယ်။ ယာနာ ဟာ ထူးချွန်တဲ့ စာရေးဆရာမတစ်ဦး ဖြစ်ပါတယ်။ IWP တက်ရောက်နေတဲ့ ကာလထဲမှာပဲ ဥရောပစာပေဆု ချီးမြှင့်ခြင်း ခံလိုက်ရပါသေးတယ်။ 
Images of America ဆွေးနွေးပွဲမှာ စကားပြောဖြစ်စဉ်

နိုဝင်ဘာ ၄ ရက်နေ့မှာတော့ Englert Theatre မှာ IWP အစီအစဉ်က ကျင်းပတဲ့နှုတ်ဆက်ပွဲနဲ့ ဂုဏ်ပြုကဒ်ပြား ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ လက်ဆောင်တွေလဲလှယ်ကြ အမှတ်တရဓာတ်ပုံတွေရိုက်ကြတဲ့ နောက်ဆုံးနေ့ပါ။ စာရေးဆရာအားလုံးကို ဂုဏ်ပြုကဒ်ပြားတွေပေးအပ်ပြီးတဲ့အခါမှာ တစ်ယောက်ကျန်နေတယ်လို့ ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်က ပြောပါတယ်။ ဟုတ်ပါတယ်။ ကဒ်ပြားမရသေးပဲ ကျန်နေသူက ကူဝိတ်က တားလက်ဘ်ပါ။ သူ့အတွက်တော့ အထူးပြင်ဆင်ထားပါတယ်လို့ ကြေညာပြီးတော့ လှမ်းပေးလိုက်တာက ပီဇာဗူးတစ်ဗူး ဖြစ်နေတဲ့အခါ အားလုံးက ရယ်မောကြပါတယ်။ ပီဇာကို ခဏခဏစားရလို့ မုန်းနေသူ တားလက်ဘ်ကို သက်သက် ကျီစယ်ကြတာဖြစ်ပါတယ်။ အဲဒီ ပီဇာဗူးထဲမှာ ဂုဏ်ပြုကဒ်ပြားကို ထည့်ထားပါတယ်။ အဲဒီပွဲအပြီးမှာတော့ စားသောက်ဆိုင်တစ်ခုမှာ ဆက်ပြီး အတီးအမှုတ်တွေ အကတွေနဲ့ နှုတ်ဆက်ပြီး ညဥ့်နက်အောင် နေခဲ့ကြပါတယ်။ 
IWP fall 2012 နှုတ်ဆက်ပွဲမှာ ဂုဏ်ပြုကဒ်ပြားတွေနဲ့အတူ နေဘုန်းလတ်နဲ့ အမှတ်တရ

နောက်တစ်နေ့မှာတော့ ကျွန်မတို့အားလုံးကို အိမ်အပြန်ခရီးရဲ့ နောက်ဆုံးအစီအစဉ်တွေဖြစ်တဲ့ ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့ ခရီးစဉ်အတွက် ပြင်ဆင်နေကြရပါပြီ။ တချို့စာရေးဆရာတွေက အဲဒီခရီးစဉ်မှာ မပါဝင်တာမို့ သူတို့အတွက်တော့ IWP အစီအစဉ်ကို တစ်ခါတည်း အပြီးနှုတ်ဆက်ခဲ့ရခြင်း ဖြစ်ပါတယ်။ IWP စာရေးဆရာတွေ ထွက်ခွာသွားတဲ့အခါ သူတို့ကျောင်းကြီးလည်း ခြောက်ကပ်ကျန်ခဲ့မယ်လို့  IWP ရုံးသူရုံးသားတွေက လွမ်းလွမ်းဆွတ်ဆွတ် ပြောကြပါတယ်။ ဒီမြို့လေးကို နောက်တစ်ခေါက် အလည်ရောက်လာဖို့ ဆိုတာကလည်း မလွယ်ဘူးမဟုတ်လား။  အဲဒီအချိန်မှာ သစ်ရွက်တွေ နီနီဝါဝါ အရောင်ပြောင်းရာကနေ ပင်လုံးကျွတ် တဖွဲဖွဲကြွေကျကုန်လို့ အိုင်အိုဝါတစ်မြို့လုံးက သစ်ပင်တွေဟာလည်း အရိုးပြိုင်းပြိုင်းနဲ့ ခြောက်သွေ့လာခဲ့ပါပြီ။


အိုင်အိုဝါတက္ကသိုလ်တစ်နေရာက သစ်ပင်ကြီး


 ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။ အပို်င်း ၉ တွင်နိဂုံးချုပ်ပါမည်။ )
 ၂၀၁၃ အောက်တိုဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။ 




မျက်စိရှေ့မှောက် ဆိုက်ရောက်နေတာတွေ အားလုံးဟာ

$
0
0


မျက်စိရှေ့မှောက် ဆိုက်ရောက်နေတာတွေ အားလုံးဟာ

နက်ရှိုင်းတဲ့ စုပ်ယူမှုထဲက ဖြန့်ထွက်လာတဲ့ ပုံရိပ်ယောင်သက်သက်
အများအမြင် ထင်းထင်းကြီး ခုန်ချလိုက်တော့ “ပလုံ” မြည်သံ အက်ခိုးရိုက်သွား
ကမ်းနားသစ်ပင်မှာ တွဲလောင်းချန်ထားတဲ့ ဗျူဟာ ကိုတော့ မျှော့ကြိုးလျှော့ထားခဲ့
နိုင်ချင်ရင် ဒါမှမဟုတ် ရှုံးချင်ရင် တစ်ဘက်ဘက်ရဲ့ တောင်ပံတစ်ဖက်ကို ချိုးဖျက်/ဖြတ် မှရမယ်
မောင်းမတီးဘူး အလံမလွှင့်ဘူး အမှောင်ထုဟာ စစ်ဦးစီးပဲ
မြှူရုံမြှူပြီးမှ အတွင်းပိုင်းကို ဖြားယောင်းခေါ်လာခဲ့တာ
နောက်ဆုတ်ထားတဲ့ ခြေလှမ်း ရှေ့ကိုကမ်းလာတဲ့ လက်
ညိတ်လိုက်တဲ့ ဦးခေါင်း မတ်မတ်ခိုင်ထားတဲ့ ကျောရိုး
မာကျောမှုနဲ့ အပူဓာတ်သာလျှင် အားကြီးတာမဟုတ်
ပျော့ပြောင်းစွတ်စိုတဲ့ အေးစက်ခြင်းဟာ အလုံးအရင်းနဲ့ အဆင်သင့်
နေမြင့်ပြီ လူပြက်တွေလည်း ရင့်လာပြီ သရဖူလည်း (စိန်တုတွေနဲ့) တင့်တယ်နေပြီ
ရေလွှဲတံခါးဖောက်ချချိန်မှာ သမိုင်းအပြောင်းကို မျက်တောင်မခတ်ကြည့်ထား
တွားသွားနေတဲ့ ရွှေ့ကွက်တွေပေါ် ပြုတ်ကျလုလု ဝရံတာက ပန်းအိုးတစ်လုံး
ကျေနပ်နှစ်ချိုက်မှုတွေလည်း အခုယူရေနီယမ် တော်ကြာကျောက်စရစ်ခဲ
ထက်အောက် အောက်ထက် ဘေးချင်းယှဉ် ကန့်လန့်ဖြတ်
ဆက်ဆံရေးတွေကို မျက်စိနှစ်လုံးတည်းနဲ့ လှည့်ပတ်ချောင်းမြောင်းဖို့မလွယ်
နည်းစနစ်တွေရဲ့ အသေးစိတ်ဟာ အောက်ခြေအထိရောက်ဖို့တော့ ခက်မယ်
ခဲမိုးသွန်ရွာ မှန်ဖူးတဲ့ စာသူငယ်တွေဟာ ခြေပစ်လက်ပစ် ဒိုင်ဗင်ထိုးဝင်နေ
အခက်အခဲတွေကို အရည်ဖျော်ပေးပြီး အားလုံးရဲ့ ထောက်ခံမှုကို ကျော်လွန်သည်အထိ
မပြည့်ဝသေးတဲ့ အရေးပေါ်အစည်းအဝေးမှာ (နောက်တစ်ကြိမ်)
ကျေးဇူးတင်ခဲ့တယ် မျှော်လင့်နေခဲ့တယ် ဟုတ်ကဲ့ ကျွန်ုပ်တို့ သိခဲ့ကြပါတယ်
လမ်းဆုံးချင်းတူပါလျက် သွားပုံသွားနည်းကွဲတာနဲ့ မိတ်ဆွေတွေ လွဲချော်ကုန်ကြ
ဆန့်ကျင်ဘက် ဦးတည်သူချင်းဟာ လမ်းဆုံမှာ ထင်ယောင်ထင်မှား ပခုံးဖက်ကြ
အဝေးမှုန် အနီးပိန်းတို့ ကမ္ဘာမှာတော့ ကောလဟလတွေသာ လောကပါလ ဖြစ်လို့။


ပန်ဒိုရာ
၃၀.၈.၂၀၁၃

ကိုယ်ရေးကိုယ်တာ ၂၀၁၂-၂၀၁၃

$
0
0




နှစ်ကုန်တဲ့အခါ ဘာတွေကျော်ဖြတ်ခဲ့တယ် ဆိုတာ ပြန်ပြောရမယ်ဆိုရင်တော့ ၂၀၁၂ ကိုပါ ထည့်ပြောရလိမ့်မယ်။ ၂၀၁၁ စက်တင်ဘာမှာ အမိမြေကို ပြန်ခဲ့တာကိုး။ ၂၀၁၂ တစ်နှစ်လုံးနဲ့ ၂၀၁၃ တစ်နှစ်လုံးကို မြန်မာပြည်မှာပဲ အဓိက ဖြတ်သန်းခဲ့ရ။ ပြန်လာခဲ့တာဟာ ကိုယ်လိုချင်တာ တစ်ခုရနိုင်ဖို့ ဖိစီးမှုတွေ လျော့ပါးချင်တဲ့ ရည်ရွယ်ရင်းမို့ ကဗျာတွေစာတွေ အချိန်ပေးနိုင်သလောက်ထဲမှာ ဖိစီးမှုမဖြစ်ရုံ ရေးခဲ့။ ဒါပေမယ့်လည်း အလေးအနက်ထားတဲ့ အရာတိုင်းမှာ အလေးချိန်တစ်ခုက အမြဲဖိနေတာဆိုတော့ အချိန်တွေပိလာရင် နောက်ပြန်ဆုတ် ချိန်ညှိခဲ့ရ။ ကြံရွယ်ထားသလို မိသားစုနဲ့ အရည်အသွေးပြည့် အရသာပြည့်အချိန်တွေ ဦးစားပေး ဖန်တီး၊ ခံစား၊ ကျော်ဖြတ်။ 

အမိမြေကို ပြန်ရောက်ခိုက် ကမ္ဘာတုနဲ့ ကမ္ဘာစစ်ကြား ကွဲပြားနေတဲ့ ဘဝနှစ်ခုကို ပေါင်းစည်းပေးဖို့ အချိန်တန်ပြီလို့ ထင်မြင်လာတဲ့အခါ အင်တာနက်ဥခွံကနေ အပြင်ကိုထွက်လာခဲ့တယ်။ ဒါကလည်း ထွက်ဖို့ အခွင့်သာနေတုန်း အခိုက်အတန့်လေးမှာမို့ ထွက်ခဲ့တာမျိုး။ ကဗျာပွဲတွေ၊ တချို့သော အခမ်းအနားတွေ၊ ပြပွဲတွေ ရောက်ခဲ့။ ကဗျာဆရာ/ဆရာမ၊ စာရေးဆရာ/ဆရာမ အချို့နဲ့ သိကျွမ်းခဲ့။ ကဗျာပွဲတွေ စာအုပ်မိတ်ဆက်ပွဲတွေ သွားဖြစ်ခဲ့။ နိုင်ငံတကာပွဲတွေထဲမှာ Women in Media ၊ Blue Winds Multimedia Art Festival, Irrawaddy Literary Festival စသည်ဖြင့် အမှတ်တရ။  ပြည်ပခရီးအနေနဲ့ ပျောက်သွား(တယ်ထင်ခဲ့)တဲ့ IC card အသစ်ပြန်လုပ်ဖို့ စင်ကာပူကို တစ်ခေါက်ပဲ ပြန်ရောက်ခဲ့။ အခုအထိတော့ ထပ်မရောက်နိုင်သေး။ ၂၀၁၂ သြဂတ်စ်လမှာ IWP တက်ဖို့ အမေရိကကို မမျှော်လင့်ပဲ ရောက်သွားခဲ့။    

၂၀၁၃။ နှစ်ကုန်ပေမယ့် အကြွေးတွေကတော့ အများကြီးပဲ။ စာပေနဲ့ ပတ်သက်လို့တော့ -ဘာသာပြန်လက်စတွေ တန်းလန်း။ ဘလော့ဂ်တွေအကြောင်း ရေးလက်စ ပို့စ်က တန်းလန်း။ အိုင်အိုဝါရက်စွဲများ ရေးပြီးပေမယ့်လည်း ဘလော့ဂ်မှာ တင်ဖို့ နောက်ဆုံးတစ်ပိုင်းကျန်နေတယ်။ သူများတွေဆီက ရရန်ရှိတွေလည်း ရှိပါတယ်။ ကဗျာပါထားတဲ့ ပန်းဆိုးတန်းဂျာနယ် ဆရာမောင်လင်းရိပ်ဆီမှာ သွားမယူဖြစ်သေးဘူး။ တော်လှန်ကြောင် ခရီးရှည်ချီတက်ပွဲ စာအုပ်ကို မမြင်ရသေး။ ပိတောက်ပွင့်သစ်မှာ ကဗျာတစ်ပုဒ်ပါထားတာ ကြာလှပေမယ့် စာအုပ် သွားမယူဖြစ်။ ၂၀၁၄ ကို သယ်ဆောင်သွားမယ့် လုပ်လက်စတွေ။ အရေးအကြီးဆုံးကတော့ ကြွေးဟောင်းတွေ ကုန်အောင် မဆပ်နိုင်ခင်မှာ တသက်လုံးဆပ်ရဖို့တွက် ချထားလိုက်တဲ့ ကြွေးသစ်ကလေး။ 

ဒီအသက်ဒီအရွယ်ရောက်နေသူ ကိုယ့်ပြောင်းလဲမှုရဲ့ အရှိန်က ၂၀၁၃ ဖေဖော်ဝါရီကတည်းက ဝမ်းကြာတိုက်မှာ ခိုအောင်းနေတဲ့ လူအသစ်ကလေးကို ဘယ်မီမလဲ။ အောက်တိုဘာလကုန်မှာ သူကလေးဟာ လောကအလယ်ကို ရောက်လာ၊ အခု ဒီဇင်ဘာလကုန်မှာ ၂ လပြည့်တော့ နေ့ချင်းညချင်း လူလူသူသူဖြစ်လာတဲ့ အပြောင်းအလဲ။ မျက်စိရှေ့မှောက်မှာ တစ်ရွက်ချင်းလှန်သွားတဲ့ အချိန်စာမျက်နှာတွေ ဟာ အလှပဆုံးသော ကဗျာတစ်ပုဒ်။

အခုတော့ ကမ္ဘာတုမှာ မပြောနဲ့၊ တကယ့် လက်တွေ့ အပြင်ကမ္ဘာမှာတောင် ဟိုမသွားနိုင် ဒီမသွားနိုင်၊ မိတ်ဆွေများ ဆွေမျိုးများ ကို လောကဝတ် မကျေပွန်နိုင်။ ဒါကတော့ ဆုံးဖြတ်ချက်တစ်ခု အစပြုတဲ့ ကာလတွေကတည်းက နှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ပြောရရင် ၅နှစ်ပျော့ပျော့။ အချိန်များ၊ ငွေများ၊ အခွင့်အရေးများ၊ အခွင့်အလမ်းများ၊ အခြားသော ဖြစ်နိုင်ခြေများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ၊ သားသမီးဝတ္ထရား၊ မိတ်ဆွေဝတ္တရား၊ ဆွေမျိုးဝတ္တရား၊ တပည့်ဝတ္တရား အစရှိသော ဝတ္တရားများနဲ့ ပျော်ရွှင်မှုတချို့တလေ - အားလုံးဟာ မရေရာတဲ့ တစ်ခုခုအတွက် ကျေကျေနပ်နပ် စိုက်ထိုး စီးဆင်းသွားခဲ့တာပါ။ 

ဒီလိုနဲ့ မျှော်လင့်မရဲတရဲမှာ အကောင်အထည်ပေါ်လာတော့ ပြန်ရတာက ရုပ်ဝတ္ထုချမ်းသာမှုမဟုတ် ကိုင်တွယ်ဖမ်းဆုပ်ပြလို့ မရတဲ့ ဝမ်းသာကြည်နူးမှုရယ်သာ။ ရှေ့လျှောက်ပြီး ကိုယ်ဝါသနာပါရာ လုပ်ဖို့ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ၊ ဝင်ငွေရဖို့ဖြစ်စေ ဖြစ်နိုင်ခြေတွေဟာ ပိုမိုတင်းကျပ်။ ၁၈ နှစ်နီးပါး တစ်ကိုယ်တော် လွတ်လွတ်လပ်လပ် နေလာသူအတွက် အခုတော့ အချိန်တွေဟာ အခြားဘက်ကို ပါသွား။ လောလောဆယ်တောင်မှ သူလေးအိပ်နေတုန်း အခုလို စာလေး ကမန်းကတန်း ရေးရ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်က နှစ်ကူးညမှာ အမှတ်တရတစ်ခု နှစ်ဦးကြား။ အခုတော့ တစ်ယောက်ထပ်တိုး သုံးဦးကြား။ ဒီစာကိုလည်း နောက်တစ်ခေါက် ပြန်မဖတ်(အားတော့)ဘူး။ တင်လိုက်တယ်။ Happy 2014.

