Quantcast
Channel: ပန်ဒိုရာ
Viewing all 97 articles
Browse latest View live

သူတို့တူးဖော်ကြပါလိမ့်မယ်

$
0
0

painting ICN2, water colour, study


သူတို့တူးဖော်ကြပါလိမ့်မယ်

တီးမှုတ်ကခုန်နေတဲ့ စားသောက်ခန်း
အာရုံငါးပါးက မုန်တိုင်းကို ဖုံးလွှမ်းနေလို့

ကုန်းပတ်ကွင်းပြင်
ဘတပြန်ကျားတပြန် သတ်ပုတ်နေကြစဉ်  ရေလုံးတွေ ဝေါခနဲ

အထက်တန်းအိပ်စင်
ဇောချွေးပြန်နေဆဲ လည်ဆွဲတစ်ကုံး နက်ကတိုင်တစ်ချောင်း

ဒီဝမ်းဗိုက်ပေါက်
ဒီလမ်းနောက်ကို တားမရဆီးမရ တကောက်ကောက်

ပျောက်ဆုံးနေတဲ့ ကျောက်ဆူးကြိုး
တွေ့ခဲ့ရင်တောင် ဒီအခြေအနေမှာ အသုံးချလို့ မရဘူး

နောက်ဆုံးပျဉ်ချပ် တစ်ချပ်
ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ တန်းစီလျက်

လုပ်ဖော်ကိုင်ဖက်အဖွဲ့
ပရိုတိုကောလ်အတွင်း ရုန်းရင်းဆန်ခတ်

ကပ္ပတိန်
ဦးထုပ်ကို ချွတ်တယ် နှုတ်ဆက်အနမ်း နမ်းလိုက်တယ် ပြီးတော့ ပြန်ဆောင်းလိုက်တယ်

အချိန်တွေ ………………………………….
………………………………………………..
………………………………………….. ကျော်ဖြတ်သွားပါလိမ့်မယ်

ပေါလောမျောနေမယ့် အုတ်ဂူတစ်လုံးထဲမှာ
နစ်မြုပ်မှုအား သစ္စာရှိစွာ ဖက်တွယ်နေရစ်သူရဲ့ ဝိညာဉ်ပေါ်
ပင့်ကူတစ်ကောင် အိမ်ဆောက်ရင်း လှိုင်းစီးနေ။

ပန်ဒိုရာ
၂၀.၂.၂၀၁၃




ခြူ ကိုဘယ်သူ ကြောင် ဆွဲပေးမလဲ

$
0
0



ခြူ ကိုဘယ်သူ ကြောင် ဆွဲပေးမလဲ

ခက်တာက
လှုပ်လိုက်တိုင်း အသံမြည် အချက်ပေးဖို့ရာ
ခြူက အ, နေတယ်

ခက်တာက
အပွင့်ခေတ်ကြီးဆိုတော့
ဒိန်ခဲတုံးကို သွားရေကျကြ
နံရံတွေကို သွားနဲ့ တဂျစ်ဂျစ် ခြစ်ကြ
မည်းမည်းမြင်တိုင်း ခေါင်းပြူကြည့်လိုက်ကြ
တွင်းထဲ တကျွိကျွိ ဝင်ပုန်းလိုက်ကြ
တချို့လည်း တိုင်ပင်ရင်း တိုင်ပတ်ရင်း တိုင်ပိသေသူသေကြ

ခက်တာက
လွတ်နေတယ် လပ်နေတယ်
မှောက်နေတဲ့ နွားနို့အိုး
ပြန့်ကျဲနေတဲ့ ကြွက်မွှေးတွေ ကြွက်အရေခွံတွေ  
သွေးစွတ်ကြောင်းနဲ့ လက်သည်းရာတွေ
ဘယ်လိုဖြစ်ဖြစ် နောက်တစ်နေ့
စားမြုံ့ပြန်ရင်း သူသခင်ပေါင်ကြားမှာ မှိန်းနေပြန်တယ်

ခက်တာက
ကြောင် မှန်းလည်း သိနေတယ်
ကြောင် လို့လည်း ပြောမရဘူး

ပန်ဒိုရာ
၂၈.၃.၂၀၁၃

အိုင်အိုဝါ ရက်စွဲများ (အပိုင်း ၁)

$
0
0
၂၀၁၂ ခုနှစ်က International Writing Program တက်ရောက်ဖို့ အိုင်အိုဝါမြို့ကို ရောက်နေတုန်းမှာ အဲဒီခေါင်းစဉ်နဲ့ပဲ စာတစ်ပုဒ် တင်ဖူးပါတယ်။ နောက်တော့ ဆက်မရေးဖြစ်ပါဘူး။ ဒီပြန်ရောက်တဲ့အခါ စတိုင်သစ်မဂ္ဂဇင်းက ကိုလူဇော်သစ်ရဲ့ အားပေးမှုကြောင့် ခရီးသွားဆောင်းပါးဆန်ဆန် ဆက်ရေးဖြစ်ပါတယ်။ အိုင်အိုဝါရက်စွဲများ အပိုင်း (၁) က နေ (၃) အထိကို ၂၀၁၃ မတ်လထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ စပြီး အခုအထိ လစဉ် ဆက်တိုက် ဖော်ပြလျက်ရှိပါတယ်။ နောက်ထပ်လည်း ဆက်ရေးနေဆဲပါ။ ကံကောင်းထောက်မပြီး သွားဖြစ်ခဲ့တဲ့ အဲဒီခရီးမှာ ကျွန်မအနေနဲ့ ဘာတွေ ကြိုးစားပန်းစား လုပ်ဆောင်ဖြစ်ခဲ့တယ်ဆိုတာတွေရယ် ခရီးသွား အတွေ့အကြုံတွေရယ် ကို မဂ္ဂဇင်း မဖတ်ဖြစ်တဲ့ ဝေးရပ်မြေက ကျွန်မရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဘလော့ဂါ ရေးဖော်ရေးဖက်တွေနဲ့ အခြားသော စာရေးသူ စာဖတ်သူတွေကို ဝေမျှချင်တဲ့စိတ်နဲ့ ဘလော့ဂ်မှာလည်း ပြန်တင်လိုက်ပါတယ်။ အရင်ရေးခဲ့တဲ့ ဆောင်းပါးအစပိုင်းကို တော့ ပြန်ပြုပြင်ပြီး ရေးထားပါတယ်။

.....................................




အိုင်အိုဝါ ရက်စွဲများ (အပိုင်း ၁)



၁။ အိုင်အိုဝါသို့ ပျံသန်းခြင်း

မင်း ဒီအစီအစဉ်ကို တက်နိုင်မလား တဲ့။ မမျှော်လင့်ဘဲ သူတို့က မေးလာတော့ ကျွန်မအံ့သြမိပါတယ်။ ကျွန်မက မြန်မာပြည်မှာ အသိအမှတ်ပြုခံရတဲ့ စာရေးဆရာ၊ကဗျာဆရာတစ်ယောက် ပီပီပြင်ပြင် မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို မှတ်ယူခဲ့သူပါ။ မိသားစုစီမံကိန်းအတွက် စင်ကာပူအလုပ်က ခွင့်ယူပြီး ကိုယ့်နိုင်ငံမှာ ပြန်အနားယူနေတာမို့ ကျွန်မ ခရီးသွားနိုင်မယ့် အခြေအနေ ဘာမှန်းမသိခင် အခုချက်ချင်းဆိုရင် အကြောင်းပြန်လို့မရဘူးလို့ ပြောလိုက်တယ်။ အဖြေပြောနိုင်တဲ့ နေ့တစ်နေ့မှာ ဖိတ်ခေါ်စာ ရောက်လာခဲ့တယ်။ ခရီးထွက်လို့ ဖြစ်နိုင်တဲ့ အနေအထားမို့ လာခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီနောက်တော့ စာရွက်စာတမ်းတွေ လျှောက်လွှာတွေနဲ့ နပမ်းလုံးရတော့တာပါပဲ။

၂၀၁၂  သြဂတ်စ် ၂၄ ရက် ညနေ ၄ နာရီခွဲ မှာ ရန်ကုန်လေဆိပ်က ထွက်လာတဲ့ လေယာဉ်တစ်စီးထဲ လိုက်ပါလာခဲ့တယ်။ ခရီးတွေ အကြိမ်ကြိမ်သွားခဲ့ပေမယ့် ဒီတစ်ကြိမ် ပျံသန်းရတဲ့ ခရီးကတော့ မရောက်ဖူးတဲ့ ဒေသတစ်ခုက မကြုံဖူးသေးတဲ့ အတွေ့အကြုံတွေဆီကိုပါ။ ကိုယ်စိတ်ဝင်စားတာတာတွေကို အလေးအနက်လုပ်နိုင်ဖို့ အချိန်လပ်ကလေးတစ်ခု ဘဝမှာ ရှိခွင့်ရလာတာဟာ သိပ်ကို ကံကောင်းပါတယ်။ အလုပ်ကနေ ခွင့်ရက်ရှည်ယူပြီး အမိမြေမှာ မိသားစုနဲ့ ပြန်လည်နေထိုင်တဲ့အခိုက်  အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်က စီစဉ်တဲ့ ၄၆ ကြိမ်မြောက် International Writing Program(IWP) ရဲ့ ၂၀၁၂ ဆောင်းဦးပေါက်ရာသီ အစီအစဉ်ကို တက်ရောက်ဖို့ ကြုံလာခဲ့ရတယ်။

ကျွန်မအတွက် သူတို့ဝယ်ပေးထားတဲ့ လေယာဉ်လက်မှတ်က ရန်ကုန်-ဘန်ကောက်-နာရီတာ(တိုကျို)-ချီကာဂို-စီဒါရက်ပစ် ခရီးစဉ်ပါ။ စီဒါရက်ပစ် Ceder Rapids ဆိုတာက ခရီးအဆုံးဖြစ်တဲ့ အိုင်အိုဝါမြို့ကနေ တစ်နာရီခွဲ ၂ နာရီလောက် ကားမောင်းရတဲ့ မြို့လေးပါ။ တကယ်တော့ ၂၀၁၂ အတွက် မြန်မာနိုင်ငံက IWP တက်ဖို့ ဖိတ်ကြားခံရတာ ကျွန်မရယ် ဘလော့ဂါ နေဘုန်းလတ်ရယ် ၂ ယောက်ပါ။ နေဘုန်းလတ်က ပတ်စပို့နဲ့ ဗီဇာ အဆင်သင့်မဖြစ်သေးလို့ နောက်ကျပြီး နေရစ်ခဲ့ရပါတယ်။ ဒီတော့လည်း ခရီးရှည်ကြီးကို တစ်ယောက်တည်း ပျံသန်းလာခဲ့ရပါတယ်။

ရန်ကုန်ကနေ ဘန်ကောက် လေဆိပ်ထဲရောက်တဲ့အချိန်မှာ ညနေ ၆နာရီခွဲလောက် ဆိုတော့ တော်တော် စောနေသေးတယ်။ ဘန်ကောက်မှာ ညအိပ်နားပြီး မနက်အစောကြီးမှာ တိုကျိုကို ပျံသန်းရပါမယ်။  Louis Tavern ဟိုတယ် မှာ ၄ နာရီလောက် ညအိပ်နား ရေချိုးပြီး မနက် ၅ နာရီမှာ ဘန်ကောက်လေဆိပ်ကနေ တိုကျို နာရီတာ လေဆိပ် ကို ၆ နာရီကျော် ပျံသန်းခဲ့ပါတယ်။

နာရီတာ ကိုရောက်တော့ အချိန်ရသေးတာနဲ့ လေဆိပ်ကစားသောက်ဆိုင်မှာ ဘာစားရင်ကောင်းမလဲ ကြည့်တယ်။ ဂျပန် ပဲခေါက်ဆွဲ တစ်ပွဲဝယ် စားလိုက်တယ်။ ၉ ဒေါ်လာကျော်ပေးရတယ်။ လေဆိပ်ဆိုတော့လည်း ဈေးကြီးတာပေါ့လေ။ ကျွန်မက အချိန်ရတာနဲ့ လေဆိပ်ထဲကို လှည့်ပတ်ကြည့်လိုက်ပါသေးတယ်။ ချီကာဂို ကိုပျံမယ့် လေယာဉ်က ညနေ ၄ နာရီ ၃၅ ထွက်ရမှာကို တစ်နာရီ လေယာဉ်နောက်ကျပြီး  ညနေ ၅ နာရီ ၃၅ မှထွက်လာခဲ့ပါတယ်။ 


Narita လေဆိပ်


ချီကာဂို ကိုရောက်အောင် ၈ နာရီလောက် ပျံသန်းခဲ့ရပါတယ်။ ရောက်တဲ့အချိန်မှာ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲလောက်ရှိပါပြီ။ နောက်ထပ် ပြောင်းစီးရမယ့် ပြည်တွင်းလေယာဉ် က ညနေ ၆ နာရီ ၅ မိနစ်ထွက်မှာဆိုတော့ အေးအေးဆေးဆေးပဲ လို့ထင်မိခဲ့ပေမယ့် transit သွားမယ့် လိုင်းက immigration မှာ တန်းစီရပါတယ်။ လူတန်းရှည်ကြီးထဲမှာ ၂ နာရီကျော်လောက် စောင့်ပြီးတော့မှ တံဆိပ်တုံးထုလို့ပြီးပါတယ်။ တန်းစီနေတဲ့အတောအတွင်းမှာ တန်းစီနေတဲ့ လူတွေကို ရဲခွေးတွေက အနံ့ခံရှာဖွေပါတယ်။ သစ်သီးတွေ အပင်နဲ့ပတ်သက်တဲ့ အရာတွေပါလာရင် ချက်ချင်း သိမ်းလိုက်ပါတယ်။

ပြည်ဝင်ခွင့်ကိစ္စ ပြီးသွားတော့ ကျွန်မရဲ့ luggage ကို လိုက်ရှာရပါတယ်။ ကျွန်မစီးလာခဲ့တဲ့ လေယာဉ်က ဆိုက်တာ ကြာနေပြီဆိုတော့ luggage တွေက တန်းစီပြီး လည်နေတဲ့အထဲမှာ မရှိတော့ဘူး။ ဒါနဲ့ လုံခြုံရေးတွေကို မေးပြီး ကိုယ့်အိတ်တွေရှိတဲ့နေရာကို လိုက်ရှာရတယ်။ အိတ်ရပြီးတော့ ပြည်တွင်းလေယာဉ် ရှိတဲ့ နေရာမှာ အိတ်ကို check in ပြန်လုပ်ရတယ်။ လက်ဆွဲအိတ် တွေကို ဆွဲပြီး လေယာဉ်ထွက်မယ့် ဂိတ်ကိုရှာပြီး လေယာဉ်ကွင်းထဲ ပတ်နေတဲ့ မိုးပျံရထားလေးကို စီးသွားရပြန်ပါတယ်။

 လေယာဉ် ထွက်မယ့် နေရာကို ရောက်တော့ စစ်ဆေးရေး ဖြတ်ရပြန်တယ်။ အဲဒီမှာလည်း လူတန်းရှည်ကို စောင့်ရပြန်တယ်။ (စစ်ဆေးရေးတွေက တစ်ခါဖြတ်တိုင်းမှာ ကွန်ပြူတာအပြင်ထုတ်၊ ဖိနပ်ချွတ်၊ ခါးပတ်ပါရင်ချွတ်ပြီး ဗန်းတွေထဲ ထည့်ရတယ်။) ဖြတ်ပြီးတော့ ကိုယ့်လေယာဉ်ထွက်မယ့် ဂိတ်ကို  အဲဒီအထဲကနေ ငါးမိနစ်လောက် လမ်းလျှောက်သွားရပြန်တယ်။ အချိန်က ညနေ ၆ နာရီထိုးခါနီးနေပြီဆိုတော့ အပြေးတပိုင်းသွားရတယ်။ လေယာဉ်ပေါ် ရောက်ပြီး နောက် ၅ မိနစ်ကြာတယ်ဆို ထွက်တာပါပဲ။ မီရုံလေးရှိတယ်။ (နောက်မှ ပြန်သိရတာ မမီခဲ့ရင် နောက်တစ်နေ့ထွက်တဲ့ လေယာဉ်နဲ့မှ လိုက်ရမတဲ့။) အဲဒီခရီးကတော့ အတော့်ကို သုတ်ချေတင်ခဲ့ရပါတယ်။

လေယာဉ်ပျံချိန် တစ်နာရီတောင် မကြာဘဲ စီဒါရက်ပစ် လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။ ညနေ ၇ နာရီလောက်ရှိပါပြီ။ အဲဒီမှာ ပထမဆုံးကြုံကြိုက်ခဲ့ရတာကတော့ သူတို့ရဲ့ ဖော်ရွေမှုနဲ့ ဝန်ဆောင်မှုပါ။ luggage တွေကို ရွေးဖို့ တွန်းလှည်းယူတော့ ပိုက်ဆံ ၂ဒေါ်လာထင်ပါတယ်။ deposit ထည့်ရမယ် လို့ရေးထားပါတယ်။ ကျွန်မမှာ အကြွေမရှိလို့ အခက်အခဲတွေ့နေတုန်း လေဆိပ်က ဝန်ထမ်းတစ်ယောက်က ဝန်ထမ်းတွေ သုံးတဲ့ တွန်းလှည်းတစ်စီးကို ထုတ်လာပေးတယ်။ ဒါဆိုရင် မင်းပိုက်ဆံသုံးစရာမလိုတော့ဘူးပေါ့ တဲ့။  အဲဒီတွန်းလှည်းလေးကို သူကိုယ်တိုင် တွန်းပြီး ကိုယ့်အနားမှာ လာကူစောင့်ပေးတယ်။ လက်ထဲက ပစ္စည်းတွေကို  ကူသယ်ကူချပေးတယ်။ အပျင်းပြေအောင် သူက စကားတွေလာပြောပေးနေတယ်။ ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပဲ။  ဒါပေမဲ့လည်း ကျွန်မ စောင့်နေတဲ့ luggage က ပါမလာဘဲ ချီကာဂိုမှာ ကျန်ရစ်ခဲ့တယ်တဲ့။ လေယာဉ်အကူးအပြောင်းမှာ အချိန်မမီလို့ကျန်ခဲ့တယ်လို့ ယူဆရပါတယ်။

ဒီလို အဆင့်ဆင့်ပြောင်းပြီး လေယာဉ်စီးရတာမျိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တစ်ကြိမ်ကြုံခဲ့ပါတယ်။ အရေးကြီးတာကတော့ အဲဒီလေယာဉ်တွေ ရပ်နားတိုင်းမှာ ကိုယ် check in လုပ်လိုက်တဲ့ အိတ်တွေ ပါလာမလာ စုံစမ်းကြည့်ဖို့နဲ့ လေယာဉ်ချိန်တွေ ပြောင်းမပြောင်း အမြဲ စစ်ကြည့်နေဖို့ပါ။ ဥပမာ - ဘန်ကောက်လေဆိပ်ကနေ နာရီတာကို ထွက်ခါနီးမှာတော့ လေကြောင်းလိုင်း ပြောင်းသွားတဲ့အတွက် ကျွန်မရဲ့ ပစ္စည်းတွေကို ပြန်ရွေးရမဲ့ code နံပါတ်ပါ ပြောင်းသွားခဲ့ပါတယ်။  အဲဒီလို စစ်ခဲ့တာတောင်မှ အခုတော့ luggage က ကျန်ရစ်ခဲ့ပါသေးတယ်။ (နောက်ထပ်သိရတာက စာရေးဆရာ ၁၀ ယောက်လောက် အဲဒီလိုပဲ သူတို့ luggage တွေ ကျန်ရစ်ခဲ့ရတယ်။ နောက်မှ ပြန်လာပို့တယ် တဲ့)။ ကျွန်မက လိုလိုမယ်မယ် ကျွန်မရဲ့ လက်ဆွဲအိတ်ထဲမှာ အဝတ်အစားအပိုတွေနဲ့ လတ်တလော လိုတဲ့ အသုံးအဆောင်တွေကို ထည့်ထားမိခဲ့လို့ တော်သေးတာပေါ့။

လေဆိပ်ကို အိုင်အိုဝါတက္ကသိုလ်က မိန်းကလေးတစ်ယောက် လာကြိုတယ်။ သူ့ကိုယ်သူ ဒရိုင်ဘာပါ လို့မိတ်ဆက်တယ်။ နောက်မှ သိရတာက အဲဒီမြို့လေးမှာ ကျောင်းက ပရိုဂရမ်တွေမှာ ဒရိုင်ဘာအနေနဲ့ အချိန်ပိုင်း အလုပ် လုပ်နေကြသူတွေဟာလည်း ကျောင်းပြီးခါစ ဒါမှမဟုတ် ဘွဲ့ကြို ဘွဲ့လွန်တက်နေတဲ့ ကျောင်းသားတွေ ဖြစ်နေကြတာကိုပါ။ သူတို့ဟာ စာရေးဆရာတွေလည်း တစ်စိတ်တစ်ပိုင်း ဖြစ်နေတတ်ကြပါတယ်။ အိုင်အိုဝါဟာ စာပေမြို့တော်လေး ဖြစ်လေတော့ တမြို့လုံးမှာ ကျောင်းသားတွေ ကျောင်းဆရာတွေနဲ့ စာရေးဆရာတွေ ပြည့်နှက်လို့နေပါတယ်။

အဲဒီနေ့က ညနေ လေယာဉ်တွေနဲ့အတူ ပါလာကြသူတွေကတော့ ပါကစ္စတန်၊ ဂရိ၊ အီရတ် နိုင်ငံတွေက စာရေးဆရာတွေပါ။ အီရတ်က စာရေးဆရာမ  “ဂူလာလာ နိုရိ” နဲ့ ကျွန်မဟာ မြင်မြင်ချင်းပဲ စကားတွေပြောဖြစ်ပြီး ခင်မင်သွားကြပါတယ်။ ဖြစ်ချင်တော့ စီဒါရက်ပစ် လေဆိပ်ကို ဂူလာလာရဲ့ အိတ်ရော ကျွန်မရဲ့ အိတ်တွေပါ ပါမလာခဲ့လို့ လေဆိပ်မှာပဲ သတင်းပို့ ထားလိုက်ခဲ့ရတယ်။ ပါကစ္စတန်က စာရေးဆရာက ပြောတယ်။ ဘာမှမပူပါနဲ့ ဒီနိုင်ငံဟာ ဘာမဆို အားလုံးအတွက် လွယ်ကူအောင် လုပ်ထားတာ။  အိတ်တွေ နောက်နေ့ ရောက်ကို ရောက်လာမှာပါ တဲ့။ သူကတော့ အမေရိကကို ရင်းနှီးပြီးသားပါ။

လေဆိပ်ကထွက်လာတဲ့ ကားလမ်းဘေး တစ်ဖက်တစ်ချက် မှာတော့ မြင်ကွင်းတွေက ကျယ်တယ်။ မြင်လေရာရာ တမျှော်တခေါ်ရှုခင်းတွေထဲမှာ လေထုကလည်း သန့်ရှင်းနေတယ်။ အိုင်အိုဝါမြို့ထဲဝင်လာတော့ အိမ်ကလေးတွေက သပ်သပ်ရပ်ရပ် လှလှပပနဲ့ လုံးချင်းအိမ်လေးတွေများတာကို တွေ့ရပါတယ်။ အဆောက်အဦ အမြင့်တွေ မမြင်ရဘူး။ မိုးလည်း ဖွဲဖွဲရွာနေတယ်။ နေရမယ့် Iowa House Hotel ကိုရောက်လာကြတယ်။ အဲဒီဟိုတယ်က အိုင်အိုဝါတက္ကသိုလ် ရဲ့ ကျောင်းဝင်းထဲမှာပါပဲ။ ဟိုတယ်ခန်းထဲမှာတော့ ခုတင်တစ်လုံး စားပွဲ ကုလားထိုင်တွေနဲ့ ရေခဲသေတ္တာတစ်လုံး မိုက်ခရိုဝေ့ဖ်မီးဖို တစ်လုံး ပေးထားပါတယ်။

ခဏနားပြီးတော့ ဂူလာလာက အပြင်မှာ လိုတာလေးတွေ ဝယ်မယ်ဆိုလို့ နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။ ဟိုမေးဒီမေးနဲ့ စားသောက်ဆိုင်တန်းတွေ ရှိတဲ့နားတွေဖြတ်ပြီး ရှော့ပင်းမောလ်လေး တစ်ခု ရှိတဲ့နေရာကို ရောက်သွားတယ်။ (နောက်ပိုင်းတော့ အဲဒီ Old Capital Mall ဟာ မကြာခဏ သွားဖြစ်တဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်။)  ည ၉ နာရီကျော်ပြီဆိုတော့ ဆိုင်တွေက ပိတ်နေပြီ။ ဝယ်မရတော့ဘူး။ ကျွန်မအတွက် ညနေစာကို ခေါက်ဆွဲပြုတ် ပွဲအသေးလေး ပါဆယ်ဝယ်ခဲ့ပါတယ်။ ဂူလာလာကတော့ ညနေစာ မစားဘူးတဲ့။ အပြန်မှာ နှစ်ယောက်သား လမ်းမှားသွားကြသေးတယ်။ မိုးကလည်း ဖွဲဖွဲ ရွာနေဆဲပါ။ လမ်းမှာတွေ့တဲ့ ကျောင်းသားလေးတွေကို မေးမြန်းပြီး ဟိုတယ်ကို ပြန်ရောက်လာကြတယ်။ ည ၁၀ နာရီကျော် နေပေမယ့် ပတ်ဝန်းကျင်ကတော့ သွားလာနေကြတဲ့ ကျောင်းသားတွေနဲ့ လူသူမပြတ်ပါဘူး။

နောက်တစ်နေ့ မနက်စာ ကို ဟိုတယ်က ကျွေးပါတယ်။ အာရှတိုက်သားတစ်ယောက်ရဲ့ ပါးစပ်အတွက်ဆိုရင် ခြောက်ခြောက်ကပ်ကပ်မို့ သိပ်စားမဝင်ပါဘူး။ ပေါင်မုန့်၊ ဒိုးနပ်၊ သစ်သီး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဒိန်ချဉ်၊ စီရီယယ်လ်တွေနဲ့ နို့နဲ့ စသည်ဖြင့်ပါ။(အဲဒါကိုပဲ ဆင်တူ နေ့တိုင်းကျွေးလိမ့်မယ်လို့လည်း အဲဒီတုန်းက မထင်မိခဲ့သေးဘူး။) နေ့လည်ကျတော့ မိုးရွာနေတာမို့ ကျောင်းက ရုံးခန်းကို သွားကြမယ့် အစီအစဉ်ကို ဖျက်လိုက်ပါတယ်။ ဒါနဲ့ပဲ ရှော့ပင်းမောလ်တစ်ခုဆီကို ဂရိက စာရေးဆရာရယ် အီရတ်က စာရေးဆရာမရယ် နဲ့ တက္ကစီ ငှားပြီး သွားကြတယ်။ အဲဒီမောလ် နာမည်ကတော့ Coral Ridge Mall တဲ့။   ညနေပြန်ရောက်တော့ ခေါင်းပြန်ကိုက်ပြီး အအေးမိသလိုဖြစ်နေတာနဲ့ ဆေးသောက်လိုက်ရတယ်။ လည်ချောင်းကလည်း နာလာတယ်။ အဲဒီညနေရောက်တော့  ချီကာဂို လေဆိပ်မှာ ကျန်ခဲ့တဲ့ luggage ဟိုတယ်ကို ရောက်လာတယ်။

ကျွန်မ နေရတဲ့အခန်းမှာ ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် ငြိမ့်ငြိမ့်လေးစီးနေတဲ့ အိုင်အိုဝါမြစ်ကလေးနဲ့ တံတား အစိမ်းနုရောင်လေးကို ညအမှောင်ထဲမှာ မှုန်ပျပျ မြင်နေရတယ်။ အဲဒီနေ့က အိပ်ပျော်သွားပြီး မနက် အစောကြီး ၄ နာ၇ီလောက်မှာ နိုးလာပါတယ်။  တဖြည်းဖြည်း မိုးလင်းလာတော့ အိုင်အိုဝါမြစ်ရဲ့ လှပတဲ့နံနက်ခင်းလေးကို မြင်တွေ့ရပါတော့တယ်။ ဖြတ်သန်းသွားလာနေကြတဲ့ ကျောင်းသားတချို့ကိုလည်း
 မြင်နေရပါတယ်။

အိုင်အိုဝါ မြစ်ရဲ့ လှပတဲ့ နံနက်ခင်း

Iowa House Hotel ကို တံတားလေးကနေ လှမ်းမြင်ရ


နောက် ရက်အနည်းငယ်ကြာတော့ အဲဒီမြင်ကွင်းကို ကြည့်ရင်း မနက်ခင်းတစ်ခုမှာ ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ ကဗျာခေါင်းစဉ်ကတော့ သန္တဟာ သန္တာန်ထဲ တဲ့။

“သန္တဟာ သန္တာန်ထဲ”
(အိုင်အိုဝါသို့)

နံနက်ခင်းက မနိုးသေး
နှိုးစက်သံမရှိ နှိပ်စက်ခြင်းလွတ်တဲ့
အိပ်မက်ထဲက ညင်သာ လူးလွန့်ရုံလေး ငါ့ခန္ဓာ ကြွထ
ပြတင်းပေါက်အပြင်မှာ မြစ်နဲ့ တံတားကလေး သက်ငြိမ်
သုံးဖက်ချွန်သစ်ရွက်ကလေးတွေ ဝေ့ဝဲ  လေထုထဲ အညစ်အကြေးမပါ
စာတမ်းလေးတစ်ခုနဲ့ လည်ချောင်းနာတာလေးတစ်ခုသာ ဖိစီးမှုရှိ
ကျန်အရာအားလုံးဟာ လေဟာနယ်ထဲ ဆွဲငင်အားမဲ့