ပန်ဒိုရာ
၃၁.၁၂.၂၀၁၃ ည ၁၀း၀၉ နာရီ

အစီရင်ခံစာ

$
0
0


အစီရင်ခံစာ

ဒိုင်နိုဆောတွေလည်း အမှုန့်ဖြစ်ပြီ
မင်းသားခေါင်းတွေလည်း သံချေးတက်ပြီ
ပါးဟက်နဲ့ ယပ်ခပ်ရင်း ရွှေငါးတွေပျံသွားပြီ
အောက်ဆီဂျင်မလိုဘဲ ဇွမ်ဘီတွေ ရှင်သန်နေပြီ
ငါတရားကို ငါတပါးက စီရင်တော်မူပြီ
“မရှိမဖြစ်”ဆိုတဲ့စကား ဖြစ်တည်ခဲ့ခြင်း မရှိပြီ
သူမရဲ့ကျောပြင်မှာ မင်ကြောင်ထိုးထားတဲ့
နဂါးရုပ်လေးလည်း အငွေ့ပျံပြီ။

ပန်ဒိုရာ
၁ ဒီဇင်ဘာ  ၂၀၁၂ - ၁၀ ဇန်နဝါရီ ၂၀၁၃


ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်တွင် ဖော်ပြခဲ့ပြီး


27.3.2014

$
0
0


၂၀၀၇ မတ်လ ၂၇ ရက်နေ့ ကနေစပြီး ဘလော့ဂ်ပို့စ် တင်ခဲ့တယ်။ အခုဆိုရင် ၇ နှစ်ပြည့်ပါပြီ။ လူမှုဘဝမှာ ဝတ္တရားတွေတိုးတိုးလာတော့ အချိန်တွေပဲ့ပဲ့လာတယ်။ တစ်နှစ်ထက်တစ်နှစ် ပို့စ်တွေနည်းလာတယ်။ လာဖတ်သူတွေ နည်းလာတယ်။ နည်းဆို မျက်နှာစာအုပ်မှာပဲ စုနေကြတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကိန်းအောင်းထားခဲ့ရတဲ့ ဝါသနာတွေကို တစ်နည်းနည်းနဲ့ ဖွင့်ဟ အကောင်အထည်ဖော်ဖြစ်ဖို့ အစပြုတဲ့ နေရာတစ်ခုဟာ အမှတ်တရပါ။ ရေးဖော်ရေးဖက် ဘလော့ဂါတွေထဲမှာ ဘလော့ဂ် ဆက်မရေးသူတွေရှိတယ်။ ဘလော့ဂ်ကို ပစ်ထားလိုက်သူတွေ ပိတ်လိုက်သူတွေ ဖျက်လိုက်သူတွေရှိတယ်။ ဆုံးပါးသွားသူ ဘလော့ဂါတွေလည်းရှိခဲ့တယ်။ ပို့စ်တွေကျဲလည်း ဒီဘလော့ဂ်ကတော့ ဆက်ရှိနေဦးမှာပါ။ 
ပန်ဒိုရာ
၂၇.၃.၂၀၁၄

မလေးလည်းဆယ် လေးလည်းဆယ်

$
0
0



မလေးလည်းဆယ် လေးလည်းဆယ်

ခပ်ပေါ့ပေါ့ ခပ်ပါးပါး ဒီလိုပဲ အူဝဲကစ မြစ်ဖျားချောင်းဖျားအခြေချ အမေ့ကျောင်းတက်ပြီး စောစောစီးစီး ကကြီးခခွေးဖတ်တော့ အနှောင်းကို သေချာမသိလည်း အစအတော်လှခဲ့သူ၊ လူစိမ်းကြောက် မျက်မှန်ကြောက် ခဏခဏငိုလည်း ကျောင်းမနေခင်ကတည်းက စင်ပေါ်တက် ကျောင်းစာအုပ်တွေထဲ မပါတဲ့ ကဗျာကိုရွတ်သူ၊ ဆယ်ကျော်သက်အရွယ် မျက်နှာကြောတင်းသွားမှန်းမသိ တွေးရင်းတည်မိ  စာအုပ်များကိုင်လိုက်ရင် မျက်စိမမြင် နားမကြားသူ၊ ဒါရိုက်တာကြမ္မာကျီစယ်လို့ တက်ရတဲ့ဒီဂရီကျောင်းမှာ ပျော်ရမှန်းမသိတတ်ပဲ လူငယ်ဘဝ လေးငါးနှစ်စာကို ခပ်ပြိန်းပြိန်း အလွတ်ကျက် ဖြုန်းတီးခဲ့သူ၊ အသည်းဟစိဟစိဖြစ်လိုက် ကွဲလိုက် ဆက်လိုက် အက်လိုက် ထုံခဲသွားလိုက် ကိုယ်ပိုင်အမှတ်အသားကို သဲပွင့်တစ်ပွင့်ချင်း စီကာစဉ်ကာ တည်ဆောက်ပြီးမှ သိမ်းပိုက်ထားတဲ့ တောင်ကုန်းကိုပြန်ဖြိုမယ့် ဒိုင်းနမိုက်ကို လှည့်မကြည့်စတမ်း မီးတို့တတ်သူ၊ သွေးရင်းထဲ စစ်သားမရှိ နိုင်ငံရေးအကျဉ်းသားမရှိ လွှတ်တော်အမတ်မရှိ ဆယ်လစ်ဘရစ်တီမရှိ ခပ်ပြားပြားဇာတ်မို့ ရင်နာလှိုက်ဖိုမောစရာ မှတ်တမ်းရုပ်ရှင် မတင်ဆက်နိုင်သူ၊ ယုံကြည်တာရယ် သေချာမှုရယ်ကြားက ပဋိပက္ခမှာ ဦးနှောက်ကိုခင်းကျင်း ကျောက်စရစ်ခဲအလုံးကြီးတွေ အရင်ထည့် ပြီးတော့မှ သဲထည့် နောက်ဆုံးမှ မလွတ်စတမ်း ရေကိုထည့်လည်း တစ်စက်တောင် မလျော့ချင်သေးသူ၊ ငြီးငွေ့မှုကို ကြောက်တိုင်း သတ်ပစ်လိုက်တာပဲဖြစ်ဖြစ် ညှိနှိုင်းတာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဒုက္ခကိုယ် ကန်ထိုးရှာရင်း ပြေးလွှားအသက်ဆက်နေသူ၊ ပေါ့ပေါ့နဲ့ပါးပါးပါပဲ ပူနွေးလာတဲ့ ကမ္ဘာကြီးမှာ နေရာတကာ ကျစ်လျစ်မှုတွေ အရည်ပျော်လာချိန်ဆိုတော့ မကြီးသေးငြားမငယ်တော့ငြား ဆောလစ်အဖတ် လတ်လတ်ဆတ်ဆတ်တွေ ရှိနေသေးသရွေ့ မလေးလည်းဆယ် လေးလည်းဆယ်။

 ပန်ဒိုရာ
၂-၃.၅.၂၀၁၄

သူ့ကိုယ်ပိုင်ဟန်မှာ နာကျင်ညည်းတွားရှိုက်ငိုသံ မပါဘူး

$
0
0




သူ့ကိုယ်ပိုင်ဟန်မှာ နာကျင်ညည်းတွားရှိုက်ငိုသံ မပါဘူး

ရွေးချယ်လျှောက်ခဲ့တဲ့ လမ်းပေါ်မှာ
စွန့်လွှတ်မှု ဆူးညှောင့်တွေဟာ
သွေးခြေဖနောင့်အောက် ပျော်ဝင်ခန်းခြောက်တယ်
လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီဟာ
ဘယ်တော့မှ လက်မလျှော့မယ့် စိတ်ကူးအိပ်မက်
ဖျက်ဆီးနိုင်စွမ်းဆိုတာ အာဏာပါဝါမဟုတ်
အာဏာပါဝါကိုဆုံးရှုံးရမယ့် ကြောက်ရွံ့ခြင်း

တပါးသူတို့ကို ကူညီခြင်းဖြင်
မိမိကိုယ်ကို ဘယ်လိုကူညီနိုင်တယ်ဆိုတာကို သင်ယူခဲ့
ပြောဆိုရမယ့် အချိန်လည်းရှိ
ငြိမ်သက်ရမယ့် အချိန်လည်းရှိ
စွမ်းအားမြှင့်တင်ချင်တာ
အားကောင်းခိုင်မာစေချင်တာ
လိုအပ်သမျှ အရည်အသွေးတွေနဲ့
ဖြည့်တင်းပေးချင်တာ
ကိုယ်လိုချင်တဲ့အရာကို ကိုယ့်ဘာသာ
တည်ဆောက်နိုင်ကြသည်အထိ

အဲဒီ စစ်တုရင်ပွဲမှာ
တစ်ဖက်ပလ္လင်ကို ကိုင်လှုပ်နိုင်ဖို့
အများကြီးရွှေ့ရဦးမယ်
အနိုင်ကွက်မရွှေ့ရသေးခြင်းဟာ
သရေကွက်တော့ မဟုတ်ပေဘူး တဲ့။

ပန်ဒိုရာ
၁၉.၆.၂၀၁၄

သီချင်းကြိုက်တဲ့ကြောင်ကလေးနဲ့ နတ်သမီး ပုံပြင်

$
0
0


၁၀၀% မဂ္ဂဇင်း အတွဲ ၂ မှာ ပါတဲ့ ပုံပြင်လေးပါ။ မွေးကင်းစမှ ၁၀ နှစ်အထိ ဆိုတဲ့ ကဏ္ဍအောက်မှာ ဖော်ပြထားပါတယ်။

 

သီချင်းကြိုက်တဲ့ကြောင်ကလေးနဲ့ နတ်သမီး ပုံပြင်

သာယာတဲ့ နွေဦး နံနက်ခင်းတစ်ခုမှာပေါ့။ ကြောင်ကလေးတစ်ကောင်ဟာ မှုန်ကုတ်ကုတ်နဲ့ လမ်းလျှောက်လာတယ်။ လမ်းမှာတွေ့သမျှ သစ်ရွက်ကလေးတွေကို ခြေထောက်နဲ့ တွန်းတိုက်လိုက် လိုက်ဖမ်းလိုက်နဲ့ ဘာတွေ အလိုမကျ ဖြစ်နေလဲ မသိပါဘူး။

တကယ်တော့ အဲဒီကြောင်ကလေးက ဂီတကို သိပ်ဝါသနာပါတဲ့ ကြောင်ကလေးပေါ့ကွယ်။ ဒီမနက်တော့ သူ့ကြောင်မေမေက သူ့ကို ဆူပူလိုက်သတဲ့။ ဆူလည်းဆူစရာပေါ့။ ကြောင်ကလေးကလည်း ဆိုးပါတယ်။ ဟစ်ပ်ဟော့ပ် သီချင်းတွေရေးတယ် ပြီးရင် သူ့အသံကြောင်လေးနဲ့ ဆိုတယ်။ ကြောင်ကလေးဆိုတော့ အသံလေးက ကြောင်နေတော့ ဘယ်သူမှ နားမခံနိုင်ဘူးလေ။ သူ့ကို ၀ိုင်းပြောကြရော။ ဒါနဲ့ သူများတွေ အိပ်တဲ့အချိန်ကျမှ တညောင်ညောင်နဲ့ ခြံထဲထွက်ပြီး သီချင်းဆိုရသတဲ့။ ကြောင်မေမေက ဟဲ့ ညဥ့်နက်ပြီ ဆိုရင် အိပ်ဘူး လို့ ဂျစ်ကန်ကန် ပြန်ပြောသတဲ့။

အဲသည်လိုနဲ့ ညတွေဆို တော်တော်နဲ့မအိပ်ပဲ သီချင်းရေး သီချင်းဆို အလုပ်ကောင်းလိုက်တာ နောက်နေ့တွေ မိုးလင်းရင် ထမင်းစားဝိုင်းမှာ အိပ်ငိုက်လိုက် ကြောင်အတတ်ပညာ ကြွက်ဖမ်းတို့ ကြောင်ကျကျအောင် ခုန်နည်းတို့ သင်တဲ့အခါတွေကျရင် အိပ်ငိုက်လိုက် ဖြစ်လာတော့ ကြောင်မေမေက ဆူပါလေရော။ သည်တော့ ခေတ်ကြောင်ငယ်တို့ ထုံးစံအတိုင်းပေါ့။ အဘွားကြီးတွေ ခေတ်ကိုနားမလည်ဘူး  ဘာဘူး ညာဘူးနဲ့ မကျေမနပ်ပြောပြီး နံနက်ခင်းလေးမှာ ဆောင့်ဆောင့်အောင့်အောင့် လမ်းလျှောက်ထွက်လာတာပေါ့။

နွေဦးရဲ့ သစ်ရွက်ကလေးတွေက လှတယ်။ လှတဲ့သစ်ရွက်ကလေးတစ်ရွက် လေထဲမှာ ဝေ့၀ဲကျလာတယ်။ ကြောင်ကလေးက လှမ်းဖမ်းဖို့ ကြိုးစားတယ်။ လေပွေမှာ သစ်ရွက်ကလေးက ဝေ့ကာဝဲကာ လွတ်ထွက်သွားပြန်တယ်။ မကျေမနပ်ဖြစ်နေတဲ့ ကြောင်ကလေးက မရရအောင် လိုက်ဖမ်းတယ်။ လိုက်ရင်းလိုက်ရင်းနဲ့ သတိထားမိတဲ့ အချိန်ရောက်တော့ သူ့အိမ်နဲ့ တော်တော်ဝေးနေပြီ။ အဲဒါမှ ခက်တော့တာ။ ကြောင်ကလေး အိမ်မပြန်တတ်တော့ဘူး။

ကြောင်ကလေးက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်တယ်။ သစ်ပင်တွေ ဆိုင်းနေတဲ့ တောအုပ်အုပ်ကလေးရယ်  မလှမ်းမကမ်းမှာ ဖြတ်စီးနေတဲ့ စမ်းချောင်းကလေးပေါ်က သစ်သားတံတားလေးရယ်။ သူရင်းနှီးကျွမ်းဝင်မှု မရှိတဲ့နေရာတစ်ခုပဲ။ ကြောင်ကလေးဟာ ထိုင်ချလိုက်ပြီး တိတ်တိတ်ကလေး ညည်းတွားနေပါတော့တယ်။

အဲဒီအချိန်မှာ တီတီ ဆိုတဲ့ အသံလေးကို ကြားလိုက်ရသတဲ့။  ဘေးနားမှာ လှည့်ပတ်ကြည့်လိုက်တော့ သူနဲ့အရွယ်တူလောက်ပဲ ရှိတဲ့ လူကောင်မလေး သေးသေးလေးကို တွေ့လိုက်ရသတဲ့။ အဲဒီ ကောင်မလေးက ၀တ်စားဆင်ယင်ထားတာ ပြောင်ပြောင်လက်လက်နဲ့ လက်ထဲမှာလည်း လက်ကိုင်ဖုန်းလေး တစ်လုံးကို ကိုင်လို့ ဖုန်းဆက်ဖို့ကြိုးစားနေတယ်တဲ့။ ကြောင်ကလေးက အံ့သြသွားတယ်။ ဘာကြောင့် ဒီလူမလေး သေးသေးလေးက ဒီနားကို ရောက်နေရတာလဲလို့ပေါ့နော်။

ကောင်မလေးကလည်း ကြောင်ကလေးကိုတွေ့သွားတယ်။ သူကပြောတယ်။ ငါက နတ်ပြည်က နတ်သမီးလေးပါ မင်းဘယ်သူလဲတဲ့။

ကြောင်ကလေးကပြောလိုက်တာပေါ့။ ငါက ကြောင်ကလေးပါ အိမ်ပြန်ဖို့ လမ်းပျောက်နေလို့တဲ့။

နတ်သမီးလေးက ဒါဆို ငါနဲ့လည်း အတူတူပဲတဲ့။ နတ်မေမေနဲ့ လူ့ပြည်ကို ခဏဆင်းလာတာ ကွဲသွားလို့ အခုဖုန်းဆက်နေတာလည်း ဆက်သွယ်ရေး ဧရိယာပြင်ပကို ရောက်နေလို့ မရဘူး ပေါ့နော်။

ကြောင်ကလေးကပြောတယ် နတ်သမီးဆိုရင် အတောင်ပံနဲ့ ပျံသွားပါလား ပေါ့။ ဒီတော့ နတ်သမီးလေးက ငါ့အတောင်ပံတွေက လုံလုံလောက်လောက် မသန်မာသေးဘူး။ မေမေက ကျောပိုးခေါ်လာရတာ လို့ပြန်ပြောသတဲ့။