ကျောပိုးအိတ် ကင်းဗတ်ဖိနပ် တီရှပ် အားကစားဘောင်းဘီတို
နှိမ့်ချတဲ့အဆောင်အယောင် မြင့်မားတဲ့ သင်ခန်းစာ
ဖြန့်ထားတဲ့ လက်ဖဝါး ဖွင့်ထားတဲ့ ဦးနှောက်
အမိုးချွန်ချွန်လေးတွေ အနီရောင်မှိုင်းမှိုင်း အဖြူရောင်သန့်သန့်
အပြောင်အလက်  အထိုးအထောင်တွေ ကင်းစင်
အနှေးမြင်ပြကွက်တွေဟာ တငြိမ့်ငြိမ့် တလိမ့်လိမ့်
သြော်… သူတို့ရဲ့ တက္ကသိုလ်

မလုပ်ချင်တာတွေကို မလုပ်လိုတဲ့အချိန်မှာ မေ့ထား
အိပ်ရာဘေး ညမီးဆိုင်းဝါဝါကလေးကို လှည့်ဖွင့်
မဖြီးသင်ရသေးတဲ့ဦးခေါင်း မသန့်စင်ရသေးတဲ့ ကိုယ်ငွေ့
ဒိန်ခဲအကြေအမွတွေ ပေါင်မုန့်အကျိုးအကြေတွေ
ခွဲစိတ်ထားပြီးသား သစ်သီးစုံ အစအနကလေးတွေ
ရေခဲအိတ်ထဲက ပျော်လက်စ ရေခဲတုံးကလေးတွေ
အနားမှာရှိသမျှတွေကို ဝမ်းဗိုက်ကြီးထဲကောက်ထည့်
ပြီး လှေ ခါး ထစ် တွေ တစ် ထစ် ပြီး တစ် ထစ် ချင်း
နင်း
ဆင်း
လာ။
ပန်ဒိုရာ
၃၀-၃၁.၈.၂၀၁၂




၂။ IWP ဆိုတာ…

အိုင်အိုဝါတက္ကသိုလ်က ကျင်းပတဲ့ International Writing Program (IWP) ရဲ့ ၂၀၁၂ ခုနှစ် အစီအစဉ်ကို တက်ဖို့ မြန်မာနိုင်ငံက ပန်ဒိုရာနဲ့ ဘလော့ဂါ နေဘုန်းလတ် တို့ ဖိတ်ကြားခံရပါတယ်။ အစီအစဉ်က၂၀၁၂ သြဂတ်စ် ၂၅ ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကြာမြင့်မယ်လို့ စီစဉ်သူတွေက အကြောင်းကြားထားခဲ့ပါတယ်။  ဒီအစီအစဉ်မှာ မြန်မာနိုင်ငံက စာရေးဆရာ အနည်းဆုံး တစ်ယောက်ကို နှစ်စဉ် ဖိတ်ခေါ်လေ့ရှိပါတယ်။ ၂၀၀၁ နဲ့ ၂၀၁၂ တွေမှာတော့ မြန်မာနိုင်ငံက  နှစ်ယောက်စီ ဖိတ်ခဲ့တယ်။

IWP တက်ရောက်ခဲ့တဲ့ မြန်မာ စာရေးဆရာတွေကို IWP ဝက်ဘ်ဆိုက်မှာ ရှာဖွေပြီး စာရင်းပြုစုကြည့်တော့ အခုလိုတွေ့ရပါတယ်။
၁၉၉၄
ဆရာဦးဝင်းဖေ
၁၉၉၅
-
၁၉၉၆
ဆရာတင်မောင်သန်း
၁၉၉၇
-
၁၉၉၈
ဆရာဖေမြင့်
၁၉၉၉
-
၂၀၀၀
ဆရာမနုနုရည်(အင်းဝ)
၂၀၀၁
ဆရာမမြနှောင်းညို
၂၀၀၁
ဆရာသုမောင်
၂၀၀၂
ဆရာချစ်ဦးညို
၂၀၀၃
ဆရာမောင်စွမ်းရည်
၂၀၀၄
ဆရာမောင်သာနိုး
၂၀၀၅
ဆရာမ မသီတာ(စမ်းချောင်း)
၂၀၀၆
ဆရာမိုးဟိန်း
၂၀၀၇
ဆရာမခက်မာ
၂၀၀၈
ဆရာကျော်ဝင်း
၂၀၀၉
ဆရာမင်းထက်မောင်
၂၀၁၀
ဆရာခင်မောင်ညို
၂၀၁၁
ဆရာချိုတူးဇော်
၂၀၁၂
ဆရာနေဘုန်းလတ်
၂၀၁၂
ပန်ဒိုရာ

အခုသွားရမယ့် ၂၀၁၂ ဆောင်းဦးရာသီမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံက စာရေးဆရာ ၃၁ ယောက် တက်ရောက်ကြမယ်လို့လည်း သိလိုက်ရတယ်။ ကျွန်မအတွက်တော့ မရောက်ဖူးသေးတဲ့ အမေရိကန်နိုင်ငံကို သွားရမယ့်အတွက်ရော နိုင်ငံတကာ စာရေးဆရာတွေနဲ့ တွေ့ဆုံရမယ့်အတွက်ပါ စိတ်လှုပ်ရှားစရာပါ။ ကိုယ်လေးစားခဲ့ရတဲ့ စာရေးဆရာတွေ သွားခဲ့တဲ့ အစီအစဉ်တစ်ခုကို တက်ဖို့ အခုလို ဖိတ်ကြားခံရတာ ဝမ်းသာစရာလည်း ကောင်းသလို တာဝန်လည်း ကြီးလှတယ်လို့ တွေးမိပါတယ်။ မသွားခင်မှာ ဆရာမောင်သာနိုးနဲ့ ဆရာမင်းထက်မောင်တို့ကို တွေ့ဖြစ်တော့ သူတို့ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း ကျွန်မကို ရှင်းပြကြပါတယ်။ ဆရာကျော်ဝင်းကိုတော့ ဖုန်းထဲက စကားနည်းနည်း ပြောဖြစ်ပေမယ့် အချိန် မတိုက်ဆိုင်တာမို့ မတွေ့ဖြစ်ခဲ့ဘူး။ ဒါပေမယ့် “မစ္စစ္စပီခရီးသည်” ဆိုတဲ့ ဆရာ့ရဲ့ IWP အတွေ့အကြုံကို ရေးထားတဲ့ စာအုပ်ကလေးကို ဖတ်လာခဲ့ပါတယ်။

IWP မှာ ပါဝင်ခွင့်ရတာနဲ့ ပတ်သက်လို့ အထူးကျေးဇူးတင်ရမယ့်လူတွေကတော့ ဗြိတိသျှ ကဗျာဆရာ ဂျိမ်းစ်ဘန်း(James Byrne) နဲ့ IWP ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ် (Christopher Merrill) တို့ပါ။    ခရစ္စတိုဖာ မာရေးလ်   ရဲ့တောင်းဆိုချက်အရ   ဂျိမ်းစ်ဘန်း က သူ တွဲဖက် တည်းဖြတ်ဘာသာပြန်ပြီး UK မှာ ထုတ်ဝေခဲ့တဲ့ Bones Will Crow: 15 Contemporary Burmese Poets စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာဆရာတချို့ကို IWP တက်ရောက်ဖို့အတွက် အမည်စာရင်း ပေးလိုက်တယ် လို့ သိရပါတယ်။ အဲဒီမှာ တခြားဆရာများက အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ကြတာက တစ်ကြောင်း၊ ခရစ္စတိုဖာ မာရေးလ်က ကျွန်မရဲ့ကဗျာတွေကို နှစ်သက်တာက တစ်ကြောင်းကြောင့် ကျွန်မဟာ IWP တက်ရောက်ဖို့ ဖိတ်ကြားခံ ခဲ့ရတာပါ။

IWP တက်ရောက်ဖို့ အတွက် နိုင်ငံတကာက ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ သုတ ရသ စာရေးဆရာ တွေကို အိုင်အိုဝါ တက္ကသိုလ်က နှစ်စဉ်ဖိတ်ကြားပါတယ်။ အဲဒီ စာရေးဆရာတွေကို ရက်သတ္တ ၁၀ပတ် ကြာမြင့်တဲ့ အစီအစဉ်အတွင်း အိုင်အိုဝါမြို့မှာ နေထိုင်ဖို့ ချထားပေးပါတယ်။ များသောအားဖြင့်တော့ အိုင်အိုဝါတက္ကသိုလ်ဝင်းထဲက အိုင်အိုဝါဟောက်စ် ဟိုတယ် (Iowa House Hotel) မှာ နေထိုင်စေပါတယ်။

IWP ကို ၁၉၆၇ ခုနှစ်မှာစတင်ခဲ့ပြီး ယခုအချိန်အထိ နိုင်ငံပေါင်း ၁၃၀ ကျော်က စာရေးဆရာပေါင်း ၁၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီးဖြစ်ပါတယ်။  IWP ကို တည်ထောင်သူတွေကတော့ ကဗျာဆရာ ပေါလ်အန်ဂယ်လ် (Paul Engle) နဲ့ ဟွာလင်း နီး အန်ဂယ်လ် (Hualing Nieh Engle) တို့ဖြစ်ပါတယ်။ လက်ရှိ ပရိုဂရမ်ဒါရိုက်တာကတော့ ခရစ္စတိုဖာ မာရေးလ် (Christopher Merrill) ဖြစ်ပါတယ်။
IWP ရုံးခန်းထဲရှိ ပေါလ် အန်ဂယ်၏ ရုပ်တု


IWP ကို တက်ရောက်နိုင်ဖို့အတွက် စာရေးဆရာတွေဟာ အနည်းဆုံး စာအုပ်တစ်အုပ်ထုတ်ဝေပြီးသား ဖြစ်ရပါမယ်။ ဒါမှမဟုတ်လည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ထုတ်ဝေခဲ့တဲ့ စုစည်းမှုစာအုပ် (anthology) တွေထဲမှာ ကိုယ့်စာတွေ ပါဝင်မှု ရှိခဲ့ရပါမယ်။ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး နိုင်ငံတကာ စာရေးဆရာတွေနဲ့ ဆက်ဆံရမှာ ဖြစ်တဲ့အတွက် သင့်တင့်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ဆက်သွယ်နိုင်စွမ်းရှိရပါမယ်။

အစီအစဉ်မှာ ပါဝင်မယ့် စာရေးဆရာတွေဟာ ရသစာပေ၊ သုတစာပေ၊ ကဗျာ၊ ပြဇာတ် ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ညွှန်း(fiction, literary nonfiction, poetry, drama, or screenplays) ရေးသားသူတွေဖြစ်ရပါမယ်။ ဘာသာပြန်ဆရာတွေနဲ့ ဂျာနယ်၊ ယဉ်ကျေးမှုစာပေ၊ အထုပ္ပတ္တိစာပေ ရေးသားနေသူတွေလည်း ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် စောစောက ဖော်ပြခဲ့တဲ့ တီထွင်ရေးသားမှုတွေထဲမှာ တစ်ခုခုတော့ တစိုက်မတ်မတ် ရေးနေသူဖြစ်ရပါမယ် လို့  IWP က တာဝန်ရှိသူတွေက ပြောပြခဲ့ပါတယ်။

သြဂတ်စ် ၂၈ မနက်ပိုင်းမှာ Iowa House Hotel မှာ အားလုံးကို အထူးနံနက်စာနဲ့ တည်ခင်းဧည့်ခံပါတယ်။ နေ့လည်ပိုင်းမှာ IWP ရုံးခန်းတည်ရှိရာဖြစ်တဲ့ Shambaugh House ကို အားလုံးကို ဖိတ်ခေါ်ပြီး အစီအစဉ်အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ ပြီးတော့ စာရေးဆရာတွေအားလုံးက ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပါတယ်။
IWP ရုံးခန်းတည်ရှိရာ Shambaugh House




အဲဒီနေ့ ညနေမှာပဲ ၄၆ ကြိမ်မြောက် IWP အစီအစဉ်ရဲ့ စာရေးဆရာတွေကို ကြိုဆိုတဲ့ ညစာစားပွဲ ပါတီကို တက်ရောက်ကြရပါတယ်။ ပါတီပွဲကို ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်ရဲ့ အိမ်က မြက်ခင်းပြင်မှာ ကျင်းပပါတယ်။ ကြိုဆိုနှုတ်ဆက်ကြတဲ့ မြို့မိမြို့ဖတွေဟာ သိပ်ကို လှိုက်လှိုက်လှဲလှဲရှိကြပါတယ်။ ကျွန်မက ရှမ်းရိုးရာဖျင်နဲ့ ချုပ်လုပ်ထားတဲ့ မြန်မာဝတ်စုံ အပြာရောင်ကို ဝတ်ထားတာကို သူတို့က သဘောကျနေကြပါတယ်။ မြို့သူမြို့သားတွေဟာ သူတို့ရဲ့ မြို့အတွက်ရော ကျောင်းအတွက်ပါ သိပ်ကို ဂုဏ်ယူကြပုံပေါ်ပါတယ်။ အဲဒီ ပါတီပွဲမှာ အိုင်အိုဝါတက္ကသိုလ်ရဲ့ President ဆယ်လီမေဆင် (Sally Mason) ပြောခဲ့တဲ့ စကားကို သဘောတကျ မှတ်သားမိပါတယ်။

“စင်တင်ပြဇာတ်မှာ ကပြချင်ရင် နယူးယောက်ကို သွားပါ။ ရုပ်မြင်သံကြား ဒါမှမဟုတ် ရုပ်ရှင်ရိုက်ချင်ရင် လော့စ်အိန်ဂျလိစ်ကိုသွားပါ။ ဒါပေမဲ့ စာရေးဆရာဖြစ်ချင်ရင်တော့ အိုင်အိုဝါမြို့ကို လာပါ။”
“If you want to be in the theater, you go to New York City. If you want to be in television or the movies, you go to Los Angeles. But if you want to be a writer, you come to Iowa City.”

နှုတ်ဆက်မိတ်ဖွဲ့နေကြတုန်းမှာ မှတ်မှတ်ရရတစ်ခုရှိပါတယ်။ ကင်မရာကြီးတစ်လုံးကို လွယ်ထားတဲ့ လူတစ်ယောက်က ကျွန်မကို ကြည့်ပြီး မြန်မာပြည်က ပန်ဒိုရာလား လို့ မေးပါတယ်။ ဟုတ်ပါတယ် လို့ပြောတော့ သူ့ရဲ့ လိပ်စာကဒ်လေးကို ထုတ်ပေးပြီး အဲဒီ ကဒ်ပေါ်မှာ ပုံနှိပ်ထားတဲ့ အဖြူအမည်း ဓာတ်ပုံထဲက အမျိုးသမီးတစ်ယောက်ကို သိသလားလို့ မေးပါတယ်။ ကျွန်မ သေသေချာချာ ကြည့်လိုက်တော့ ဆရာမ မသီတာ(စမ်းချောင်း) ရဲ့ပုံပါ။ ကျွန်မက သိပါတယ် ဒါ ဆရာမ မသီတာပါ လို့ ပြောပြလိုက်ပါတယ်။ ဒီတော့ သူက သူ့နာမည်က တောမတ်စ် လန်ဒွန် (Thomas Langdon) တဲ့ သူက မသီတာနဲ့လည်း ခင်မင်ကြောင်း၊ IWP စာရေးဆရာတွေကို နှစ်တိုင်းမှာ ဓာတ်ပုံ အလှပုံတွေ အခမဲ့ ရိုက်ပေးလေ့ရှိကြောင်း ပြောပြီး အားတဲ့အခါ သူ့ကို ဆက်သွယ်ပါလို့ ပြောပါတယ်။ ကျွန်မလည်း သူ့လိပ်စာကဒ်လေးကို သိမ်းထားလိုက်ပါတယ်။ (IWP ပြီးခါနီး တစ်လလောက်အလိုမှာတော့ သူက ဟိုတယ်ကိုလာပြီး ကျွန်မအပါအဝင် စာရေးဆရာတချို့ကို ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။)

အဲဒီတစ်နေ့တာ အပြီးမှာတော့ ကျွန်မလည်း မြို့ခံတချို့နဲ့ရော IWP စာရေးဆရာတချို့နဲ့ပါ  ရင်းနှီးမှု ရသွားခဲ့ပါတယ်။  
၄၆ကြိမ်မြောက် IWP ကြိုဆို နှုတ်ဆက်ပွဲမှ ဆယ်လီမေဆင်
 

IWP စာရေးဆရာများနဲ့ အတူ

၃။ ရုပ်ရှင်ခံစားမှုအစီအစဉ် (Cinematheque)

IWP မှာ ကျွန်မ ပထမဆုံး စပြီး ပါဝင်ဆင်နွှဲရတဲ့ အစီအစဉ်ကတော့ ရုပ်ရှင်ခံစားမှုအစီအစဉ်ပါ။ အစကတော့ အဲဒီအစီအစဉ်မှာ ရုပ်ရှင်ဒါရိုက်တာတွေ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာတွေက သူတို့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကို ပြသကြမယ်လို့ ထင်မိတာပါ။ ဒါပေမယ့် အဲဒီအစီအစဉ် တာဝန်ခံ ဆရာမ နာတာရှာ ဂျူရိုဗီကိုဗာ က ပြောလာပါတယ်။ ဒါဟာ ဘယ်သူမဆို ပါဝင်နိုင်တဲ့ အစီအစဉ်ပါ တဲ့။ ကိုယ့်နိုင်ငံကဖြစ်ဖြစ် တခြားကဖြစ်ဖြစ် ကိုယ်နှစ်သက်မိတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြသပြီး လာရောက်ကြည့်ရှုကြသူတွေနဲ့အတူ ခံစား ဆွေးနွေးကြဖို့ပါတဲ့။ ကျွန်မကို အဲဒီအစီအစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်။

ဒီတော့ ကျွန်မလည်း ဘယ်ရုပ်ရှင်ကို ပြရင်ကောင်းမလဲ လို့ စဉ်းစားပါတယ်။ မြန်မာနိုင်ငံကရိုက်တဲ့ ရုပ်ရှင်တွေက သူတို့ စာကြည့်တိုက်မှာ မရှိပါဘူး။ မြန်မာ့ဓလေ့ကိုလည်းပြ ဇာတ်လမ်းလည်းလှတဲ့ သင်္ကြန်မိုးကို အွန်လိုင်းမှာရှာရင် အဆင်ပြေမလား စဉ်းစားပါတယ်။ အဲဒီအထဲက သီချင်းတချို့က အော်ရီဂျင်နယ် မဟုတ်တာကို သိနေတော့ သူတို့တွေရှေ့မှာ ပြဖို့ တွန့်ဆုတ်မိတာလည်း အမှန်ပါ။ မြန်မာနိုင်ငံအကြောင်းကို လတ်တလော ပြည်ပက ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲမှာလည်း မကြာခင်က ထွက်သွားတဲ့ The Lady ကို စဉ်းစားပါသေးတယ်။ အဲဒီရုပ်ရှင်ထဲက အချက်အလက်မှားတွေကို ပြန်ရှင်းပြရရင်လည်း အတော် ပေရှည်မှာကိုလည်း စိုးမိပြန်တယ်။ လောလောလတ်လတ် ပြနေတဲ့ They call it Myanmar ဆိုတဲ့ documentary ဇာတ်ကားကျတော့လည်း ကျွန်မ မကြည့်ရသေးပါဘူး။

ဒါနဲ့ပဲ ကဗျာနဲ့ဆိုင်တာကို စဉ်းစားလိုက်တော့   အီတာလျံ ဒါရိုက်တာ ရောဘတ်တို ဘီနီဂနီ ပါဝင် ရိုက်ကူးတဲ့ ကျားနဲ့နှင်း the  tiger and the snow ဆိုတဲ့ အီတလီရုပ်ရှင်ကို သတိရလာပါတယ်။ နာတာရှာက ဝမ်းသာအားရဖြစ်သွားပါတယ်။ သူက ရောဘတ်တို ဘီနီဂနီကို သိပ်ကြိုက်သူပါ။ အစီအစဉ်ရဲ့ ပထမဆုံး ရက်သတ္တပတ်ဖြစ်တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာပဲ အဲဒီရုပ်ရှင်ကို ပြပြီး ဆွေးနွေးပေးဖို့ ကျွန်မကို တိုက်တွန်းပါတယ်။ ဒီတော့ ရုပ်ရှင်ခံစားမှု အစီအစဉ်ကို ကျွန်မက ဈေးဦးဖောက်ရပါတော့တယ်။ ရုပ်ရှင်ပြတဲ့နေရာကတော့ ကျောင်းဝင်းထဲက ကျောင်းဆောင်တစ်ခုထဲမှာပါ။  

ကျွန်မပြခဲ့တဲ့ ရုပ်ရှင်ကတော့ အီရတ်စစ်ပွဲကို နောက်ခံထားတဲ့ အချစ်ဇာတ်လမ်းလို့ပဲ ဆိုကြပါစို့။ ဇာတ်လိုက်က နည်းနည်း အူကြောင်ကြောင်နိုင်တဲ့ ကဗျာဆရာတစ်ဦးပါ။ surreal ဆန်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားပြီး စဉ်းစားစရာတွေနဲ့ အကွက်စေ့တဲ့ ရုပ်ရှင်တစ်ပုဒ်မို့ ကျွန်မ နှစ်သက်မိပါတယ်။
the tiger and the snow ရုပ်ရှင်


ရုပ်ရှင်လာကြည့်ကြသူတွေဟာ IWP စာရေးဆရာတွေရော အိုင်အိုဝါ တက္ကသိုလ်က ကျောင်းသားတချို့ပါ ပါပါတယ်။ ကျောင်းသားတွေ အတွက်ကတော့ ဒါဟာ သူတို့ရဲ့ သင်ခန်းစာထဲက လေ့လာမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ ပြန်ပြီး ဆွေးနွေးတဲ့လေ့ကျင့်ခန်းဟာ သူတို့ရဲ့ အမှတ်တွေကို အထောက်အကူ ပြုပါလိမ့်မယ်။ ရုပ်ရှင်အပြီးမှာ ချက်ချင်း ဆွေးနွေးကြတဲ့ သုံးသပ်ထင်မြင်ချက်တွေ အမျိုးမျိုးကြားရတာ  စိတ်ဝင်စားစရာပါ။ ကူဝိတ်က စာရေးဆရာ ပေးတဲ့မှတ်ချက်ကတော့ အချစ်ဆိုတာဟာ ဘယ်တော့မှ မဖြောင့်ဖြူးဘဲ အခက်အခဲတွေရှိတယ် ဆိုတာကို ခက်ခဲကြမ်းတမ်းတဲ့ စစ်ပွဲနောက်ခံနဲ့ နှိုင်းယှဉ် တင်စားထားတယ် လို့ဆိုပါတယ်။

အဲဒီနောက် ရောဘတ်တို ဘီနီဂနီကို နှစ်သက်ရင် သူ့ရဲ့ ရုပ်ရှင်တွေထဲက  Life is beautiful ကိုလည်း မဖြစ်မနေကြည့်ဖို့ တိုက်တွန်းကြပါတယ်။ အဲဒီတုန်းက Life is beautiful ကို ကျွန်မ မကြည့်ရသေးပါဘူး။ နောက်တော့ အိုင်အိုဝါမြို့ကနေ မထွက်ခွာခင် နောက်ဆုံးရက်တွေမှာ စာကြည့်တိုက်ကနေ ငှားကြည့်ခဲ့ပါတယ်။ နှစ်သက်ရတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အဲဒီ ရုပ်ရှင် နှစ်ကားစလုံးမှာ ရောဘတ်တို ဘီနီဂနီဟာ ရုပ်ဆိုးတဲ့ စစ်ပွဲတွေ သတ်ဖြတ်မှုတွေကို နောက်ခံထားပြီး ကြမ်းတမ်းမှုတွေကြားက ဖူးပွင့်နေတဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုပြခဲ့တယ် လို့ ကျွန်မ မြင်မိပါတယ်။

ရုပ်ရှင်ပြပြီး နောက်တစ်နေ့ ဟိုတယ်မှာ မနက်စာစားတဲ့အချိန်မှာ စာရေးဆရာတွေက အဲဒီရုပ်ရှင်အကြောင်းကို ဆက်ဆွေးနွေးနေတာ တွေ့ရတော့လည်း ဝမ်းသာမိပါတယ်။ နောက်တစ်နေ့မှာတော့ နာတာရှာဆီက အီးမေးလ် ဝင်လာပါတယ်။ ကျွန်မပြခဲ့တဲ့ ရုပ်ရှင်ကိုရော ကျွန်မရဲ့ ကဗျာတွေကိုပါ သူ့စာသင်ခန်းထဲမှာ ဆွေးနွေးချင်လို့ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ လာခဲ့နိုင်မလား တဲ့။ အဲဒါဟာ မဖြစ်မနေအစီအစဉ်တော့မဟုတ်ပါဘူး။ သူက သီးသန့် တောင်းဆိုတာပါ။ သူ့စာသင်ခန်းက ကျောင်းသားလေးတွေက ဖရက်ရှာလေးတွေဖြစ်ပြီး သိပ်ကို နူးညံ့သိမ်မွေ့ပါတယ်။ အတိုက်အခံ မေးခွန်းတွေနဲ့ အခက်တွေ့အောင် စိန်ခေါ်တတ်တဲ့ ကလေးမျိုးတွေ မဟုတ်လို့ မပူပါနဲ့လို့လည်း (ကျွန်မ စိုးရိမ်မှာစိုးလို့ ထင်ပါရဲ့) ထည့်ရေးထားပါသေးတယ်။ သူပြောတဲ့ စက်တင်ဘာ ၇ ရက်ဟာ ကျွန်မအတွက် အလုပ်များပါတယ်။ အဲဒီနေ့ နေ့လည်မှာ စာကြည့်တိုက်မှာ IWP၂၀၁၂ အတွက် ပထမဆုံး ကျင်းပမယ့် စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲ  အစီအစဉ်မှာလည်း ကျွန်မနာမည်ကို သူတို့က ထည့်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နာတာရှာရဲ့ စာသင်ခန်းကို လာခဲ့မယ်လို့ ကျွန်မက အကြောင်းပြန်လိုက်ပါတယ်။

အဲဒီနောက်တော့ အမေရိကန် တက္ကသိုလ် ကျောင်းသားတွေရဲ့ စာသင်ခန်းဟာ ဘယ်လိုများလဲဆိုတာကို ကျွန်မ သိချင်စိတ်တွေ ပြင်းပြနေခဲ့ပါတယ်။




ပန်ဒိုရာ

(ဆက်လက် ဖော်ပြသွားပါမည်။)
 

အိုင်အိုဝါရက်စွဲများ (အပိုင်း ၂)

$
0
0



အိုင်အိုဝါ ရက်စွဲများ အပိုင်း (၂)

၎။ နေမှုထိုင်မှု အခက်အခဲတချို့

အိုင်အိုဝါမြို့ကို ရောက်လာကြတဲ့ နိုင်ငံတကာ စာရေးဆရာတွေအတွက် ပထမဆုံး အခက်အခဲကတော့ လျှပ်စစ်ပလပ်ပေါက်ပါပဲ။ ကျွန်မတို့ ပါလာကြတဲ့ ဖုန်းတွေ ကွန်ပြူတာတွေဟာ အမေရိကမှာ ကျင့်သုံးတဲ့ ပလပ်ပေါက်စနစ်နဲ့ မတူတာများပါတယ်။ စင်ကာပူမှာဆိုရင်တော့ ပလပ်ပေါက်က 3-pin လေးထောင့်ပေါက်  ၃ ပေါက်ဖြစ်ပြီး မြန်မာပြည်မှာကတော့ များသောအားဖြင့် 2-pin အဝိုင်းပေါက် ၂ ပေါက် ဖြစ်တတ်ပါတယ်။ အမေရိကမှာ တွေ့ရတဲ့ ပလပ်ပေါက်တွေက 2-pin အပြားနှစ်ပေါက် ဖြစ်နေတော့ ကျွန်မတို့ပါလာတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုဖို့ အားသွင်းဖို့အတွက် အပေါက်မကိုက်ဘဲ အခက်ကြုံကြရပါတယ်။ ကျွန်မကတော့ ခရီးသွားတိုင်း ထည့်နေကျ universal adapter လေး ပါလာမိလို့ အဆင်ပြေနေပေမယ့် အတော်များများကတော့ adapter ကို မြို့လေးက ဆိုင်တွေမှာ တော်တော်နဲ့ ရှာလို့မရဖြစ်ကြပါတယ်။ 

နောက်တစ်ခုကတော့ ဆေးလိပ်သောက်သူတွေအတွက် အခက်အခဲပါ။ ကျွန်မတို့ကို နေရာချပေးထားတဲ့ Iowa House Hotel က အခန်းတွေထဲမှာ ဆေးလိပ်သောက်လို့မရပါဘူး။ ပြီးတော့ မြို့ထဲက နေရာအတော်များများမှာလည်း ဆေးလိပ်မသောက်ရ ဇုံတွေနဲ့ ပြည့်နှက်နေပါတယ်။ ဆေးလိပ်သောက်ရင်း ဈာန်ဝင်ပြီး စာရေးလေ့ရှိတဲ့ စာရေးဆရာတချို့အတွက် ကိုယ့်အခန်းထဲမှာ ဇိမ်နဲ့နားနားနေနေ မရေးနိုင်ဘဲ အခက်ကြုံရပါတယ်။ ဒီတော့ ဆေးလိပ်သောက်ခြင်းကို ခွင့်ပြုတဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေကို နေ့လည်ဘက်မှာ သွားပြီး စာရေးကြပါတယ်။ 