အဲဒါနဲ့ အိမ်ပြန်မရောက်နိုင်တဲ့ ကြောင်ဆိုးကလေးနဲ့ နတ်သမီးလေးတို့ဟာ ဘာလုပ်ရမှန်းမသိ မှိုင်နေကြပါတော့တယ်။ အဲဒီလို ငိုင်နေတုန်း ကြောင်ကလေးက မနေနိုင်ပဲ သီချင်းတစ်ပုဒ် ကောက်စပ်ပြီး ဆိုလိုက်သတဲ့။

တိမ်တွေက ပျံတက်
အိမ်တွေက ကျန်ခဲ့
လမ်းပျောက်နေတဲ့ ဘ၀များ
ဆက်လျှောက်ဖို့လည်း ခဏနား
ကြောင်ကလေးလည်း တငူငူနဲ့
နတ်သမီးလည်း အတူတူပဲ

အဲဒီလို ဟစ်ပ်ဟော့ပ်ဆန်ဆန် သီချင်းကလေးပဲ ဆိုပါတော့။ ဒီတော့ နတ်သမီးကလေးက ၀မ်းသာအားရ ထအော်သတဲ့။ ဟေ့.. ကြောင်ကလေး မင်းက သီချင်းရေးတတ်သလားပေါ့။

ကြောင်ကလေးက ဟုတ်တယ် အဲဒီသီချင်းကြောင့်ပဲ ပြဿနာက တက်တာပေါ့ ဆိုပြီး သူအိမ်က ထွက်လာတဲ့အကြောင်းကို ပြောပြလိုက်သတဲ့။

ဒီတော့ နတ်သမီးလေးက တို့နတ်ပြည်မှာ ဒဏ္ဍာရီတစ်ခုရှိတယ်။ အိမ်ပြန်ရောက်ချင်လို့ရင် တကယ်တမ်းတပြီး ခံစားချက်အပြည့်နဲ့ သီချင်းအသစ်တစ်ပုဒ် ဆိုလိုက်လို့ရင် နတ်ပြည်က လှေခါးတစ်ခု ကျလာတယ်တဲ့။ ဒါဆို ငါအိမ်ပြန်လို့ရပြီ။ ခက်တာက ငါက သီချင်းအသစ်ရအောင် မစပ်တတ်ဘူး။ ကူညီပါလားလို့ပြောသတဲ့။

ဒီတော့ ကြောင်ကလေးကလည်း သူ့ပိုးတွေကို အစွမ်းပြခွင့်ရဖို့ ရီကွက်စ် အခုမှရတော့တယ် ဆိုပြီး ၀မ်းသာသွားတာပေါ့။ ဒီလိုနဲ့ အဲဒီတနေ့လုံး လက်သဲတွေနဲ့ကုတ်ခြစ်ပြီး ကြောင်ကလေးလည်း သီချင်းစပ်ပါလေရော။

သီချင်းကလည်း စပ်ရမယ်ဆိုမှ ခက်လိုက်တာ။ ကြောင်ကလေးက ဘလူးစ်တွေ ကန်းထရီးတွေ ရော့ခ်တွေ ပေါ့ပ်တွေ အမျိုးမျိုးစပ်လိုက် နတ်သမီးလေးကလည်း ဆိုကြည့်လိုက် နောက်ဆုံးတော့ နတ်သမီးလေးတောင် အသံဝင်ချင်သလိုဖြစ်လာသတဲ့။ နောက်ဆုံးတော့ ကြောင်ကလေးလည်း စိတ်ပေါက်ပေါက်နဲ့ အခုလို ရေးလိုက်သတဲ့။

ညောင်ညောင်ညောင်..
အိမ်ကိုလွမ်းတဲ့အကောင်
လွမ်းလွန်လွန်းလို့ငူငူငေါင်ငေါင်
နတ်သုဒ္ဒာတွေလည်းဝေး
အတောင်ပံတွေလည်းကွေး
တော်ရာမှာမနေခဲ့
ပျော်ရာရှာဖွေခဲ့
အခုတော့ ရေလည်ညစ်လို့
မေမေရေ သေမယ်ဖြစ်လို့
ကောင်းကင်ကလှေခါး
ကျလာပါလား
မျှော်လိုက်ရတာ တအား
ဂါးဂါးဂါး…

သူရေးပြီးတဲ့အခါ နတ်သမီးလေးက အင်မတန် ချိုသာတဲ့အသံလေးနဲ့ သီချင်းဆိုပါလေရော။ သီချင်းက သံစဉ်ရော စာသားပါ ဘ၀ဂ်အထိ ပျံလွင့်သွားတယ် ဆိုတာမျိုး ထင်ပါရဲ့ နတ်ပြည်ကို တက်သွားသတဲ့။ သိပ်မကြာပါဘူး လှေခါးကြီး ကျလာပါတယ်။

နတ်သမီးလေးက ၀မ်းသာသွားတယ်။ ကြောင်ကလေးကတော့ မပျော်ပါဘူး။ မင်းကတော့ ပြန်သွားတာဟုတ်ပါပြီ နတ်သမီးရယ်။ ငါကတော့ ဘယ်လိုပြန်ရမလဲ တဲ့။

နတ်သမီးလေးက မျက်စောင်းထိုးတယ်။ ကြောင်ကလေးကလည်း အ လိုက်တာတဲ့။
google earth တွေဘာတွေ သုံးဖူးပုံ မရဘူးတဲ့။ တကယ်တော့ ကြောင်ကလေးကလည်း internet savvy သိပ်မဖြစ်ဘူးလေ။

နတ်သမီးလေးက ကြောင်ကလေးကိုပါ လှေခါးပေါ် ခေါ်သွားတယ် ။ အပေါ်စီးကကြည့်တော့ သူ့အိမ်ကို လှမ်းမြင်ရပြီပေါ့။

ဒီတော့မှ နတ်သမီးက ကြောင်ကလေးအိမ်ကို ရှာပြီး အသေအချာ ပို့ပေးလိုက်တယ်။
ဒါပေမယ့် သူတို့ကသီချင်းတွေ ဘာတွေ အတူစပ် ခင်မင်ပြီးမှ ခွဲရတော့မယ်ဆိုတော့ နည်းနည်း ၀မ်းနည်းသွားကြတာပေါ့။ ကြောင်ကလေးက ငိုတောင်ငိုချင်သတဲ့။ ဒါပေမယ့် နတ်သမီးလေးက ကြောင်ကလေးရဲ့ နားနားကိုကပ်ပြီး တိုးတိုးလေး တစ်ခုပြောလိုက်တော့ ပြုံးသွားသတဲ့။

အဲဒီနေ့ကစပြီး ကြောင်ကလေးက အလုပ်တွေကို အချိန်နဲ့လုပ်တယ်။ မဆိုးတော့ဘူး။
ညတွေဆို ကြောင်မေမေက အိပ်တော့ဆိုရင် စောစောစီးစီး လိမ်လိမ်မာမာ အိပ်တယ်။
ဘာလို့လဲ သိလား။

နတ်သမီးလေးက ပြောလိုက်တယ် ညကျမှ အိပ်မက်ထဲကို လာခဲ့မှာပေါ့ တဲ့။ နတ်သမီးနဲ့ ကြောင်ကလေးက အိပ်မက်ထဲမှာ သူငယ်ချင်းတွေ အမြဲ ဆက်ဖြစ်ကြတာပါ့။

အဲဒီအချိန်ကစပြီး ဒီပုံပြင်ကို ဖတ်ဖူးတဲ့လူတွေဟာ သူတို့သူငယ်ချင်းတွေကို ညအိပ်ခါနီးရင် အိပ်မက်လှလှမက်ပါစေ နတ်သမီးနဲ့တွေ့ပါစေလို့ ဆုတောင်းလေ့ ရှိကြတာပေါ့ကွယ်။။


ပန်ဒိုရာ
ဖေဖော်ဝါရီ ၂၀၀၈





ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကလေး

$
0
0
ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကလေး



(မဂ္ဂဇင်းစာမျက်နှာဓာတ်ပုံ seesein shin)


၁၉၇၉ သြဂတ်စ်လမှာ ဖေဖေနဲ့မေမေဟာ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ကျွန်မကတော့ သူငယ်တန်းကို စတက်နေချိန်ပေါ့။ ကျွန်မနာမည်ကို ဆိုင်နာမည်မှည့်ပေးထားတဲ့ စာအုပ်ဆိုင်ကလေးတစ်ဆိုင်ဟာ စာအုပ်အနည်းငယ်နဲ့ အစပြုခဲ့တယ်။ မြစ်ဝကျွန်းပေါ်က ရွာကလေးတစ်ရွာမှာ အဲဒီဆိုင်ကလေးကို ဖွင့်ခဲ့ကြတာပါ။ ရွာကလေးလို့ ချစ်စဖွယ်ကောင်းအောင် ပြောရပေမယ့်လည်း တကယ်တော့ ရွာကြီးလို့ပြောရမယ်။ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးပြီး တိုက်နယ်ဆေးရုံရှိ၊ အထက်တန်းကျောင်းရှိတဲ့ ရွာကြီးတစ်ရွာပါ။ ဒါပေမဲ့ အဲဒီရွာမှာ စာအုပ်အငှားဆိုင်ကောင်းကောင်း မရှိခဲ့ဘူး။ တချိန်ကရှိခဲ့တဲ့ စာအုပ်အငှားဆိုင် တစ်ဆိုင်ကလည်း ကျွန်မတို့ပြောင်းရွှေ့လာတဲ့အချိန်မှာ ဖျက်သိမ်းစပြုနေပါပြီ။

စာအုပ်အငှားဆိုင်လေးကို ကာတွန်း၊ရုပ်ပြစာအုပ် ၁၂ အုပ်နဲ့ စတင်ခဲ့ပါတယ်။ ဆိုင်ဖွင့်ရက်က လလယ်ဖြစ်နေတဲ့အတွက် လကုန်မှ မဂ္ဂဇင်းအသစ်တွေဝယ်ပြီး စာအုပ်စင်ကို ထပ်ဖြည့်ခဲ့တယ်လို့  မေမေကပြောပြပါတယ်။ ကိုယ်ရေး အချက်အလက်တွေ ဖြည့်စွက်ရတဲ့ အခါ အိမ်ရှင်မ ဒါမှမဟုတ် မှီခို လို့ ထုံးတမ်းစဉ်လာအတိုင်း တစ်သက်လုံး ဖော်ပြခဲ့ရပေမယ့်လည်း သိမ်းထုတ်သေချာရုံသာမက တိုးပွားခိုင်မာအောင်ပါ ရောက်လေရာမှာ တနိုင်တပိုင်လုပ်ကိုင်ခဲ့သူ မေမေ့အတွက်တော့ အဲဒီစာအုပ်ဆိုင်ကလေးဟာ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုရဲ့ အောင်မြင်မှုမှတ်တိုင် တစ်တိုင်ပါ။

ဆိုင်ဖွင့်တဲ့နေ့မှာ ဈေးဦးပေါက် ငှားခဲ့ရတဲ့ စာအုပ်ကတော့ “ဓားငကောင်း” ဆိုတဲ့ ရုပ်ပြစာအုပ်တစ်အုပ် လို့ မှတ်မိနေခဲ့ကြပါတယ်။ အဲဒီတုန်းက ရုပ်ပြစာအုပ်တွေရဲ့ အရွယ်အစားဟာ မဂ္ဂဇင်းတွေလို အကြီးဆိုက်ဇ်တွေ မရှိသေးပါဘူး။ ဆိုင်ဖွင့်ခါစ ရက်တွေမှာ မဂ္ဂဇင်းနဲ့ ဝတ္ထုစာအုပ်တွေကို လူတွေက မငှားကြသေးဘဲ ရုပ်ပြတွေ ကာတွန်းတွေသာ ငှားရပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးဟာ ရွာမှာနေထိုင်ကြသူတွေကို သုတရသစာမျိုးစုံ ဖတ်ဖြစ်အောင် တွန်းအားပေးတဲ့ အဓိကနေရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

မဂ္ဂဇင်းတွေထဲမှာတော့ စစချင်းမှာ မြဝတီ၊ ငွေတာရီ နဲ့ စန္ဒာကို တင်ပါတယ်။ အဲဒီတုန်းက မြဝတီနဲ့ ငွေတာရီဟာ ယနေ့ခေတ် မြဝတီ ငွေတာရီနဲ့ ကွဲပြားခဲ့ပါတယ်။ အဲဒီအချိန်က ရုပ်ရှင်မင်းသား ဝင်းဦးစီစဉ်တဲ့ စန္ဒာ မဂ္ဂဇင်းဟာ အရမ်း ပေါက်နေချိန် ဖြစ်ပါတယ်။ စန္ဒာထဲက ဦးဦးပုံပြောမယ် တို့ ဆရာနန္ဒသူရဲ့ ပုဂံဇာတ်လမ်းတွေကို အခုအချိန်အထိ အမှတ်ရပါသေးတယ်။   စာအုပ်ဆိုင် စဖွင့်ဖွင့်ချင်းမှာ မဂ္ဂဇင်းစာအုပ်တွေကို သိပ်မဖတ်ကြလို့ တင်ရတာ အရှုံးပေါ်တယ်လို့ မေမေက ပြန်ပြောပြတယ်။ စာအုပ်ငှားခကတော့ အများအားဖြင့် တန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်း သတ်မှတ်လေ့ ရှိတယ်။ မဂ္ဂဇင်းတစ်အုပ်ကို အဲဒီတုန်းက ဝယ်ဈေး၅ကျပ် ဒါမှမဟုတ် ၇ ကျပ်လောက်ရှိတာဆိုတော့ တစ်ရက်ငှားရင် ပြားငါးဆယ် ပြားခုနစ်ဆယ် ဖြစ်ပါတယ်။။ ဆယ်ခါငှားရရင် အရင်းကျေပါတယ်။ ရွာက စာဖတ်သူတွေကို မဂ္ဂဇင်းဖတ်ဖို့ တိုက်တွန်းရပါတယ်။  စစ်ပြန် ပေါ်လာတော့  သမိုင်းကြောင်းတွေ အခန့်အထည်တွေ ဖတ်ချင်သူတွေ စိတ်ဝင်စားကြပါတယ်။ ဒီလိုနဲ့ သွေးသောက်၊ ရှုမဝ၊ မိုးဝေ စသည်ဖြင့် မဂ္ဂဇင်းတွေ စာအုပ်စင်ပေါ်မှာ ပိုများလာပါတယ်။

မဂ္ဂဇင်းဖတ်ရှုသူတွေ များလာတဲ့ အချိန်မှာ တစ်ဘက်ကလည်း မဂ္ဂဇင်းတွေ ပိုထွက်လာကြပါတယ်။ ပေဖူးလွှာဟာ တကျော့ပြန်ခေတ်စားလာပါတယ်။ ကျွန်မက ပေဖူးလွှာထဲမှာ ပါတဲ့ ဘာသာပြန်ပုံပြင်လေးတွေကို မလွတ်တမ်းဖတ်ခဲ့တာ မှတ်မိပါသေးတယ်။ အဲဒီတုန်းက သောင်းပြောင်းထွေလာရယ်စရာဆိုတဲ့ မဂ္ဂဇင်းမှာ သောင်းပြောင်းထွေလာ ဆိုတဲ့ စာလုံးက အကြီးကြီးပါ။ နောက်ခေတ်မှာတော့ ရယ်စရာဆိုတဲ့စာလုံးက ပိုကြီးလာပြီး အခုတော့ သောင်းပြောင်းထွေလာဆိုတာ မရှိတော့ပါဘူး။ စာပေလုပ်သားမဂ္ဂဇင်းကိုတော့ ကျွန်မငယ်ငယ်က နည်းနည်း ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ မဂ္ဂဇင်းတွေဟာ အမျိုးအစားလည်း စုံလင်လာကြပါတယ်။   စံပယ်ဖြူမဂ္ဂဇင်းနဲ့ လုံမလေးမဂ္ဂဇင်းတို့ဟာ အမျိုးသမီးမဂ္ဂဇင်းတွေပါ။ အဲဒီမှာပါတဲ့ စက္ကူခေါက်နည်း၊ တံမြက်စည်းလုပ်နည်း၊ ပန်းထိုးနည်း၊ ဟင်းချက်နည်း  စတာတွေကို ကျွန်မတို့ လိုက်လုပ်ကြည့်ကြပါတယ်။ ရုပ်ရှင်မဂ္ဂဇင်း၊ ရုပ်ရှင်မျက်မှန်နဲ့ ရုပ်ရှင်အမြုတေ ဆိုပြီး ရုပ်ရှင်အထူးပြု မဂ္ဂဇင်းတွေလည်း များလာပါတယ်။ စောစောကတည်းက ထုတ်ဝေနေခဲ့တဲ့ သပြေကတော့ ဂီတအထူးပြုလို့ဆိုရမယ်။ သပြေမဂ္ဂဇင်းထဲမှာ ခေတ်ဟောင်းသီချင်း၊ ဓမ္မသီချင်း၊ စတီရီယိုသီချင်းနဲ့ လူငယ်သပြေအားမာန်ဝေဆိုတဲ့ လူငယ်သီချင်း အဲဒီလို သီချင်းတွေကို ကဏ္ဍခွဲပြီး လစဉ် တစ်ပုဒ်စီ ဖော်ပြခဲ့တာကို အမှတ်ရမိတယ်။

ပန် ရုပ်စုံ မဂ္ဂဇင်းဆိုပြီး ပန်းချီအနုပညာအကြောင်းတွေ အသားပေးဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်ကိုလည်း အမှတ်ရနေပါတယ်။ ကျွန်မကတော့ အဲဒီထဲက ဆရာဦးဘကြည်ရဲ့ အခြေခံပုံဆွဲနည်းတွေကို လိုက်ဆွဲကြည့်ခဲ့ပါတယ်။ ဆရာ သိပ္ပံမှူးတင် စီစဉ်တဲ့ သိပ္ပံမဂ္ဂဇင်းထဲက Star War ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ကို ပြန်ရေးထားတဲ့ အခန်းဆက်ရုပ်ပြကို ကျွန်မ စောင့်ဖတ်ဖြစ်ခဲ့ပါတယ်။  အံ့ဖွယ်သုတ၊ သုတအံ့ဖွယ် ဆိုတဲ့ မဂ္ဂဇင်းတွေလည်းရှိခဲ့တယ်။ မှုခင်းနဲ့ ပတ်သက်လို့လည်း ဆရာနီလေးမောင်စီစဉ်တဲ့ မှုခင်းစာစောင်အပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတွေရှိခဲ့ပါတယ်။

အဲဒီ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ မြန်မာ့ဇာတ်သဘင်ကလည်း နိုင်ငံတဝှမ်းမှာ ရေပမ်းစားအောင်မြင်နေတဲ့ အချိန်ပါ။ သဘင်မဂ္ဂဇင်း ဆိုပြီးပေါ်ထွက်လာပါတယ်။ အဲဒီမဂ္ဂဇင်းမှာ ဇာတ်မင်းသားတစ်လက်ရဲ့ ရောင်စုံဓာတ်ပုံကို art paper နဲ့ မဂ္ဂဇင်းပြည့် ခေါက်ချိုးထားတဲ့ စာမျက်နှာတစ်ရွက် အမြဲပါပါတယ်။  ပထမပိုင်းတော့ စာဖတ်သူတွေ ခံစားနိုင်စေဖို့ ဒီလိုပဲထားလိုက်တာပါပဲ။ နောက်တော့ ဖြုတ်ယူထားသူတွေ ရှိလာတာနဲ့ စာအုပ်မငှားခင် အဲဒီစာရွက်ကို အရင် ဖြတ်ထားပြီး ဆိုင်မှာပဲ ကပ်ထားရတယ်။ အခုခေတ်တော့ အဲဒီလို စက္ကူအကောင်းနဲ့ မင်းသား၊မင်းသမီး၊မော်ဒယ် ပုံတွေဟာ မဂ္ဂဇင်းတွေထဲမှာ ပြည့်လျှံနေပါပြီ။ ဇာတ်သဘင်နဲ့ပတ်သက်လို့ နောက်ထပ် လူကြိုက်များတဲ့ စာစောင်တစ်ခုကတော့ ကြည်သာ(ပွဲကြိုက်ခင်) စီစဉ်တဲ့ ပွဲကြိုက်သူ ဆိုတဲ့ စာအုပ်ပါ။ သူက မဂ္ဂဇင်းအရွယ်လည်း မဟုတ်၊ ဝတ္ထုအရွယ်လည်း မဟုတ်တဲ့ အလယ်အလတ်ပါ။ အခုတော့လည်း တချိန်က အလွန်ထွန်းကားခဲ့တဲ့ ဇာတ်သဘင်တွေဟာ အထူးပြုစာစောင်တစ်စောင်အဖြစ် ထုတ်ဝေရလောက်တဲ့ အနေအထား မရှိတော့ပါဘူး။

၁၉၈၄ ခုနှစ်မှာ ဆရာမြတ်ထန်စီစဉ်တဲ့ ချယ်ရီမဂ္ဂဇင်းဟာ စာဖတ်သူတွေ အထူးစိတ်ဝင်စားကြတဲ့ ကဏ္ဍတွေနဲ့ ဆန်းသစ်စွာ ပေါ်ထွက်လာပါတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ အမှတ် ၁ မျက်နှာဖုံးက ချယ်ရီပန်းလေးတွေပုံနဲ့ပါ။ ချယ်ရီအမှတ်၂ ထွက်လာတဲ့အခါ မို့မို့မြင့်အောင်က မိတ်ကပ်ရဲရဲ လည်ဟိုက် ဂါဝန်အနီလေးနဲ့ ဒေါက်ဖိနပ်ကို ငုံ့ကိုင်နေတဲ့ မျက်နှာဖုံးနဲ့ပါ။ အဲဒီမျက်နှာဖုံးဟာ အတော်လေး ဟော့သွားပါတယ်။ အဲဒီတုန်းက ပြောကြတာကတော့ အဲဒီမျက်နှာဖုံးကို ဦးနေဝင်းက မြင်တဲ့အခါ ဒါ မြန်မာမှ ဟုတ်ရဲ့လားဆိုပြီး အမျက်တော်ရှခဲ့သတဲ့။ အဲဒီကာလ အတောအတွင်းတွေမှာ မဂ္ဂဇင်းစာစောင်တွေမှာ လည်ဟိုက်တာ ပေါင်ပေါ်တာတွေကို ငွေမင်နဲ့ ဖုံးအုပ်ထားတာတွေကို တွေ့ခဲ့ကြရပါတော့တယ်။ မဆလခေတ်က ဆင်ဆာပေါ်လစီတစ်ခုပါ။ ချယ်ရီမဂ္ဂဇင်းထဲက ပင်တိုင်ကဏ္ဍတွေထဲမှာ ဆရာမောင်သစ်ရဲ့ဆောင်းပါးတွေ၊ အားကျစေချင်လွန်းလို့ ဆိုတဲ့ ထူးချွန်သူတွေနဲ့အင်တာဗျူးကဏ္ဍ၊ ဆရာကြီးဦးသုခရဲ့စာတွေ၊ ပြီးတော့ ကာတွန်းဆရာသော်ကရဲ့ ချစ်လွန်းသူ ဆိုတဲ့ ခွေးဇာတ်လမ်း အခန်းဆက် ရုပ်ပြကာတွန်း အစရှိတဲ့ ကဏ္ဍတွေကို အခုထက်ထိ ကျွန်မအမြဲ အမှတ်ရနေခဲ့ပါတယ်။ နောက်တော့ ဆရာခင်မောင်မြင့်ရဲ့ မဟေသီ မဂ္ဂဇင်းထွက်လာပါတယ်။ မဟေသီဟာ စာအုပ်ဆိုင်ပိတ်ချိန်မှာ အငှားရဆုံး မဂ္ဂဇင်းအဖြစ် ထိပ်ဆုံးက ရပ်တည်ကျန်ခဲ့ပါတယ်။

အခုခေတ်ကွာလတီ မဂ္ဂဇင်းတွေလို စာရွက်သား မကောင်း၊ ဆေးရောင်မစုံလင်ပေမယ့် အဲဒီတုန်းက မဂ္ဂဇင်းတွေမှာ ဖတ်ချင်စရာတွေ ပြည့်နှက်နေပြီး ကြော်ငြာကလည်း အနည်းငယ်သာပါဝင်ခဲ့ပါတယ်။ ဝတ္ထုတိုရွှေခေတ်လို့ ပြောရလောက်အောင်လည်း ထွန်းကားခဲ့ပါတယ်။ စံပယ်ဦး မဂ္ဂဇင်းဆိုရင် တခြားဘာအကြောင်းအရာမှ မပါဘဲ ဝတ္ထုတိုတွေချည်းသက်သက် စုစည်းထားတဲ့ ဝတ္ထုတိုမဂ္ဂဇင်းပါ။    ဆရာမဂျူးကိုလည်း ကျွန်မက ရှုမဝမဂ္ဂဇင်းထဲက ဝတ္ထုတိုမှာ စပြီး သတိထားမိခဲ့တာပါ။ ဆရာမရဲ့ တင်ပြပုံနဲ့ ဇာတ်ကွက်တွေဟာ ကျွန်မအဖို့ ဆန်းသစ်ထူးခြားနေလို့ အလွန်စိတ်ဝင်စားမိပါတယ်။ ကျွန်မတို့စာအုပ်ဆိုင် ပိတ်ပြီး တခြားမြို့တွေကို ပြောင်းရွှေ့သွားတဲ့အခါ “သူမ၏မိုး” “အနီးဆုံးခရီးသို့အဝေးဆုံးအချိန်” စတဲ့ ဝတ္ထုတိုတချို့ ပါတဲ့ မဂ္ဂဇင်းတွေကို အချိန်အတော်ကြာကြာအထိ ကျွန်မက ဆက်သိမ်းထားခဲ့ပါသေးတယ်။ “အမှတ်တရ” ဝတ္ထုထွက်ပြီး နာမည်ထင်ရှားလာခဲ့တဲ့အခါ ဝတ္ထုတိုတွေကတည်းက နှစ်သက်ရတဲ့ စာရေးဆရာမတစ်ယောက်မို့ ပိုဝမ်းသာခဲ့ရပါတယ်။

စာအုပ်ဆိုင်ဖွင့်ခါစက ဖေဖေ ကိုယ်ပိုင်ဖတ်ရှုဖို့ စုဆောင်းထားတဲ့ စာအုပ်တွေကို တင်ကြည့်သေးတယ်။ တက္ကသိုလ်ဘုန်းနိုင်တို့ မင်းကျော်တို့ စသည်ဖြင့်ပေါ့။ ဒါပေမယ့် စာဖတ်သူတွေက လတ်တလော အသစ်ထွက်လာတဲ့ စာရေးဆရာတွေကိုပဲ ပိုတောင်းဆိုကြတယ်လို့ ပြောပါတယ်။ ကျွန်မတို့ စာအုပ်ဆိုင်ဖွင့်ခါစ ကာလမှာ လုံးချင်းဝတ္ထုတွေထဲ လတ်တလော ရေပမ်းစားနေသူတွေကတော့ ခင်စိန်လှိုင်၊ ကလျာ(ဝိဇ္ဇာသိပ္ပံ)၊ ခိုင်ယဉ်မွန် စတဲ့ ဆရာ၊ဆရာမတွေပါ။ ဟာသစာရေးဆရာကတော့ ကြူမွှေးပါ။(ထပ်ခါထပ်ခါ ဖော်ပြရတာ ထောက်ပြီး ရှည်တဲ့အတွက် တချို့နေရာတွေမှာ ဆရာ၊ဆရာမ ဆိုတာကို ဖြုတ်ပြီး ကလောင်နာမည်ကိုသာ ရေးသားပါမယ်။ ဆရာ၊ဆရာမတို့အပေါ် အ,ဂါရဝ ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ။) ဆွေဆွေအောင်၊ ဝေဝေအောင်၊ နေနွယ်ဇင်မြင့်၊ မမိုးမြေ၊ စုလှဖြူ တို့ ခေတ်စားလာပါတယ်။ မဟူရာ(လွိုင်ကော်)၊ ကောလ်ထန်မောရီယယ် စတဲ့ စာရေးဆရာတွေလည်း ပေါ်လာပါတယ်။ (အချိန်ကာလအားဖြင့် တကယ့်အစီအစဉ်တိတိကျကျတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ စာအုပ်တွေအကြောင်း ကျွန်မတို့မိသားစုတွေကြား ဒီလိုပဲပြန်ပြီး ပြောကြတဲ့အခါ အဲဒီတုန်းက ဆိုင်မှာအငှားသွက်ခဲ့တဲ့ စာရေးဆရာတွေရဲ့ နာမည်တွေ အစီအရီပေါ်လာပါတယ်။)

အငှားရဆုံး ဝတ္ထုတွေထဲမှာ မြင့်မောင်မောင်၊ မောင်သာပြည့် တို့ဟာလည်း တစ်ခေတ်တစ်ခါက ထိပ်ဆုံးမှာ ရှိနေပါတယ်။ နေနွယ်ဇင်မြင့်ရဲ့သမီး လမင်းမိုမို ပေါ်လာတဲ့အခါ ပထမဆုံးစာအုပ်ကစပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။  မောင်စိန်ဝင်း (ပုတီးကုန်း)ဟာ အားလုံးတန်းစီ စောင့်ဖတ်ကြတဲ့ ဘက်ဆဲလားအဖြစ် ဆိုင်မှာ နေရာယူလာပါတယ်။ လူငယ်လူရွယ် ကျောင်းသားအရွယ်တွေရဲ့ အသည်းစွဲဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ငြိမ်းကျော်နဲ့ နွမ်ဂျာသိုင်းတို့ရဲ့ ဝတ္ထုတွေဟာ ထိပ်တန်း အငှားရဆုံး အချစ်ဝတ္ထုတွေပါ။  ကျွန်မတို့ဆိုင်ဖွင့်တဲ့ ကာလအတွင်းမှာ မောင်စိန်ဝင်းဟာ အငှားရဆုံးစာရင်းမှာ အချိန်အကြာဆုံး ရပ်တည်ခဲ့တယ်လို့ မေမေက ပြောပြပါတယ်။ မိုးမိုး(အင်းလျား)၊ မောင်သာရ၊ နုနုရည်(အင်းဝ)၊ မစန္ဒာ တို့လို ဘဝသရုပ်ဖော်ဘက် လွှမ်းတဲ့ ဝတ္ထုမျိုးတွေနဲ့ နိုင်ငံခြားဘာသာပြန် ဝတ္ထုတွေကတော့ အငှားရဆုံး ဆိုတာမျိုးထက်  စာပေလိုက်စား ခံစားတတ်သူတွေကသာ အထူးရှာဖွေ ဖတ်ကြတာမျိုးပါ။ အပျော်ဖတ်လို့ လူတွေပြောကြတဲ့ ဝတ္ထုမျိုးတွေ၊ အချစ်ဝတ္ထုမျိုးတွေ၊ စွန့်စားခန်း လျှို့ဝှက်သည်းဖိုဝတ္ထုမျိုးတွေကတော့ ဘယ်ခေတ်ဘယ်အခါမှာမဆို ဖတ်သူဦးရေ ပိုများခဲ့ပါတယ်။

ရွှေဥဒေါင်း ဒဂုန်ရွှေမျှား ခေတ်တို့ ဆွေလှိုင်ဦးခေတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်တဲ့ အဲဒီ၁၉၈၀ ဝန်းကျင်မှာတော့ မင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေနဲ့ ဂမ္ဘီရဆန်တဲ့ဇာတ်လမ်းတွေဟာ သီးသန့်လိုင်းတစ်မျိုးနဲ့ အထူးသဖြင့် ယောက်ျားလေး စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။ ယောက်ျားလေး ပရိသတ်တွေ နောက်ထပ် အထူးစိတ်ဝင်စားတာကတော့ သိုင်းဝတ္ထုတွေပါ။ တရုတ်သိုင်းဘာသာပြန် ဝတ္ထုတွေကို စာဖတ်သူတွေက မေးလာကြတော့ စာအုပ်ဆိုင်ဖွင့်စ အစောပိုင်းကာလက စပြီး ဆိုင်မှာ တင်ခဲ့ပါတယ်။ တက္ကသိုလ် ဝင်းကြွယ်၊ ဘုန်းကြွယ်၊ မိုးကျော်သူ၊ တက္ကသိုလ် နေလင်းအောင် စတဲ့ ဆရာတွေ ဘာသာပြန်တဲ့ သိုင်းဝတ္ထု အတွဲလိုက်တွေဟာ အငှားရဆုံးတွေပါ။ နောက်ပိုင်းမှာတော့ သိုင်းဝတ္ထုထဲမှာ တက္ကသိုလ်နေလင်းအောင်က စာဖတ်သူတွေ အကြိုက်ဆုံး ထိပ်ဆုံးမှာ ရောက်ခဲ့ပါတယ်။ ကျွန်မ ပထမဆုံး အစအဆုံး ဖတ်ခဲ့တဲ့ ဝတ္ထုစာအုပ်ဟာ သိုင်းဝတ္ထုတစ်အုပ်ပါ။ စာအုပ်ဆိုင် ပိတ်ပြီး ပြောင်းရွှေ့သွားတဲ့အခါ မရောင်းဘဲ သိမ်းပြီးယူသွားခဲ့တဲ့ စာအုပ်တွေထဲမှာ ကျွန်မနှစ်သက်တဲ့ သိုင်းဝတ္ထု အတွဲတွေလည်း ပါပါတယ်။