စာရေးဆရာတွေကို orientation မိတ်ဆက် ပြောတဲ့နေ့က ဥပဒေ ပညာရှင်တစ်ယောက် လာပါတယ်။ ဥပဒေရေးရာနဲ့ ပတ်သက်လို့ ဒီမြို့လေးမှာ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားပါတယ်။ အဓိက ပြောသွားတာကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ အရက်သေစာ သောက်သုံးမှုပါပဲ။ အမေရိကမှာက ပြည်နယ်အလိုက်  မိမိတို့နဲ့ သင့်လျော်တဲ့ ဥပဒေတွေကို ပြဌာန်းတဲ့ စနစ်ရှိပါတယ်။ အိုင်အိုဝါမြို့လေးအတွက်  အရက်သောက်သုံးမှုနဲ့ ပတ်သက်လို့ အဓိက အချက် ၂ချက်ကတော့ public drinking နဲ့ public intoxication ကို ရှောင်ကြဉ်ဖို့ပါ။  အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သောက်လို့ မရပါဘူး။ နောက်တစ်ခုက အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အရက်ကို သောက်မနေတောင်မှ ဆိုင်ကသောက်ပြီး ပြန်လာတဲ့အခါ၊ အိမ်ကနေထွက်လာတဲ့အခါ၊ အများနဲ့သက်ဆိုင်တဲ့ မြင်ကွင်းမှာ မူးယစ်နေလို့လည်း မရပါဘူး။ ကျွန်မကတော့ ကိုယ့်နိုင်ငံက သင်္ကြန်ချိန်ခါကို ဖျတ်ခနဲ မြင်ယောင်သွားပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဥပဒေ ပြဌာန်းရင် ကောင်းမယ်လို့လည်း တွေးမိပါသေးတယ်။

အရက်သေစာနဲ့ ပတ်သက်လို့ နောက်ထပ်အခြေခံ အချက်တစ်ချက်ကတော့ အသက် ၂၁ နှစ်ပြည့်မှ အရက်ဝယ်လို့ရတာပါ။ ဆိုင်တွေမှာ ဘီယာ၊ ဝိုင် စတဲ့ အရက်ဝယ်သူတွေကို အသက်ပြည့်မပြည့် မဝေခွဲနိုင်ရင် ရုပ်ပုံပါတဲ့ သက်သေခံ ကဒ်ပြား (photo ID) တမျိုးမျိုးကို ပြခိုင်းပါတယ်။ ကဒ်ပြားပါမလာရင် မရောင်းပါဘူး။ (စင်ကာပူမှာလည်း အဲဒီဥပဒေရှိပါတယ်။ ဒါပေမယ့် လူကိုမှန်းကြည့်ပြီး တော်ရုံဆို မပြခိုင်းပါဘူး။) ဖွံ့ဖြိုးဆဲ နိုင်ငံတွေကလာသူ အတော်များများအတွက်ကတော့ ဒီလို စည်းနဲ့ကမ်းနဲ့ အရက်ဝယ်ရတာ အတွေ့အကြုံသစ်ပါပဲ။  စာရေးဆရာတွေဟာ သူတို့ကို သက်သေခံကဒ်ပြား ပြခိုင်းတဲ့အခါ “ဒါ အသက် ၂၁ နှစ် မပြည့်သေးဘူးထင်လို့ ပြခိုင်းတာ၊  တော်တော်နုပျိုတာပဲ” လို့ အချင်းချင်း နောက်ပြောင်ရင်း ဂုဏ်ယူဝံ့ကြွားလေ့ ရှိကြပါတယ်။

၅။ မြင်း/နွားစီးပွဲ သို့မဟုတ် Rodeo

နိုင်ငံတကာက စာရေးဆရာတွေကို IWP ကို ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ အမေရိကရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုဘဝတွေကို သိရှိနားလည် လေ့လာစေချင်တာလည်း ပါဝင်ပါတယ်။  ဒါကြောင့်မို့ ယဉ်ကျေးမှု ဒါမှမဟုတ် ဒေသန္တရဗဟုသုတနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုလည်း ဖိတ်ခေါ်လေ့ရှိပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာ ၆၅ ကြိမ်မြောက်ကျင်းပမယ့် ရိုဒီယို (rodeo) ဆိုတဲ့ပွဲရှိတယ်။ ကြည့်ချင်သူတွေကို ပွဲကျင်းပတဲ့ Fort Madison ကို လိုက်ပို့မယ် လို့ ကျောင်းက အကြောင်းကြားလာပါတယ်။ ရိုဒီယို ဆိုတာ ဘာလဲ ဆိုတာကို ရှင်းလင်းချက်ကိုလည်း ပို့ထားပါသေးတယ်။ စပိန်က နွားရိုင်းသတ်ပွဲလို မဟုတ်ဘဲ မြင်းတွေနွားတွေကို ထိန်းချုပ်နိုင်တာကို ယှဉ်ပြိုင်ကြတဲ့ပွဲပါ။ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ကြတဲ့ ပွဲမျိုးလို့လည်း သတိပေးထားပါတယ်။  စာရေးဆရာ အတော်များများဟာ ဒီလိုပွဲမျိုးကို ရုပ်ရှင် တီဗွီထဲမှာလောက်ပဲ မြင်ဖူးပြီး ကိုယ့်နိုင်ငံမှာ ကျင်းပလေ့မရှိတဲ့အတွက် မျက်ဝါးထင်ထင် ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြပါတယ်။ 


(တစ်ပတ်တာရဲ့ အချိန်ဇယား၊ လိုအပ်နေတဲ့ ပလပ်ခေါင်း နဲ့ ရိုဒီရို လက်မှတ်)

အိုင်အိုဝါမြို့ရဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ Fort Madison ကို ရောက်တော့ လက်မှတ်တွေ ဝယ်ပြီး ပွဲကျင်းပတဲ့ ဝင်းထဲကို ရောက်ခဲ့ကြပါတယ်။ ပွဲကို လာကြသူတွေအများစု ကလေး လူကြီးတွေဟာ ဦးထုတ်ပြန့်တွေ ရှပ်အင်္ကျီ ဂျင်းဘောင်းဘီတွေနဲ့ ကောင်းဘွိုင်လို ဝတ်စားဆင်ယင်လာကြပါတယ်။ ဈေးဆိုင်တန်းတွေကလည်း နွားသားရေနဲ့ လုပ်ထားတဲ့ ခါးပတ်တို့၊ ပိုက်ဆံအိတ်တို့ ရောင်းကြပါတယ်။ ကောင်းဘွိုင်ဦးထုပ်တွေကိုလည်း ရောင်းကြပါတယ်။ ကျွန်မလည်း  အမှတ်တရ တစ်ခုခု ဝယ်ဖို့ ကြည့်ဖြစ်ပါတယ်။ ပထမဆုံး အမေရိကန် အမှတ်တရ ပစ္စည်း ဝယ်ဖို့ ကြည့်ဖြစ်တဲ့နေ့ပါ။ အဲဒီမှာ အရာရာတိုင်းလိုလိုဟာ made in China ဖြစ်နေတာနဲ့ စပြီးတွေ့တော့တာပါပဲ။ 
( စာရေးဆရာတွေ ဦးထုပ်ဝယ်နေကြစဉ်)



ပွဲကို အတော်လေး ခန်းခန်းနားနား ဖွင့်လှစ်ပါတယ်။ အမျိုးသမီး အမျိုးသားတွေဟာ မြင်းတွေကို အလှစီးပြီး လှည့်လည်ကြပါတယ်။  အမေရိကန်အလံနဲ့ လေထီးခုန်ချတာလည်း ကြည့်လို့ကောင်းပါတယ်။ ကျွန်မက ဒီလိုပွဲကို တီဗွီမှာ ယူကျုမှာ အနည်းငယ် မြင်ဖူးပေမယ့် အစအဆုံး တစ်ခါမှ မကြည့်ဖူးပါဘူး။ မှတ်ထားမိသလောက် ပွဲစဉ်တွေကို ပြန်ပြောပြရရင်တော့ -

စည်ပိုင်း ၃ခုကြား မြင်းလှည့်လည်စီးခြင်း
စည်ပိုင်း ၃ ခုကို တြိဂံပုံ (သူတို့အခေါ်တော့ ကလိုဗာ သစ်ရွက်ပုံပေါ့) ချထားတယ်။ အဲဒီ စည်ပိုင်းတွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပတ်ပြီး မြင်းစီးရတယ်။ အချိန်မြန်မြန် မှန်မှန်စီးနိုင်ခြင်းကို အမှတ်ပေးတာပါ။

မြင်းပေါ်ကို ကုန်းနှီးပါ/ကုန်းနှီးလွတ် စီးခြင်း
ကုန်းနှီးပါတဲ့မြင်း နဲ့ မပါတဲ့မြင်း နှစ်မျိုးရှိပါတယ်။ အဲဒီမြင်းတွေကို တက်စီးတော့ မြင်းကခါချပါတယ်။ အဲဒါကိုအချိန်ကြာကြာ ထိန်းနိုင်အောင် ကြိုးစားစီးရတဲ့ကစားနည်းပါ။

နွားသိုးစီးခြင်း
မြင်းကို စီးသလိုပါပဲ။ ခါချနေတဲ့ နွားသိုးတွေပေါ်မှာ တက်စီးကြတာပါ။

အဖွဲ့ဖြင့် နွားလေးကို ကြိုးချည်ခြင်း
မြင်းစီးလာတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က နွားကလေးရဲ့ ချိုကို ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်းပစ်ပြီး စွပ်၊ နောက်တစ်ယောက်က နွားလေးရဲ့ နောက်ခြေထောက်ကို ကြိုးကွင်းစွပ်ပြီး ဖမ်းတဲ့နည်းပါ။

နွားလေးကို လေးဘက်လေးတန် တုပ်ခြင်း
မြင်းစီးလာတဲ့လူက နွားကလေးရဲ့ ခေါင်းကို ကြိုးကွင်းပစ်ပြီး စွပ်ပါတယ်။ မိတာနဲ့ မြင်းပေါ်က ပြေးဆင်းသွားပြီး နွားလေးကို တွန်းလှဲပြီး သူ့ခြေထောက်သုံးချောင်းကို မလှုပ်နိုင်အောင် ကြိုးနဲ့တုပ်ပါတယ်။

နွားကို နပန်းလုံး တွန်းလှဲခြင်း
မြင်းစီးလာသူက ပြေးနေတဲ့ နွားကို မီအောင်လိုက်ပြီး မီတဲ့အခါ ဆင်းပြီး နွားရဲ့ ဦးချိုကနေကိုင်ပြီး လှဲချတဲ့ ကစားနည်းပါ။

နွားလေးတွေကို ကြိုးချည်တာတို့ လှဲချတာတို့ လုပ်နေတဲ့အချိန်မှာ စိတ်ထဲ မကောင်းဖြစ်မိပါတယ်။ တစ်ကြိမ်မှာ နွားကလေးက လည်ပင်းကို ကြိုးပတ်တဲ့အချိန် ကြာသွားတော့ ပွဲအပြီး မှာ တော်တော်နဲ့ ပြန်မထနိုင်ပဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေတာကို တွေ့ရတော့ စိတ်ပူမိတယ်။ ဒါကြောင့်လည်း တိရိစ္ဆာန်အခွင့်အရေး တောင်းဆိုသူတွေ ကန့်ကွက်စရာ ဖြစ်ရတာ လို့တွေးမိပါတယ်။ 

ကျွန်မဘေးမှာ ထိုင်နေတဲ့ ဂူလာလာကတော့ ဆက်မကြည့်တော့ပါဘူး။ သူ လာမိတာ မှားပြီလို့ ပြောနေပါတယ်။ ကျောပေါ်တက်စီးရင် ခါချတတ်တဲ့ မြင်းတွေနွားတွေကိုလည်း အဲဒီလို အတင်းခါချအောင် ခါးကို သံနဲ့ရိုက်ထားတယ်လို့ သူ ကြားဖူးတယ်တဲ့။ ဘေးက အိုင်အိုဝါသားတစ်ယောက်ကတော့ ဒီခေတ်မှာ အဲဒီလို မလုပ်တော့ပါဘူး လို့ရှင်းပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကစားနည်းတွေက သူတို့ရဲ့ ကျေးလက်လုပ်ငန်းခွင်မှာ မြင်းတွေနွားတွေနဲ့ပတ်သက်လာရင် လက်တွေ့လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ လို့ မှတ်သားခဲ့ရပါတယ်။ 

၃ နှစ် ၄ နှစ်အရွယ် ကလေးငယ်လေးတွေက သိုးလေးတွေကို စီးပြီးပြိုင်ကြတဲ့ ပွဲလည်းပါပါသေးတယ်။ သိုးလေးတွေ ဖြည်းဖြည်းခါချတာကို မခံနိုင်ပဲ ကလေးတွေ လဲပြိုကျတဲ့အခါ လူကြီးတွေက ရယ်ကြပါတယ်။ ဒီကလေးတွေ ကြီးလာတဲ့အခါ နွားစီးမယ့် ကောင်းဘွိုင်လေးတွေ ဖြစ်လာကြမှာပေါ့လေ။  ဓာတ်ပုံတွေတော့ သိပ်မရိုက်ဖြစ်ပဲ ဗွီဒီယိုနည်းနည်း ရိုက်လာခဲ့ပါတယ်။ မှောင်လာတဲ့အချိန်မှာ လျှင်မြန်လွန်းတဲ့ လှုပ်ရှားမှုတွေကို ကျွန်မကင်မရာနဲ့ အဝေးကလှမ်းရိုက်ရတာ မနိုင်တာကလည်း တစ်ကြောင်းပါ။ 

(ရိုဒီယို ဖွင့်လှစ်တဲ့ အခမ်းအနား)
(ရိုဒီယိုပွဲမှာ နေဘုန်းလတ်နဲ့ အမှတ်တရ)



၆။ အမေရိကန်ကျောင်းသားတွေရဲ့ စာသင်ခန်း

ကျွန်မမျှော်လင့်ထားတဲ့ စက်တင်ဘာ ၇ ရက်ကို ရောက်လာပါပြီ။ စောစောထ မနက်စာစားပြီးတော့ နာတာရှာနဲ့အတူ အိုင်အိုဝါတက္ကသိုလ်ထဲက စာသင်ခန်းတစ်ခန်းကို သွားကြပါတယ်။ အတန်းထဲက ကလေးတွေက အသက် ၁၆ - ၁၈ ပတ်ဝန်းကျင်လို့ နာတာရှာက ပြောပြပါတယ်။ သူတို့ဟာ ဖရက်ရှာ ကျောင်းသားလေးတွေပါ။

ကလေးတွေဟာ ဆရာမ နာတာရှာ ကြိုပြောထားတဲ့အတိုင်းပဲ တကယ့်ကို ငြိမ်သက်အေးဆေးပါတယ်။ ဒါပေမယ့် လွတ်လပ်ပေါ့ပါးပုံလည်း ပေါက်ပါတယ်။ နာတာရှာက ကျွန်မကို ကလေးတွေနဲ့ မိတ်ဆက်ပေးပါတယ်။ စာသင်ခန်းကျဉ်းကလေးမှာ ကျောင်းသူကျောင်းသား ၁၀ ယောက်ကျော် လောက်ပဲရှိတာပါ။ အဲဒီထဲက ထက်ဝက်လောက်ကိုတော့ ရုပ်ရှင်ခံစားမှု အစီအစဉ်မှာ တွေ့ခဲ့ရလို့ မှတ်မိနေပါတယ်။

နာတာရှာက ကျွန်မရဲ့ နာမည်ကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ကျောက်သင်ပုန်းမှာ ရေးပြခိုင်းပါတယ်။ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို သူတို့က စိတ်ဝင်စားနေကြပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကြားဖူးလား။ မြန်မာနိုင်ငံအကြောင်း ဘာသိလဲ လို့ ကလေးတွေကို မေးတော့ ကလေးတွေက သိပ်မပြောနိုင်ကြပါဘူး။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ရေးပြပြီး သူ့ကို ကြားဖူးလားဆိုတော့ တစ်ယောက်နှစ်ယောက်က ကြားဖူးတယ် လို့ပြောကြပါတယ်။ 

နာတာရှာကတော့ ကလေးတွေရဲ့ အဖြေတွေကို အားမရဘဲ ကျွန်မကိုလည်း အားနာနေဟန်တူပါတယ်။ အတန်းပြီးသွားတဲ့အခါ ပြောပြပါသေးတယ်။ ကလေးတွေ သိပ်ပြီး စကားမပြောကြတာဟာ ရှက်လို့ကြောက်လို့ မဟုတ်ဘူး။ သူတို့ကိုယ် သူတို့ ယုံကြည်မှု လွန်ကဲနေကြတာ တဲ့။ ဒီခေတ် အမေရိကန်ကလေးတွေဟာ သူတို့ကိုယ်သူတို့ ပြီးပြည့်စုံတဲ့ နိုင်ငံမှာ နေထိုင်နေကြတယ် လို့ ထင်နေကြပြီး နိုင်ငံပြင်ပက ကိစ္စတွေကို စိတ်မဝင်စားကြတာလည်း တွေ့ရတယ်တဲ့။ ဒါကြောင့်မို့ အပြင်ဘက်ကိုလည်း ကြည့်ကြဖို့ တိုက်တွန်းနေရတယ်တဲ့။ ကျွန်မကတော့ ကျွန်မတို့ဆီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလို့ အတန်းထဲမှာ စကားပြန်မပြောရဲတဲ့ ကလေးတွေရဲ့ အဖြစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ရပုံကို စဉ်းစားနေမိပါတယ်။ 

အတန်းထဲမှာ ကျွန်မရဲ့ အကြောင်းကို သူတို့ကို နည်းနည်းပါးပါး မိတ်ဆက်ပြောပြပြီးတော့ ကျောင်းသားလေး တစ်ယောက်က ကျွန်မရဲ့ “လူပြိန်းများမြို့ကို သိမ်းပိုက်စဉ်” ကဗျာ ကို အသံထွက်ဖတ်ပါတယ်။ အဲဒီကဗျာကို အင်္ဂလိပ်လို ဘာသာပြန်ထားတာက “the scene of the city siege by the daft”  ပါ။ အဲဒီကဗျာမှာ the daft လို့ဘာသာပြန်ထားတဲ့ အင်္ဂလိပ် အသုံးအနှုန်းကို သူတို့တွေက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။ the daft ဆိုတာက ဗြိတိသျှတွေ သုံးလေ့ သုံးထရှိတဲ့ စကားလုံးပါ။ အမေရိကန်တွေအနေနဲ့ သုံးလေ့မရှိပါဘူး။ ဒီကဗျာကို ဘာသာပြန်ထားသူ ကိုကိုသက်က ဥရောပနိုင်ငံတွေမှာ အခြေချနေထိုင်သူဖြစ်ပြီး အဲဒီကဗျာပါဝင်တဲ့ စုစည်းမှုစာအုပ်ကို တွဲဖက်တည်းဖြတ်သူ ဂျိမ်းစ်ဘန်းကလည်း ဗြိတိန်နိုင်ငံသား ဖြစ်ပါတယ်။ နာတာရှာနဲ့ ကျောင်းသားလေးတွေက ဒီနေရာမှာ အမေရိကန်တစ်ယောက်က ဘာသာပြန်မယ်ဆိုရင် the idiot ဒါမှမဟုတ် the fool လို့ ပြန်ကောင်းပြန်မယ် လို့ ဆွေးနွေးကြပါတယ်။ ဒါပေမယ့် the daft လို့ပြောလိုက်တာကတော့ ကဲ့ရဲ့ရှုံ့ချတာမျိုးမဟုတ်ဘဲ စိတ်ခံစားမှု ပိုကင်းတဲ့ neutral သဘောဆန်တယ် လို့ ဆွေးနွေးကြပါတယ်။ ပြီးတော့ ကျွန်မရဲ့ တခြားကဗျာတွေကို ဖတ်ကြပြီး မရှင်းတာကို မေးကြပါတယ်။ ဆက်ပြီးတော့ ကျွန်မပြခဲ့တဲ့ The tiger and the snow ရုပ်ရှင်အကြောင်းကို ဆွေးနွေးကြပါတယ်။

ဒီနေရာမှာ ကျွန်မတွေ့မြင်မိတာကတော့ အမေရိကန်ကျောင်းသားလေးတွေရဲ့ လေ့လာနိုင်ခွင့်နဲ့ ယနေ့ခေတ်နိုင်ငံတကာစာပေ အနုပညာတွေကို လက်လှမ်းမီနိုင်မှုကိုပါ။ IWP ကို ရောက်လာကြတဲ့ စာရေးဆရာတွေဟာ အသက်အရွယ်၊ အောင်မြင်ကျော်ကြားမှု၊ အသိအမှတ်ပြုခံရမှုတွေ အမျိုးမျိုး ကွဲပြားကြပေမယ့်လည်း အားလုံးကတော့ ခေတ်ပြိုင်ရေးသားနေဆဲ စာရေးဆရာတွေပါ။ ဒီလိုလူတွေ လက်ရှိရေးသားဆဲ ပူပူနွေးနွေး လက်ရာတွေကို အမေရိကန်ကျောင်းသားတွေဟာ စာရေးဆရာ ကိုယ်တိုင်နဲ့အတူ လေ့လာခွင့် ဆွေးနွေးခွင့် ရကြခြင်းဟာ တကယ်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံပါ။ ကျွန်မတို့ဆီမှာလည်း စာပေဆိုင်ရာ ဘာသာရပ်တွေ အထူးပြုလေ့လာကြတဲ့ ကျောင်းသားတွေကို ဂန္ထဝင်စာပေတွေသာမက အခုလို ခေတ်ပြိုင်လက်ရာတွေကို လေ့လာဆွေးနွေးနိုင်ဖို့ သင်ရိုးတွေကို မွမ်းမံပြင်ဆင်ကြရင် ကောင်းမယ်လို့တွေးမိပါတယ်။ (နောက်ပိုင်းမှတော့ သူတို့ဆီမှာ အခုလိုခေတ်နဲ့ တပြေးညီ လေ့လာခွင့်ရတာဟာ တက္ကသိုလ်အဆင့်သာမက အထက်တန်း အလယ်တန်း ကျောင်းတွေမှာပါ ရှိတယ်ဆိုတာကို creative writing အတန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့အခါ ပိုနားလည်ခဲ့ရပါသေးတယ်။) 

အတန်းချိန် ကုန်ဆုံးသွားတဲ့အခါမှာတော့ ကျောင်းသားတွေဟာ ပြောလက်စ စကားတွေ အကုန်ဖြတ်၊ စာအုပ်တွေ ကောက်သိမ်းပြီး သူတို့ကျောပိုးအိတ်ကလေးတွေလွယ် ဘိုင့်ဘိုင်ဆိုပြီး အတန်းထဲက ချက်ချင်းထွက်သွားကြတာကတော့ ကျွန်မကို သူတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိတစ်ခု တိုးစေပါတယ်။ ကျောင်းသားတွေဟာ သူတို့ အတန်းချိန်စေ့သွားတဲ့အခါ လုံးဝအားမနာကြပါဘူး။ ဒါဟာ သူတို့ရဲ့ အခွင့်အရေးလို့ပဲ ယူဆတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အချိန်တိတိကျကျ လုပ်ကိုင်လေ့ရှိတဲ့ သူတို့လူမျိုးတွေအဖို့ နောက်ထပ် အတန်းတစ်တန်းကို အချိန်မီ သွားဖို့လိုအပ်လို့လည်း ဖြစ်နိုင်ပါတယ်။  ကျွန်မကိုယ်တိုင်လည်း ညနေပိုင်း အစီအစဉ်ဖြစ်တဲ့ panel discussion အတွက် စာကြည့်တိုက်ကို သုတ်ခြေတင်ရပါတယ်။    


၇။ ကျားမဖြစ်တည်မှု ဆွေးနွေးပွဲ

IWP မှာ စာရေးဆရာတိုင်း ပါဝင်ရတဲ့ အစီအစဉ်တစ်ခုကတော့ public library မှာ ကျင်းပလေ့ရှိတဲ့ panel discussion ဖြစ်ပါတယ်။ ပထမဆုံး ရက်သတ္တပတ်မှာ  “ကျားမဖြစ်တည်မှု” ခေါင်းစဉ်ကို ဆွေးနွေးဖို့ အလှည့်ကျပါတယ်။  အဲဒီခေါင်းစဉ်အောက်မှာ မြန်မာအမျိုးသမီးကဗျာဆရာတွေရဲ့ အခန်းကဏ္ဍအကြောင်း ပြောဖို့ ကျွန်မက စာတမ်းတစ်ခု ပြင်ဆင်ထားခဲ့ပါတယ်။ 

ဖြစ်ချင်တော့ အဲဒီ ဆွေးနွေးပွဲအပြီးမှာ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းပြောပွဲကို သွားဖို့ရှိနေပါတယ်။ တစ်နေ့လုံး အစီအစဉ်တွေ ပြည့်နေတဲ့ မှတ်မှတ်ရရ နေ့တစ်နေ့ပါ။ ကျွန်မက ကြုံရင်ကြုံသလို အခန်းအနားတွေမှာ ဝတ်ဖို့ မြန်မာဝတ်စုံ တချို့ထည့်လာခဲ့ပါတယ်။ အစကတော့ အဲဒီနေ့ ဆွေးနွေးပွဲမှာ မြန်မာလို ဝတ်မယ်လို့ စိတ်ကူးမိပေမယ့် အိုဘားမား ကြိုဆိုမယ့် လူအုပ်ထဲကို တိုးရမှာမို့ အိုင်အိုဝါ စာတန်းပါတဲ့ T-shirt လေးကိုပဲ ဝတ်လိုက်မိတာကလည်း မှတ်မှတ်ရရပါပဲ။ 

ဆွေးနွေးသူတွေကတော့ ဥဇဘက်ကစ္စတန် က အလီနာ၊ အီရတ်က ဂူလာလာ၊ အာဖဂန်နစ္စတန်က မိုဟစ်၊ စင်ကာပူက စတက်ဖနီ နဲ့ မြန်မာပြည်က ကျွန်မ ၊ အားလုံး ငါးယောက်ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို နာတာရှာက နှုတ်ခွန်းဆက်စကား ပြောပေးပြီး၊ moderate လုပ်ပေးသူက ဖရော်ဖက်ဆာ ဆရာမကြီး အမ်မာရီတာ လင်ဒါ ကာဘာ (Emerita Linda Kerber) ဖြစ်ပါတယ်။ မိုဟစ်က “စစ်ပွဲအတွင်း စာရေးခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း စာတမ်းဖတ်ဖို့ စာရင်းသွင်းထားပေမယ့် ကျားမဖြစ်တည်မှု ခေါင်းစဉ်မှာ အမျိုးသမီးတွေချည်း ပြောနေတာ ဖြစ်မှာစိုးလို့ အမျိုးသားတစ်ယောက် အနည်းဆုံး ထည့်ချင်တဲ့အတွက် ဒီခေါင်းစဉ်မှာလည်း ပါဝင်ဖို့ သူ့ကို ဖိတ်ခေါ်ခဲ့တာပါ။ ကျွန်မသတိထားမိပါတယ်။ သူတို့ဆီမှာ ပွဲစီစဉ်ရင် ပြောသူတွေဟာ ယောင်္ကျားတွေချည်းပဲ ဒါမှမဟုတ် မိန်းမတွေချည်းပဲ မဖြစ်အောင် သတိထားပြီး နေရာချ စီစဉ်တတ်ကြပါတယ်။ 

(ကျားမဖြစ်တည်မှု ဆွေးနွေးပွဲမှာ နာတာရှာက မိတ်ဆက်စကား ပြောနေစဉ်)



အီရတ် နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ မိန်းမတွေအပေါ် ဖိနှိပ်မှုတွေ များလှပါတယ်။ အဲဒီလိုဖိနှိပ်မှုတွေကြောင့် အမျိုးသမီးတွေရဲ့ စာပေအနုပညာ ဖန်တီးမှုကို ထိခိုက်ရတဲ့အကြောင်းတွေကို ဂူလာလာနဲ့ မိုဟစ်တို့က ထောက်ပြသွားခဲ့ပါတယ်။  ဥဇဘက်ကစ္စတန်က အလီနာ ပြောသွားတာကတော့ ရှုထောင့်တစ်မျိုးပါ။ အမျိုးသမီးတွေကိုယ်တိုင်ကိုက အားနည်းတဲ့ လိင်အဖြစ် ဦးစားပေးခံရခြင်း၊ အိမ်ထောင်မှု ထိန်းသိမ်းခြင်း၊ ယောင်္ကျားကို မှီခိုခြင်းတွေကို အခွင့်အရေးအဖြစ် မှတ်ယူနေတာကို တွေ့ရှိရတဲ့အကြောင်းပါ။ စင်ကာပူကတော့ ကျားမဖြစ်တည်မှုခေါင်းစဉ်အောက်မှာ စင်ကာပူနိုင်ငံမှာ ယောင်္ကျားလေးတွေဟာ မဖြစ်မနေ စစ်မှုထမ်းရတဲ့အတွက် အလုပ်ခွင်နဲ့ တိုးတက်မှုမှာ ဆုံးရှုံးရတဲ့ ရှုထောင့်ကနေ ပြောပြသွားပါတယ်။ ကျွန်မကတော့ ၂၀၁၂ ကမ္ဘာ့ကဗျာနေ့မှာ ရန်ကုန်မှာ ဖတ်ခဲ့တဲ့ စာတမ်းကို အတိုချုပ်ပြီး ပြန်ပြောပြခဲ့ပါတယ်။  (စာတမ်း ဖတ်ရှုရန်)

( ဆွေးနွေးသူများ။ ဝဲမှယာ - စတက်ဖနီ ရဲ(စင်ကာပူ)၊ အလီနာ ဒါဒီဗာ (ဥဇဘက်ကစ္စတန်)၊ ဂူလာလာ နိုရိ (အီရတ်)၊ မိုဟစ် ဇဂမ်း (အာဖဂန်နစ္စတန်)၊ ပန်ဒိုရာ (မြန်မာ))


ပရိသတ်က မေးခွန်းတွေ မေးချင်သေးပေမယ့် အိုဘားမား မိန့်ခွန်းခြွေမယ့်နေရာကို အချိန်မီသွားကြရမှာမို့ ဆွေးနွေးပွဲကို နိဂုံးချုပ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ စာကြည့်တိုက်ထဲက ထွက်လာတဲ့ အားလုံးလိုလိုပါပဲ  သမ္မတအိုဘားမားရဲ့ မိန့်ခွန်းကို နားထောင်ကြဖို့ တန်းစီရမယ့် နေရာကို သွားကြပါတယ်။ လက်ထဲမှာလည်း လက်မှတ်ကိုယ်စီကိုင်ဆောင်လို့ပါ။ သမ္မတအိုဘားမားကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတော့မှာမို့ ကျွန်မအပါအဝင် စာရေးဆရာတွေဟာ စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါတယ်။ 