ဆရာချစ်ဦးညိုနဲ့ ပတ်သက်လို့ကတော့ ထူးထူးခြားခြားပြောစရာတွေ ရှိပါတယ်။ လင်္ကာဒီပချစ်သူမှာ ဗီလိန်ကို ဇာတ်လိုက်အဖြစ် ပြောင်းလဲချဉ်းကပ်လိုက်တဲ့အခါ ဝေဖန်သံတွေ ဆူညံထွက်လာခဲ့တယ်။ မြန်မာစာသင်တဲ့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဖေဖေဟာ ရသစာပေရေးသားခြင်းရဲ့ သဘောတရားတွေအတွက် အဲဒီအချိန်မှာ ထွက်နေတဲ့ “လင်္ကာဒီပချစ်သူ”နဲ့ “နှင်းကေသရာချစ်တဲ့သူရဲကောင်း” ကို ဖတ်ဖို့ ဆယ်တန်းကျောင်းသား တပည့်တွေကို ညွှန်းခဲ့တယ်။ ခက်တာက အဲဒီကာလတုန်းက မိဘအများအပြားဟာ သားသမီးတွေကို အပြင်စာတွေဖတ်ဖို့ အားမပေးဘူး။ အထူးသဖြင့် အချစ်ဝတ္ထုတွေဖတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတတ်မယ်လို့ ထင်ကြတယ်။ အဲဒီ့အပြင် စာအုပ်ဆိုင်ဖွင့်ထားတဲ့ ကျောင်းဆရာက ညွှန်းတယ်ဆိုတော့ အကျိုးစီးပွားပဋိပက္ခ လိုလို ဖြစ်နေပါတယ်။ ကျွန်မတို့မောင်နှမတွေကတော့ ကျောင်းစာမပျက်ကွက်ရင် ပြီးတော့ ကိုယ်ဖတ်နေတဲ့/ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို လာငှားသူ မရှိဘူးဆိုရင် အိမ်မှာရှိသမျှ စာအုပ်တွေကို ကြိုက်သလောက် ဖတ်ခွင့်ရပါတယ်။

ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေဟာ လက်မလည်အောင် အငှားသွက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်လတစ်အုပ် နှစ်လတစ်အုပ် ထွက်နေကြတဲ့ လုံးချင်းဝတ္ထုတွေနဲ့ ယှဉ်ရင်တော့ အထွက်ကျဲတယ်လို့ ဆိုနိုင်ပါမယ်။ လင်္ကာဒီပချစ်သူကို ပန်းချီဝသုန်ရေးဆွဲတဲ့ ရုပ်ပြအနေနဲ့ ပြန်ထွက်လာတဲ့အခါ တစ်အုပ်ကို ၃၅ ကျပ်ကျမယ်လို့ သိလိုက်ရပါတယ်။ ကာတွန်းရုပ်ပြစာအုပ် ပုံမှန်တစ်အုပ်ကို ၁၀ကျပ်ကျော်ကျော်ဝယ်ရပြီး ပြန်ငှားရင် ၁ ကျပ်ကျော်နဲ့ ငှားနေတဲ့ အချိန်မှာ ၃၅ ကျပ်ဆိုတဲ့ ဈေးနှုန်းဟာ အလွန်ကို များလှပါတယ်။ ၃၅ ကျပ်ဆိုတော့ ၁၀ ရာခိုင်နှုန်း ငှားဈေးသတ်မှတ်ရင် တစ်ရက်ကို ၃ ကျပ်ခွဲ ဈေးနှုန်း သတ်မှတ်ရမယ်ဆိုရင် ငှားသူရှိပါ့မလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း မေမေဟာ ဒီစာအုပ်ကို စွန့်စားပြီးဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စာအုပ်မရောက်ခင်မှာ ပိုစတာ ကပ်ထားပြီး ဒီစာအုပ်ရောက်မယ့်အကြောင်းကို ကြော်ငြာထားပါတယ်။ စာအုပ်ရောက်လာတဲ့အခါမှာ အဲဒီဈေးနှုန်းနဲ့လည်း လက်မလည်အောင် ငှားရပါတော့တယ်။ အကြိမ် ၁၀၀ ကျော် ငှားရပြီး အမြတ်ငွေ အများကြီးတင်ကျန်စေအောင် ငွေရှာပေးခဲ့တဲ့ စာအုပ်မို့ ဆရာချစ်ဦးညိုကို အမြဲကျေးဇူးတင်မိတယ်လို့ မေမေက ပြောပြတတ်ပါတယ်။

အဲဒီခေတ်က ရုပ်ပြစာအုပ်တွေလည်း အလွန်ခေတ်စားခဲ့ပါတယ်။  တချို့ရုပ်ပြတွေက ပန်းချီဆန်ပြီး တချို့ကကာတွန်းဆန်ပါတယ်။ ရာမ၊ နန်းဦး၊ မင်းသိုက်၊ မြိတ်ဝင်းထိန် တို့ဟာ လူကြိုက်များတဲ့ ရုပ်ပြရေးဆရာတွေပါ။  တချို့ရုပ်ပြတွေကျတော့ ပြန်စဉ်းစားတဲ့အခါ  ဇာတ်လိုက်တွေကိုသာ မှတ်မိတော့တာရှိပါတယ်။ ထွန်းမင်းလတ်၊ စံရွှေမြင့်၊ နေကျောက်ခဲ၊ ဒီလုံး၊ ကြံ့ဗဟုံး စသည်ဖြင့် ပင်တိုင်ဇာတ်ကောင်တွေဟာ ကျော်ကြားပါတယ်။ မိုက်မိုက်(ပြည်) တို့လို ဘဝသရုပ်ဖော်ဆန်တဲ့ ရုပ်ပြတွေလည်း ရှိပါတယ်။ တစ်ဦးအောင်မြင်လာရင် ဆင်တူယိုးမှား လိုက်ရေးလာကြတာလည်း ရှိပါတယ်။ ရာမ ခေတ်စားလာတော့ လက္ခဏတို့ ဒဿတို့ လိုက်ထွက်လာပါတယ်။ ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ ခေတ်စားလာတော့ နေကျောက်လုံးတို့ နေကျောက်စိမ်းတို့ ထွက်လာတာကို တွေ့ရပါတယ်။ ကာတွန်းရုပ်ပြတွေထဲမှာ မောင်မောင်လေးရဲ့ ငပြည့်၊ မောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ သော်က ရဲ့ အရိုင်း၊ ပိုးဇာရဲ့ လေးမွန်ထွေးမွန်တို့ဟာ ထင်ရှားပါတယ်။ တချို့ ကာတွန်းရုပ်ပြတွေကတော့ နိုင်ငံခြားဇာတ်ကောင်တွေကနေ မှီငြမ်းထားတာလို့ ထင်ပါတယ်။ ကာတွန်းဆွေမင်း(ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီကတော့ ကျွန်မတို့စာအုပ်ဆိုင် ပိတ်သွားတဲ့ အချိန်လောက်မှ တစ်ခေတ်ဆန်းလာခဲ့တာပါ။

ကျွန်မငယ်ငယ်က မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ ပထမဆုံး ရှာဖွေခဲ့တဲ့ စာမျက်နှာက ကာတွန်းပါ။ ပြီးတော့မှ ဝတ္ထုတိုတွေ ရှာဖတ်ပါတယ်။ နောက်မှ ဆောင်းပါးတွေဖတ်ပါတယ်။ ကျွန်မအရမ်းငယ်သေးတဲ့အချိန်မှာ ကျောင်းမှာသင်ရတဲ့ ကာရန်ညီ ရိုးရာကဗျာတွေရဲ့ စပ်ထုံးတွေကို အလွန်စိတ်ဝင်စားပေမယ့် မဂ္ဂဇင်း ရှေ့ဘက် စာမျက်နှာတွေမှာ ပါတတ်တဲ့ ခေတ်ပေါ်ကဗျာတွေကိုတော့ မခံစားတတ်ပဲ ကျော်ဖတ်မိခဲ့ပါတယ်။ လွတ်လပ်ကာရန်ကဗျာ ဒါမှမဟုတ် ကာရန်မဲ့ကဗျာ ဒါမှမဟုတ် ခေတ်ပေါ်ကဗျာ လို့ဆိုကြတဲ့ ကဗျာတွေကို စပြီး စိတ်ဝင်စားမိတာကတော့ ဆရာမောင်သစ်တည် (ဆရာကြီးမြသန်းတင့်) ဘာသာပြန်တဲ့ “လင်ပစ်မညည်းချင်း” ဆိုတဲ့ ဘာသာပြန်ကဗျာ အခန်းဆက် မိုးဝေမဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့အချိန်က အစပြုပါတယ်။ အာဖရိက ကဗျာဆရာ Okot p’ Batek ရဲ့ Song of Lawino ကဗျာပါ။  အဲဒီအချိန်က ကျွန်မ ငါးတန်းလောက်ပဲရှိမှာပါ။ ချီလီကဗျာဆရာနီရူဒါရဲ့ သစ်ခုတ်သမားနိုးကြားလော့ ဘာသာပြန်ကဗျာကို ဆက်ဖတ်ပါတယ်။ အဲဒီ ကဗျာတွေကို အရမ်းစိတ်ဝင်တစား စောင့်ဖတ်ပြီး နောက်ပိုင်းမှာ မြန်မာခေတ်ပေါ်ကဗျာတွေ ရေးပုံသားပုံကို ဆက်ပြီး ဖတ်ဖြစ်သွားခဲ့ပါတယ်။

ဖေဖေနဲ့မေမေတို့ဟာ စာအုပ်ဆိုင်အတွက် အမြတ်အစွန်းမသေချာတဲ့ စာအုပ်တွေကို တင်ရတဲ့အခါ “အိမ်က ကလေးတွေဖတ်ရတာ အမြတ်ပဲ” လို့ သဘောထားပြီး ဝယ်လေ့ရှိကြပါတယ်။ စာအုပ်အငှားဆိုင်အဖြစ်သာမက တချို့စာစောင်တွေနဲ့ စာရေးကိရိယာတွေကိုပါ အရောင်းဆိုင်အနေနဲ့ တိုးချဲ့လာပါတယ်။ အဲဒီခေတ်က ကလေးတွေအတွက် မရှိမဖြစ် ဖတ်ကြတဲ့ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း၊ ဂါဒီးယန်းတွေ ကိုယ်စားလှယ်ယူပြီး ရောင်းပါတယ်။ အဲဒီခေတ်ကအခုလို ပုဂ္ဂလိကထုတ် ဂျာနယ်တွေ ပလူပျံအောင် ထုတ်ခွင့်မရတော့ နိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် ပုံမှန်ထုတ်တဲ့ ပါတီရေးရာ၊ နိုင်ငံတကာရေးရာ စာစောင်တွေကိုပဲ တင်ရပါတယ်။ ကျောင်းသားတွေအတွက် ဂါးဒီးယန်းကထုတ်တဲ့ Sunday Supplement ဆိုတဲ့ အင်္ဂလိပ်စာ လေ့ကျင့်ခန်းစာစောင်ကို ကိုယ်စားလှယ်ယူ ပြီး အလယ်တန်း အထက်တန်းကျောင်းတွေကို ဖြန့်ပေးပါတယ်။ အဲဒီစာစောင်ဟာ တစ်စောင်မှ ငါးပြားပဲ မြတ်တယ်လို့ မေမေကပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို စာအုပ်စာစောင်တွေကို ရွာမှာ အလွယ်တကူ ဝယ်ရနိုင်တဲ့အတွက် ကျောင်းသားတွေအတွက် အတိုင်းအတာတစ်ခုအထိတော့ အထောက်အကူဖြစ်ခဲ့ပါတယ်။

မေမေက စာအုပ်ဆိုင်ကို အဓိကဦးဆောင်သူပါ။ ဖေဖေကတော့ ကျောင်းဆင်းချိန်တွေမှာ ကူညီပါတယ်။ ငွေကြေးကို တွက်တတ်ချက်တတ်လာတဲ့အခါ ကျွန်မတို့မောင်နှမတွေကလည်း စာအုပ်ဆိုင်မှာ ကူထိုင်ပေးကြပါတယ်။ မနက်မိုးလင်းလာတဲ့အခါ အိမ်ထဲမှာသိမ်းထားတဲ့ စာအုပ်တွေကို အပြင်ထုတ်ပြီး စာအုပ်စင်ပေါ်စီ၊ ညနေဆိုင်ပိတ်ရင် အိမ်ထဲကို ပြန်သွင်းတာတွေကို နေ့စဉ်ကူညီကြပါတယ်။ စာအုပ်တွေကိုတော့ ပုသိမ်မြို့က ဦးလေးတွေက ဒိုင်ခံဝယ်ပေးပြီး မော်တော်နဲ့ ထည့်ပေးကြပါတယ်။ စာအုပ်တွေရောက်လာတဲ့အခါ ကြာရှည်ခံအောင်လို့ ဖလင်ပြားတွေ ကဒ်ထူပြားတွေနဲ့ စာအုပ်တွေကို ပြန်ချုပ်ကြရပါတယ်။ အစပိုင်းမှာတော့ စာအုပ်တွေကို ဖလင်ပြားခံပြီး ပင်နဲ့ရိုက်ကြပါတယ်။ နောက်ပိုင်းတော့ စာအုပ်တွေကို ကြိုးနဲ့ချုပ်ကြပါတယ်။ ကျွန်မ ငါးတန်းနှစ်ရောက်တဲ့အခါ စာရေးဆရာတွေကို အားကျစိတ်နဲ့ ဗလာစာရွက်အလွတ်မှာ ဝတ္ထုလေးတွေ ကိုယ့်ဘာသာရေး၊ စာအုပ်သေးသေးလေးတွေလုပ်၊ စင်ပေါ်မှာ ရောတင်ထားပြီး ခပ်တည်တည် ဆော့ကစားခဲ့တာကိုလည်း သတိရမိပါသေးတယ်။ ဝါသနာပိုး အစထိုးခဲ့တယ်လို့ ဆိုနိုင်ပါမယ်။

ရွာလေးတစ်ရွာက စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ တင်ခဲ့တဲ့ စာအုပ်တွေအကြောင်းကို ပြန်ပြောဖြစ်ကြတဲ့အခါ မြန်မာစာပေလောကကြီးတစ်ခုလုံးကို တိတိကျကျ မထင်ဟပ်နိုင်ပေမယ့်လည်း အဲဒီခေတ်က စာဖတ်သူတွေရဲ့ ဓလေ့ကို တစေ့တစောင်းတော့ ပြန်ပြောင်းသတိရစေခဲ့ပါတယ်။  ကျွန်မတို့စာအုပ်ဆိုင်က စာအုပ်တွေကို တရွာလုံး နေရာအနှံ့အပြားက လာငှားကြတဲ့အပြင် ရွာမှာငှားဖတ်သူတွေ နည်းပါးသွားတဲ့ စာအုပ်ဟောင်းတွေကို အနီးအနားက ရွာကလေးတွေကိုလည်း ရောင်းလို့၊ငှားလို့ရပါတယ်။ အငှားအလွန်လိုက်တဲ့ တချို့ဝတ္ထုတွေ တချို့မဂ္ဂဇင်းတွေကိုတော့ တန်းစီသူတွေအတွက် အဆင်ပြေအောင် နှစ်အုပ် သုံးအုပ် ဝယ်တင်ရတာမျိုးလည်း ရှိပါတယ်။ ငှားသူမရှိတော့တဲ့ စာအုပ်တွေဟာ ဟောင်းသွားပေမယ့်လည်း မပစ်လိုက်ရဘဲ ဝင်ငွေအနည်းငယ် ထပ်ရပါသေးတယ်။ ကျွန်မတို့စာအုပ်ဆိုင်သတင်းကို ကြားပြီး ကိုယ်မသိတဲ့ ရွာတွေက စာအုပ်ဆိုင်ကလေးတွေက ကျွန်မတို့စာအုပ်ဟောင်းတွေကို မေးစမ်းပြီး လာဝယ်ကြတာကိုလည်း ကြုံရပါသေးတယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်တချို့ကိုတော့ နှမြောလို့ ကျွန်မတို့က ပြန်မရောင်းဘဲ သိမ်းထားတတ်ကြပါတယ်။ စာအုပ်ဆိုင်ကလေးဟာ ဝန်ထမ်းမိသားစုလေးရဲ့ စီးပွားရေးကိုလည်း အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်။ စာအုပ်ဆိုင်ဝင်ငွေဟာ အိမ်စားရိတ်ကို ထိန်းတဲ့အပြင် ရွှေ လေးကျပ်ခွဲသားလောက် စုနိုင်ခဲ့တယ်လို့ မေမေကပြောပါတယ်။