ပန်ဒိုရာ

(ဆက်လက်ဖော်ပြသွားပါမည်။)
၂၀၁၃ ဧပြီလ စတိုင်သစ် မဂ္ဂဇင်းတွင် ဖော်ပြပြီး။ 





အိုင်အိုဝါ ရက်စွဲများ အပိုင်း (၃)

$
0
0

အိုင်အိုဝါ ရက်စွဲများ အပိုင်း (၃)

၈။ အိုဘားမား မိန့်ခွန်းဟောပြောပွဲ
စက်တင်ဘာ ၇ ရက်နေ့မှာ စာကြည့်တိုက်မှာ ကျင်းပတဲ့ ကျားမဖြစ်တည်မှု ဆွေးနွေးပွဲအပြီးမှာ အိုဘားမား မိန့်ခွန်းပြောမယ့် အိုင်အိုဝါ တက္ကသိုလ်ဝင်းထဲကို သွားဖို့ တန်းစီကြပါတယ်။ ဟောပြောပွဲအတွက် အခမဲ့ ဝင်ခွင့် လက်မှတ်တွေကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတည်းက အိုင်အိုဝါတက္ကသိုလ်မှာ  ထုတ်ယူပြီးသားပါ။
(အိုဘားမား ဟောပြောပွဲ လက်မှတ်)


အိုင်အိုဝါပြည်နယ်ဟာ ဒီမိုကရက်နယ်မြေ ဒါမှမဟုတ် ရီပတ်ဘလီကန်နယ်မြေလို့ အတပ်မပြောနိုင်ဘဲ swing state လို့ခေါ်တဲ့ ဟိုဘက်ဒီဘက် မဲရလာဒ်တွေကို အချိန်မရွေးပြောင်းလဲ သွားစေနိုင်တဲ့ ပြည်နယ်တွေထဲက ပြည်နယ်ငယ်တစ်ခုပါ။ ၂၀၀၈ ခုနှစ်တုန်းကတော့ အိုဘားမားဟာ အိုင်အိုဝါပြည်နယ်မှာ ပြိုင်ဖက်ပါတီအပေါ်မှာ ၉% အသာနဲ့ အနိုင်ရတယ်လို့ ဆိုကြပါတယ်။ IWP အစီအစဉ်က ဆရာတွေ ကျောင်းသားတွေ အပါအဝင် တက္ကသိုလ် အသိုင်းအဝိုင်းကတော့ ဒီမိုကရက်ကို တက်တက်ကြွကြွ အားပေးကြသူတွေပါ။ 

တန်းစီနေတုန်းမှာ မိုးဖွဲဖွဲ စရွာပါတယ်။ ဟောပြောပွဲကို လာနားထောင်ကြသူတွေဟာ ကလေးသူငယ် လူကြီးလူငယ် ကျားမ မရွေး စုံလင်လှပါတယ်။ အများစုကတော့ လူငယ်လူရွယ် ကျောင်းသားတွေ ဖြစ်ကြပါတယ်။ ရုရှက အလီနာကတော့ သတင်းထောက်တစ်ဦးလည်း ဖြစ်သူပီပီ တန်းစီနေကြတဲ့ IWP စာရေးဆရာတွေကို ဗီဒီယိုရိုက်ရင်း “ဒီမိုကရက်ပါတီကို ထောက်ခံသလား။ အိုဘားမားကို ဘာဖြစ်လို့ အားပေးတာလဲ” စသည်ဖြင့် ပေါ့ပေါ့ပါးပါးမေးခွန်းတွေနဲ့ အင်တာဗျူးနေပါတယ်။ 

လမ်းမှာ ရေသန့်ဗူးတွေ အလကား ဝေပါတယ်။ ရင်ထိုးတွေ တီရှပ်တွေ ရောင်းကြပါတယ်။ ဟောပြောပွဲ ကျင်းပမယ့် Jessup Hall ရှေ့က မြက်ခင်းပြင်ကို ရောက်ခါနီးမှာတော့ လူတွေအားလုံးဟာ ထီးတွေ၊ ရေဗူးတွေ၊ မီးခြစ်တွေ၊ အန္တရာယ်ရှိနိုင်တဲ့ သတ္ထုပစ္စည်းတွေ၊ အချွန်အတက်တွေ ပါလာခဲ့ရင် လုံခြုံရေးစခန်းတွေမှာ စွန့်ပစ်ထားခဲ့ရပါတယ်။ မြက်ခင်းပြင်ထဲကို လှမ်းအဝင်မှာ ရေသန့်ဗူးတွေ ပြန်ဝေပေးပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ဝေတဲ့အခါ ရေသန့်ဗူးတွေမှာ အဖုံးမပါပါဘူး။ 

နေ့လည် ၁ နာရီကစပြီး ဝင်ခွင့်ပြုထားတယ် ဆိုပေမယ့် လုံခြုံရေးကြောင့် အိုဘားမား ရောက်လာမယ့် အချိန်အတိအကျကို ပြောမထားပါဘူး။ မတ်တပ်ရပ်နေကြတဲ့ လူအုပ်က တဖြည်းဖြည်း ထူထပ်လာတဲ့အချိန်မှာ မိုးကလည်း ပိုပြီး သည်းလာပါတယ်။ တချို့လူတွေကတော့ ပလတ်စတစ်မိုးကာလေးတွေ ပါလာတော့ ခြုံထားကြပါတယ်။ ကျွန်မက လူ မိုးစိုမှာထက် လက်ထဲက ကင်မရာလေး စိုမှာကို ပိုပြီး စိုးရိမ်နေမိပါတယ်။ လူအုပ်ထဲက ပြန်တိုးထွက်ပြီး ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ မိသားစုတစ်ခုနဲ့အတူ မိုးခိုနေလိုက်ပါတယ်။ ပတ်ဝန်းကျင်မှာတော့ အမေရိကန်အလံတွေနဲ့ အိုဘားမားပါတီရဲ့ ကြွေးကြော်သံဖြစ်တဲ့ FORWARD ဆိုတဲ့ အပြာရောင်စာတန်းတွေကို မြင်နေရပါတယ်။ မိန့်ခွန်းစင်မြင့် နောက်တည့်တည့် ကျွန်မတို့ မရောက်နိုင်တဲ့ တစ်နေရာမှာလည်း ပွဲကြည့်စင် လှေခါးထစ်တွေပေါ်မှာ ထိုင်ပြီး အနီးကပ် အားပေးနေသူတွေလည်း ရှိကြပါတယ်။ အဲဒီနေရာကို သီးသန့် ကာထားပါတယ်။   
(အိုဘားမားကို အားပေးနေသူများ)
(အိုဘားမား မိန့်ခွန်းနားထောင်နေသူ ပရိသတ်)
 ညနေ ၄ နာရီကျော်လောက်မှာ အိုဘားမား ရောက်လာပါတယ်။ ကံကောင်းစွာပဲ မိုးကလည်း တော်တော် စဲသွားပါတယ်။ ကျွန်မလည်း ကင်မရာလေးကို ကိုင်ပြီး လူအုပ်ထဲကို ပြန်တိုးရပါတယ်။ ရှေ့မှာ လူတွေအတော်များများ ခံသွားပြီမို့ မားမားမတ်မတ် အနောက်တိုင်းသားတွေကြားမှာ ကျွန်မအရပ်နဲ့ ခြေဖျားထောက်ပြီး မနည်းကြည့်ရပါတယ်။ ကျွန်မရဲ့ ကင်မရာမှာလည်း အနီးကပ်ဆွဲရိုက်တဲ့ zoom မပါတာမို့ ဝေးဝေးက ဓာတ်ပုံခပ်သေးသေးပဲ ရလိုက်ပါတယ်။ 
(အိုဘားမားကို ခပ်လှမ်းလှမ်းက မြင်ရပုံ)


အိုဘားမားက နာရီဝက်လောက် မိန့်ခွန်းပြောသွားပါတယ်။ သူဟာ လူလတ်တန်းစားတွေအတွက် အဓိကထားပြီး ပြောသွားခဲ့ပါတယ်။ ကျောင်းသားတွေ အများအပြားရှိတဲ့ ကျောင်းမြို့နဲ့ လိုက်လျောညီထွေစွာပဲ ပညာသင်စရိတ် ထောက်ပံ့ကြေးတွေပေးမယ့် မူဝါဒတွေကို အသေးစိတ်ရှင်းပြသွားခဲ့ပါတယ်။ “ပညာရေးဆိုတာ လူလတ်တန်းစားဘဝအတွက် လက်မှတ်ပဲ” (Education is the ticket to a middle-class life) လို့ ပြောသွားပါတယ်။ လူတွေက “နောက်ထပ်လေးနှစ် နောက်ထပ်လေးနှစ်” (Four more years! Four more years!) လို့ ကြွေးကြော်ကြပါတယ်။ ဆက်ပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပံ့ပိုးမှုတွေ ပေးသွားမယ့်အကြောင်းအပါအဝင် အခြားသော ခေါင်းစဉ်တွေကို ပြောသွားခဲ့ပါတယ်။ ကျဆင်းနေတဲ့ စီးပွားရေးကို အလျှင်အမြန် နာလန်ထူလာအောင် လုပ်ဖို့ မလွယ်ကူဘူးဆိုတဲ့ အကြောင်းကို သမ္မတဟောင်း ဘီလ်ကလင်တန် Bill Clinton ပြောခဲ့တဲ့ စကားကို ကိုးကားသွားတာကိုလည်း သတိပြုမိပါတယ်။ 


ကျွန်မတို့နိုင်ငံက မဲဆွယ်ပွဲတွေနဲ့ အဓိက ကွာခြားတဲ့ အချက်ကတော့ သူတို့ဆီမှာ သူတို့ပါတီ အနိုင်ရရင် အကောင်အထည်ဖော်မယ့် မူဝါဒတွေအကြောင်းကို လိုအပ်ရင် ကိန်းဂဏန်းတွေနဲ့ တကွ အသေးစိတ်၊ ပညာရပ်ဆန်ဆန်၊ ပိုင်ပိုင်နိုင်နိုင် ရှင်းလင်း ပြောပြပြီး မဲဆွယ်ကြတာပဲ ဖြစ်ပါတယ်။ သူတို့ပြည်သူတွေကလည်း ဘယ်မူဝါဒကို ကျင့်သုံးရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မယ်ဆိုတာကို ပြန်လည် ဝေဖန်ဆွေးနွေး တတ်ကြတဲ့ အနေအထားမှာ ရှိပြီး မိမိတို့ နှစ်သက်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်မယ့် ပါတီကို မဲပေးဖို့ အသင့်ဖြစ်နေကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ဆီမှာတော့ အမတ်လောင်းတွေ မိန့်ခွန်း ပြောတဲ့အခါ ကျွန်မတို့နဲ့ စိမ်းနေသေးတဲ့ ဒီမိုကရေစီစနစ်၊ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ သန့်ရှင်းကောင်းမွန်တဲ့အစိုးရရဲ့ အခြေခံသဘောသရားတွေကို ပြည်သူတွေ နားလည်အောင် ပြောပြနေကြရတဲ့ အချိန်ပဲ ရှိသေးတယ် လို့ ထင်မိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျွန်မတို့နိုင်ငံက ပါတီတွေရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ သူတို့အားသန်တဲ့ မူဝါဒတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း အသေးစိတ် ဆွေးနွေးလာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


၉။ ကျန်းမာရေးနဲ့ စားရေးသောက်ရေး

အိုဘားမား ဟောပြောပွဲသွားခဲ့တဲ့ နေ့က မိုးမိလာပေမယ့် ကံကောင်းထောက်မစွာပဲ မဖျားမနာခဲ့ပါဘူး။ ကျွန်မဟာ အေးတဲ့ရာသီဥတုနဲ့ မတည့်သူပါ။ ရောက်ရောက်ချင်းမှာတော့ လေယာဉ်ပေါ်မှာ အအေးမိလာခဲ့တာနဲ့ ဆက်ပြီး အတော်ကြာကြာ ချောင်းဆိုးနေခဲ့ပါတယ်။ တခြားနိုင်ငံက ရောက်လာတဲ့ စာရေးဆရာ အချို့လည်း အဲဒီလိုဖြစ်ကြပါတယ်။ 

IWP ကျောင်းက ကျွန်မတို့ကို ကုန်တိုက်ကြီးတစ်ခုကို တစ်ပတ်တစ်ကြိမ် လိုက်ပို့ပေးပါတယ်။ အဲဒီက ဆေးဆိုင်မှာ ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပြီး ချောင်းဆိုးပျောက်ဆေး အရည်နဲ့ ငုံဆေးပြားတွေ ဝယ်ရပါတယ်။ အစီအစဉ်တွေ အတော်များများက စကားပြောရမှာတွေရှိပြီး၊ အားလပ်ချိန်တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်မေးမြန်း ပြောဆိုရတာတွေ များတဲ့အတွက် ချောင်းဆိုးခြင်းဟာ အတော်ဒုက္ခပေးပါတယ်။ 

ချောင်းဆိုးမပျောက်ခင်မှာ ကြုံရတဲ့ နောက်တစ်ခုကတော့ ခြေထောက်နာတာပါ။ ခရီးဆောင်အိတ်ထဲမှာ မဆန့်တဲ့အတွက် ဖိနပ်တွေ များများစားစား ယူမလာခဲ့ပါဘူး။ လမ်းလျှောက်ရှူးဖိနပ် လိုလာရင် ဟိုရောက်မှပဲ ဝယ်တော့မယ်လို့ ကြံစည်ထားခဲ့ပါတယ်။ နေ့စဉ်စီးဖို့အတွက် ကျွန်မပါသွားတဲ့ ကြိုးသိုင်းဖိနပ်ထူလေးဟာ စင်ကာပူမှာရော ရန်ကုန်မှာပါ အတော့်ကို သက်တောင့်သက်သာ ရှိပေမယ့် တောင်ကုန်းလေးတွေ အဆင်းအတက်များတဲ့ အိုင်အိုဝါမြို့လေးနဲ့ မကိုက်ညီခဲ့ပါဘူး။ 
(အိုင်အိုဝါ မြို့တွင်းတစ်နေရာ)
 တစ်နေ့တော့ ဘဏ်စာရင်းဖွင့်ဖို့ မြို့ထဲကို လမ်းလျှောက်သွားကြပါတယ်။ ဒီမှာ မြို့ထဲသွားတာလောက်ကို အားလုံး လမ်းလျှောက်လေ့ ရှိကြပါတယ်။ တခြားမြို့တွေနဲ့ ခပ်လှမ်းလှမ်းက ရပ်ကွက်တွေကို သွားတာလောက်ပဲ ကားစီးကြတာပါ။ ဘဏ်ကိုရောက်တော့ နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာနဲ့ တစ်ခေါက်ပြန်ယူရပါတယ်။ ကျွန်မလိုပဲ စာရွက်စာတန်း မေ့ကျန်ခဲ့တဲ့ ချီလီစာရေးဆရာ နဲ့ အတူတူလမ်းလျှောက်ပြန်လာတဲ့အခါ သူ့ခြေလှမ်းကျဲကြီးတွေကို အမီလိုက်မိရင်း အဲဒီနေ့ညနေရောက်တဲ့အခါ ကျွန်မရဲ့ ခြေဖဝါး ကြွက်သားတွေက ထောက်လို့ မရအောင် နာလာပါတယ်။နောက်တစ်နေ့မှာ တော့ ပိုဆိုးလာတာနဲ့ မြို့ထဲက စတိုးဆိုင်တစ်ဆိုင်မှာ လမ်းလျှောက်ဖိနပ်နဲ့ ခြေအိတ်ထူထူတစ်စုံ ဝယ်လိုက်ရပါတယ်။ အိမ်ကပါလာတဲ့ လိမ်းဆေးတွေလိမ်း ပတ်တီးစည်းပြီး တစ်ပတ်လောက်ကြာမှ ကောင်းကောင်း ပျောက်သွားပါတယ်။
(အိုင်အိုဝါ တက္ကသိုလ်ဝင်းထဲက မြင်ကွင်း)
 ခြေထောက်နာ ပျောက်သွားတဲ့အချိန်မှာ ရာသီဥတု အေးလာတာနဲ့ ကြုံရပါတယ်။ ကျွန်မရဲ့ အရေပြားက ပတ်ဝန်းကျင်အပူချိန် နိမ့်တာနဲ့ မတည့်လို့ ယားယံတတ်ပါတယ်။ ခြေထောက်တွေ လက်တွေမှာရော မျက်နှာမှာပါ အရေပြားတွေကြမ်းပြီး အဖုလေးတွေပေါက်လာပါတယ်။ အိမ်ကယူလာတဲ့ အလှဆီတွေ လိမ်းတာလည်း မသက်သာပါဘူး။ မျက်နှာကိုတော့ CVS pharmacy က ထုတ်တဲ့ day cream နဲ့ night cream ကို ဝယ်လိမ်းတဲ့အခါ တဖြည်းဖြည်း သက်သာသွားပါတယ်။ ခြေထောက်နဲ့ လက်က အနီဖုတွေကတော့ မနိုင်းနိုင်းစနေ ညွှန်းတဲ့ Cetaphil cream ကို လိမ်းမှ ပျောက်သွားပါတယ်။ ဒါကတော့ ကြုံရတဲ့ ကျန်းမာရေး ကိစ္စလေးတွေပါ။

စားရေးသောက်ရေးအတွက်ကိုတော့ မသွားခင်ကတည်းက ဆရာမင်းထက်မောင်က အဲဒီကိုရောက်ရင် Iowa House Hotel အောက်က စားသောက်ဆိုင်တန်းက ဆူရှီဆိုင်ပိုင်ရှင် ကိုရာဇာ ကိုသွားတွေ့ပါလို့ မှာလိုက်ပါတယ်။ ဆရာ IWP တက်တုန်းက ကိုရာဇာတို့အိမ်မှာ မြန်မာအစားအသောက်တွေ မကြာခဏ သွားစားဖြစ်တယ်လို့ ပြောပါတယ်။ နေဘုန်းလတ် ရောက်လာတဲ့အခါ ကျွန်မနဲ့ နေဘုန်းလတ်တို့ဟာ ကိုရာဇာ ကို ဆက်သွယ်ကြပါတယ်။ ကိုရာဇာနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသားလေးတွေဟာ အလွန် သဘောကောင်း ဖော်ရွေကြပါတယ်။ သူတို့ဟာ အိုင်အိုဝါမြို့မှာ နေထိုင်ကြတဲ့ တစ်ခုတည်းသော မြန်မာမိသားစုလည်း ဖြစ်ကြပါတယ်။ အိုင်အိုဝါမြို့ကို နှစ်တိုင်းလာမယ့် မြန်မာစာရေးဆရာတွေကို သူတို့က မျှော်နေကြတာပါ။ သူတို့က ကျွန်မတို့ကို ထမင်းပေါင်းအိုးတစ်အိုးနဲ့ ဆန်တစ်အိတ် ပေးပါတယ်။  သူတို့အိမ်မှာ ထမင်းဟင်း လာစားဖို့၊ လာချက်ဖို့လည်း အမြဲဖိတ်ခေါ်ပါတယ်။ အပြင်မှာလည်း လိုက်ကျွေးပါသေးတယ်။
(ကိုရာဇာရဲ့ အိမ်မှာ သူ့ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ညနေစာစားပြီး အမှတ်တရ)
 သူတို့ပေးထားတဲ့ ထမင်းပေါင်းအိုးနဲ့ ကျွန်မအခန်းမှာ ထမင်းချက်စားဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဗ် မီးဖိုထဲမှာ တချို့ဟင်းလေးတွေ ကြံဖန်ချက်ပြီး နေဘုန်းလတ်နဲ့ ခွဲဝေစားဖြစ်ကြပါတယ်။ အိုင်အိုဝါ မြို့ထဲမှာလည်း တရုတ်စားသောက်ဆိုင်၊ အိန္ဒိယစားသောက်ဆိုင် အနည်းငယ်ရှိပါတယ်။ အာရှအစားအသောက် စားချင်တဲ့အခါ တချို့ရက်တွေမှာ အဲဒီဆိုင်တွေမှာ သွားဝယ်စားဖြစ်ပါတယ်။ အိုင်အိုဝါနယ်သားတွေကလည်း ဖော်ရွေကြပါတယ်။ ကျွန်မတို့ကို ဖိတ်ခေါ်ကျွေးမွေးတဲ့ မြို့ခံတွေအကြောင်းကို နောက်တော့ ဆက်ပြောပြပါဦးမယ်။ 

ကျွန်မက လျှပ်စစ်ရေနွေးအိုးတစ်လုံးကိုလည်း ဝယ်ထားပါတယ်။ ရေနွေးကြိုဖို့နဲ့ ကြက်ဥပြုတ်စားဖို့ပါ။ ဟိုတယ်ခန်းထဲမှာကတော့ ကော်ဖီဖျော်စက်ပဲ ပေးထားပါတယ်။ ဖိလစ်ပိုင်စာရေးဆရာမ ဂျန် ဟာ ကြက်ဥပြုတ်ချင်ရင် ကျွန်မအခန်းကို လာပြုတ်ပါတယ်။ အီရတ်က ဂူလာလာ ကတော့ ကျွန်မတို့ချက်လေ့ရှိတဲ့ သီးစုံကုလားဟင်းဆန်ဆန် အသီးအရွက်မျိုးစုံပါတဲ့ အီရတ်အစားအစာကို သူ့အခန်းမှာ မိုက်ကရိုဝေ့ဗ် မီးဖိုနဲ့ ချက်တဲ့အခါ ကျွန်မကို ခေါ်ကျွေးပါတယ်။ ဟင်းထဲမှာ ထမင်းကိုပါ ထည့်ချက်တာပါ။ အီရတ်ရဲ့ ပဲနီလေးဟင်းချို ချက်ပုံကတော့ ကျွန်မတို့ဆီမှာ ချက်တာနဲ့ အတော်တူပါတယ်။ 

ကျွန်မက မုန့်ဟင်းခါး ဟင်းရည်အခြောက် တစ်ထုပ် ပါသွားခဲ့တယ်။ ဗီယက်နမ်က လာတဲ့ ကြာဇံတစ်မျိုးက ပြုတ်လိုက်ရင် မုန့်ဟင်းခါးဖတ်နဲ့တူတယ်လို့ ကိုရာဇာတို့က ညွှန်းတာနဲ့ အဲဒီကြာဇံခြောက်ကို ဝယ်ပြုတ်ပြီး နေဘုန်းလတ်၊ ဂူလာလာတို့နဲ့အတူ မုန့်ဟင်းခါး ချက်စားဖြစ်ပါသေးတယ်။ တခါတရံမှာ ကြက်ဥကိုမွှေပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဆား၊ ငရုပ်သီးစိမ်းနည်းနည်း၊ ဆီနည်းနည်းထည့်ပြီး မိုက်ကရိုဝေ့ဗ် မီးဖိုထဲကို တစ်မိနစ်လောက် ထည့်၊ Omelet ကြက်ဥမွှေကြော် လုပ်ပြီး ကျွန်မနဲ့ နေဘုန်းလတ်တို့ ဟိုတယ်က မနက်စာခန်းထဲမှာ စားကြတဲ့အခါ ကိုရီးယားစာရေးဆရာ ဟေးအီစူးနဲ့ အာဖဂန်နစ္စတန် စာရေးဆရာ မိုဟစ်တို့က လာမြည်းကြည့်ကြပြီး အလွန်နှစ်သက်ကြလို့ သူတို့အတွက်လည်း ထပ်ချက်ကျွေးခဲ့ရပါသေးတယ်။

အချိန်ကြာလာတဲ့အခါ စာရေးဆရာတွေဟာ ကိုယ့်ဒေသက အစားအသောက်တွေကို လွမ်းလာကြပါတယ်။ ကျွန်မတို့ဟာ အားလပ်တဲ့အချိန်တွေမှာ သူ့နိုင်ငံ ကိုယ့်နိုင်ငံက အစားအသောက်တွေအကြောင်းကို ပြောဖြစ်ကြပါတယ်။ စင်ကာပူက စတက်ဖနီနဲ့ကတော့ ကျွန်မတို့နှစ်ယောက်လုံး ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ စင်ကာပူ အစားအသောက်တွေအကြောင်း ပြောဖြစ်ကြပါတယ်။ အိမ်နဲ့ဝေးရာမှာ အစားအသောက်ဟာလည်း မိတ်ဆွေတွေကြားက ခင်မင်ရင်းနှီးမှုကို တိုးပွားစေပါတယ်။

၁၀။ “ယနေ့ကမ္ဘာ့စာပေ” ဆွေးနွေးပွဲအစီအစဉ်

ယနေ့ကမ္ဘာ့စာပေ (International Literature Today) ဟာ IWP စာရေးဆရာတွေအားလုံး မဖြစ်မနေ ပါဝင်ဆွေးနွေးပေးရတဲ့ အစီအစဉ်တစ်ခုပါ။ ဒီအစီအစဉ်ကို အိုင်အိုဝါ တက္ကသိုလ်ရဲ့ ဘွဲ့ကြိုတန်း စာသင်ခန်း တစ်ခန်းမှာ တစ်ပတ်တစ်ကြိမ် ကျင်းပပြီး ဆွေးနွေးမှုတစ်ခုမှာ စာရေးဆရာ ၃ ယောက်ကနေ ၄ ယောက်အထိ ပါဝင်ကြပါတယ်။ ဆွေးနွေးဖို့ အလှည့်ကျသူတွေသာမက အခြား IWP စာရေးဆရာတွေပါ တက်ရောက်နားထောင်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ စာရေးဆရာတွေဟာ သူတို့နိုင်ငံက စာပေမြင်ကွင်းကို မိနစ် ၂၀ လောက် အကျဉ်းချုံး ပြောပြတတ်ကြပါတယ်။ နိုင်ငံရဲ့ စာပေမြင်ကွင်းတွေထဲမှာ ဘာသာပြန်စာပေ၊ စာပေစိစစ်ရေး၊ အမျိုးသမီးကဏ္ဍ၊ တိုင်းရင်းသားစာပေ၊ စာပေတိုးတက်ပုံသမိုင်း အစရှိတဲ့ အကြောင်းအရာတွေ ပါဝင်လေ့ရှိကြပါတယ်။ အိုင်အိုဝါကျောင်းသားတွေဟာ စာရေးဆရာရဲ့ လက်ရာတွေကို ကြိုဖတ်ထားကြပြီး မိနစ် ၂၀ စာလောက် မေးခွန်းတွေ မေးမြန်းလေ့ရှိကြပါတယ်။ 

စက်တင်ဘာ ၁၀ ရက်နေ့မှာ ကျွန်မနဲ့အတူ ဆွေးနွေးမယ့် စာရေးဆရာတွေကတော့ ပါကစ္စတန်က ဘီလယ် တန်ဝီရာ (Bilal Tanweer) နဲ့ ဖိလစ်ပိုင်က ဂျန်နီဗီး အာစန်ဂျို (Genevieve Asenjo) တို့ဖြစ်ပါတယ်။ ကျွန်မက နောက်ဆုံး ဆွေးနွေးရသူပါ။ ဒီဆွေးနွေးပွဲမတိုင်မီက IWP ရဲ့ အကြံပေးတစ်ဦး ဖြစ်ပြီး အင်္ဂလိပ်စာဌာနက ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ပီတာ နဇာရက် (Peter Nazareth)နဲ့ စကားပြောဖြစ်ကြတဲ့အခါ သူက မြန်မာနိုင်ငံက ကဗျာတွေ ပြောင်းလဲလာပုံ အကြောင်းကို သိချင်တယ်လို့ ပြောပါတယ်။ ကျွန်မက ဒီကိုမလာခင်ကတည်းက မြန်မာကဗျာအကြောင်းကို ပြောမယ်လို့ ကြံရွယ်ပြီး ကဗျာနဲ့ပတ်သက်တဲ့ စာအုပ်စာတန်းတချို့ကို ဖတ်ရှုပြင်ဆင်လာခဲ့ပါတယ်။ လတ်တလော ကိုးကား စာအုပ်တွေထဲမှာ ဆရာသစ္စာနီပေးလိုက်တဲ့ “မော်ဒန်ရှင်းတန်း နှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု” စာအုပ်၊ ကိုမိုးဝေး ဆီက ကော်ပီဆွဲလာတဲ့ “ဆရာမျိုးသန့်ရဲ့ မဂ္ဂဇင်းဆောင်းပါး စုစည်းမှုတွေ”၊ ဆရာဇေယျာလင်းရဲ့ “ဖြစ်နိုင်ခြေရှိသော ခေတ်ပြိုင်မြန်မာကဗျာ အလားအလာများ”နဲ့ အခြား စာအုပ်တွေ ပါဝင်ပါတယ်။