စာဖတ်သူတွေဟာ ကျောင်းသူကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ရပ်ကွက်ထဲက အိမ်ရှင်မတွေ၊ ဈေးသည်တွေ စတဲ့ လူတန်းစားမျိုးစုံပါ။ တချို့ဈေးသည်တွေဆိုရင် ကျွန်မတို့ဆီက တစ်ကျပ်ကျော်နဲ့ ငှားထားတဲ့ စာအုပ်ကို ဖတ်ပြီးသွားရင် နောက်တစ်နေ့ပြန်မအပ်ခင် ဈေးထဲမှာ တစ်ခါဖတ် တစ်မတ်နဲ့ လက်ဆင့်ကမ်းငှားကြပါသေးတယ်။ တချို့လည်း အမြတ်တောင် ထွက်ကြပါသေးတယ်။ အဲဒီအချိန်အခါက အပန်းဖြေဖို့အတွက်ကို လူအတော်များများဟာ စာဖတ်ခြင်းနဲ့ အချိန်သုံးကြလေ့ရှိပါတယ်။ တစ်နေ့တာ ပင်ပန်းသမျှ ရသစာအုပ်တစ်အုပ်ကို စွဲစွဲမက်မက် စိတ်နှစ်ပြီး ဖတ်လိုက်ရင် အပန်းပြေသွားကြတယ်လို့ ဆိုကြပါတယ်။ ရွာမှာ ပုံမှန်ပြတဲ့ ရုပ်ရှင်ရုံဆိုတာလည်း မရှိတော့ ပွဲလမ်းတစ်ခုခုမှာ ပိတ်ကားကြီးထောင်ပြီး ပြမှ ရုပ်ရှင်ကြည့်ဖြစ်ကြတာပါ။ ရုပ်မြင်သံကြား စပေါ်လာတော့လည်း လူတိုင်းမဝယ်နိုင်ကြသေးပါဘူး။ ကြည့်ချင်ရင် သူများအိမ်မှာ သွားကြည့်ကြရပါတယ်။ နောက်ပိုင်းတော့ အဖိုးအခနဲ့ ပြစားတဲ့ ဗွီဒီယိုရုံတွေ ပေါ်လာပါတယ်။ အဲဒီအချိန်က မြန်မာဗွီဒီယိုဇာတ်လမ်းတွေ မပေါ်သေးတော့ တရုတ်သိုင်းကား၊ ကုလားကားတွေ အကြည့်များကြပါတယ်။ အခုခေတ်လိုမျိုး အခြားအခြားသော အပန်းဖြေစရာ ဆော့ကစားစရာတွေ အလျှံပယ် ပေါများမလာသေးတဲ့အခါ လူတွေဟာ စာပိုဖတ်ဖြစ်ကြပါတယ်။ စာဖတ်ခြင်းဓလေ့ကလည်း ကူးစက်ပါတယ်။ ရွာမှာ စာအုပ်ဆိုင်ကောင်းကောင်း မရှိသေးခင်က မဖတ်ဖြစ်ကြတဲ့ ပရိသတ်ဟာ စာအုပ်စုံလင်တဲ့ ဆိုင်တစ်ဆိုင် ပေါ်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး ပြောဆိုဖလှယ်ကြရင်း စာအုပ်တွေ ဖတ်ကြတဲ့ အလေ့အထ ပိုပြန့်နှံ့လာခဲ့ကြပါတယ်။

ကျွန်မတို့မောင်နှမတွေ စူးစမ်းလိုစိတ် အားကောင်းနေတဲ့ ငယ်ရွယ်ချိန်ခါမှာ ဖေဖေမေမေတို့က ဒီလိုစာအုပ်အငှားဆိုင်လေး ဖွင့်ဖြစ်ခဲ့တာဟာ ကျွန်မတို့ဘဝအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်အနေနဲ့ အသိပညာတွေကို ခိုင်မာစေခဲ့ပါတယ်။ စာအုပ်မျိုးစုံကပေးတဲ့ သုတရသမျိုးစုံကို ကိုယ့်အိမ်မှာနေရင်းနဲ့ပဲ ဥာဏ်မီသလောက် စုပ်ယူနိုင်ခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်မှာ တခြားမြို့တစ်မြို့ကို ပြောင်းတဲ့အခါ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးကို ပြန်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အဲဒီရွာကလေးမှာလည်း ကျွန်မတို့လို စုံလင်တဲ့ စာအုပ်ဆိုင်လေး နောက်ထပ်တစ်ဆိုင် ပေါ်ထွက်နေပါပြီ။ အသစ်ရောက်လာတဲ့ နောက်မြို့လေးတစ်မြို့မှာတော့ ကျွန်မတို့တွေ စာအုပ်ဆိုင်ထပ်မဖွင့်ဖြစ်တော့ပါဘူး။ အဲဒီမှာလည်း သူ့ဈေးကွက်နဲ့သူ ရှိနေကြပါပြီ။ ဒီတော့ ကျွန်မတို့တွေဟာ စာအုပ်သစ် ဖတ်ချင်ရင် သူများဆိုင်က သွားငှားဖတ်ရပါတော့တယ်။ အဲဒီအခါမှာတော့ ကိုယ့်ဆိုင်မှာလို ပေါ်သမျှ အကုန်ဖတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကုန်ကျစားရိတ်ကြောင့် ရွေးချယ်ဖတ်ရှုလာရပါတော့တယ်။

မြန်မာစာပေကတော့ ဆက်လက်နေဆဲပါ။ စာဖတ်ဓလေ့တွေလည်း ပြောင်းလဲလာပါတယ်။ လူတွေ သိပ်မဖတ်ကြတော့တဲ့ စာမျိုးတွေရှိသလို ပိုဖတ်လာကြတဲ့ စာအမျိုးအစားတွေလည်း ရှိပါတယ်။ တချိန်ကစာပေတွေ ပြန်ပြီးပုံနှိပ်ထုတ်ဝေလာကြတာတွေလည်း ရှိပါတယ်။ မသိမသာ တိမ်မြုပ်သွားကြတဲ့ စာတွေလည်းရှိပါတယ်။ စာအုပ်ဆိုင်ကလေး ဖွင့်ဖြစ်ခဲ့တဲ့ကာလဟာ ကျွန်မအတွက် အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် စာအဖတ်ဖြစ်ဆုံးကာလ ဖြစ်ခဲ့သလို ပျော်ရွှင်စိတ်လှုပ်ရှားစရာ အကောင်းဆုံးလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကျေးဇူးကြောင့် ဒီစာအုပ်ဆိုင်လေးကို ဖြတ်သန်းဖြစ်ခဲ့ရတဲ့ အချိန်တွေဟာ ဘဝမှာ အမြဲတမ်းအရေးပါနေတော့မှာပါ။

ပန်ဒိုရာ
၁၆-၁၇.၆.၂၀၁၄
 (နှင်းဆီဖြူမဂ္ဂဇင်းအမှတ်၂ တွင် ဖော်ပြပြီး)

(နောက်ဆက်တွဲမှတ်စုတို။ ။  ဒီအကြောင်းအရာကလေးကို ရေးဖို့ ခေါင်းထဲမှာ သိမ်းထားခဲ့တာ ကြာပါပြီ။ နှင်းဆီဖြုအတွက် ဖောင်ပိတ်ခါနီးမှ အမြန်ရေးဖြစ်သွားတယ်။ အမြန်ရေးတာကတစ်ကြောင်း၊ ဒါလေးရေးဖို့ အကြိမ် ၃၀ လောက် ပြတ်တောင်းပြတ်တောင်းနဲ့ ကွန်ပျူတာရှေ့ထိုင်ရတာက တစ်ကြောင်းကြောင့် အသုံးအနှုန်းတွေ ထပ်နေတာတို့ ထပ်ဖြည့်နိုင်သေးတဲ့ အကြောင်းအရာတချို့ကို သတိမရတာတို့ ဖြစ်သွားပါတယ်။ မိတ်ဆွေတစ်ယောက်ထောက်ပြလို့ ဒီဆောင်းပါးမှာ ထပ်နေတဲ့ စကားဆက်အနည်းငယ်ကို စာဖတ်ရချောအောင် ဖြုတ်လိုက်ပါတယ်။  )

တစ်ခါအပြာဆိုရင် အမြဲအပြာပဲ

$
0
0
တစ်ခါအပြာဆိုရင် အမြဲအပြာပဲ

ဘောလုံးကစားနည်းကို တီထွင်ခဲ့သူကို ဘုရားအဖြစ် ကိုးကွယ်ဖို့ကောင်းတယ်။
ကျုပ်တို့အားလုံး ဂိုးသမားတွေချည်းဖြစ်နေလို့ကတော
ဘောလုံးသင်းဆိုတာ ရှိလာမှာမဟုတ်ဘူး။
ကျုပ်က ဘောလုံးကစားတာမဟုတ်ဘူး ဂိုးသွင်းတာ။
တစ်ဂိုးဂိုးမရှိနဲ့ ဆယ်ခါနိုင်ရတာက ဆယ်ဂိုးဂိုးမရှိနဲ့
တစ်ခါနိုင်ရတာထက် ပိုကောင်းတယ်။
ဒီ(သူ့မျက်နှာကို ဖိနပ်မှန်သွားတဲ့) ကိစ္စမျိုးကို
ကျုပ် အကြိမ် ၁၀၀၊ အကြိမ်သန်းပေါင်းများစွာ၊ ကြိုးစားလည်း
ပြန်မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်ရင်လည်း ကျုပ် ဘောလုံးပဲ ဆက်ကန်တော့မှာပေါ့။
ဘောလုံးပွဲအုံကြွမှုတွေမှာ လူအလွန်ဆုံးသေရင် ဆယ်ဂဏန်းပေါ့၊
အတွေးအခေါ်အုံကြွမှုတွေက လူသန်းပေါင်းများစွာကို ဆုံးရှုံးစေတယ်။
ဘောလုံးစည်းမျဉ်းဆိုတာ ရှင်းရှင်းလေးပါ၊ အခြေခံအားဖြင့် ဒီလို -
၁) ဘောလုံးလိမ့်နေရင် ကန်။
၂) မလိမ့်ရင် မလိမ့်မချင်းကန်။
ခံစစ်နဲ့ပိတ်ကစားနေတဲ့ အသင်းနဲ့ ကန်ရတာ
သစ်ပင်တစ်ပင်နဲ့ ဖက်အိပ်ရသလိုပဲ။
ဘောလုံးပွဲဆိုတာ မျှမျှတတ ကစားတာမျိုး မဟုတ်ဘူး၊
အမုန်းတွေ၊ မနာလိုမှုတွေ၊ အကြွားတွေ၊ စည်းကမ်းဖောက်ဖျက်မှုတွေ၊
အကြမ်းဖက်မှုကို အရသာခံကြည့်ကြတာတွေနဲ့ ပြည့်နှက်နေတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ ဘောလုံးပွဲဆိုတာ
သေနတ်ပစ်ခတ်တာ မပါတဲ့ စစ်ပွဲပဲ။
နိုင်ငံတကာဘောလုံးပွဲတွေဆိုတာ စစ်ကို တခြားနည်းလမ်းနဲ့ ဆက်တိုက်တာ။
တချို့လူတွေက ဘောလုံးပွဲဆိုတာ သေရေးရှင်ရေးကိစ္စလို့ ပြောကြတယ်၊
စိတ်ပျက်စရာပဲ၊ ကျုပ်ကတော့ ဒီ့ထက်အများကြီး ပိုအရေးကြီးတယ်လို့ ထင်တယ်။
လူတစ်ယောက်ဟာ ဇနီးမယား၊ နိုင်ငံရေးပါတီ၊
ဘာသာရေးတွေကိုသာ ပြောင်းကောင်းပြောင်းမယ်၊
အကြိုက်ဆုံး ဘောလုံးသင်းကိုတော့ ပြောင်းလို့မရဘူး။
ရပ်ဂ်ဘီ ဆိုတာ လူရိုင်းတွေရဲ့ပွဲ၊ ဒါပေမဲ့ လူကြီးလူကောင်းတွေ ကစားနေတာ၊
ဘောလုံးကန်တယ်ဆိုတာ လူကြီးလူကောင်းတွေရဲ့ပွဲ၊ ဒါပေမဲ့ လူရိုင်းတွေ ကစားနေတာ။
ဒိုင်တွေရဲ့ပြဿနာကတော့ သူတို့က စည်းမျဉ်းစည်းကမ်းပဲသိတာ
ပွဲအနှစ်သာရကိုမသိဘူး။
ဘောလုံးပွဲဆိုတာ ရိုးရိုးလေးပါ၊ လူ၂၂ ယောက်က ဘောလုံးတစ်လုံးကို လုမယ်၊
သောက်တလွဲတွေ လုပ်မဲ့ ဒိုင်လူကြီးတစ်ယောက် ပါမယ်၊
နောက်ဆုံးတော့ ဂျာမနီပဲ အမြဲနိုင်မယ်။
ကျုပ်က ဒိုင်တွေနဲ့ ပတ်သက်ရင် ဘာဆိုဘာမှ မှတ်ချက်မချပါဘူး၊
အဲဒီခွေးမသားတွေအကြောင်းကို ဘာတစ်ခွန်းမှ မပြောတဲ့အကျင့်ကိုလည်း
မသေမချင်း ထိန်းသိမ်းသွားမှာပါ။
ကြည့်စမ်းပါ၊ ကျုပ်က ဘောလုံးနည်းပြပါ၊ ဟယ်ရီပေါ်တာမဟုတ်ဘူး၊
သူကမှော်ဆရာ၊ ဒါပေမဲ့ တကယ့်တကယ်မှာ မှော်ဆိုတာမရှိပါဘူး၊
မှော်ဆိုတာက ဝတ္ထုဇာတ်လမ်း၊ ဘောလုံးပွဲဆိုတာက အမှန်တကယ်။
ကျုပ်ကို မောက်မာတယ်လို့ မပြောကြပါနဲ့၊ ကျုပ်က ဥရောပ ချန်ပီယံ၊
ပြီးတော့ ကျုပ်က စပယ်ရှယ်ဝမ်း။
ဘောလုံးပွဲမှာ အဆုံးဝါးဆုံး အမြင်ကန်းမှုကတော့ ဘောလုံးကိုပဲ မြင်တာ။
မာရာဒိုနာရဲ့ ခေါင်းနဲ့က နည်းနည်း၊ ဘုရားသခင်ရဲ့ လက်နဲ့က နည်းနည်း
သုံးလိုက်တော့ ဂိုးဝင်သွားတာပါ။
ပင်နယ်တီကန်တယ်ဆိုတာ သူရဲဘောကြောင်တဲ့နည်းနဲ့ ဂိုးရအောင်လုပ်တာ။
ဖိလစ်ပို အင်ဇာဂီ ဆိုတဲ့ ငနဲဟာ လူကျွံဘောနဲ့ မွေးလာတာဖြစ်ရမယ်။
ကျုပ်တို့မှာ တင်မ်ရှားဝုဒ် ရှိနေမှတော့ ဘာဖြစ်လို့ ဇီဒိန်း လိုအပ်မှာလဲ။
ကျွန်မရည်းစားကပြောတယ်၊ ဘောလုံးပွဲလား၊ သူလား၊ ကြိုက်ရာရွေးတဲ့၊
ကျွန်မသူ့ကို အမြဲ လွမ်းနေတော့မှာ။
…အခုတော့ နီသွားတဲ့ ရွန်နီ၊ တို့ရင်ထဲမှာ သေသွားပြီ။ ။

ပန်ဒိုရာ
၁၀-၁၄.၇.၂၀၁၄
(ဘောလုံးနှင့်ပတ်သက်သော စကားအချို့ကို ပြန်ဆို စုစည်းထားခြင်း ဖြစ်သည်။)

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၂

$
0
0


မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ် - ၂
 
၂၀၀၇ ခုနှစ် MBS ရဲ့ ဖိတ်စာ အမှတ်တရ
( BLOG ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ တူတဲ့ (3108)  သြဂတ်စ်လ ၃၁ ရက်နေ့ကို Blog Day လို့ blogday.org က ၂၀၀၅ ခုနှစ်က စပြီး သတ်မှတ်ခဲ့ဖူးတယ်။ အခုတော့ အဲဒီ website တောင် မရှိတော့ပါဘူး။ မြန်မာဘလော့ဂါတွေကတော့ ဆက်လက်ကျင်းပနေကြပါတယ်။ ၂၀၀၇ ကနေ စတင် သတ်မှတ်ခဲ့ကြတဲ့ Blog Action Day ဆိုတာကတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ အောက်တိုဘာ ၁၅ သို့မဟုတ် ၁၆ ရက်မှာ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်တာကို ကမ္ဘာအရပ်ရပ်က ဘလော့ဂါတွေက ဝိုင်းရေးကြဖို့ပါ။ ၂၀၀၇ မှာ environment ၊ ၂၀၀၈ မှာ poverty ၊ ၂၀၀၀၉ မှာ climate change ၊ ၂၀၁၀မှာ water ၊ ၂၀၁၁ မှာ food ၊ ၂၀၁၂ မှာ the power of we  လို့ သိရပါတယ်။ အခုလာမယ့် ၂၀၁၄ အောက်တိုဘာ ၁၅ ၁၆ အတွက် ခေါင်းစဉ်ကတော့ inequality ဖြစ်ပါတယ်။ http://blogactionday.org/။ ဘယ်လိုပဲဖြစ်ဖြစ် မနှစ်ကရေးခဲ့တဲ့ ပို့စ်ကို ရှေ့ဆက်ပါဦးမယ်။)