မြန်မာ့ရိုးရာ ကဗျာတွေအကြောင်းကိုတော့ အကျဉ်းချုံးပဲ ပြောပြလိုက်ပြီး ခေတ်စမ်းစာပေနဲ့ နောက်ပိုင်းခေတ်တွေက မြန်မာကဗျာ ပြောင်းလဲလာပုံနဲ့ နိုင်ငံရေး လူမှုရေး သမိုင်းနောက်ခံတွေကို ပါဝါပွိုင့် စလိုက်ရှိုးနဲ့ မိနစ် ၂၀ ကျော်စာ ရှင်းလင်းပြောပြခဲ့ပါတယ်။ ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်ကတော့ ခရီးသွားနေလို့  အဲဒီနေ့က မရှိပါဘူး။ နာတာရှာနဲ့ ကျောင်းသားတွေကပဲ ပြန်ဆွေးနွေးကြပါတယ်။ ဒီအတန်းမှာလည်း နာတာရှာက ကျွန်မရဲ့ နာမည်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို မြန်မာစာလုံးနဲ့ ရေးပြခိုင်းပါတယ်။ ဒီအတန်းက ကျောင်းသားတွေကတော့ စီနီယာတွေဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသေအချာ ကြားဖူးကြပါတယ်။ ပြီးတော့ နာတာရှာက ကျောင်းသား တချို့ရဲ့ မေးခွန်းတွေကို မေးပေးပါတယ်။ မြန်မာနိုင်ငံရဲ့ စာပေ လွတ်လပ်မှုအခြေအနေနဲ့ ပတ်သက်တဲ့ မေးခွန်းတချိုနဲ့ ကျွန်မရဲ့ ကလောင်နာမည်ကို ဘယ်လို ယူဖြစ်တယ် ဆိုတဲ့အကြောင်းကို ပြန်ဖြေဖြစ်ခဲ့ပါတယ်။
(ယနေ့ကမ္ဘာ့စာပေ ဆွေးနွေးပွဲမှာ ရှင်းလင်းပြောပြနေစဉ်)
 ဆွေးနွေးပွဲမှာ အချိန်မရလို့ မမေးလိုက်ရတဲ့ မေးခွန်းတွေကို နောက်တစ်နေ့မှာတော့ ကျွန်မဆီကို IWP ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မေရီ  (Mary Nazareth )က ယူလာပေးပါတယ်။ (မေရီဟာ အင်မတန် ကြင်နာတတ်ပြီး မိခင်ဆန်သူပါ။ သူက ပီတာရဲ့ ဇနီးပါ။ သူ့ရဲ့ တာဝန်ကတော့ ကျွန်မတို့တွေကို ဟိုတယ်မှာ နေရေးထိုင်ရေး စီမံပေးဖို့၊ စားစရိတ် ထုတ်ပေးဖို့နဲ့ အခြား လိုအပ်တာမှန်သမျှကို ကူညီပေးဖို့ပါ။) “မေးခွန်းတချို့က ငါတို့ကျောင်းသားတွေ ဘယ်လောက် မသိနားမလည်လဲဆိုတာကို ဖော်ပြနေလို့ ရှက်မိပါတယ်။ ဒါပေမယ့် မင်းသိစေဖို့ ယူလာပေးတာပါ” လို့ မေရီကပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက မမေးဖြစ်ခဲ့တဲ့ မေးခွန်းအားလုံးကို သေသေချာချာ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးပေါင်း ၃၃ခု ရှိပါတယ်။ တချို့ကတော့ မြန်မာ့စာပေ မြန်မာ့ကဗျာနဲ့ ပတ်သက်လို့ ယေဘုယျမေးထားပါတယ်။ တချို့ကတော့ ကျွန်မရဲ့ ကဗျာတွေနဲ့ ပတ်သက်လို့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် မေးထားပါတယ်။ မေရီက နှိမ့်နှိမ့်ချချလေး ပြောပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းကောင်းတွေကိုလည်း ကျွန်မက သတိထားမိပါတယ်။ အဲဒီထဲက တချို့ကို ဘာသာပြန်ပြီး ဖော်ပြလိုက်ပါတယ်။

  • ·         မြန်မာနိုင်ငံ စစ်အစိုးရလက်ထက်မှာ စာရေးဆရာတွေ အနုပညာရှင်တွေအတွက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရပါသလဲ။
  • ·         ပန်ဒိုရာရဲ့ “လူပြိန်းများမြို့ကိုသိမ်းပိုက်စဉ်” (ဘာသာပြန်) မှာ အဖြတ်အတောက် (punctuation) တွေ အသုံးပြုတာ မတွေ့ရပါဘူး။ နာမည်တွေလောက်ပဲ စာလုံးအကြီးနဲ့ ရေးထားတာမျိုး တွေ့ရပါတယ်။ ဘာဖြစ်လို့ ဒီလို ရေးဖို့ စဉ်းစားတာလဲ။ တကယ်လို့ သဒ္ဒါထုံးအတိုင်း အဖြတ်အတောက်တွေသုံးရင် ကဗျာဟာ ဘယ်လို ခြားနားသွားပါမလဲ။
  • ·         ပန်ဒိုရာရဲ့ ကဗျာတွေမှာ လုံးဝ မြို့ပြနောက်ခံ ဒါမှမဟုတ် တောရိုင်းနောက်ခံကို တွေ့ရတယ်။ အဲဒီလို လုံးလုံးလျားလျား ဆန့်ကျင်ကွာခြားနေတဲ့ နောက်ခံအခင်းအကျင်း (setting) က စာရေးသူအတွက် ဘယ်လို အရေးပါပါသလဲ။
  • ·         ပန်ဒိုရာရဲ့ ကဗျာတွေထဲမှာ အကြမ်းပတမ်း (violent) ဖြစ်တဲ့ သင်္ကေတတွေ တွေ့ရတယ်။ ဥပမာ လက်ဖြောင့်တပ်သား၊ ကျား စတဲ့ စကားလုံးတွေ။ ဘာဖြစ်လို့ အဲဒီစကားလုံးတွေကို ကဗျာတွေထဲမှာ မကြာခဏ ဆက်တွေ့နေရတာလဲ။
  • ·         ဒီနေ့အတန်းထဲမှာ လေ့လာရတဲ့ ပန်ဒိုရာရဲ့ စာတွေထဲမှာ၊ အထူးသဖြင့် “လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်” ကဗျာမှာ ပို့စ်မော်ဒန် စာပေရဲ့ လွှမ်းမိုးမှုအတိုင်းအတာ ဘယ်လောက်အထိရှိပါသလဲ။ ဒါမှမဟုတ် ပို့စ်မော်ဒန်နဲ့ ဘယ်လို ပတ်သက်ပါသလဲ။ စာရေးသူရဲ့ ပို့စ်မော်ဒန်အပေါ် နားလည်မှု ဒါမှမဟုတ် ပို့စ်မော်ဒန် ရေးသားမှုစတိုင်အပေါ် စုံစမ်းလေ့လာထားမှုကို သိချင်ပါတယ်။ လူပြိန်းများ ကဗျာထဲက ပို့စ်မော်ဒန် အရာဝတ္ထုတွေဖြစ်တဲ့ မာရီလင်မွန်ရိုးနဲ့ မိုက်ကယ်ဂျက်ဆင်တို့လို အမေရိကန် ပေါ်ပြူလာကာလချာကို သတိထားမိပါတယ်။ စကားလုံးတစ်လုံးဖြစ်တဲ့ လူပြိန်းကို ထပ်ခါထပ်ခါ သုံးထားတာမျိုးတွေဟာ ပို့စ်မော်ဒန် အရေးအသားအများအပြားမှာ တွေ့ရတဲ့ ချဲ့ကားတွန်းတိုက် ရေးထားပုံမျိုး ဖြစ်နေပါတယ်။ အဲဒီလိုပါပဲ ဟစ်တလာ နဲ့ ချေဂွေဗားရား ကဗျာမှာဆိုရင်လည်း ပို့စ်မော်ဒန်ဝတ္ထုအများအပြားမှာ ရေးလေ့ရှိသလို သမိုင်းနောက်ခံကို ထင်ဟပ်ရေးတာမျိုးတွေ့ရပါတယ်။ ဥပမာ ဒွန် ဒီလီလို (Don DeLillo) ရဲ့ Libra ဝတ္ထုမှာလိုမျိုးပါ။ ပို့စ်မော်ဒန် ဝတ္ထုတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ကြသလား ဆိုတာကို ကျွန်တော်မသိပါဘူး။ တစ်နည်းအားဖြင့်လည်း တကယ်လို့ စာရေးသူဟာ ပို့စ်မော်ဒန် အနုပညာနည်းလမ်းတွေကို တမင်တကာ အသုံးချထားခဲ့ခြင်း မရှိခဲ့ဘူးဆိုရင် တခြား ဘယ်စာရေးဆရာတွေနဲ့ ဘယ်လိုရေးဟန်တွေက လွှမ်းမိုးမှုရှိပါသလဲ။ အဲဒီလို ကိုယ့်ကိုလွှမ်းမိုးသူတွေက မြန်မာနိုင်ငံကလူတွေ ဟုတ်ကြပါသလား။ ကျွန်တော်က မြန်မာနိုင်ငံက တီထွင်ဖန်တီးမှု စာပေရေးသားခြင်း အကြောင်းကို လုံးဝ မသိပါဘူး။ ဒါကြောင့် အဲဒီက စာပေအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သိချင်ပါတယ်။
အဲဒီလို မေးခွန်းတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတွေကို ပြန်ဖြေဖို့အတွက် ကျွန်မမှာ အချိန်မရခဲ့ပါဘူး။ အပြင်မှာ တွေ့ကြတဲ့အခါ မေးချင်တာ မေးလို့ရပါတယ် လို့တော့ စာသင်ခန်းထဲမှာ ပြောခဲ့ပါတယ်။ 
(မေးခွန်းတချို့)
 (ဆွေးနွေးပွဲအပြီးမှာ နာတာရှာက ဆွေးနွေးသွားတဲ့  IWP စာရေးဆရာတွေကို ထပ်ပြီး မေးခွန်းမေးချင်တာ၊ အင်တာဗျုးချင်တာရှိရင် သူကနေတစ်ဆင့် ခွင့်တောင်းဆက်သွယ်ပြီး စာတမ်းတစ်ခု ပြန်ရေးတင်ဖို့ ကျောင်းသားတွေကို အိမ်စာပေးခဲ့ပါတယ်။ ကျောင်းသူလေးတစ်ယောက်က ကျွန်မကို ဆက်သွယ်လာပါတယ်။ သူနဲ့ တစ်ရက်ချိန်းပြီး အမေးအဖြေလုပ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စာရေးသားခြင်းနဲ့ ဘဝဖြတ်သန်းမှု အကြောင်းကို သူက စာတမ်းငယ်တစ်စောင် ရေးခဲ့ပါတယ်။) 


ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)

၂၀၁၃ မေလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  



အပိုင်း (၁) သို့  
အပိုင်း(၂) သို့

မှိုင်းပြာသော မီးခိုးကန့်လန့်ကာကြီး နောက်တွင်

$
0
0



မှိုင်းပြာသော မီးခိုးကန့်လန့်ကာကြီး နောက်တွင်

“ဆင်းရဲသားတွေနဲ့ နေရအောင်  ကျွန်တော်လာပါတယ်”
“ဆင်းရဲသားတွေကို တွေ့ဖို့ မခက်ပါဘူး၊ နေရာတကာမှာ ရှိပါတယ်”
လိမ္မော်သီးပုံကြီးတွေ၊ ဖိနပ်ပုံတွေ၊ ဘီးတွေ၊ ကတ်ကြေးတွေ၊ သော့ခလောက်တွေ၊ မျက်မှန်တွေ၊ လက်ကိုင်အိတ်တွေ၊ ခြုံစောင်ကြီးတွေ၊ ဆာရီတွေ၊ ဒိုတီတွေ၊ သတင်းစာတွေ၊ ထို့နောက် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တွေ..
လော်ရီကားများ၊ တက္ကစီကားများ၊ ဘတ်စ်ကားများ၊ လက်တွန်းလှည်းများ၊ စက်တပ်စက်ဘီးများ၊ လန်ချားများ၊ မြင်းရထားများ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများ…
ဆိုက်ကားဟွန်းသံ၊ ဘက်ထရီဟွန်းများ နှိပ်သံ၊ စက်သံ၊ မော်တော်ကားများမှ လေဟွန်းသံ၊ လှည်းများမှ ခလောက်သံ၊ မြင်းရထားများမှ ချူသံ၊ လောက်စပီကာများမှ အသံ…
ကြေးနီ၊ မဂ္ဂနီစီယမ်၊ ကရိုမီယန်၊ အက်စဘက်စတော့၊ ဘောဇိုက်၊ ဂရဖိုက် စသည်တို့အပြင် ဟိမဝန္တာမှ အဖိုးတန်သစ်များ၊ အာသံပြည်နယ်နှင့် ဒါဂျီလင်မှ လက်ဖက်ခြောက်နှင့် ကမ္ဘာ့ဂုန်လျှော်အထွက်၏ ငါးဆယ်ရာခိုင်နှုန်း…..
ဘင်္ဂလားမှ ဂျုံစပါးနှင့် သကြား၊ ဘီဟာနယ်မှ ဟင်းသီးဟင်းရွက်များ၊ အိန္ဒိယပြည်နယ်မှ သစ်သီးများ၊ ဘင်္ဂလားဒက်ရှ်မှ ကြက်နှင့် ကြက်ဥများ၊ အန္တရာနယ်မှ အသားများ၊ သြရိယနယ်မှ ငါးများ၊ ဆန္ဒာပန်နယ်မှ ခရုများနှင့် ပျားရည်များ၊ ပတ္တနားနယ်မှ ဆေးရွက်ကြီးနှင့် ကွမ်းများ၊ နီပေါမှ ဒိန်ခဲများ…
ထောင်ပေါင်းများစွာသော၊ သန်းပေါင်းများစွာသော လူများသည် ပန်းခြံများ၊ လမ်းမကြီးများ၊ လမ်းများ၊ လမ်းသွယ်များတွင် နေ့ရော ညပါ….. ပလက်ဖောင်းများပေါ်တွင် ဈေးသည်များ၊ အထမ်းသည်များ၊ အိုးမဲ့အိမ်မဲ့များ၊ အမှိုက်ပုံများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဈေးဆိုင်ကြီးများ၊ နတ်ကွန်းများ၊ ဘုရားကျောင်းငယ်များ….
မိန်းမတွေ၊ ယောင်္ကျားတွေ၊ ကလေးတွေ၊ တိရစ္ဆာန်တွေနှင့် လုံးထွေးနေသော သည်နေရာ… ရွှံ့တွေ၊ အညစ်အကြေးပုံတွေ၊ မြောင်းပုပ်တွေ၊ ကန်နံ့နှင့် အနံ့အသက်ပေါင်းစုံတွေ၊ အသံဗလံမျိုးစုံတွေ၊ အော်သံတွေ၊ ငိုသံတွေ၊ တဒိုင်းဒိုင်းထုသံတွေ၊ တဂျုန်းဂျုန်းမြည်သံတွေ၊ အသံချဲ့စက်အသံတွေ၊..
အမွှေးတိုင်တချို့ရယ်၊ ဂီးထောပတ် တစ်အိုးရယ်၊ အလောင်းပတ်ဖို့ ဖျဉ်စ ငါးကိုက်ရယ်၊ ကြိုးရယ်၊ စံပယ်ပန်းကုံး နှစ်ကုံးရယ်၊ ဂင်္ဂါမြစ်ထဲက ရေကိုခတ်ပြီး သူ့ပါးစပ်ထဲနဲ့ သူ့ခေါင်းကို လောင်းပေးဖို့ ရေထည့်တဲ့ မြေအိုးတစ်လုံးရယ်….
နှလုံးရောဂါ၊ မေးခိုင်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ တိုက်ဖက်စ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကူးစက်တတ်သောရောဂါ စသည့် အသည်းအသန်ဖြစ်သော လူနာများ၊ မီးလောင်သည့်လူနာ၊ ခြေလက်တို့ကို ဖြတ်ထားရသည့်လူနာ၊ ထိခိုက်ဒဏ်ရာရသည့် လူနာ…
သစ်သီး၊ ပန်းခိုင်၊ ပေါင်ဒါ၊ ရတနာအတု၊ ရေမွှေး၊ လှူဖွယ်ပစ္စည်းမျိုးစုံ၊ ရွှေရည်စိမ်ကြေးအိုး၊ ကစားစရာ၊ ငါးအရှင်နှင့် လှောင်အိမ်ထည့်သည့် ငှက်များ…
ခြေချောင်းတွင် စွပ်သည့် ခြေစွပ်ကလေးတစ်စုံ၊ နားဆွဲတစ်ရံ၊ နှာခေါင်းတွင် မြုပ်ရန် ဥဿဖရားကျောက်တစ်လုံး၊ ပယင်းဆွဲကြိုး တစ်ကုံးနှင့် သတို့သမီးများ ဝတ်လေ့ရှိသည့် မကိုဋ်တစ်ခု….. ထိုပစ္စည်းများအပြင် ဆာရီတစ်ထည်…. စပ်ပြားချဉ်နှစ်ထုပ်နှင့် ပါးဆိုးဆေးနှစ်ဘူး….
ကိုယ်ရေပြားရောဂါသည်များအတွက် ဆာလ်ဖာဆေးပြားအနည်းငယ်၊ အဆုပ်ရောဂါသည်များအတွက် ရိုင်ဖိုမီဆိုင်း ဆေးပြားများ၊ ငှက်ဖျားရောဂါသည်များအတွက် ကွီနိုင်ဆေးပြားများ၊ အရေပြားရောဂါများအတွက် လိမ်းဆေးဘူး အနည်းငယ်နှင့် အလွန်အမင်း အာဟာရ ချို့တဲ့နေသော ကလေးငယ်များကို ဝေငှရန်အတွက် ဗီတာမင် ဆေးပြားအချို့…..
ကြွက်ကလေး၊ ကြွက်ကြီး၊ ကြွက်ဝ၊ ကြွက်ပိန်၊ အမြီးကြီးတွေ တစ်ပေလောက်ရှိသည့် ကြွက်ထီးကြီးတွေ၊ တကျွီကျွီအော်နေသည့် ကြွက်ပေါက်စကလေးတွေ..
ရာပေါင်းများစွာသော ဦးခေါင်းခွံများ၊ ကျောရိုးများ၊ လည်ပင်းရိုးများ၊ လက်ဖျံရိုးများ နှင့် ခြေထောက်ရိုးများ၊ တင်ပါးဆုံရိုးကြီးများနှင့် ဒူးခေါင်းရိုးများ၊ လည်ပင်းနားမှ လူပုံသဏ္ဌာန် အရိုးများ…
ပုလင်းများ၊ ထမင်းအိုးကွဲ ဟင်းအိုးကွဲများ၊ ပန်းကန်ကွဲများ၊ ကျိုးပဲ့နေသော အသုံးအဆောင်များ၊ အုတ်ကြွပ်ကျိုးများ၊ သွားတိုက်ဆေးဘူးဟောင်းများ၊ အားကုန်နေသည့် ဘက်ထရီအိုးများ၊ သံဘူးခွံများ၊ ပလတ်စတစ် ဖိနပ်စုတ်များ၊ အဝတ်စုတ်များ နှင့် စက္ကူစုတ်များ …..
ဆေးရုံများ၊ အလှူခံဌာနများ၊ လေဘေးဒုက္ခသည် စခန်းများ၊ ကျန်းမာရေးဌာနများ၊ ကလပ်များ၊ ပလီများ၊ ဆေးပေးခန်းများ သို့ အပြေးအလွှားရောက်လာကြကာ စောင်တစ်ထည်၊ အဝတ်တစ်ခု၊ ဖယောင်းတစ်တိုင်၊ ဆန်တစ်ဘူး၊ ဆီတစ်ဇွန်း၊ သကြားတစ်ခဲ၊ ရေနံဆီတစ်ပုလင်း၊ မီးထည့်သည့် နွားချေးတစ်ခဲ….
“ဒါပေမယ့် ခက်တာက သပိတ်မှောက်တယ်ဆိုတာ လူဆင်းရဲတွေ လုပ်တဲ့အလုပ်မဟုတ်ဘူးဗျ၊ လူချမ်းသာတွေမှ လုပ်နိုင်တာ”
“သူသာ ရာမယဏကို ရွတ်ရင် ကျွန်တော်တို့ နေ့မှန်းညမှန်းတောင် မသိချင်တော့ဘူး။ အဲဒီထဲမှာ ပါသလို တောတွေ၊ တောင်တွေ၊ ပင်လယ်တွေ၊ အင်းအိုင်တွေပေါ်ကို ဖြတ်သန်းနေသလားလို့ ထင်နေမိတယ်”




(အထက်ပါစာသားတွေ အားလုံးဟာ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “သုခမြို့တော်”မှာ ပါတဲ့ နာမ်စကားလုံး အစုအဝေးတွေနဲ့ စကားပြောအချို့ကို ပြန်ရေးထားတာဖြစ်ပါတယ်။ ခေါင်းစဉ်ကလည်း ဝတ္ထုထဲက စာသားပဲဖြစ်ပါတယ်။)

ပန်ဒိုရာ
၁၇.၆.၂၀၁၃

ဆွမ်းဆန်နဲ့ ကြွက်ချေး ကိစ္စ

$
0
0


ဆွမ်းဆန်နဲ့ ကြွက်ချေး ကိစ္စ

တင်ပြချက်
ဆွမ်းဆန် xxxxxxx….  ကြွက်ချေး xxxxxxxx….

နားလည်မှု (က) - ဆွမ်းဆန်ဟာ ကြွက်ချေးဖြစ်တယ်
နားလည်မှု (ခ) - ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်

ဖြေရှင်းပုံ
၁။       ဆွမ်းဆန်ထဲ ကြွက်ချေး မရောဘူး။ ဆွမ်းဆန်ဟာ ကြွက်ချေးဖြစ်တယ် လို့ ပြောတာ မမျှတဘူး။
၂။       ဆွမ်းဆန်ထဲ ကြွက်ချေး မရောဘူး။ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ် လို့ ပြောတာ မမျှတဘူး။
၃။       ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်။ ဒါပေမယ့် ဆွမ်းဆန်ဟာ ကြွက်ချေးဖြစ်တယ် လို့ ပြောတာ မမျှတဘူး။
၎။       ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်။ ဒါကြောင့် ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ် လို့ ပြောတာ မျှတတယ်။
၅။       ဆွမ်းဆန်ဟာ ကြွက်ချေးမဖြစ်ဘူး။
၆။       ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်။
၇။       ဆွမ်းဆန်ထဲ ကြွက်ချေးမရောဘူး။
၈။       ကြွက်ချေး (လို့ပြောတဲ့အရာ) ဟာ ကြွက်ချေးမဟုတ်ဘူး/ဟုတ်တယ်။
၉။       ဆွမ်းဆန် (လို့ပြောတဲ့အရာ) ဟာ ဆွမ်းဆန်မဟုတ်ဘူး/ဟုတ်တယ်။
၁၀။     ကြွက်ချေးရဲ့ အဓိပ္ပာယ်
၁၁။     ဆွမ်းဆန်ရဲ့ အဓိပ္ပာယ်
၁၂။     ရောခြင်းရဲ့ အဓိပ္ပာယ်
၁၃။     ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်
၁၄။     ဘာသာစကားရဲ့ အဓိပ္ပာယ်
၁၅။     နားလည်မှုဟာ မှန်/မမှန်
၁၆။     ဖြစ်စဉ်ဟာ မှန်/မမှန်
၁၇။     ဖြေရှင်းပုံဟာ မှန်/မမှန်

နောက်ဆက်တွဲ
ဆွမ်းဆန်ထဲ ကြွက်ချေး ရော မနေလျှင်
နားလည်မှု (က) ရော (ခ) ပါ လက်မခံနိုင်

ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေလျှင်
နားလည်မှု (က) ကို လက်မခံနိုင်
နားလည်မှု (ခ) ကို လက်ခံနိုင်
ထို့အပြင် စဉ်းစားရန်
ဆွမ်းဆန်ထဲ ကြွက်ချေး ဘယ်သူ/ဘယ်လို ထည့်ထားသလဲ
သို့မဟုတ်
ကြွက်ကို ဘယ်သူ/ဘယ်လို လွှတ်လိုက်သလဲ
ပြီးတော့
ကြွက်ချေး ဘယ်လောက် ရောနေသလဲ
ကြွက်ချေးကို ဘယ်သူ/ဘယ်လို ဖယ်မလဲ
ဆွမ်းဆန်ကို ဘာဆက်လုပ်မလဲ

(အကယ်၍
ဆွမ်းဆန်ထဲ အခြားချေးအမျိုးအစားသာ ရောနေခဲ့လျှင်ရော
ဘယ်လို ဖယ်နိုင်မလဲ/ ဖယ်လို့ရနိုင်ဦးမလား
ဥပမာ - ပိုးဟပ်ချေး၊ ကြောင်ချေး)


 ပန်ဒိုရာ
၂၆.၆.၂၀၁၃

ဂျယ်လီငါးဟာ ငါးမဟုတ်ဘူး

$
0
0






ဂျယ်လီငါးဟာ ငါးမဟုတ်ဘူး

ဒါ သက်သက် လုပ်ကြံဖန်တီးထားတာ၊ ငါ့ကို ယုတ္တိရှိရှိ လက်တွေ့ကျကျ ငါးတစ်ကောင်သာ ပြလိုက်စမ်းပါ - ဂျယ်လီငါးဟာ ငါးမဟုတ်သလို ဂျယ်ချင်မှတောင် ဂျယ်မယ် လီချင်မှတောင် လီမယ်   အနည်းဆုံး ဝီကီပိဒိယကတောင် ဒီလိုပြောနေပေါ့

“ဂျယ်လီငါးဟု အမည်တွင်သော်လည်း ဂျယ်လီငါးများသည် ငါးမဟုတ်ပါ။ ဂျယ်လီငါးကို ရေ ၉၅%ဖြင့် ဖွဲ့စည်းထားပါသည်။ ၄င်းတို့တွင် ဦးနှောက်၊ အသည်း၊ ပါးဟက်၊ အရိုး၊ သွေး မပါရှိပေ။” 

ဂျယ်လီငါးရဲ့ အမြီးနဲ့ ရေယက်တွေကို ရေသူမတစ်ကောင်ဟာ နှစ်ရှည်စနစ်နဲ့ ငှားရမ်း သုံးစွဲထားတာ - ဒဏ္ဍာရီတွေ လာမပြောနဲ့ - ဂျယ်လီငါးမှာ ဦးနှောက်မရှိရခြင်းဟာ ယိုယွင်းနေတဲ့ ပညာရေးစနစ်တစ်ခုရဲ့ အကျိုးသက်ရောက်မှုကြောင့်ပါ - ဂါချက်တွေဟာ ယေဘုယျ မဆန်လွန်းဘူးလား - ဒိုင်နိုဆောဟာ ငှက်တွေက ဆင်းသက်တယ် ငှက်တွေဟာ ငါးတွေက ဆင်းသက်တယ် ငါးတွေဟာ ဂျယ်လီငါးက ဆင်းသက်တယ် - တော်ပါပြီ အချဉ်လာမဖမ်းနဲ့ - ဆန္ဒတွေ မစော..ဟော..ဟော ကြပါနဲ့လေ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဂျယ်လီငါးရဲ့ အကြေးခွံတွေ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ် - အယုံသွင်းချင်ရင် မျက်နှာစာအုပ်ထဲ သွားပြော - ဂျယ်လီငါးဟာ သာမန်လူတွေ နားမလည်နိုင်တဲ့ ဖြစ်တည်မှု သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဖောက်ထွက်ငါးတစ်မျိုး ဖြစ်ကြောင်း - တရားသဘောနဲ့ တအားမဖောရှောနဲ့ -  ခေတ်မီသူတိုင်း ဂျယ်လီငါးကို ငါးဟု အတည်ပြုကြသည် - အချင်းချင်း အနီးကပ်ဖိအားတွေ လာမပေးနဲ့ - ဒါဟာ အရင်ဂျယ်လီငါး လက်ထက်က ဖောက်ပြားခဲ့တဲ့ ခန္ဓာဗေဒပါ ယနေ့ခေတ် ဂျယ်လီငါးတွေဟာ ငါးအဖြစ်ကို ပြည့်ပြည့်ဝဝ ခံယူနိုင်ရန် နေ့မအား ညမနားဆိုသလို ကြိုးပမ်းလျက်ရှိပါကြောင်း -   ကိုင်း ငါ့ဦးထုပ်ကိုသာ ငါကိုက်စားလိုက်တော့မယ်  

ဒါက ပိရိသိုသိပ်တဲ့ ကြံစည်နေရာချမှု၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကစားနေတဲ့ပွဲ၊ အလှည့်အပြောင်း များစွာနဲ့ မဟာဗျူဟာ - ဂျယ်လီငါး ဘာလဲ ဘယ်လဲ - ဘာကြီးပဲဖြစ်ဖြစ် ဘူလေးပဲဖြစ်ဖြစ် ငါးအစစ်တွေ ထူထပ်လာတဲ့အခါ ဂျယ်လီငါးတွေ လှုပ်ခတ်လာမှာပဲ ငါးလို့သတ်မှတ်ရင် ပုစွန် ဂဏန်းတောင် လက်ခံတာ မဟုတ်ဘူးဆိုတော့ ငါးလို့ဆိုလိုက်ရင် ငါးကိုဆိုလိုတာပဲ ဖြစ်ရမယ် ဒီတော့ ဂျယ်လီငါးဟာ ရေထဲမှာ နေနိုင်ပါတယ် သို့သော် ငါးမဟုတ်ဘူး ဂျယ်လီငါးဟာ ရေသတ္တဝါတစ်မျိုးပါ သို့သော် ငါးမဟုတ်ဘူး ကုန်ကုန်ပြောမယ် ဂျယ်လီဟာ ဂျယ်ပြီးတော့လီသွားရင်တောင်မှ ဂျယ်လီငါးဟာ ဘယ်တော့မှ ငါးမဟုတ်ဘူး

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂-၃.၆.၂၀၁၃

(ကဗျာလောက - ၃) 



အာဂမိန်းမ (ဘာသာပြန်ကဗျာ)

$
0
0


Poem Hunter website ကို သွားလည်လိုက်တိုင်းမှာ မာယာအန်ဂျလို (Maya Angelou) ရဲ့ အာဂမိန်းမ (Phenomenal Woman) ကဗျာဟာ  top 500 ကဗျာတွေထဲမှာ အမြဲ နံပါတ် ၁ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီကဗျာကို ကျွန်မ ဘာသာပြန်ခဲ့ပြီး ၂၀၁၂ ဧပြီလမှာ ကောင်းကင်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ဒီနေ့ ဂျူလိုင် ၃ ရက်နေ့ဟာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် ဒီကဗျာကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။  

အာဖရိကန် လူမည်း အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မာယာအန်ဂျလိုကို ၁၉၂၈ ခုနှစ်မှာ မစ္စစ္စပီ စိန့်လူးဝစ် မှာ မွေးဖွားခဲ့ပါတယ်။ အခုထိ သက်ရှိထင်ရှား ရှိနေဆဲပါ။ ဣတ္ထိယဝါဒီ လို့ ထင်ရှားတဲ့ မာယာအန်ဂျလိုရဲ့ စာပေလက်ရာတွေကို ထိထိရောက်ရောက် ခံစားနိုင်ဖို့အတွက် သူ့ဘဝရဲ့ အတက်အကျ နောက်ကြောင်းတွေကိုလည်း အနည်းငယ် သိဖို့လိုအပ်ပါတယ်။ သူ အသက် ၃ နှစ်အရွယ်မှာ မိဘတွေဟာ ကွာရှင်းခဲ့ကြပါတယ်။ အာကန်ဆန်မှာ နေထိုင်တဲ့ အဘွားဆီကို ၅ နှစ်ကြာ ပို့ထားခံရပါတယ်။ အဲဒီဒေသမှာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုကို တွေ့ကြုံခဲ့ရပါတယ်။ အာဂမိန်းမ ကဗျာဟာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ သူမရဲ့ အောင်မြင်မှုတစ်ခုကိုလည်း ဖော်ညွှန်းချင်တာလို့လည်း ဆိုကြပါတယ်။ အသက် ၇ နှစ် ၈ နှစ် အရွယ်မှာ သူဟာ သူ့အမေရဲ့ရည်းစားက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာကို ခံခဲ့ရပြီး ၅ နှစ်လောက် စကားမပြောပဲ ဆွံ့အ နေခဲ့ပါတယ်။ အာဂမိန်းမကဗျာဟာ နှုတ်ဆိတ်နေခဲ့ရတဲ့ ကာလတွေအတွက် ပြန်လည် အလျော်အစား ပေးထားတာ လို့လည်း သုံးသပ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံး အာဖရိကန် အမေရိကန် အမျိုးသမီး ကေဘယ်ကား လက်မှတ်ရောင်းသူ ဖြစ်လာခဲ့ပါတယ်။ နောက်တော့ အထက်တန်းကျောင်းမှာ ပြန်တက်နေတုန်း စီနီယာနှစ်မှာ ကိုယ်ဝန်ရပြီး သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ကလေးကို စောင့်ရှောက်ရတဲ့ တစ်ဦးတည်းမိခင် အနေနဲ့ ဘဝမှာ အတော်ရုန်းကန်ခဲ့ရပါတယ်။ စားပွဲထိုး၊ ထမင်းချက် အဖြစ် အသက်မွေးခဲ့ရပါတယ်။

အဲဒီအတောအတွင်းမှာပဲ သူ့ရဲ့ ဝါသနာဗီဇ ဖြစ်တဲ့ ဂီတ၊ အက၊ သရုပ်ဆောင်ခြင်းနဲ့ ကဗျာရေးခြင်းကို အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဂရိ သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်ပြီး ညကပွဲတွေမှာ သီချင်းဆိုခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ကလေးဘဝနာမည်နဲ့ အိမ်ထောင်နာမည်ကို ပေါင်းစပ်ပြီး မာယာအန်ဂျလို ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ်။ အိမ်ထောင်က မတည်မြဲခဲ့ပေမယ့် အဆိုတော်ဘဝ၊ အကမင်းသမီး ဘဝကတော့ ဆက်လက်ခဲ့ပါတယ်။ ၁၉၅၄ ၅၅ ခုနှစ်တွေမှာ ဥရောပကို သရုပ်ဆောင်တင်ဆက်ဖို့ သွားခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး အယ်လဘန်ကို ထုတ်ဝေခဲ့တယ်။ မော်ဒန်အကကို လေ့လာခဲ့တယ်။ စင်မြင့်မှာဖျော်ဖြေတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာပြီး ရုပ်မြင်သံကြားပွဲတွေမှာလည်း တင်ဆက်ခဲ့ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ သူဟာ စာရေးဆရာတစ်ယောက်အဖြစ် အရည်အချင်းတွေကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ စိတ်အားသန်လာပါတယ်။ Harlem Writer’s Guild  ကို ဝင်ရောက်ခဲ့ပြီး နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အာဖရိကမှာ အချိန်တစ်ခုအထိ နေထိုင်ခဲ့ပြီး ဂါနာတက္ကသိုလ်မှာ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တယ်။ အမေရိကကို ပြန်လာတဲ့အခါ ဒေါက်တာ မာတင်လူသာကင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ အာဖရိက က အမျိုးသမီးတွေဘဝ မြှင့်တင်ရေးအတွက် မာယာဟာ အများကြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာလေလေ သူ့ကဗျာတွေဟာလည်း ပိုပြီး အောင်မြင်ကျော်ကြားလာလေလေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အမေရိကန် သမ္မတတွေက မာယာကို အမျိုးမျိုးသော ဂုဏ်ထူးဆောင် သတ်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ မာယာဟာ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းနဲ့ မှတ်တမ်းအစီအစဉ်တွေ အများအပြားကို ရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ ၇ အုပ်အပါအဝင် စာအုပ်ပေါင်း ၃၀ ကျော် ထုတ်ဝေခဲ့ပါတယ်။

မာယာဟာ ဒီကဗျာကို ရိုးရှင်းပြီး နားလည်လွယ်တဲ့ အရေးအသားနဲ့ ရေးခဲ့ပါတယ်။  ဒီကဗျာနဲ့ မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘဝကို ချီးမွမ်းခဲ့တယ်။ စင်ပေါ်ကနေ ပရိသတ်ကို ဖျော်ဖြေ သရုပ်ဆောင်ပြဖို့  အားကောင်းတဲ့ ဇာတ်ဆန်တဲ့ ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကဗျာကို ကြားတဲ့အခါ ကဗျာရေးသူရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုပါ မြင်ယောင်ကြည့်လို့ရပါတယ်။  ချစ်စရာသွယ်သွယ်လျလျ ဖက်ရှင်မော်ဒယ်တွေရဲ့ အပေါ်ယံ အရေပြားတစ်ထောက် အလှအပမျိုး မဟုတ်တဲ့  မိန်းမတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ တကယ့်သက်ရောက်မှု ဟာ ဘာလဲ ဆိုတာ ရှင်းပြခဲ့တယ်။  ဆွဲဆောင်မှုတွေရဲ့ လျှို့ဝှက်ချက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် ဂုဏ်ယူမှု ကို ဒီကဗျာမှာ ရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ ကျိုးကြောင်းမဲ့ ဘဝင်မြင့်တာမျိုးမဟုတ်ဘဲ ဘာကိုမှ ဦးညွှတ်စရာ မလိုအပ်တဲ့ အမျိုးသမီးစစ်စစ်တစ်ယောက်ရဲ့ သဘာဝခွန်အားတွေအတွက် ပျော်ရွှင်ကျေနပ်မှုကို ဒီကဗျာနဲ့ လူအများကို မျှဝေခံစားခဲ့ပါတယ်။

ရည်ညွှန်းကိုးကား
http://en.wikipedia.org/wiki/Maya_Angelou
http://mahmag.org/blog/2011/05/09/review-of-the-poemphenomenal-woman-by-m-badihian/
http://www.skoool.ie/examcentre_sc.asp?id=4754


အာဂမိန်းမ


ကျွန်မရဲ့လျို့ဝှက်ချက်ရှိရာကို မိန်းမချောလေးတွေ သိချင်နေကြ
ကျွန်မက ချစ်စရာလည်းမကောင်း ဖက်ရှင်မော်ဒယ်လိုလည်း အချိုးတကျမဟုတ်
ဒါပေမယ့် ကျွန်မ ပြောပြတိုင်း
သူတို့က လိမ်ညာနေတယ်ပဲ ထင်နေကြ
ကျွန်မပြောပြမယ်
အဲဒါဟာ ကျွန်မလက်မောင်းတွေရဲ့ အလှမ်းအကမ်း
ကျွန်မတင်ပါးဆုံရဲ့ အကျယ်အဝန်း
ကျွန်မရဲ့ ဆင်မယဉ်သာ ခြေလှမ်း
ကျွန်မနှုတ်ခမ်းရဲ့ အကွေးအတွန့်
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

အခန်းတစ်ခန်းထဲ လမ်းလျှောက်ဝင်သွားတယ်
ပူရိသတို့ဘဝင်ခိုက်လောက်အောင်
ခပ်မိုက်မိုက် လျှောက်သွားတယ်
ငနဲသားတွေရပ်နေကြ
ဒူးထောက်ခယ
ကျွန်မအနားကို ဝိုင်းကပ်လာ
ပျားအုံတစ်အုံလိုပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မမျက်ဝန်းတွေထဲက မီး
ကျွန်မသွားတွေရဲ့ ရောင်ပြန်
ကျွန်မခါးတွေရဲ့ အလှုပ်အယမ်း
ပြီးတော့ ကျွန်မခြေထောက်တွေထဲက ပျော်ရွှင်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

ယောင်္ကျားတွေ ကိုယ်တိုင်  သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇျတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

အခုတော့ ရှင်သိပြီ
ဘာကြောင့် ကျွန်မဦးခေါင်းမညွတ်တာ
မအော်ဟစ်တာ ဆွေ့ဆွေ့ခုန်မဖြစ်တာ
စကားကျယ်ကျယ်ကို ပြောစရာမလိုတာ
ကျွန်မဖြတ်လျှောက်သွားတာကို ရှင်မြင်တဲ့အခါ
ရှင်ဂုဏ်ယူသင့်တာပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မ ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
ကျွန်မဆံပင်ရဲ့ အယိမ်းအနွဲ့
ကျွန်မလက်တွေရဲ့ ဖဝါးနုနု
ကျွန်မဂရုစိုက်တာကို လိုအပ်မှု
ဘာကြောင့်လဲဆိုတော့ ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

မာယာအန်ဂျလို

(အမေရိကန် ကဗျာဆရာမ Maya Angelou ၏ Phenomenal Woman ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်ပါသည်။)

သူရဲကောင်းအဲလက်စ်

$
0
0



သူရဲကောင်းအဲလက်စ်


ကျား.. ကျားကြီး… အမျိုးသမီးတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ ရွာထဲကို ကျားတစ်ကောင် ဝင်လာလို့တဲ့။  ကလေးငယ်တွေ အာခေါင်ခြစ်ပြီး အော်ငိုကြတယ်။ တချို့လည်း ဘာမှန်းမသိ သူများငိုသံကြားလို့ လိုက်ငိုကြတယ်။ အားလုံး ကစင့်ကလျား ပြေးလွှားကြ။ ကျားဆိုတာ သွား ပါတယ်။ ကျားကိုက်တယ်ဆိုတာ အပေါက်ကလေးနဲ့ မဟုတ်ဘူး။ နာတာရှည်လည်း မဟုတ်ဘူး။ ကျား ဆိုမှတော့ ကူးစက်ရောဂါလည်း မဟုတ်ဘူး။ လူသူအများဟာ အိမ်ကြီးအိမ်ကောင်းတွေပေါ် သစ်ပင်တွေပေါ် တက်မိတက်ရာ တက်ပြေးကြ။

ကျားက တကယ်တော့ အိမ်ကြိုအိမ်ကြားမှာ တစ်လှမ်းချင်း လှမ်းနေတာ။ သူဟာ အားနည်းကျုံလှီနေပုံ ပေါ်တယ်။ သူ့ရဲ့မျက်နှာမှာ မောပန်းမှု၊ ဆာလောင်မှု၊ နာကျင်မှု၊ ဘာကိုမှ မယုံကြည်နိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု..။

ကျားရဲ့ရှေ့မှောက်ကို ဗြုန်းဆို အရိပ်တခုကျလာတယ်။ အားအင်ပြည့်ဖြိုး ခွန်အားတိုးကာ ပြတ်သားရဲရင့်တဲ့ အကြည့်တွေနဲ့ ကေ-သ-ရာ-ဇာ ခြင်္သေ့။ တစ်ကောင်တည်း.. ဒါပေမယ့် ခြင်္သေ့။ ခြင်္သေ့စစ်စစ်။ ရေမရောဘူး။ မြက်မစားဘူး။ သက်သတ်လွတ်မစားဘူး။ သူက ကျားကို နှစ်ကိုယ်ကြား ပြောလိုက်တယ်။

မင်းဟာ အန္တရာယ်ကောင်ပဲ။ ရွာထဲမှာ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်နေတာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ မင်းကို သုတ်သင်ပစ်ရမယ်

ဗျာ

ကျားက မျက်လုံးကြီးပြူးသွားတယ်။ မေးချင်နေတယ် - နင်ကရော သားရဲတိရိစ္ဆာန် မဟုတ်လို့လား ခြင်္သေ့ရဲ့။  မေးဖို့အချိန်မရလိုက်တဲ့ တိုက်ပွဲက သိပ်မကြာပါဘူး။ မကြာခင်ပဲ ကျားဟာ မြေပေါ်မှာ ဘုန်းဘုန်းလဲကျပြီး သွေးအိုင်ထဲမှာ မလှုပ်မယှက်။

ခြင်္သေ့က အားလုံးကို သဘောကောင်းတဲ့ အပြုံးနဲ့ ပြုံးပြပြီး အေးအေးဆေးဆေး ရပ်နေတော့ လူတွေက အံ့သြသွားကြတယ်။ မရဲတရဲ အနားကပ်လာတယ်။ ကျေးဇူးတင်လိုက်တာ ခြင်္သေ့ကြီးရယ်..။ လူတွေက ပြောတော့ ခေါင်းလေးညိတ်ပြတယ်။ ရပါတယ်ဗျာ.. ဒါက ကျွန်တော့်အတွက် အသေးအဖွဲပါ။ ခြင်္သေ့ဟာ လူတွေနဲ့ သိပ်ယဉ်ပါးနေပုံရတယ်။

ဟာ… ဒါ.. ဒါ.. အဲလက်စ် မဟုတ်လား

ကလေးတစ်ယောက်က ပြောလိုက်တယ်။ အဲလက်စ် အဲလက်စ်…. မဂဒါစကာ ရုပ်ရှင်ထဲက အဲလက်စ်၊ နယူးယောက်မြို့ စင်ထရယ်ပါ့ခ် ပန်းခြံထဲက တိရိစ္ဆာန်ရုံမှာ လူတွေကို ဖျော်ဖြေမှုပေးတဲ့ အဲလက်စ်။ ဟုတ်တာပေါ့ ဒါ အဲလက်စ် အစစ်ပဲ။

အဲလက်စ်ဆိုတာ နှယ်နှယ်ရရမှ မဟုတ်ပဲ။ ဆယ်လစ်ဘရစ်တီပဲ။ ရုပ်ရှင်မင်းသားပဲ။ အခုတော့ ရွာရဲ့ ဟီးရိုးပဲ။ လူတွေဟာ အဲလက်စ်ကို ပျော်ပျော်ရွှင်ရွှင် လက်ဆွဲနှုတ်ဆက်ကြ။ တွဲပြီး ဓာတ်ပုံရိုက်သူကရိုက်။ မကြာမီ အိုးစည်ဗုံမောင်းတွေနဲ့ ထွက်တဲ့လူက ထွက်လာတယ်။ ရွာသားတွေကို သားရဲတိရစ္ဆာန်ရန်ကနေ ကယ်တင်ပေးတဲ့ ယဉ်ပါးတဲ့ခြင်္သေ့ကို ဂုဏ်ပြုအခမ်းအနားတော့ ကျင်းပမှဖြစ်မယ်။ တစ်ယောက်ယောက်က ဆော်သြလိုက်တယ်။   တစ်ယောက်ယောက်က စပွန်ဆာပေးလိုက်တယ်။ တစ်ယောက်ယောက်က အကောင်အထည် ဖော်လိုက်တယ်။ တစ်ယောက်ယောက်မကတွေက နောက်ကလိုက်ပါလာကြတယ်။ ဒီလိုနဲ့ ပွဲတစ်ခုခု ဖြစ်လာတယ်။

အဲလက်စ်ဟာ လည်ဆံမွှေးတွေကို သံလွင်ဆီလိမ်း သပ်သပ်ရပ်ရပ် ဖြီးသင်ပြီးတော့ ဂုဏ်ပြုခံဖို့ မတ်တတ်လေး ရပ်စောင့်နေပါတယ်။ သူ့ဘေးတဖက်တချက်ကို ညိုဝါရောင်ဝတ်စုံဆင်မြန်းပြီး ဆံပင်တွေဖားလျားချထားတဲ့ မိန်းမပျိုလေးတွေ ရောက်လာတယ်။ ဒါ သူ့ရဲ့အရောင်အသွေး အသွင်သဏ္ဍာန်လို ဆင်ယင်ပြီး သူ့ရဲ့ဂုဏ်ဝါကို ခမ်းနားသထက်ခန်းနားအောင် ဝန်းရံပေးထားမယ့် ရည်ရွယ်ချက်ဖြစ်တယ်။

လက်ဆွဲနှုတ်ဆက်ချင်သူတွေများလွန်းလို့ ခန်းမတစ်ခုလုံးပြည့်လျှံသွားတယ်။ အဲလက်စ်ရဲ့လက်ဖဝါးတွေနဲ့ ထိတို့ခွင့်ရဖို့အရေး အဲလက်စ်နဲ့ တွဲပြီး ဓာတ်ပုံရိုက်ဖို့အရေး တန်းစီစောင့်ဆိုင်းကြရတယ်။ လူတန်းရှည်ကြီးဘေးမှာ အမောပြေ အဆာပြေ ရေသန့်ဗူး ဆေးလိပ်ကွမ်းယာ ရောင်းသူတွေ အလျှိုလျှို ပေါ်ပေါက်လာတယ်။ ဝယ်သူရှိရင် ရောင်းသူရှိ အရောင်းအဝယ်ရှိရာ ဈေးကွက်ရှိ ဆိုသလိုပါပဲ။

ဈေးကွက်ကချဲ့ထွင်လာလိုက်တာ တန်းစီသူတွေက နေရာရောင်းစားလာကြတဲ့ အထိပဲ။ တချို့ကလည်း တစ်မိသားစုလုံး ညအိပ်ညနေ နှစ်ခါ သုံးခါပြန် တန်းစီရင်း ဝင်ငွေရှာကြတယ်။ တချို့ကလည်း အဲလက်စ်ကို ဂုဏ်ပြုတဲ့ပွဲကိုမှ မသွားရင် ခေတ်နောက်ကျမလိုလို ကြော်ငြာတွေဝင်ပြီး ဒီနေရာကို စည်ကားသထက် စည်ကားအောင် လုပ်ကြတယ်။
အားနာတတ်သူ ယဉ်ကျေးတဲ့ ခြင်္သေ့ကလေးအဲလက်စ် ဟာ လူငွေ့တွေကြား ချွေးတွေပျံလာတယ်။ ဆွဲယမ်းနှုတ်ဆက်ရလွန်းလို့ လက်တွေ နာလာတယ်။ ပြုံးဖြဲထားရလို့ ပါးစပ်တွေ ညောင်းလာတယ်။ အဲဒီထက်ဆိုးတာက ဗိုက်ဆာလာတယ်။ ဗိုက်ဆာတာက အရေးမကြီးဘူး။ ဆာဆာနဲ့ တောစိတ်တောင်စိတ်တွေပေါက်ပြီး  လူအုပ်ထဲ ကိုက်ချင်ခဲချင်စိတ် ဝင်လာမှ ဟုတ်ပေ့ဖြစ်မယ်။  အဲလက်စ် စိတ်ညစ်လာတယ်။

လူတွေကြားမှာ ပွဲဆိုတာက စလိုက်ရင် တော်တော်နဲ့ ဘယ်အဆုံးသတ်ပါ့မလဲ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုလူတန်းစား အလွှာအသီးသီးက ဒီပွဲကို လာနေကြတယ် ဆိုတာသိတော့ စီးပွားရေး နိုင်ငံရေး အပေးအယူ အရောင်းအဝယ် ညှိနှိုင်းချိတ်ဆက်ချင်သူတွေကလည်း ဒီနေရာကို မျက်စိကျလာတယ်။

ဂွင်သမားတွေ ကျင်လည်ကျက်စားလာတော့ တချို့တွေလည်း ပွဲထဲမှာ ဆိုင်ရာဆိုင်ရာတွေကို လိုက်ရှာပြီး မတော်တဆတွေ့သလိုလိုနဲ့ ဈေးစကားတွေ အပြေးအလွှားပြောကြတယ်။ တချို့လည်း ဒီရည်ရွယ်ချက်နဲ့ပဲ ပွဲကိုလာကြတယ်။ တချို့က အဲလက်စ်ကိုတောင် အလေးမထားတော့ဘူး။ အဲလက်စ်ကို မမြင်ဘဲ အဲလက်စ်ဘေးက ညိုဝါဝတ်စုံနဲ့ မိန်းကလေးတွေကို အဲလက်စ်အမှတ်နဲ့ ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး ကပျာကယာ ထွက်သွားကြတယ်။

အချိန်တွေ တရွေ့ရွေ့ကြာလာတယ်။ ဂွင်တွေ တဖြည်းဖြည်းများလာတယ်။ အလဲအလှယ် အပေးအယူတွေ ပိုပို အလုပ်ဖြစ်လာတယ်။ အတော်များများဟာ အဲလက်စ်ကို အမှတ်မဲ့ ကျော်ဖြတ်ကုန်ကြတယ်။ အဲလက်စ်ဟာ ဒီပွဲက ငါ့အတွက်မှ ဟုတ်ရဲ့လားလို့ သူ့ရဲ့အရေးပါမှုကို သူ့ဘာသာ သံသယဖြစ်လာတယ်။ မတ်တတ်ရပ်နေရာက နောက်ကို တစ်လှမ်းဆုတ်ကြည့်တယ်။ လူတွေက သူ့ကို ကျော်ဖြတ်သွားကြတယ်။ ပွဲကတော့ ဆက်လက် စည်ကားလျက်။ ခပ်ဝေးဝေး ထောင့်ကလေးကို အသာ သွားနေလိုက်တယ်။ ဘယ်သူမှ သတိမထားမိဘူး။ ပွဲက စည်ကားလျက်ပါပဲ။ ခန်းမရဲ့ အပြင်ဘက်ကို တဖြည်းဖြည်း ဆုတ်ခွာလာခဲ့တယ်။ လူသူဆူပူအသံတွေ ကြိတ်ကြိတ်တိုးနေဆဲ ကျန်ခဲ့တယ်။

ဆုတ်တယ်။ ဆက်ပြီး ဆုတ်ခွာတယ်။ ရွာလယ်ခေါင်ကနေ ရွာဆင်ခြေဖုံးအထိ။ ရွာရဲ့ နယ်နိမိတ်ဆုံး တောစပ်လို့ ထင်ရတဲ့ နေရာအထိ။

ဟူး.. အခုမှပဲ တောကို ရောက်တော့တယ်။ လူတွေနဲ့ ဝေး.. ဝေး.. ဝေးတဲ့နယ်မြေ….ဟိုက်..

အဲလက်စ် အံ့သြစိတ်ပျက်သွားရတယ်။ တောဆိုတာ ရှိမှ မရှိတော့ပဲ။ ရွာက တဖြည်းဖြည်း ချဲ့ထွင်ထားလိုက်တာ နေရာတကာ လူနေအိမ်ခြေတွေနဲ့ချည်းပဲ။ သဘာဝပေါက်ပင်တွေလည်း ခပ်ကျဲကျဲပဲ ရှိတော့တယ်။ ဘယ်နေရာကို ဦးတည်ဦးတည် လူနေရပ်ကွက်တွေပဲ ဖြစ်နေလို့ အဲလက်စ် လည်း စိတ်ပျက်မိတယ်။ ကိုင်း.. သူ ဘယ်လိုဆက်လက်ပြီး ရှင်သန်ရမလဲ။ အဲလက်စ်က လူတွေကြားကို ပြန်မသွားတော့ဘူး။ သူ့ကိုဗဟိုပြုတဲ့ ပွဲတစ်ခုဟာ သူမရှိတောင်မှ ဆက်ဖြစ်နေသေးတဲ့ နေရာကို သူမပြန်ချင်တော့ဘူး။

အဲဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် ကူးသွားတယ် ထင်ပါတယ်။ အချိန်တွေ ဘယ်လောက် ကြာသွားသလဲ မသိတော့ဘူး။ သူတပါးကို သတ်ဖြတ်စားသောက်ခြင်းမပြုဖို့ ငယ်ငယ်ကတည်းက တိရစ္ဆာန်ရုံမှာ လေ့ကျင့်ခံထားရတဲ့ အဲလက်စ်ဟာ တစ်နေ့တစ်နေ့ ပံ့သကူသားကိုသာ  အိမ်ကြိုအိမ်ကြား မီးဖိုချောင်တွေနား ခိုးကြောင်ခိုးဝှက် ရှာဖွှေ စားသောက်ရင်း အသက်ဆက်တယ်ဆိုရုံ ဆက်နေရတယ်။

တနေ့။ ကံဆိုးတဲ့နေ့၊ မိုးမှောင်တဲ့နေ့၊ ရုပ်ရှင်ထဲမှာသာဆိုရင် ရေအိုးတို့ ဖန်ခွက်တို့ ကျကွဲမယ့်နေ့။

မောပန်းမှု၊ ဆာလောင်မှု၊ နာကျင်မှု၊ ဘာကိုမှ မယုံကြည်နိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု တွေ ရောပြွန်းနေတဲ့ မျက်နှာနဲ့  အဲလက်စ်ဟာ အိမ်တစ်အိမ်ရဲ့ ရေကပြင်အောက်ကို ချဉ်းကပ်လာတယ်။ အိမ်အောက်မှာ တစ်ခုခုကျလို့ ဆင်းကောက်နေတဲ့ လူတစ်ယောက်နဲ့ မမျှော်လင့်ပဲ ပက်ပင်းတိုးတယ်။

ခြင်္သေ့.. ခြင်္သေ့ကြီး … စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ ကလေးငယ်တွေ အာခေါင်ခြစ်ပြီး အော်ငိုကြတယ်။ တချို့လည်း ဘာမှန်းမသိ သူများငိုသံကြားလို့ လိုက်ငိုကြတယ်။ အားလုံး ကစင့်ကလျား ပြေးလွှားကြ။ လူသူအများဟာ အိမ်ကြီးအိမ်ကောင်းတွေပေါ် သစ်ပင်တွေပေါ် တက်မိတက်ရာ တက်ပြေးကြ။

အဲလက်စ်ရဲ့ရှေ့မှောက်ကို ဗြုန်းဆို အရိပ်တခုကျလာတယ်။ အားအင်ပြည့်ဖြိုး ခွန်အားတိုးကာ ပြတ်သားရဲရင့်တဲ့ အကြည့်တွေနဲ့ ကျားသစ်တစ်ကောင်။  သူက အဲလက်စ်ကို နှစ်ကိုယ်ကြား ပြောလိုက်တယ်။

မင်းဟာ အန္တရာယ်ကောင်ပဲ။ ရွာထဲမှာ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်နေတာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ မင်းကို သုတ်သင်ပစ်ရမယ်။

ဗျာ

အဲလက်စ် မျက်လုံးကြီးပြူးသွားတယ်။ မေးချင်နေတယ် - နင်ကရော သားရဲတိရိစ္ဆာန်မဟုတ်လို့လား ကျားသစ်ရဲ့။ မေးဖို့အချိန်မရလိုက်တဲ့ တိုက်ပွဲက သိပ်မကြာပါဘူး။

ပန်ဒိုရာ
၂၃-၂၈.၄.၂ဝ၁၂


(ယုံမလားတော့မသိဘူး။ အဲဒီ ဇာတ်လမ်း အစအဆုံးဟာ ကျွန်မ အိပ်မက်မက်ခဲ့တာပါ။ အဲဒီတုန်းက မမေ့ခင် ချရေးထားတဲ့ ပုံပြင်ခေါ်မလား၊ ဝတ္ထုခေါ်မလား (ဒါမှမဟုတ် စကားပြေကဗျာလို့ပဲခေါ်မလား :)) အဲဒီစာလေးကို ပြန်တွေ့လို့ တင်လိုက်ပါတယ်။)

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

$
0
0
ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ” နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)


(photo by Ariel Manuel)

ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO)  ဟာ ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့ ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့ ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။

ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဂျင်းန် ဟာ စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun (Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး။    ။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။     ။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊ အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့ စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့ ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။ ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။

မေး။    ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။     ။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့ အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့ အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။  အနာဂတ်အမြင်လို့ ပြောရခြင်းကတော့...................