ရွှေဝါရောင်တော်လှန်ရေးကာလ ဖြစ်တဲ့ စက်တင်ဘာ ၂၀၀၇ မှာ မြန်မာဘလော့ဂ်တွေရဲ့ အခန်းကဏ္ဍဟာ ပိုထင်ရှားခဲ့တယ်။ နိုင်ငံရေးဆန်တဲ့ လှုပ်ရှားမှုတွေကိုတော့ ဂျူလိုင် ၂၀၀၇ လောက်ကတည်းက တွေ့မြင်ခဲ့ရတာပါ။ ၂၀၀၇ ဂျူလိုင် ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု အမှတ်တရအနေနဲ့ ပိုစတာတွေကို ဘလော့ဂ်ပို့စ် အနေနဲ့ဖြစ်ဖြစ် sidebar မှာ ဖြစ်ဖြစ် ဘလော့ဂ်အတော်များများမှာ တင်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကတော့  မသင်္ကာကြည့်နဲ့ စောင့်ကြည့်ခံရတဲ့ အချိန်ဖြစ်တာမို့ ဘလော့ဂါတွေဟာ အလှမ်းမီဖို့ ခက်တဲ့ အင်တာနက်ထဲမှာ ဒီလိုလှုပ်ရှားမှုမှာ ပါဝင်တာကိုက အရဲကိုးခဲ့ကြတယ်လို့ ဆိုနိုင်ပါမယ်။ အဲဒီနောက် ၁၉ ဂျူလိုင် အာဇာနည်နေ့မှာလည်း ဗိုလ်ချုပ်အမှတ်တရ ပို့စ်တွေ ရုပ်ပုံတွေနဲ့ ဖြတ်သန်းခဲ့တယ်။ သြဂတ်စ် ၁၅ ရက်နေ့မှာတော့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်။ အဖြူရောင် လှုပ်ရှားမှုမှာ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ အဖမ်းခံခဲ့ရပါတယ်။

ရွှေဝါရောင်တော်လှန်ရေး စတင်လို့ သံဃာတော်တွေ စီတန်းလမ်းလျှောက်ကြတဲ့အခါ အစပိုင်းရက်တွေမှာ အင်အားသုံး နှိမ်နင်းမှုတွေ မရှိသေးပါဘူး။ အဲဒီအစောပိုင်းကာလတွေကတည်းက သံဃာတော်တွေရဲ့ လှုပ်ရှားမှု ဓာတ်ပုံတွေကို ကမ္ဘာအရပ်ရပ်က မြင်တွေ့ကြရပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ ဘလော့ဂါတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း ပါပါတယ်။ ၁၉၈၈ ကာလက နည်းပညာတိုးတက်မှုတွေ မပေါ်ပေါက်သေးလို့ ဖြစ်ကြောင်းကုန်စင်ကို  အလျှင်အမြန် လူအများသိအောင် ချပြဖို့ မဖြစ်နိုင်ခဲ့ပေမဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ အင်တာနက်ခေတ်မှာတော့ မြန်မာပြည်မှာ ဖြစ်ဖြစ်သမျှတွေကို မိနစ်ပိုင်းအတွင်းမှာပဲ ကမ္ဘာအရပ်ရပ်က သိမြင်နိုင်ခဲ့ကြပါတယ်။

အလွန်တင်းကျပ်တဲ့ကာလမှာ သတင်းဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေ တင်တဲ့ ဘလော့ဂါတွေဟာ အမည်ရင်းနဲ့ ပုံရိပ်မှန်ကို ဖျောက်ထားကြရတယ် ဆိုတာ ပြောပြစရာတောင် မလိုပါဘူး။ အထူးသဖြင့် အလွန်တရာ နှေးကွေးတဲ့ ကော်နက်ရှင်နဲ့ မြန်မာပြည် အင်တာနက်ကဖေးတွေကနေ တင်ရသူတွေဟာ အချိန်လုပြီး စွန့်စားခဲ့ကြရမှာ သေချာပါတယ်။ တချို့က မူရင်းစတင် ဝေမျှသူတွေပါ။ တချို့က အခြားမှာ တင်ထားတဲ့ သတင်းတွေ ဓာတ်ပုံတွေကို ပြန်လည်ဝေမျှသူတွေပါ။ တချို့ကတော့ နှစ်မျိုးစလုံးပါ။ ဆန္ဒပြသူတွေကို ပစ်ခတ်မှုတွေ ဖြစ်လာပြီလို့ ကြားရတဲ့အခါ မိုးဇက်လို့ အမည်ရတဲ့ ဘလော့ဂ်တစ်ခုမှာ ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ တက်လာခဲ့တယ်။ ခဏကြာတော့ အဲဒီဘလော့ဂ် ပျောက်သွားတယ်။ ဘယ်လို ဖြစ်သွားသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲဒီကာလမှာ လူသိများတဲ့ သတင်းဘလော့ဂ်တွေထဲမှာ နစ်နေမန်း၊ ကိုထိုက်၊ ဒေါက်တာလွမ်းဆွေ၊ ဆုံဆည်းရာ ဘလော့ဂ်တွေ ပါဝင်ပါတယ်။

အဲဒီတုန်းက ပြည်တွင်းပြည်ပ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ကြတဲ့အခါ အခုလို viber တို့ facebook တို့ ခေတ်မစားသေးပါဘူး။ Gmail၊ Gtalk နဲ့ ဆီပုံး ဒါမှမဟုတ် Cbox လို့ခေါ်တဲ့ Chat box တွေ ဖိုရမ်တွေ ဘလော့ဂ်တွေက တဆင့် သတင်းအချက်အလက် ဖြန့်ဖြူးလေ့ရှိပါတယ်။ ဘလော့ဂ်တွေရဲ့ sidebar မှာ Cbox တွေ တပ်ထားလေ့ရှိပါတယ်။ အချက်အလက်တစ်ခုခု ဖြန့်ဖြူးချင်သူတွေဟာ လူသိများတဲ့ ဘလော့ဂ်တွေရဲ့ Cbox တွေမှာ တစ်ခုပြီး တစ်ခု လိုက်ရေးလေ့ရှိကြပါတယ်။ များသောအားဖြင့်တော့ အလကားရတဲ့ Cbox မှာ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့် function တွေ လိုချင်ရင်တော့ ပိုက်ဆံပေးဝယ်တပ်ကြပါတယ်။ ဥပမာ နစ်နေမန်း ဘလော့ဂ်မှာ သတင်းတွေကို Cbox ကနေ အမြန်ဆုံးတင်ပေးတာကို သွားသွားဖတ်ရပါတယ်။ လူဖတ်များတဲ့ Cbox link တွေချည်း သက်သက် စုစည်းထားတဲ့ link တွေလည်းရှိခဲ့ပါတယ်။

အဲဒီကာလက ပြည်တွင်းမှာ ပုဂ္ဂလိကထုတ် ဂျာနယ်တွေ သတင်းစာတွေ မပေါ်ပေါက်သေးဘဲ အစိုးရထုတ် သတင်းတွေကိုပဲ ဖတ်ရှုနိုင်တဲ့အတွက် သတင်းစာထဲမှာ မဖော်ပြတဲ့ တချို့ဖြစ်ရပ်မှန်တွေအတွက် အင်တာနက်ထဲက သတင်းတွေရယ် ပြည်ပအသံလွှင့်ဌာနတွေရယ်ကိုပဲ အားကိုးခဲ့ကြရပါတယ်။ ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေ မဟုတ်တဲ့ ဘလော့ဂ်တွေထဲက သတင်းတွေဟာ ပြည်ပအသံလွှင့်ဌာနက သတင်းတွေလိုပဲ အားကိုးစရာ အသွင်ဆောင်လာပြီး နောက်ပိုင်းမှာတော့ ထူးခြားမှုတွေ ပေါ်ပေါက်လာပါတယ်။

ပထမဦးဆုံး သတိထားမိတာကတော့ ဘလော့ဂ်ထဲက သတင်းတွေရဲ့ ယုံကြည်အားထားမှုကို လျော့ကျလာစေတာပါ။ သတင်းတစ်ခု မှန်မမှန်ကို ပရော်ဖက်ရှင်နယ်ကျကျ စိစစ်စဉ်းစားတတ်တဲ့ ကျွမ်းကျင်မှုမျိုး မရှိဘဲ အချိန်ကိုလုပြီး အမြန်ဆုံး သတင်းပို့ဖို့ကို စိတ်ဆန္ဒအားကြီးနေကြတဲ့ ဘလော့ဂ်တွေကို သတင်းမှား ပေးသူတွေ ပေါ်လာပါတယ်။ နောက်ထပ်သိသာတာတစ်ခုက တော်လှန်လှုပ်ရှားသူတွေ နိုင်ငံရေးဆန်တယ်လို့ ထင်မြင်ခံရသူတွေ၊ လူသိများတဲ့ဘလော့ဂါတွေဟာ အုပ်ချုပ်ရေးကို ဝေဖန်တဲ့ အရေးအသားမျိုး ရေးတဲ့အခါ မကြားဝံ့မနာသာ ဆဲလာသူတွေ ပေါ်လာပါတယ်။ အမျိုးသမီးတွေကိုဆိုရင် ပိုပြီးတော့ ဆိုးပါတယ်။ မျက်နှာမဖော်ဝံ့အောင် ရှက်သွားကြောက်သွားပြီး ဆက်မရေးဝံ့အောင် ဆဲဆိုမှုတွေကို တွေ့ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရအာဘော်ဆန်တဲ့ ဘလော့ဂ်တွေကိုလည်း လူသိများအောင် မြှင့်တင်လာကြပါတယ်။

အဲဒီနောက်မှာတော့ ဘလော့ဂ်အချို့ကို မြန်မာပြည်တွင်းက ကြည့်မရအောင် ပိတ်ပင်မှုတွေရှိလာပါတယ်။ နောက်ဆုံးတော့ blogspot.com တစ်ခုလုံး အပိတ်ခံလိုက်ရပါတယ်။ ပြည်တွင်းက အင်တာနက် သုံးစွဲသူတွေဟာ proxy တွေသုံးပြီး ကျော်ကြလွှားကြရပါတယ်။ တချို့က wordpress.com ကိုပြောင်းကြတယ်။ တချို့က blogspot.com မပေါ်အောင် domain name တစ်ခု နောက်ဆက်တွဲလုပ်ထားပြီး မြန်မာဘလော့ဂါတွေကို မျှဝေသုံးစေတယ်။ တချို့က ကိုယ်ပိုင် domain name  .net .com ဝယ်ကြတယ်။ တချို့ကတော့ ning.com မှာ sign up လုပ်ပြီး သွားရေးကြတယ်။ ning ကို ဘလော့ဂါအတော်များများ ရောက်လာကြပြီး စည်စည်ကားကား ဖြစ်စပြုလာတဲ့အချိန်မှာ ning site တွေက အလကားမပေးတော့ပဲ ပိုက်ဆံယူမယ်လို့ ဖြစ်လာတယ်။ အဲဒီမှာ တစ်ခေတ် ပျက်သွားပြန်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီနဲ့ အတောအတွင်းက ဘလော့ဂါအများစုဟာ ဘာအကြောင်းရေးရေး နိုင်ငံရေးလို့  ဆွဲယူချင်ရင် ရနိုင်ပြီး မမြင်ရတဲ့ နောက်ဆက်တွဲ အရေးယူနိုင်ခြေတွေကလည်း ရှိနေတယ်ဆိုတာ သဘောပေါက်ကြတာမို့ တစ်ဦးနဲ့တစ်ဦး မည်သူမည်ဝါဆိုတာ သိသည်ဖြစ်စေ မသိရသည်ဖြစ်စေ အရေးမကြီးခဲ့ကြပါဘူး။ ၂၀၀၆ ကနေ ၂၀၀၈ ဝန်းကျင် အချိန်လောက်က သတင်းဘလော့ဂ်မဟုတ်တဲ့ အထဲမှာ ညီလင်းဆက်၊ မေဓာဝီ၊ နိုင်းနိုင်းစနေ၊ နေဘုန်းလတ်၊ ခင်ဦးမေ၊ မင်းဒင် အစရှိတဲ့ ထင်ရှား ထူးခြားတဲ့ ဘလော့ဂါတွေ သူ့ကိုယ်ပိုင်ဟန်နဲ့သူ ရှိခဲ့ကြပါတယ်။ ဘလော့ဂါ ညီလင်းဆက်ရဲ့ ဘလော့ဂါစစ်တမ်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်။

(ခဏနားဦးမယ်။ ဖြည်းဖြည်း ဆက်မယ်။ )

ပန်ဒိုရာ
၃၁၊၈၊၂၀၁၄



 

ကိုးလဆယ်လ

$
0
0



 
ပန်းချီ- မမသီရိ
 ကိုးလဆယ်လ

ရီမုကွန်ထရိုး၊ လက်ကိုင်ဖုန်း၊ ယပ်တောင်၊ ပလတ်စတစ်ဗူးခွံ၊ စက္ကူဗူးခွံ၊ အမာထည်တွေသာ အကြိုက်ဆုံး ကစားစရာ။ မွှေးပွရုပ်တွေ၊ လှုပ်ရှားမှု၊ သက်ရောက်မှု မပါတဲ့ အရုပ်တွေကို စိတ်မဝင်စား။ မှောက်တတ်ပြီ။ ချိုမိုင်မိုင် ကတတ်ပြီ။ ရွှေဝါးလက်ခုပ် တီးတတ်ပြီ။ ခိုးခိုးခစ်ခစ် ရယ်မောတတ်ပြီ။ တအိပ်ရာလုံး လူးလှိမ့်အိပ်တတ်ပြီ။ ငုတ်တုတ် ထထိုင်တတ်ပြီ။ ခြေနှစ်ဘက်ပေါ် မတ်မတ်ရပ်တတ်ပြီ။ ဗူးဗူး မှုတ်တတ်ပြီ။ ခြေထောက်ကလေးလှုပ်ပြ လက်ကလေးပုတ်ပြတတ်ပြီ။ နာမည်ခေါ်ရင် ရင်ဘတ်ကို ပုတ်ပြတတ်ပြီ။ ခြင်္သေ့ကြီးလို ဂါးဂါးနဲ့ သူများတွေကို လိုက်ခြောက်တတ်ပြီ။ ကြောင်ကလေးကို မီမီမီမီ ခေါ်တတ်ပြီ။ ကျီးကန်းကြီးလို အအအအ ပြောတတ်ပြီ။ လက်ညိုးလေးထောင်ပြီး ဒက်ဒက်ဒက်ဒက် လုပ်တတ်ပြီ။ တစ်ခုခု မကြိုက်ရင် နှုတ်ခမ်း စူပြတတ်ပြီ။ မေမေ၊ ဖေဖေ၊ ပါပါ၊ ဘွားဘွား၊ ဘဘ၊ မမ၊ နာနာ၊ ငယ်ငယ်၊ မျက်မှန် စတာတွေ ခေါ်တတ်ပြီ။  ခေါင်း ဘယ်မှာလဲ၊ ခြေထောက် ဘယ်မှာလဲ ပြတတ်ပြီ။ လမ်းလျှောက်ထိုင်ခုံတစ်လုံးနဲ့ တစ်အိမ်လုံး လျှောက်ပြေးတတ်ပြီ။ မွှေးမွှေးပေးတတ်ပြီ။ ဟိုင်းဖိုက် ဖလိုင်းကစ်စ် လုပ်တတ်ပြီ။ ခေါင်းပေါ်မှာ လက်ကိုင်ပုဝါလေးတင်ပြီး မုန့်ရောင်းတတ်ပြီ။ တူတူရေဝါး ကစားတတ်ပြီ။ ပုံပြင် နားထောင်တတ်ပြီ။ မုန့်လက်ညိုး ကိုင်စားတတ်ပြီ။ နို့ဗူးကုန်သွားရင် ခေါင်းခါ လက်ခါပြတတ်ပြီ။ လူတွေကို အားနာပါးနာ ဟန်ဆောင်ပန်ဆောင် အပြုံးလေးနဲ့ ပါးစပ်ဖြဲပြတတ်ပြီ။ အဲဒီလို တတ်ပြီးနောက် ဘာမှခိုင်းမရ၊ ဘာအမိန့်မှ မနာခံ၊ ဘာမှလုပ်မပြ၊ သူ့သဘော၊ သူ့ဆန္ဒ၊ သူလုပ်ချင်တာတွေ၊ သူ့စိတ်ထဲရှိသလို၊ သူနေချင်သလို၊ လွတ်လပ်စွာ၊ သဘာဝကျကျ၊ အာခံတတ်ပြီ။ အပြင်ခဏခဏ ထွက်ချင်ပြီ။ ပိတ်ထားတဲ့ တံခါးကို တဒေါက်ဒေါက် ခေါက်ရမှ။ လူကြီးလက်ပေါ်မှာ ဝမ်းလျားမှောက် ဆန့်တန်းပြီး လေယာဉ်ပျံကြီး ခဏခဏ စီးရမှ။ ဘာတွေ့တွေ့ ဘာရရ နောက်ဆုံးမှာ ပါးစပ်ထဲကို ထည့်ကြည့်ရမှ။ ညအိပ်ချိန် ခဏခဏ နိုးတိုင်း၊ မျက်စိမဖွင့်ဘဲ ဘေးပတ်ဝန်းကျင်ကို ပါးစပ်လေးဟ လိုက်စမ်းလိုက်တိုင်း ငုံစရာ သောက်စရာ အဆင်သင့် ရောက်လာမှ။ အရာဝတ္ထု သေးသေးလေးတွေကို သူပဲမြင်၊ သူပဲလိုက်ကောက်။ အပေါက်မြင်ရင် လက်ချောင်းတွေနဲ့ လိုက်ထိုးကြည့်။ သူ့လက်ညိုးလေးနှစ်ချောင်း အချင်းချင်း တို့ထိပြီး တွေတွေငေးကြည့်။ သူ့လက်ဖဝါးသူ ဆုပ်ကြည့်၊ ဖြန့်ကြည့်၊ နှိုင်းယှဉ်ကြည့်။ ဆံပင်ရှည်မြင်ရင် ခေါင်းခါယမ်းခိုင်းပြီး လိုက်ဆွဲ။ သဏ္ဍာန်တူတွေကို ရုပ်ပုံကားချပ်ထဲမှာ လက်ညိုးလိုက်ထိုး။ ပါးစပ်တပြင်ပြင် စားမယ် သောက်မယ် ဆိုတာချည်း၊ လူကြီးတွေမှာ သူစားလို့ မရတာတွေကို တိတ်တိတ်ဝှက်စားရ။ ဆတ်ဆတ်ထိမခံ။ လူစိမ်းကြောက်။ လန့်သွားရင်၊ နာသွားရင် မျက်ရည်ပေါက်ကြီးတွေ ကျအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ထငို။ ဒိုက်ပါမှာ၊ ဖိနပ်မှာ၊ ပိုက်ဆံအိတ်မှာ ဗျစ်ဗျစ်မြည်တဲ့ ကပ်ခွာတွေကို  ဆွဲခွာလိုက် ပြန်ကပ်လိုက်။ ဗူးခွံတွေကို အဖုံးဖွင့်ကြည့်။ ပစ္စည်းတွေကို ကြမ်းပြင်ပေါ် ခဏခဏ ပစ်ချပြီး ကမ္ဘာမြေဆွဲအားကို စမ်းသပ်။ သွက်လက်မြူးကြွ တီဗွီကြော်ငြာ လာရင် ငေး။ မဂ္ဂဇင်းစာမျက်နှာတွေကို တဖျတ်ဖျတ်လှန်ပြီး လူရုပ်ပုံတွေကို သဘောကျ။ ကစားစရာ ပတ္တလားလေးနဲ့ ဖုန်းထဲက ပီယာနိုလေးကို လက်ဖဝါးနှစ်ဘက်နဲ့ အပြည့် ဒိန်းဒိန်းဒေါင်းဒေါင်း ခပ်ကြမ်းကြမ်းတီး။ ဂီတသံကြားလိုက်တိုင်း ခေါင်းကလေး တဆတ်ဆတ် လက်ကလေးတလှုပ်လှုပ် စည်းချက်နဲ့ က ။ 