ဘာသာပြန်ကဗျာ ၂ ပုဒ်အပါအဝင် အပြည့်အစုံကို ရသကမ်းခြေ လပွတ္တာ အွန်လိုင်းမဂ္ဂဇင်းမှာ ဆက်ဖတ်ပါ။


http://www.lptmagazine.net/2013/07/blog-post_28.html

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ်

$
0
0


မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ်

၂၀၀၇ စက်တင်ဘာ ၁ ရက်တွင် ဘလော့ဂ်ဒေးကျင်းပနေသော ဘလော့ဂါများ


အင်တာနက်ကို စတင် သုံးစွဲခဲ့တာ ၂၀၀၁ ခုနှစ် ဂျူလိုင်လမှာ စင်ကာပူကို ရောက်တဲ့အချိန်က စတယ် ဆိုပေမဲ့ လူမှုကွန်ယက်တွေထဲမှာ နာမည်တစ်ခု ဖန်တီးပြီး လှုပ်ရှားသက်ဝင်ခဲ့တာက ၂၀၀၅ ခုနှစ်မှာပါ။ အင်တာနက်ထဲမှာ ကျွန်မအများဆုံး အသုံးပြုဖြစ်တဲ့ စာမျက်နှာတွေကတော့ google.com ရှာဖွေရေးစနစ်ရယ် အစပိုင်းက hotmail နောက် yahoo နဲ့ အခုလက်ရှိတော့ gmail ဆက်သွယ်ရေးစနစ်တွေပါ။ နောက်တော့ blogspot နဲ့ နောက်ဆုံး facebook လူမှုကွန်ယက်တွေကို အချိန်အတော် ခွဲဝေပေးဖြစ်ခဲ့ပါတယ်။

မရေရာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိချင်တာကြောင့်ရော၊ အများနဲ့သက်ဆိုင်နေတဲ့ ကိုယ့်အလုပ်အကိုင်နဲ့ ခပ်ကင်းကင်းဖြစ်အောင်ရော ပန်ဒိုရာ ဆိုတဲ့ အမည်ကို စသုံးချိန်မှာတော့ အလွယ်တကူမှတ်မိနိုင်ပြီး ဘယ်နိုင်ငံက ဘယ်သူဘယ်ဝါလို့ ခွဲခြားမှုမရှိနိုင်တဲ့ nick name တစ်ခုလို့သာ မှတ်ယူခဲ့ပါတယ်။ ကလောင်နာမည်တစ်ခုအနေနဲ့ စာရေးသားမယ်လို့ မရည်ရွယ်ခဲ့ပါ။  ၂၀၀၅ ခုနှစ်လောက်မှာ “မောင်း” လို့လည်း အမည်ရ “မှုန်ရွှေရည်” လို့လည်းခေါ်တဲ့ မြန်မာဝက်ဘ်ဆိုက်တစ်ခုရယ်။ “ပလန်းနက် (Planet) ဖိုရမ်” ရယ်မှာ ပန်ဒိုရာ နာမည်နဲ့ အကောင့်တွေဖွင့်ခဲ့တယ်။

ကျွန်မဟာ တက်ကြွတဲ့ ဖိုရမ်မာတစ်ဦး မဟုတ်ခဲ့ပေမဲ့ ဖိုရမ်တွေမှာ သူများတွေရေးခဲ့တာကိုတော့ စိတ်ဝင်စားမိပါတယ်။ အပြန်အလှန်ပြောစကားတွေကြားမှာ ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေ၊ လူမှုဘဝတွေ၊ လူတွေရဲ့ တွေးခေါ်ယူဆပုံတွေကို စူးစမ်းမိပါတယ်။ အဲဒီမှာ ကျွန်မ မမီလိုက်တဲ့ အချိန်က ပုဂံ ဖိုရမ်ဆိုတာ အတော်ကို သက်ဝင်စည်ကားခဲ့တဲ့ နေရာတစ်ခုလို့ ကြားခဲ့ရပါတယ်။ အဲဒီဖိုရမ် ပျက်သွားတဲ့အခါ အတော်များများဟာ ပလန်းနက်ဖိုရမ် ကို ပြောင်းရွှေ့လာခဲ့ကြတယ်။  ပလန်းနက်ထဲမှာတော့ ညီလင်းဆက်၊ မေဓာဝီ၊ ကယ်လ်ဗင်၊ lion slayer၊ နတ်ဆိုး အစရှိတဲ့ ဖိုရမ်မာတွေရဲ့ အရေးအသားတွေကို တွေ့နေရပါတယ်။ အဲဒီတုန်းက ဖိုရမ်တချို့မှာ ဇော်ဂျီဖောင့်ကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးဘူး။ ကျွန်မကလည်း မြန်မာစာကို win စနစ်ကနေ ရိုက်တတ်ခဲ့တာမို့ စာရိုက်ရတာတော့ သိပ်အခက်အခဲမရှိခဲ့ပါဘူး။

နောက်တော့ ပလန်းနက်ဖိုရမ်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ငြင်းခုန်မှုတွေ ဆူပွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က hack လိုက်တယ်ထင်ပါတယ်။ ဖိုရမ်ကြီး ဒေါင်းသွားပါတယ်။ ပြန်ပေါ်လာတော့ ပို့စ်တွေအများကြီး ပျောက်ကုန်တယ်။ The day after tomorrow ရုပ်ရှင်ထဲက ရေခဲခေတ်ကို ပြန်ရောက်သွားသလို အားလုံးဟာ ရှင်းလင်းသွားတယ်။ ဒီလိုနဲ့ ဖိုရမ်မာတွေဟာ အားကြိုးမာန်တက် ပြန်ရေးကြပါသေးတယ်။ နောက်တော့ အဲဒီလို အကြိမ်ကြိမ် ဒေါင်းရင်း ပျောက်ရင်းနဲ့ စိတ်ညစ်လာကြတယ်ထင်ပါတယ်။ အခြားဖိုရမ်တွေကို ရွှေ့ပြောင်းကုန်ကြတယ်။

ပဒုမ္မာ၊ နေးတစ်ဗ် စတဲ့ဖိုရမ်တွေ အသီးသီးပေါ်လာပါတယ်။ ရတနာ ဖိုရမ်ကတော့ ပလန်းနက် နဲ့ အချိန်အတူတူလောက်ကတည်းက ပေါ်နေတာလို့ထင်ပါတယ်။  ရတနာဖိုရမ်မှာ လူသိပ်မများတာနဲ့ ကျွန်မက သွားရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ကဗျာတွေ၊ အက်ဆေးတွေကို အဲဒီမှာ တင်ပြီး ဝါသနာပါသူတွေနဲ့ ဝေမျှဖတ်ခဲ့တယ်။ ပန်ဒိုရာဆိုတဲ့ နာမည်နဲ့ စာပေလက်ရာတွေ ပြန်ရေးဖြစ်တာ အဲဒီအချိန်က အစောဆုံးလို့ပြောလို့ရမယ်။ အခုတော့ ရတနာဖိုရမ် မရှိတော့ပါဘူး။ အဲဒီက မိတ်ဆွေအတော်များများလည်း အဆက်အသွယ်တွေ ပြတ်သွားကြပါပြီ။  မြန်မာကျူးပစ် ဖိုရမ်ဟာလည်း ထင်ရှားပါတယ်။ အဲဒီမှာ အကောင့်တစ်ခု ဖန်တီးဖြစ်ပေမယ့် ဖတ်ရုံပဲဖတ်ဖြစ်ပါတယ်။ မြန်မာကျူးပစ်ဟာ အခုအထိလည်း ဆက်လက်ရှင်သန်နေတယ်လို့ ထင်ပါတယ်။ အဲဒီက ထုတ်တဲ့ အီးဘွတ်ခ်တွေ အတော်များများရှိပါတယ်။ ဒီကြားထဲမှာ မြန်မာတီးရှော့ပ် ဆိုတဲ့ဖိုရမ်ဟာ နိုင်ငံရေးအကြောင်းအရာတွေ ဆွေးနွေးပြီး အတော် အသက်ဝင်ခဲ့ပါသေးတယ်။ ရည်ရွယ်ချက်တစ်ခုထားပြီး ဆွေးနွေးဖလှယ်ကြတဲ့ ဖိုရမ်တွေလည်း ပေါ်လာပါတယ်။ ဥပမာ ပြောရရင် မြန်မာအန်ဂျီအိုများ ဖိုရမ်ပါ။

စာပေနဲ့ပတ်သက်လို့တော့ အိပ်မက်၊ ချယ်ရီသစ္စာ စတဲ့ ဝက်ဘ်ဆိုက်တွေကို သတိထားခဲ့မိပါတယ်။ အဲဒီဝက်ဘ်ဆိုက်တွေမှာ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါးတွေ၊ ဘာသာပြန်လက်ရာတွေကို တွေ့ရပါတယ်။ ချယ်ရီသစ္စာက အီးဘွတ်ခ်တွေ ထုတ်ခဲ့ပါတယ်။ စင်ကာပူအခြေပြု သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းဟာ ၂၀၀၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ မဂ္ဂဇင်းပါ။ မာယာမဂ္ဂဇင်း၊ ကောင်းကင်၊ နေ့သစ်၊ မိုးမခ၊ စတဲ့ ပြည်ပအခြေစိုက် အင်တာနက် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း စာပေလက်ရာတွေ အများအပြားကို တွေ့နိုင်ပါတယ်။ နောက်ပိုင်းတော့ ဖွဲ့တည်ရာ၊ စာပန်းချီ၊ လောကအလှ တို့ကိုလည်း ဖတ်ရှုသူ များလာပါတယ်။ အီးဘွတ်ခ် အနေနဲ့ရော အွန်လိုင်းအနေနဲ့ပါ စာပေမဂ္ဂဇင်းတွေ ပေါ်လာခဲ့ပါတယ်။ ပျောက်သူတွေလည်း ပျောက်သွားကြပါတယ်။ အခုနောက်ပိုင်းတော့ ရွှေဒေါင်းတောင်၊ မျက်ရှု၊ ခရမ်းရိပ်၊ ရသကမ်းခြေ လပွတ္တာအွန်လိုင်းမဂ္ဂဇင်း စတာတွေ ဆက်လက်ထွန်းကားနေတာကို တွေ့နိုင်ပါတယ်။

ဖိုရမ်တွေ၊ ဝက်ဘ်ဆိုက်တွေကို ဖတ်ရှုနေချိန်မှာ ဘလော့ဂ်တွေကို စပြီး သတိထားမိပါတယ်။ မောင်လှ၊ ညီလင်းဆက်၊ မေဓာဝီ၊ နိုင်းနိုင်းစနေ၊ အိမ့်ချမ်းမြေ့၊ စိုးဇေယျထွန်း၊ ဟနစံ အစရှိတဲ့ ဘလော့ဂါတွေဟာ ဘလော့ဂ်ထူထောင်ရာမှာ အတော် စောခဲ့ကြပါတယ် ။ ၂၀၀၆ ခုနှစ်ဝန်းကျင်မှာ ပေါ်လာတဲ့ ဘလော့ဂ်တွေဖြစ်ပါတယ်။ ကျွန်မကတော့ ၂၀၀၆ ဒီဇင်ဘာမှာ ဘလော့ဂ်စပေါ့မှာ pandora-and-pandora.blogspot.com ဆိုပြီး ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစာမှ မတင်သေးဘဲ တခြားဘလော့ဂ်တွေကို လေ့လာနေခဲ့ပါတယ်။ ဘလော့ဂ်ပို့စ် ပထမဆုံး စတင်တဲ့ နေ့ကတော့ ၂၀၀၇ မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။

မြန်မာဘလော့ဂ်တွေ အများဆုံး အသုံးပြုကြတဲ့ ပလက်ဖောင်းတွေကတော့ blogspot  နဲ့ wordpress ပါ။ blogspot က user friendly ပိုဖြစ်တာမို့ အများစုက ဘလော့ဂ်စပေါ့ကို သုံးကြပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာတော့ ဘလော့ဂ်စပေါ့ကို မြန်မာပြည်က ကြည့်လို့မရအောင် ပိတ်လိုက်တာမို့ wordpress ကိုလည်း တချို့ ပြောင်းကုန်ကြပါတယ်။ တချို့လည်း ဒိုမိန်းနာမည်တွေ .com .net တွေ ဝယ်ကုန်ကြတယ်။ မြန်မာပြည်မှာ နေထိုင်သူတွေကလည်း proxy တွေသုံးကြ၊ ကျော်ကြ၊ ခွကြရပါတယ်။

စက်တင်ဘာ၂၀၀၇ မတိုင်ခင်ပေါ်ခဲ့တဲ့ ဘလော့ဂ်တွေကို ကြည့်ရင် အများစုက နာမည်ရင်းမသုံးစွဲတာကို တွေ့ရပါတယ်။ ဘလော့ဂ်အမျိုးအစားတွေဟာ သတင်း၊ စာပေ၊ နည်းပညာ၊ ဘာသာရေး၊ နိုင်ငံရေး၊ ဓာတ်ပုံ၊ နည်းပညာ၊ အထွေထွေ စသည်ဖြင့် စုံလင်ပါတယ်။ စာပေနဲ့ပတ်သက်ရင် အများစုဟာ ပရော်ဖက်ရှင်နယ်တွေ စာရေးဆရာတွေ မဟုတ်ကြဘဲ အပျော်ထမ်းရေးသူများသာ ဖြစ်ကြပါတယ်။ ချွင်းချက်အနေနဲ့တော့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ (ဥပမာ ဆရာမ ဒေါ်မေငြိမ်းတို့လို) စာရေးဆရာ အချို့သာ ရှိပါတယ်။ အဲဒီအချိန်က လူအများစုဟာ အင်တာနက်သုံးတာ၊ ဘလော့ဂ်တည်ဆောက်တာ၊ နည်းပညာတွေ သုံးစွဲတာတွေကို မကျွမ်းကျင်ကြသူတွေ များတဲ့အတွက် နည်းပညာဝေမျှပေးတဲ့ ဘလော့ဂ်တွေ အများအပြားပေါ်လာပါတယ်။ မောင်လှ၊ ညီလင်းဆက်၊ စေတန်ဂေါ့၊ ရန်အောင် စသူတွေဟာ template တွေ၊ gadget တွေ တပ်ဆင်ပုံအတွက် အားထားရတဲ့ ဘလော့ဂါတွေပါ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ citizen journalist တွေလို့ပဲ ပြောပြော ဘလော့ဂါတွေလို့ပဲပြောပြော ပုံမှန်မီဒီယာလမ်းကြောင်းက မဟုတ်တဲ့ တစ်ဦးချင်းတစ်ယောက်ချင်း သတင်းဝေမျှသူတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပါတယ်။ ………

ပန်ဒိုရာ
၃၁.၈.၂၀၁၃
(နာမည်တွေမပြည့်စုံရင် အချက်တွေမတိကျရင် ကျေးဇူးပြုပြီး ဖြည့်စွက်ပေးပါ။ ဆက်လက်ပြီး ရွှေဝါရောင်တော်လှန်ရေးအပြီး ဘလော့ဂ်များ၊ ပိတ်ဆို့စဉ်ကာလက အခြားပလက်ဖောင်းများ၊ ညီလင်းဆက်ရဲ့ ဘလော့ဂ်ဂါစစ်တမ်း၊ ဘလော့ဂါတို့ရဲ့ လှုပ်ရှားမှုများ၊ ဘလော့ဂ်ဒေး၊ ဘလော့ဂ်ထဲက ဆုပေးပွဲများ၊ ထင်ရှားသူဘလော့ဂါများ၊ ဘလော့ဂ်နဲ့ ဖိုရမ်ဘာကွာသလဲ၊ အင်တာနက်စာပေဆိုတာ ရှိသလား အစရှိတဲ့ အကြောင်းအရာတွေကိုလည်း (ရေးချင်ရင်)ရေးသားသွားမှာမို့ မျှော်.. ဟော် ဟော်.. )

အိတ်ပွင့်လေသောအခါ

$
0
0


 မရေးဖြစ်တာကြာတဲ့ ဘလော့ဂါဆန်တဲ့ပို့စ်တစ်ခု ရေးလိုက်ပါတယ်။ မတက်ဂ်ဝေ အတွက် :)

၂၀၀၇ ခုနှစ်တုန်းကတော့ အိတ်ထဲမှာ ဘာရှိသလဲ ဆိုတဲ့ tag ပို့စ်တစ်ပုဒ်ရေးဖူးပါတယ်။ စိတ်ဝင်စားရင် ပြန်ဖတ်ကြည့်လို့ရပါတယ်။ ၂၀၀၇ ခုနှစ်က စင်ကာပူမှာ ရုံးတက်ရင်းလွယ်တဲ့ အိတ်ထဲက အရာတွေနဲ့ ၂၀၁၃ ခုနှစ် မြန်မာပြည်မှာ ဟိုနားဒီနားသွားရင်းလွယ်တဲ့ အိတ်ထဲက အရာတွေ ဘာကွာသလဲ ဆိုတာကို ယှဉ်ကြည့်လို့ရမယ်။

ကိုယ့်မှာ အိတ်တွေ များတယ်။ ကြွားတာမဟုတ်ပါဘူး။ မိန်းကလေးတချို့ဟာ ဒီလိုပါပဲ။ အဟောင်းတွေက မပျက်စီးသေးတော့ အသစ်ထပ်ဝယ်တဲ့အခါ တိုးပွားလာတဲ့သဘောလည်း ဖြစ်ပါတယ်။ တချို့အိတ်တွေက သွားရလာရတဲ့ လမ်းနဲ့ သင့်တော်အောင် ပြောင်းကိုင်စရာ လိုတယ်။ တချို့ကတော့ အဝတ်အစားတွေနဲ့ အရောင်အသွေးလိုက်ဖက်အောင် ဝယ်မိတာဖြစ်တယ်။ စင်ကာပူမှာ နေတုန်းကတော့ လျှော့ဈေးနဲ့ရလို့ မရည်ရွယ်ပဲ ဝယ်ဖြစ်တာမျိုးတွေ ရှိခဲ့တယ်။ 

မြန်မာပြည်ကို ပြန်ရောက်တဲ့အခါ လုံခြုံတဲ့ အိတ်တွေကို ဦးစားပေး လွယ်ဖြစ်တယ်။ ပြီးတော့ ကဒ်ပြားတွေထည့်ထားတဲ့ ခေါက်အိတ်(wallet)ကလေး ဆန့်ရုံနဲ့ မလုံလောက်တော့ဘူး။ ပိုက်ဆံတွေအချပ်လိုက် ထူထူဖောင်းဖောင်း သယ်စရာတွေ ရှိလာတဲ့အခါ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အိတ်တွေကို သုံးဖြစ်တယ်။ အိတ်တစ်လုံးကနေ တစ်လုံး ပြောင်းကိုင်တဲ့အခါ ဟိုဟာမေ့ ဒီဟာမေ့လည်း ဖြစ်တတ်ပါတယ်။

အခုတလောတော့ edc အိတ်လေးကိုပဲ ကိုင်ဖြစ်ပါတယ်။ ပျော့ပြောင်းပြီး ဖွင့်ရပိတ်ရ လွယ်ကူတယ်။ အိတ်ထဲမှာတော့ သူများတကာထက် ထူးထူးထွေထွေ ပါလိမ့်မယ်လို့ မထင်ပါဘူး။

၁။ အနက်ရောင် ပိုက်ဆံအိတ်လေး။ တကယ်တော့ အဲဒီအိတ်က အလှပြင်ပစ္စည်းထည့်တဲ့အိတ်ပါ။ မြန်မာပိုက်ဆံတွေ ဆန့်ရမယ်။ ပါးပြီး ပျော့ပြောင်းရမယ်။ ပေါ့ရမယ်။ သိပ်လည်းမကြီးရဘူး။ အဲဒီလိုစဉ်းစားတော့ အဲဒီအိတ်လေးကိုပဲ သုံးလိုက်တယ်။ အထဲမှာ တစ်ရှူး၊ ပိုက်ဆံအချို့၊ မှတ်ပုံတင်ကဒ် ပါတယ်။ မရှင်းလင်းဖြစ်တဲ့ ဘောက်ချာဟောင်း တချို့လည်းပါတယ်။

၂။ Name card holder သားရေအိတ်ကလေး။ အထဲမှာ နာမည်ရင်းနဲ့ ကဒ်တွေရော၊ ပန်ဒိုရာနာမည်နဲ့ ကဒ်တွေရောပါတယ်။ ကိုယ့်ကိုသူများက ကဒ်ပေးရင်လည်း အဲဒီအိတ်ထဲက အကန့်တစ်ကန့်မှာ ထည့်ထားတယ်။ ပိုက်ဆံအိတ် ပြောင်းတဲ့အခါ အဲဒီ name card အိတ်လေးက မကြာခဏ မေ့ကျန်တတ်တယ်။

၃။ iPhone external ဘက်ထရီ။ မြန်မာပြည်မှာ မီးခဏခဏ ပျက်တယ်ဆိုလို့ စင်ကာပူက မပြန်ခင် ဝယ်လာခဲ့တာပါ။ ခရီးဝေးသွားတော့ အသုံးဝင်တယ်။ ဟိုနားဒီနားသွားရင် သိပ်မလိုပေမယ့် ဆောင်ထားဖြစ်တယ်။

၎။ ဘောလ်ပင်တစ်ချောင်း။ လောလောဆယ် ဒီအိတ်ထဲမှာ ရှိတဲ့ ဘောလ်ပင်ကတော့ မနော်ရဲ့ အော်ဇီလက်ဆောင် ဘောလ်ပင်လေးပါ။ အဘော်ရီဂျင်နယ် ဒီဇိုင်းကို ကြိုက်လို့ ဒါလေးကို သေသေချာချာ သုံးဖြစ်တယ်။ မင်တောင် အတော်လျော့နေပါပြီ။ (မနော်က ဒီတစ်ခါပြန်လာရင် နောက်ထပ် တစ်ချောင်း ထပ်ပေးနေပါဦးမယ်လေ။ :P)
 
၅။ clinique နှုတ်ခမ်းနီနဲ့ မိတ်ကပ်တွဲလျက်။ တစ်ခါတည်းတွဲထားတော့ အဆင်ပြေလို့ပါ။ မှန်လည်းပါတယ်။
 
၆။ မှတ်စုစာအုပ်သေးသေးလေး။ မှတ်စုစာအုပ် ၃ အုပ်လောက်ထားပြီး ဟိုအိတ် ဒီအိတ်တွေထဲ ရောက်နေတယ်။ မှတ်စရာရှိရင် ကြုံသလိုမှတ်တယ်။ ဘယ်ထဲမှာ မှတ်မိမှန်းမသိလို့လည်း ပြန်ရှာရတတ်တယ်။ ဒီအိတ်ထဲမှာတော့ ဒီစာအုပ်လေး ရှိတယ်။

၇။ memory stick ။ အချက်အလက်တွေ လိုအပ်ရင် ကူးဖို့ ပေးဖို့။ မပျောက်အောင် သတိထားရတယ်။

၈။ သောက်ဆေးအချို့။ 

၉။ ဆံပင်စည်းတဲ့ ကွင်းလေးတစ်ခု လိုရမယ်ရ။

၁၀။ စာမူခ ထည့်ထားတဲ့ စာအိတ်တွေ။ စာမူခရလာရင် သတ်သတ်မှတ်မှတ် သိမ်းထားလေ့ ရှိပါတယ်။ အခုတလောတော့ ရလာရင် ပိုက်ဆံအိတ်ထဲက မထုတ်မိပဲ အသုံးစရိတ်ထဲ ထည့်မိသွားလို့။ 

၁၁။  လက်ကိုင်ဖုန်း။ iPhone 3GS အဟောင်းလေးပါ။ (သနားစရာ)

၁၂။ နေကာမျက်မှန်ထည့်ထားတဲ့ အိတ်ပန်းရောင်လေး။ အဲဒီအိတ်ကလည်း အလှပြင်ပစ္စည်း ထည့်တဲ့အိတ်မျိုးပါပဲ။ အဲဒီအထဲကို ကြုံသလို မျက်မှန်ကို ထည့်ထားတာ။ အလှအပအတွက် တပ်လေ့တော့ သိပ်မရှိပါဘူး။ (မျက်မှန်ထက် ပိုလှပတဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားလို့ ဘယ်ဖြစ်မလဲနော့ :P) နေပူတဲ့နေ့တွေမှာ လမ်းမကို ကြည့်ရတာ မျက်စိကျိန်းလို့ ဆောင်ထားတာ။ 

၁၃။ ခေါက်ထီးတစ်ချောင်း ပါလေ့ရှိပါတယ်။ နေပူလည်းမခံနိုင်၊ မိုးရွာလည်းမခံနိုင်လို့ပါ။ ဓာတ်ပုံထဲမှာတော့ မပါဘူး။ 

iPad ကို လေးလို့ အမြဲသယ်လေ့မရှိဘူး။ သုံးစရာရှိလို့ သယ်ရင်လည်း အိတ်ထဲမှာ မထည့်ပဲ သပ်သပ် ကိုင်ပါတယ်။ ကွန်ပျူတာ ယူရင်လည်း ကွန်ပျူတာအိတ်နဲ့ သီးသန့် ထည့်ပါတယ်။

စင်ကာပူမှာ အိတ်ထဲမှာပါတဲ့ ပစ္စည်းတွေနဲ့ မြန်မာပြည်က အိတ်ထဲမှာပါတဲ့ အရာတွေ ဘာကွာလဲ။ ယှဉ်ကြည့်နိုင်ပါပြီ။ :)


P.S. ဒါနဲ့ အိတ်ပွင့်လေသောအခါ ဆိုတာက ဆရာအောင်လင်းရဲ့ ရင်ပွင့်လေသောအခါ ဆိုတဲ့ ဝတ္ထုခေါင်းစဉ်ကို သတိရလို့။







ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး

$
0
0


ငယ်ငယ်တုန်းက အိမ်ကလေးတစ်လုံး  


အိမ်ဆိုတာ ကျွန်မရဲ့ ဘဝတလျှောက်မှာ အခါ ၂၀ ကျော်လောက် ပြောင်းပြီး နေထိုင်ခဲ့ရ၊ အခုအထိလည်း ပြောင်းနေရဆဲ အရာတစ်ခုပါ။ အိမ်တစ်လုံး ဝယ်ယူပိုင်ဆိုင်ဖို့ဆိုတာ ကျွန်မတို့အိမ်သားတွေ တချိန်လုံး ကြိုးစားပမ်းစား အားထုတ်ခဲ့ရတဲ့ ကိစ္စတစ်ရပ်ပေါ့။ အိမ်ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ မိသားစု အတူတကွ စုစည်းနေနိုင်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ပျော်ရွှင်ခြင်း တွေ အသေအချာ ပေါင်းစပ်ပါဝင်နေတယ်။

ကိုယ့်ကိုယ်ကို လူရယ်လို့ စသိလိုက်တဲ့အချိန်မှာ ကျွန်မဟာ နေရောင်ခြည်တွေ ပိုးပိုးပေါက်ပေါက် ဝင်နေတဲ့ နံရံတစ်ခုထဲက အိပ်ခန်းထဲကို ရောက်နေတယ်။ အိပ်ခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ခက်ဖြာညွတ်ကျနေတဲ့ မန်းကျည်းပင်ကိုင်းတွေကို မြင်နေရတယ်။ ကျွန်မရဲ့ လည်မှာ ဆွဲပေးထားတဲ့ ကျောက်နီဆွဲသီးလေးကို အိပ်ခန်းထဲ တိုးဝင်နေတဲ့ နေရောင်အောက်မှာ ထားလိုက်ရင် သက်တံရောင်စုံအရိပ်တွေ တခန်းလုံး တဖျတ်ဖျတ် လက်နေတာကို ကျွန်မက သဘောကျလေ့ရှိတယ်။ အဲဒါဟာ ငယ်ဘဝကို ပြန်တွေးလိုက်ရင် အာရုံထဲဝင်လာတဲ့ ပထမဆုံး အမှတ်တရ ပုံရိပ်ပါ။ 

ကျွန်မ ပထမဆုံး မှတ်မိခဲ့တဲ့ အဲဒီအိမ်ဟာ ဝါးခယ်မ မြို့နယ်ထဲက မောင်းဒီးလို့ ခေါ်တဲ့ ကရင်ရွာလေးတစ်ရွာမှာ ရှိတယ်။ ဖေဖေက ကျောင်းဆရာအဖြစ်နဲ့ အဲဒီရွာမှာ ၃ နှစ်တာဝန်ကျခဲ့တာ ကျွန်မ အသက် ၂ နှစ်ကနေ ၅ နှစ်နီးပါး အရွယ်အထိပဲ။ အိမ်က မဒရပ် အိမ်လို့ ခေါ်ကြတဲ့ ခြေတံရှည် အိမ်အမျိုးအစား။ လူတစ်ရပ်ကျော် ကောင်းကောင်း လွတ်တဲ့ အိမ်အောက်ထပ်မှာ မြေကြီးမာမာရှိတယ်။ လူတွေက အပေါ်မှာပဲ နေတယ်။ အိမ်ဘေးမှာ အိမ်ပေါ်တက်တဲ့ လှေခါးရှည်တစ်ခုရှိတယ်။ အဲဒီတုန်းက အိမ်မှာ မိသားစု လေးယောက်ပဲ ရှိသေးတယ်။ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မထက် တစ်နှစ်ခွဲပဲ ကြီးတဲ့ အစ်ကိုရယ်၊ ကျွန်မရယ်။ ကျွန်မတို့က အဲဒီအိမ်ကို ငှားနေကြတာပါ။ အိမ်ရှေ့ခြမ်းမှာနေတယ်။ အိမ်ရှင် ကရင်မိသားစုက နောက်ဖေးခြမ်းမှာ နေကြတယ်။ 

အိမ်ရှေ့မှာ ချောင်းကလေးရှိတယ်။ ကိုကိုနဲ့ ကျွန်မ ကို ဖေဖေက ချောင်းထဲကို မကြာခဏ ခေါ်သွားပြီး ရေချိုးပေးလေ့ရှိတယ်။  ဖောင်ဖွဲ့ထားတဲ့ ငှက်ပျောတုံးကလေးတွေပေါ်မှာ ကလေးနှစ်ယောက်ကို တင်ပြီး ရေကစားရင်း ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပေးခဲ့တယ်။ မေမေကတော့ ရေကြောက်သူ။ ကမ်းနားကနေ စိတ်ပူပြီး လှမ်းအော်နေလေ့ရှိသတဲ့။ နောက်ပိုင်းမှ ဖေဖေက ပြန်ပြောလေ့ရှိတာက “အဲဒီတုန်းက ငါတော်တော်မိုက်မဲတာပဲ။ ကိုယ်တိုင်လည်း ရေကောင်းကောင်း မကူးတတ် မငုပ်တတ်ဘဲနဲ့ တကယ်လို့များ ကလေးတွေ ရေထဲကျသွားရင် အခက်တွေ့ရမှာ” တဲ့။ ပြန်တွေးကြည့်ရင် အသည်းယားစရာ။ မိုးတွင်းကာလတွေမှာတော့ ချောင်းထဲက ရေက တက်လာပြီး အိမ်အောက်မှာ ရေတွေပြည့်နေတတ်တယ်။ ဖေဖေက ကျွန်မတို့ကို သစ်ထွင်းလှေလေးတွေ လုပ်ပေးတယ်။ သားရေကွင်းကလေးတွေ လိမ်ကျစ်ပြီး ပန်ကာမှာ ပတ်ပြီးတော့ အိမ်ပေါ်ကနေ လှေလွှတ်ကြတယ်။ ဖေဖေက ငါးတွေ ပုစွန်တွေ ဖမ်းမိလို ဖမ်းမိငြား မြုံးထောင်တတ်သေးတယ်။ တစ်ခါတော့ မြုံးထဲမှာ ရေမြွေတစ်ကောင် မိနေတာ ကျွန်မ မှတ်မိတယ်။ ရေတွေထဲမှာ မျှော့တွေ ရှိတတ်တာကိုလည်း သတိရမိတယ်။ ကျွန်မက မျှော့တွေ တီကောင်တွေလို ပျော့ပျော့ အကောင်တွေကို သိပ်ကြောက်တတ်တယ်။ 