ချစ်စရာ ၊ ချစ်တယ် ဆိုတဲ့ ဝေါဟာရကိုပဲ ပြောတတ်တာမို့ ဒီလိုဖော်ပြချက်ဟာ ပေါပေါပဲပဲ ဖြစ်နေမလား  စိုးရိမ်စိတ်နဲ့ပါ။ သူ့ဋီကာ သူ့ဗေဒ ချဲ့ကားမဆုံးနိုင်။ အိပ်ရေးဝခြင်းနဲ့ နှုတ်ဆက်ခွဲခွာရတာ အားအင်မကုန်ခန်းနိုင်။ ငါတို့အိုမင်းမစွမ်းချိန်နဲ့ သူ့အတောင်ပံတွေ လောက်လောက်လားလား သန်မာချိန်နဲ့ တိုက်ဆိုင်ပြီး အဝေးကို ပျံထွက်၊ ကျန်ခဲ့ရမှာကို သိသိနဲ့။ ပြန်မလိုချင်ပါဘူး၊ မလိုအပ်ဘူး။  တကယ်လို့ တစ်ခုခု လိုချင်မိတယ် ဆိုရင်တောင် ငါ့ကို၊ ငါတို့ကို သူကရော ချစ်ခင်ပါရဲ့လား ဆိုတာ။ လူးလွန့်ဝင်ဆန့်ရုံ ဝမ်းကြာတိုက်မှသည် အပြောကြီး အပြောကျယ် လောကအလယ်ကို ထွက်ကြည့်နိုင်ဖို့၊ ကိုယ့်အာဟာရ  တစ်ကိုယ်စာ လုံလောက် ဘောင်ခတ်ထားတဲ့ ရိက္ခာစက်ဝန်းထဲမှသည် သမုဒ္ဒရာ ဝမ်းတစ်ထွာ တစ်သက်စာ ဆာလောင်စေဖို့၊ ဖူးလ်စတော့ပ် အရွယ်မှသည် ဖဝါးလက်နှစ်လုံး အထိ၊ ရှင်သန်မှုတန်ဖိုးအတွက် ကိုယ်ချင်းစာနာစိတ်ကို၊ မိဘဘဝကို၊ ချစ်ခြင်းမေတ္တာကို၊ ထူးထူးခြားခြား လက်တွေ့ခံစား သင်ကြားပေးခဲ့တာ တစ်ခုတည်းနဲ့တင် ကျေးဇူးတင်ပြီ၊ ကျေနပ်ပြီ၊ လူအဖြစ်မှာ အနေတန်ပြီ။ ငါတို့သဘော၊ ငါတို့ဆန္ဒ၊ ငါတို့လိုအင်၊ ငါတို့ဆုံးဖြတ်ချက်၊ ငါတို့ထိုက်ငါတို့ကံ၊ ငါတို့လုပ်ငါတို့ခံ၊ ငါတို့လောဘ၊ ငါတို့အတ္တမှာ သူ့တိုက်ဆိုင်မှုကို အားဖြည့်ပေးပြီး ရောက်ရှိလာရသူတစ်ဦး။ အားပြင်းလှတဲ့ စုန်ရေ။ အခုအချိန်မှာ မေမေဆိုတာ သူ့အစားအစာ၊ သူ့ကစားစရာ၊ သူ့ဆော့ဖော်ဆော့ဖက်၊ သူ့မှီအုံး၊ သူ့အနွေးထည်၊ သူ့အအေးခန်း၊ သူ့ခိုလှုံရာ၊ သူ့အပျင်းဖြေ၊ သူ့စိတ်ဖောက်ခွဲရာ၊ သူ့အုပ်ချုပ်သူ၊ သူ့သူနာပြု၊  သူ့သမိုင်းရေးသမား။ မနက်မနက်ဆို ဖေဖေ့အတွက် သက်ရှိ နာရီနှိုးစက်ကလေး။ ထိခိုက်ပဲ့ရွဲ့မှာစိုးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘဲ နေ့နေ့ညည တဖွဖွ တသသ စောင့်ကြည့်နေရတဲ့ ဖန်ရုပ်ပါးပါးကြည်ကြည်လေး။ တစ်ချက်မှ အငြိမ်မနေဘဲ လှုပ်ရှားရိုက်ခတ်နေတတ်တဲ့ မာမာတင်းတင်း တစ်တစ်ရစ်ရစ် ခြေသလုံးကလေး။ ခေါင်းလေးငုံ့နေတိုင်း တွဲပြီး ထွက်ကျနေတဲ့ ဖောင်းဝဝ ပါးကလေး။ တစ်ခုခု မလုပ်ဖို့ ဟန့်တားလိုက်ကာမှ တမင်တကာ လုပ်ရင်း ပြန်လှည့်ရယ်ပြတတ်တဲ့ ပြုံးစစ စပ်ဖြဲဖြဲ သွားမပေါက်သေးတဲ့ ပါးစပ်ကလေး။ သူအမက်မောဆုံး ချိုချိုကို ပါးစောင်မှာ ဆေးတံခဲသလို ခဲထားရင်း မော့ကြည့်နေတတ်တဲ့ မျက်လုံးဝိုင်းကလေးတွေ။ အကာအကွယ်မဲ့ အနှောင့်အယှက်ကင်း ပကတိ သန့်စင်စွာ အိပ်မောကျနေတတ်တဲ့ မျက်တောင်ကော့ကော့လေးတွေ။

ပန်ဒိုရာ
၃၁.၇-၁၈.၉.၂၀၁၄


(အခုတလော ဘလော့ဂ်တွေကို ပြန်အသက်ဝင်စေဖို့ဆိုပြီး challenge လုပ်ကြတယ်။ ၂ ပတ်အတွင်း ဘလော့ဂ်မှာ တစ်ခုခုတင်ဖို့ပါ။ တခြား တင်စရာတွေ လက်စမသတ်သေးတာတွေ ရှိတော့ရှိသေးတယ်။ ဒီစာကတော့ မသက်ဝေ နဲ့ မစုချစ်သူတို့ ရည်ညွှန်းထားတာအတွက်ပါ။ နောက်ထပ်တော့ ကိုနတ္ထိ၊ မမေဓာဝီ၊ မအိန္ဒြာ၊ မ မနော်ဟရီ၊ မခင်ဦးမေ၊ Imaginary clouds No.2 ၊ မမေငြိမ်း၊ မခင်မင်းဇော် တို့ကို (မရေးရသေးရင်) တစ်ခုခုရေးဖို့ စာရင်းပေးချင်ပါတယ်။)

ကိုယ်ရေးကိုယ်တာ ၂၀၁၄

$
0
0
ကိုယ်ရေးကိုယ်တာ ၂၀၁၄




၂၀၁၄ ဟာ ကိုယ်ရေးကိုယ်တာ အဆန်ဆုံးနှစ် လို့ ဆိုရမယ်။ ဘာကိုမှ မလိုချင်၊ ဘာကိုမှ မမက်မော၊ ဘာကိုမှလည်း ကြိုတင်တွေးတော ပူပန်စိတ်စောမှု မရှိ၊ ပြန်ပြောင်းတမ်းတ အောက်မေ့တသ နှမြောနောင်တတွေလည်း မရှိဘဲ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ်နစ်မြုပ်ရင်း ချစ်ခြင်းမေတ္တာ အသစ်တစ်မျိုးကို တစိမ့်စိမ့်ခံစားနေတဲ့ နှစ်။ လူ့လောကမှာ တစ်ယောက်ယောက်ကို ချစ်ရတာ သိပ်ကောင်းသလို ချစ်ချင်းရဲ့နောက်ကွယ်မှာ စိုးရိမ်ပူပန် လောင်ကျွမ်းရတာကတော့ မကောင်းဘူး။ မိဘ မောင်နှမတွေကို ချစ်တော့လည်းဒီလိုပဲ။ ချစ်သူကို ချစ်တော့လည်း ဒီလိုပဲ။ သားသမီးကျပြန်တော့ လူ့ဖြစ်စဉ်တလျှောက်လုံးကို မျက်ဝါးထင်ထင် ကြုံတွေ့ရတာဆိုတော့ ဒီ့ထက်ပို။ ချစ်ရတာ တုန်လို့။ ပူလောင်စရာတွေလည်း ပုံလို့။ ဆက်လက် သင်ယူရဦးမယ့် ဖြစ်စဉ်။ တစ်နှစ်တာ အလုပ်အကိုင် ဇီးရိုး၊ ဝင်ငွေ စာမူခအနည်းငယ်။ ဖတ်ရှုလေ့လာပညာရေး မိုင်းနပ်စ်၊ လူမှုရေးမှာ အောင်မှတ်ရရုံလေးနဲ့ အချိန်တွေကို မလှုပ်တလှုပ် ဖြတ်သန်းရင်း ရှေ့တိုးမယ်ထင်ရတဲ့ ဆင်ဟာ နောက်ကို တစ်လှမ်းနှစ်လှမ်း ဆုတ်ရင်း အရှိန်ယူသလိုလိုနဲ့ ပက်လက်ကုလားထိုင်မှာ အေးအေးဆေးဆေး ထိုင်ချလိုက်တာမျိုး။ တစ်ဖက်ကလည်း ကိုယ်ငြိမ်သက်နေတဲ့ အခိုက်အတန့်ဟာ ရှည်ကြာလာတဲ့အခါ ဆုပ်ကိုင်လို့မရတဲ့ စာမျက်နှာတွေပေါ်မှာ ဟိုးတစ်ချိန်က အစပျိုးထားတဲ့  ကိုယ့်လက်ရာတွေ စိတ်ကူးအကြံဥာဏ်တွေကို သိသိသာသာ မသိမသိ မသာမသာ ဆွဲဆွဲစားစား  ဒီလိုကိစ္စမျိုး ရှိပါလားလို့ပဲ စိတ်အေးလက်အေး သံဝေဂ ယူလိုက်တဲ့နှစ်။ ပျောက်ဆုံးနေတာတချို့ ပြန်ရှာတွေ့တဲ့နှစ်။ ဆန်းသစ်တီထွင် အရှိန်အဟုန်မြှင့်ဖို့ နေနေသာသာ အဟောင်းအမြင်းတွေကိုတောင် ပုံနှိပ်ဖြစ်ဖို့ အားတိုက်အင်တိုက် ဘာမှ မလုပ်ဖြစ်/မလုပ်ချင်တဲ့ နှစ်။ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ အေးခဲတဲ့နှစ်။ အရွေ့အလျား ကျဉ်းမြောင်းတဲ့နှစ်။ ငါနှင့် ငါ့ ကိုသာ ဗဟိုပြု   ပြိုင်ဆိုင်လိုခြင်း၊ ရယူလိုခြင်းတွေ ပါးလွှာတဲ့နှစ်။ မသိကျိုးကျွံမှုများ ထူထဲသောနှစ်၊ စက္ကန့်တံ ပေါ်မှာ စီးနင်းလိုက်ပါရင်း အချိန်ရဲ့အသံကို တထစ်ချင်း နားထောင်ဖြစ်တဲ့နှစ်။ မသေချာတဲ့ လောကကြီးမှာ လောဘ ဒေါသ မောဟမီးဆိုတာ ငြှိမ်းသတ်နိုင်ခဲတဲ့အရာတွေ ဆိုတော့လည်း ဒီလိုနှစ်မျိုး ဆင်တူ နောက်ထပ် ဆက်ရှိဦးမလား။ စောင့်ကြည့်သေးတာပေါ့ ၂၀၁၅။

ပန်ဒိုရာ
၂၉.၁၂.၂၀၁၄-၁.၁.၂၀၁၅
 

Happy New Year 2015

$
0
0
Type your summary here. Type the rest of your post here.

ခြင့် ခြင် ခြင်း

$
0
0




ခြင့် ခြင် ခြင်း


(၁)
အိမ် ထောင်ကျတာ ရယ်
လူ ထောင်ကျတာ ရယ်
ခြင် ထောင်ကျတာ ရယ်
ဘာများ ကွာခြား

(၂)
ရောဂါပိုးကြီးကြီး သယ်နိုင်လေလေ
ခြင်လောကမှာ ပါဝါရှိလေလေ

(၃)
ကြမ်းပိုးနဲ့ ခြင် ဘယ်သူသာမယ်ထင်
ကြမ်းပိုးက စာကြမ်းပိုးရှိတယ်
ခြင်က
သေစာခြင်စာတောင် မတတ်ဘူး

(၄)
သင့်အနားတွင် ခြင်တစ်ကောင်ဝဲနေပါက
အမြဲတစေ ဝဲလည်နေလိမ့်မည်
သင့်သွေး အစုပ်မခံရမချင်း
သို့မဟုတ် ခြင် မသေမချင်း

(၅)
ခြင့်ဖြစ်တည်မှုကြောင့်
ခြင်မဟုတ်တဲ့ အခြားသက်ရှိတွေအတွက်
ကောင်းကျိုးတစုံတရာ
ဖြစ်တည်မတည်

(၆)
ချဉ်သီးနှင့်ခြင်အတူထား
ချဉ်သီးပေါ်ခြင်နား

(၇)
ခြင်ချင်းပြန်သတ်တဲ့ ချဉ်ခြင်းတပ်တာမျိုး
ခြင်ပုဆိန်ရိုး

(၈)
ဆိုးပ
အိပ်ရာနိုးထ မှန်ထဲမှာ
ငါဟာအင်းဆက်ကောင်ကြီး
ပိုဆိုးတာက
ခြင်ကျားကြီး

(၉)
လက်ဝါးနှစ်ဖက်ကြားက ပြားခနဲခြင်
လက်ဝါးတစ်ဖက်နဲ့ အခြားကိုယ်အင်္ဂါ(ဥပမာ-တင်ပါး) ကြားက ကားခနဲခြင်
လျှပ်စစ်ခြင်ရိုက်တံနဲ့ထိ ဖြစ်ဖြစ်မြည်ခြင်
ခြင်ဆေးခွေမှိုင်းဝ ဖုတ်ခနဲပြုတ်ကျခြင်
ခြင်ဆေးမှုန့်ဖြူးခံရ ပြန်မထနိုင်ခြင်
ခြင်ဆေးရည်အဖြန်းခံရ ထွက်ပြေးခြင်
ဒယ်အိုးထဲမှာဆီပူလှိမ့်ခံရ ခြင်သတ်သမားခြင်

(၁၀)
ဘယ်တတ်နိုင်မလဲ
သွေးစုပ်ဖို့မွေးဖွားလာတာ ခြင်ပဲ

(၁၁)
ကျားတွေရယ်
မြင်းကျားတွေရယ်
ပုစွန်ကျားတွေရယ်
ဖွတ်ကျားတွေရယ်
ခြင်ကျားတွေရယ်
ကျားမျိုးတော်စပ်ကြတယ်

(၁၂)
ဆက်ရေးချင်သေးတယ်
ဆက်ရေး
ခြင်
သေးတယ်


ပန်ဒိုရာ

၁၀.၈.၂၀၁၄ - ၂.၁.၂၀၁၅
Viewing all 97 articles
Browse latest View live