ရွာကလေးမှာ ကျွန်မတို့ လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ အခြောက်အခြမ်း စားစရာတွေကို အလွယ်တကူ စုံစုံလင်လင် ဝယ်လို့ရနိုင်ဘူး။ အနီးဆုံးမြို့ဖြစ်တဲ့ ဝါးခယ်မမြို့ကို အနည်းဆုံး တစ်လတစ်ခါလောက် စက်လှေစီးသွားပြီး ဈေးဝယ်ရတယ်။ ဆံပင်ညှပ်ရင်လည်း ဝါးခယ်မကိုပဲ သွားညှပ်ရတယ်။ အဲဒီတုန်းက မြို့ကိုတက်တိုင်း ကုန်စုံဆိုင်မှာ ခေါင်းအုံးသကြားလုံး ဝယ်ကျွေးတာကို မှတ်မိနေသေးတယ်။ ခေါင်းအုံးသကြားလုံး ဆိုတာ ခေါင်းအုံးသေးသေးလေးနဲ့ ဆင်တူတဲ့ ပလတ်စတစ်အိပ်ကလေးနဲ့ စွပ်ထားတဲ့ ထိုင်းကလာတဲ့ သကြားလုံးလေးကို ကျွန်မတို့က ခေါ်တာပါ။ နိုင်ငံခြားပစ္စည်း ရှားပါးတဲ့ ငယ်ဘဝက အဲဒီလို ဆန်းဆန်းပြားပြားလို့ ထင်မိတဲ့ စားစရာတွေအားလုံးဟာ အရသာရှိနေတာပဲ။ 

အဲဒီရွာကလေးမှာ မှတ်မိနေတဲ့ နောက်တစ်ခုကတော့ တရွာလုံးမှာ ခရေပင်တွေ ပေါများတာပါပဲ။ တစ်ပင်နဲ့တစ်ပင်မှာ ပွင့်တဲ့ ခရေပွင့်တွေက မတူကြဘူးဆိုတာက ကျွန်မက သတိထားမိခဲ့တယ်။ တချို့က အရောင် ပိုဖြူတယ်။ တချို့က အပွင့်ပိုကြီးတယ်။ မန်ကျည်းပင်တွေလည်း များပါတယ်။ အိမ်ပြတင်းပေါက်က လှမ်းမြင်ရတဲ့ မန်ကျည်းပင်ကြီးအောက်မှာ မန်ကျည်းသီးအနုလေးတွေ ကောက်ရတာကိုလည်း ကျွန်မက ကြိုက်တယ်။ တစ်နေ့တော့ မိုးတွေလေတွေ ကြီးတဲ့ တစ်နေ့မှာ မေမေက ဒေဝေါလာပြီ လို့ ပြောပါတယ်။ ကျွန်မက ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ မန်ကျည်းပင်ပေါ်မှာ မိုးခိုနေတဲ့ ကြောင်တစ်ကောင်ကို တွေ့တယ်။ အဲဒီတုန်းက ဒေဝေါဆိုတာ အဲဒီကြောင်ကို ပြောတာလို့ ထင်မိခဲ့ဖူးတယ်။ ဒေဝေါက ကြောင် နဲ့တူတာပဲလို့တောင် တွေးလိုက်သေးတယ်။ 

ကိုကိုက အသက်   ၅ နှစ်ခွဲ အရွယ်မှာ မောင်းဒီးရွာက ကျောင်းမှာ သူငယ်တန်း စတက်ပါတယ်။ မနက်ဆိုရင် ဖေဖေနဲ့ ကိုကိုတို့ ကျောင်းသွားကြတဲ့အခါ ကျွန်မက အိမ်မှာ မေမေနဲ့ ကျန်ခဲ့တယ်။ မေမေက ကျွန်မကို အိမ်မှာ စာသင်ပေးတယ်။ ကျောင်းဆရာအိမ်ဆိုတော့ စာရွက်တွေ ခဲတံတွေက အဆင်သင့်ရှိနေတယ်။ ကျွန်မဟာ ကျောက်သင်ပုန်းကို အဆင့်ကျော်ပြီး စာရွက်ပေါ်မှာ ကကြီး ခခွေး စရေးတတ်ခဲ့တာ။ တစ်နေ့တော့ ဖေဖေ့ ဖောင်တိန်ကို ကျွန်မက ယူရေးရင်း နစ်ကျိုးသွားသတဲ့။ လူကြီးတွေက တွေ့သွားတဲ့အခါ ဖောင်တိန် နစ်ကျိုးနေတာ ဘယ်သူလုပ်တာလဲ လို့ မေးတော့ အိမ်ရှေ့ဝရံတာမှာ တဝီဝီ ပျံဝဲနေတဲ့ ပိတုန်းတွေကို လက်ညိုးထိုးပြပြီး ပိတုန်းထိုးတာ လို့ ကျွန်မက အတင်းငြင်းပါသတဲ့။ တော်တော် ဆင်ခြေများတဲ့ ကလေးလို့ ပြောကြပေမယ့် ကျွန်မကတော့ ဖောင်တိန်ကို တကယ်ပဲ ပိတုန်းထိုးသွားတာ ဖြစ်ကောင်းဖြစ်မှာပေါ့လို့ ထင်ချင်သေးတယ်။  

ကျောင်းတက်ရက်တွေမှာ ညနေ လေးနာရီ ထိုးခါနီးရင် ဖေဖေနဲ့ကိုကို ပြန်လာမှာကို အိမ်အောက်ကို ဆင်းတဲ့ လှေခါးပေါ်မှာ မတ်တတ်ရပ်ရင်း ကျွန်မက မျှော်လေ့ရှိတယ်။ အဲဒီမှာ လှေခါးလက်ရမ်းက ပွတ်လုံးတိုင်လေးတွေကြားမှာ ကျွန်မရဲ့ ဒူးခေါင်းလေးက လျှောဝင်သွားပြီး ပြန်ဆွဲထုတ်မရလို့ ကျွန်မက အော်ငိုလေ့ရှိတယ်။ အဲဒီလှေခါးမှာ ဒူးခေါင်းညပ်တာ အကြိမ်ကြိမ်ပဲလို့ မေမေက ပြန်ပြောပါတယ်။ ပြီးတော့ အိမ်က ကြမ်းပြင်တွေမှာ နည်းနည်း ကျဲနေတဲ့ အပိုင်းတွေ ရှိတယ်။ ကျွန်မက အိမ်ပေါ်ကနေ အဲဒီကြမ်းပေါက်တွေကတဆင့် အောက်ကို ငုံ့ကြည့်လေ့ရှိတယ်။ တစ်နေ့တော့ ကျွန်မရဲ့ ကျောက်နီဆွဲသီးလေးဟာ ကြမ်းပေါက်နဲ့ညပ်ပြီး အောက်ကို ပြုတ်ကျသွားပါလေရော။ ဆွဲကြိုးလေးလည်း ပြတ်သွားတယ်။ အိမ်အောက်က မြေကြီးပေါ်မှာတော့ ကြက်တစ်ကောင်ရှိတယ်။ မေမေက သိသိချင်း အိမ်အောက်ကို ဆင်းသွားတော့ ဆွဲသီးလေးကို မတွေ့တော့ဘူး။ နောက်တော့ အဲဒီနားက ကြက်ပိုင်ရှင်က သူ့ကြက် ကောက်စားသွားတာ ဖြစ်မယ် ဆိုပြီး ကြက်ကိုဖမ်းပြီး သတ်လိုက်တယ်။ ကြက်သေသွားတာတော့ စိတ်မကောင်းစရာပဲ။ ဒါပေမယ့် ကြက်အစာအိမ်ထဲကနေ ဆွဲသီးလေး ပြန်ရခဲ့တယ်။ 

ကရင်လူမျိုး အများစုဖြစ်တဲ့ ရွာသူရွာသားတွေက ကျွန်မတို့မိသားစုကို စောင့်ရှောက်ကြတယ်။ ကျွန်မတို့ မောင်နှမကိုလည်း ချစ်ကြပါတယ်။ ချောင်းထဲက ပုစွန်တုပ်တွေ ရှာတွေ့ရင် မေမေကြိုက်တတ်မှန်းသိလို့ လာပေးကြတယ်။ သူတို့လုပ်တဲ့ ရိုးရာမုန့်တွေလည်း လက်ဆောင် ပေးတတ်ကြတယ်။ ရွာသူရွာသားတွေက နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေ များပါတယ်။ ခရစ်စမတ်ညတွေမှာ ကျွန်မတို့အိမ်ရှေ့ကို သီချင်း လာဆိုလေ့ရှိကြတယ်။ ကျွန်မတို့ကလည်း သူတို့ရဲ့ ပွဲတော်တွေကို၊ တခါတလေမှာ ဘုရားကျောင်းကို သူတို့နဲ့အတူ လိုက်သွားလေ့ ရှိပါတယ်။ ကရင်စကားလည်း မတောက်တခေါက် သင်ကြတယ်။ အဲဒီရွာကလေးမှာ နေခဲ့တဲ့အချိန်တွေဟာ ပစ္စည်းပစ္စယ ရှားပါးတာကလွဲလို့ ပျော်စရာကောင်းတယ်လို့ ဖေဖေနဲ့မေမေတို့က ပြောပါတယ်။ အားလပ်ချိန်တွေမှာ တခြား ဖျော်ဖြေရေးတွေကလည်း မရှိတော့ ဖေဖေနဲ့ မေမေတို့ဟာ ရေဒီယိုနားထောင်၊ မဂ္ဂဇင်းတွေ ဝတ္ထုတွေဖတ်၊ တခါတလေတော့ စစ်တုရင် (ချက်စ်) ကစားလေ့ရှိတယ်။ ကျွန်မတို့ မောင်နှမတွေ ပထမဆုံး ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဂိမ်းက ချက်စ်ထိုးတာလို့ ပြောလို့ရမယ်။ 

နောက်တော့ အဲဒီရွာလေးကနေ ပြောင်းခါနီးမှာ မောင်လေးကို မေမေက ကိုယ်ဝန်ရလာခဲ့တယ်။ အဲဒါကိုလည်း ထမင်းစားပြီးခါစမှာ ဘောလုံးကန်လို့ မမျှော်လင့်ပဲ ဆုံးသွားတဲ့ ဖေဖေ့ တပည့် ကရင်လေး ဝင်စားတာလို့ ရွာကလူတချို့က ယုံကြည်နေကြသေးတယ်။ မေမေက မောင်လေး ကိုယ်ဝန်ရခါနီးမှာ အဲဒီကလေးကို အိပ်မက် မက်သတဲ့။ 
အဲဒီရွာကနေ ပြောင်းသွားပြီး နောက်ပိုင်းကာလတွေမှာတော့ မောင်လေး ၄ နှစ်သားလောက် အရွယ်မှာ တစ်ခါပဲ ရွာလေးကို အလည်ခဏ ပြန်ရောက်ခဲ့တယ်။ အလည်သွားတုန်းမှာ ချောင်းကမ်းစပ်မှာ မောင်လေးကို ရေချိုးပေးဖို့ လုပ်နေတုန်း သူက မပြောမဆိုနဲ့ ချောင်းထဲ ခုန်ချလိုက်တယ်။ တိမ်တိမ်လေး ထင်လို့ ဖြစ်မှာပေါ့။ ကျွန်မတို့ တည်းတဲ့အိမ်က ရွာခံကျောင်းဆရာက အတင်းပြေးလာပြီး မောင်လေးကို ရေငုပ်ဆယ်ရတယ်။ အဲဒီနောက် ရွာထဲမှာ လမ်းလျှောက်ကြတဲ့အခါ ဘောလုံးကန်ပြီး ဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေအိမ်ကို ခဏ ဝင်လည်ကြသေးတယ်။ ဓာတ်ပုံ အယ်လ်ဘန်ထဲမှာ သူတို့ အမျိုးတွေကို ဘယ်သူက ဘယ်သူလဲဆိုတာ ထောက်ပြခိုင်းတော့ မောင်လေး ထောက်ပြတာတွေက မှန်နေပြန်တယ်။ ဒီတော့ မောင်လေးကို အဲဒီ ကရင်လေး ဝင်စားတာလို့ ပိုထင်ကြပြန်ရော။ 

ငယ်ငယ်တုန်းက အဲဒီရွာမှာ နေခဲ့စဉ် တချို့ အကြောင်းအရာတွေကို ကျွန်မ အမှတ်ရနေတယ် လို့ အခုအချိန်မှာ ပြောတော့ မေမေက မယုံဘူး။ နောက်တစ်ခေါက် သွားလည်တဲ့အချိန်မှာ ကျွန်မက ၈ နှစ်သမီးလောက် ရှိနေပြီမို့လို့ အလည်ခရီးက မြင်ကွင်းကိုပဲ သတိရတာဖြစ်မယ်လို့ ပြောတယ်။ ကျွန်မကတော့ ကျွန်မမျက်စိထဲ မြင်နေတဲ့ ရုပ်ပုံတွေဟာ ၃ နှစ် ၄ နှစ် အရွယ်က ဖမ်းယူထားတဲ့ ပထမဆုံး မှတ်ဥာဏ်တွေလို့ပဲ ထင်နေမိတယ်။ အဲဒီငယ်ဘဝ အကြောင်းတွေကို မိဘတွေက အမြဲ ပြန်ပြောနေကြလို့ မမေ့မလျော့ပဲ သတိရနေတာလည်း ဖြစ်နိုင်ပါတယ်။ 

နှစ်တွေကြာလာတဲ့အခါ ကျွန်မတို့လည်း ရွာတွေ မြို့တွေ အလီလီ ပြောင်းရွှေ့လာခဲ့တယ်။ ရန်ကုန်မြို့တော်ကြီးကိုလည်း ရောက်လာတယ်။ နောက်ဆုံး နိုင်ငံရပ်ခြားအထိ ရောက်တော့လည်း အိမ်တွေ ဆက်လက် ပြောင်းရွှေ့နေထိုင်နေရဆဲပါ။ ခေတ်ကြီးကလည်း ပြောင်းလဲ တိုးတက်လာတာနဲ့ အမျှ ထူးခြားဆန်းပြားတဲ့ အသုံးအဆောင်သစ်တွေ အလွယ်တကူ ရလာတယ်။ လမ်းပမ်းဆက်သွယ်ရေးလည်း ပိုလွယ်လာတယ်။ ငွေကြေးလည်း ပိုပြီး သုံးစွဲနိုင်လာတယ်။ ဒါပေမယ့် ရှားပါးတဲ့ ကာလတစ်ခုမှာလည်း ဘယ်တော့မှ မပြောင်းလဲတဲ့ မိသားစုမေတ္တာတွေနဲ့ ပြည့်စုံလုံလောက်ခဲ့တဲ့ အိမ်ကလေးတစ်လုံးဟာ တကယ်ရှိခဲ့တာပါ။

ပန်ဒိုရာ
၁၆.၅.၂၀၁၃
(Home and Services Journal, Vol.1, No.6, July 27 2013 တွင် ဖော်ပြပါရှိပြီး)

အိုင်အိုဝါ ရက်စွဲများ အပိုင်း (၅)

$
0
0


အိုင်အိုဝါ ရက်စွဲများ အပိုင်း (၅)

၁၃။ အိုင်အိုဝါရဲ့ ကျေးလက်မြင်ကွင်း


အိုင်အိုဝါမြို့ကို စရောက်ကတည်းက အနီးအနား သွားလိုက်တိုင်းမှာ ကျွန်မ အထူးမျက်စိကျမိတာကတော့ ပြောင်းခင်းတွေပါ။ ကျွန်မရဲ့ ကွန်ပျူတာထဲ ပါလာတဲ့ နောက်ခံဓာတ်ပုံတွေထဲက ကောက်ရိုးထုံးအကြီးကြီးတွေ ပုံကို သဘောကျနေတာ ကြာပြီမို့ အဲဒီလို ကောက်ရိုးထုံးတွေရယ် ပြောင်းခင်းတွေရယ် သူတို့ရဲ့ လူမှုဘဝတွေရယ်ကို ဓာတ်ပုံရိုက်ချင်ခဲ့ပါတယ်။ 

IWP ရဲ့အစီအစဉ်နဲ့ Eram Acreage ဆိုတဲ့နေရာ ကို အလည်သွားခဲ့ပါတယ်။ ကျွန်မ အိုင်အိုဝါမြို့ကို ရောက်ရောက်ချင်း ကြိုဆိုနှုတ်ဆက်တဲ့ညမှာ ပေါလ် လို့ခေါ်တဲ့ မြို့ခံ ဦးလေးကြီးတစ်ယောက်က လာနှုတ်ဆက်ပါတယ်။ ကျွန်မကို မြန်မာနိုင်ငံကမှန်းသိလို့ တကူးတက လာနှုတ်ဆက်တာပါ။ ပြီးတော့ သူက ပြောခဲ့ပါတယ်။ သူက IWP စာရေးဆရာတွေကို နှစ်တိုင်း သူ့အိမ်ကို အလည်ခေါ်ပါတယ် တဲ့ ဒီတော့ ကျွန်မလည်း သူ့အိမ်ကို အလည်ရောက်ချင်ရောက်ဦးမှာပါ တဲ့။ သူပြောခဲ့တဲ့ အတိုင်းပါပဲ Eram Acreage ကို အလည်သွားတဲ့ ခရီးဟာ ပေါလ်ရဲ့ အိမ်က ဖိတ်ကြားတာ ဖြစ်ပါတယ်။ 

အိုင်အိုဝါမြို့ရဲ့ အနီးအနားမှာရှိတဲ့ ကျေးလက်အိမ်ကလေးမှာ ပေါလ်နဲ့ သူ့ဇနီးတို့  နေထိုင်ကြပါတယ်။ ကျွန်မတို့ရောက်လာတဲ့အခါ အိမ်ကလေးနဲ့ အိမ်နားက ကြက်ခြံ ဂိုထောင် စတာတွေကို တည်ဆောက်ထားပုံကို ရှင်းပြပါတယ်။ ပေါလ်ရဲ့ အိမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကိုက်ညီအောင် သဘာဝစွမ်းအင်ကို အတတ်နိုင်ဆုံး အသုံးချထားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။  
ပေါလ်နဲ့အတူ သူ့ရဲ့အိမ်ရှေ့မှာ
ပေါလ်ရဲ့ အိမ်မှာ ခွေး နှစ်ကောင် မွေးထားပါတယ်။ ခြံကိုစောင့်တဲ့ ခွေးကြီးက အိမ်ထဲမှာ အလှမွေးထားတဲ့ ခွေးပုလေးကို ကြောက်ရတာကိုလည်း ပြုံးချင်စရာ တွေ့ခဲ့ရပါသေးတယ်။ သူတို့အိမ်ခြံဝင်းဟာ တခြားအိမ်တွေနဲ့ အတော်ကလေးလှမ်းပါတယ်။ ဒါကြောင့် တခါတလေတော့ ညဘက်တွေမှာ တောရိုင်းတိရိစ္ဆာန်အချို့က ကြက်တွေကို လာဆွဲတဲ့အခါ သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ရပါသတဲ့။ မြွှေရော ရှိလား လို့ ကျွန်မကမေးလိုက်တော့ အိုင်အိုဝါမှာ မြွေမရှိဘူး လို့ ပေါလ်က ပြန်ပြောပါတယ်။ 

သူတို့ဇနီးမောင်နှံ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ပရေရီမြက်ခင်းတွေနဲ့ အနီးအနားက စိုက်ခင်းတွေရှိရာကို ကျွန်မတို့ကို လိုက်ပို့ပါတယ်။ ပရေရီမြက်ခင်းတွေကို ထိန်းသိမ်းဖို့ဟာ ဂေဟစနစ်အတွက် ဘယ်လိုအရေးကြီးကြောင်း ရှင်းပြပါတယ်။ ပရေရီမြက်ခင်းတွေအကြောင်းကို ငယ်ငယ်တုန်းကတော့ ၇တန်း ပထဝီမှာ သင်ခဲ့ရသေးတယ်လို့ ကျွန်မ ခပ်ရေးရေး ပြန်မှတ်မိပါတယ်။ အဲဒီမြက်တွေဟာ လူတစ်ရပ်လောက်အထိ ရှည်ပါတယ်။ အဲဒီမြက်ခင်းတွေကို ထိန်းသိမ်းခြင်းဖြင့် မြေဆီမြေနှစ်နဲ့ ရာသီဥတုကိုလည်း ထိန်းညှိပေးတယ်လို့ ပေါလ်က ရှင်းပြပါတယ်။   
မြက်ခင်းတွေကြားမှာ ဓာတ်ပုံရိုက်နေကြတဲ့ ရုရှက အလီဆာ နဲ့ ဖိလစ်ပိုင်က ဂျင်းန်

ပေါလ်တို့ ဇနီးမောင်နှံ တည်ခင်းတဲ့ နေ့လည်စာ

အဲဒီခရီးအပြီး စက်တင်ဘာလကုန်လောက်မှာ  အလည်ရောက်ခဲ့တဲ့ ကျေးလက်တစ်နေရာကတော့ အိုင်အိုဝါမြို့နဲ့ ဒမွိုင်းမြို့ကြားက ပြောင်းခင်းတွေ ရှိတဲ့ ရွာတစ်ရွာပါ။ ဂူလာလာရဲ့ မိတ်ဆွေတစ်ယောက်က အလည်ခေါ်လို့ ဂူလာလာနဲ့ ကျွန်မ လိုက်သွားဖြစ်ပါတယ်။

အဲဒီအိမ်ကလေးမှာတော့ အိမ်ရှင် ကန် နဲ့ သူ့ဇနီး၊ ကလေး ၃ ယောက်တို့ နေထိုင်ကြပါတယ်။ ကန် တို့မိသားစုကတော့ ပြောင်းမစိုက်ပါဘူး။ ကန်က ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ သူတို့ အိမ်မှာ တနိုင်တပိုင် စိုက်ထားတဲ့ အသီးအနှံခင်းလေးတွေ ရှိပါတယ်။ ကလေးတွေအတွက်တော့ ပြေးလွှားဆော့ကစားစရာ နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့မို့ စိတ်ချမ်းသာစရာပါ။ ထင်းရှုးပင်မျိုးစုံ ဝန်းရံထားတဲ့ အိမ်လှလှလေးရယ် အိမ်နားပတ်ဝင်းကျင်က ပြောင်းခင်းတွေနဲ့ သိုလှောင်ရုံတွေကို ဓာတ်ပုံရိုက်လာခဲ့ပါတယ်။ သူတို့ကိုယ်တိုင်ချက်ပြုတ်ပြီး ဧည့်ခံတဲ့ လတ်ဆတ်တဲ့ ပြောင်းဖူးပြုတ်၊ အာလူးဖုတ်၊ ကြက်ကင်၊ ရွှေဖယုံသီးအစာသွပ်မုန့် တွေကို အားပါးတရ စားလာခဲ့ပါတယ်။ 
ပြောင်းခင်းတွေ

ကန် ရဲ့ အိမ်ကလေး
ကျေးလက်နဲ့ ပတ်သက်လို့ နောက်ထပ် အမှတ်တရတစ်ခုကတော့ Kalona Fall Festival ဖြစ်ပါတယ်။ ကလိုနာ ဒေသမှာ ကျင်းပတဲ့ ဆောင်းဦးရာသီ ပွဲတော်မှာ လယ်ယာသုံးပစ္စည်းတွေ၊ အသုံးအဆောင်ဟောင်းတွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေ၊ အိမ်မှာလုပ်တဲ့ အစားအသောက်တွေ ရောင်းချနေတဲ့ ဆိုင်ခန်းတွေနဲ့ စည်ကားလှပါတယ်။ တီးမှုတ်ဖျော်ဖြေသူတွေ ရှိသလို ဗဟုသုတရစရာ ပြတိုက်တွေလည်း ရှိပါတယ်။ ဥဇဘက်ကစ္စတန်က အလီနာကတော့ အဲဒီပွဲတော်မှာ ကလေးတွေနဲ့အတူ က လာခဲ့ပါသေးတယ်။ သူတို့နိုင်ငံက ရိုးရာပွဲတော်တွေနဲ့ ဆင်တူတယ် လို့ပြောပြီး အဲဒီနေ့က အလွန်ပျော်ရွှင်နေခဲ့ပါတယ်။ 
ကလိုနာပွဲတော်မှာ ရောင်းချနေတဲ့ ဒေသထွက်ကုန်တွေ

ကျွန်မ မသွားနိုင်ခဲ့တဲ့ ရိုးရာပွဲတစ်ခုကတော့ အိုင်အိုဝါမြို့မှာ မြို့ခံတွေက ဖိတ်ခေါ်ခဲ့တဲ့ Barn Dance ပွဲပါ။ ကျီ (သိုလှောင်ရုံ) ကို ပတ်ပြီး ကကြတဲ့ အမေရိကန် ကျေးလက် စုပေါင်းအက တစ်မျိုးပါ။ အဲဒီနေ့က ကျွန်မက spirit lake ကို face to face workshop အတွက် ခရီးသွားနေခဲ့ပါတယ်။ အဲဒီနေ့က Barn Dance မှာ IWP စာရေးဆရာ အတော်များများဟာ ကျေးလက်အကကို မြို့ခံ အဘိုးကြီး အဘွားကြီးတွေနဲ့ ရင်းရင်းနှီးနှီး အတူတူကခဲ့ကြတယ်လို့ ပြန်ပြောကြပါတယ်။


၁၄။ Global Express စင်တင်ကဇာတ်

အိုင်အိုဝါကို မသွားခင် ရန်ကုန်မှာကတည်းက အစီအစဉ်တွေကို ကျွန်မတို့ကို ပေးပို့တဲ့အခါ Global Express ဆိုတဲ့ စင်တင်ကဇာတ်ပွဲမှာ စာရေးဆရာတွေရဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ် စတဲ့ လက်ရာတွေကို သရုပ်ဖော်ကပြဖို့ ပါဝင်ချင်တယ်ဆိုရင် စာမူတွေ ပေးထားဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်မက ကျွန်မရဲ့ ကဗျာအချို့ကို ပေးပို့ထားခဲ့ပါတယ်။ 

အိုင်အိုဝါမြို့ကို ရောက်တဲ့အခါ IWP က စင်တင်ကဇာတ်မှာ ပါဝင်ဖို့ ရွေးချယ်ခံရတဲ့ စာမူတွေရဲ့ စာရင်းကို ထုတ်ပြန်ပါတယ်။ ကျွန်မရဲ့ “လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်” ကဗျာ ရွေးချယ်ခံရတဲ့အတွက် ဒီကဗျာကို အိုင်အိုဝါ တက္ကသိုလ် ပြဇာတ်ပညာဌာနမှာ သင်ယူနေတဲ့ကျောင်းသားတွေနဲ့ ဆရာတွေက ဘယ်လို သရုပ်ဖော်ကြမလဲ ဆိုတာ စိတ်ဝင်စားနေမိပါတယ်။

ဇာတ်တိုက်ဖို့ ချိန်းဆိုထားတဲ့ ရက်တွေမှာတော့ ကျွန်မက spirit lake ကို ရောက်နေခဲ့ပါတယ်။ အစီအစဉ် ဒါရိုက်တာ ပြဇာတ်မင်းသမီး ဆဖရွန် ဟန်ကီ (Saffron Henke) က သူကိုယ်တိုင် ကျွန်မရဲ့ ကဗျာကို ရွတ်ဆိုမှာဖြစ်ကြောင်း၊ ဘယ်လိုရွတ်ဆိုဖို့ အကြံပေးလိုက ပေးနိုင်ကြောင်း အီးမေးလ်ပို့လာပါတယ်။ ကျွန်မကလည်း သူ သင့်တော်သလို သရုပ်ဆောင် ရွတ်ဆိုဖို့ပဲ ပြောလိုက်ပါတယ်။

Spirit lake က ပြန်ရောက်တဲ့ ညနေမှာ စင်တင်ကဇာတ်ပွဲကို သွားခဲ့ကြပါတယ်။ စာရေးဆရာ ၉ ယောက်ရဲ့ အစီအစဉ် ၉ ခုထဲမှာ မှတ်မှတ်ရရဖြစ်မိတဲ့ တင်ဆက်မှု တချို့ရှိပါတယ်။ ယူရူဂွေးက လူးဝစ် ဘရာဗို ရဲ့ The Hunt ဆိုတဲ့ ကဗျာကို ဒစ်ဂျစ်တယ် နည်းပညာတွေ ပေါင်းစပ်လို့ ဗွီဒီယိုရိုက်ကူးထားပြီး ရုပ်ရှင်ပိတ်ကားပေါ်မှာ ဆလိုက်ထိုးပြီး ပြသခဲ့ပါတယ်။ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီ ရဲ့ Election Day ဆိုတဲ့ ဝတ္ထုတိုနဲ့ ကိုရီးယားက ချွိုင် ရဲ့ Two Daughters ဆိုတဲ့ ပြဇာတ်ကို ဟန်မူပါပါ သရုပ်ဆောင် ကပြသွားကြပုံကို အထူးသဘောကျမိပါတယ်။ အမျိုးသမီးတွေ စုပေါင်းပြီးတော့ တီဂျေဒီမားရဲ့ Dead and Bread ကဗျာကို တစ်ယောက် တစ်ခွန်းရွတ်ဆိုပုံနဲ့ ရုတ်တရက် ပြိုင်တူ လုပ်လိုက်တဲ့ လှုပ်ရှားမှုတွေ ဟာလည်း သိပ်ကို တီထွင်မှု အားကောင်းပါတယ်။ ကျွန်မရဲ့ ကဗျာ လူပြိန်းများ (အင်္ဂလိပ်ဘာသာပြန်) ကိုတော့ ဆဖရွန်ဟန်ကီ တစ်ဦးတည်းက အနိမ့်အမြင့် အသံအား၊ မျက်နှာထား၊ လက်ဟန်ခြေဟန်တွေကို ထိထိရောက်ရောက် အသုံးပြုပြီး ရွတ်သွားခဲ့ပါတယ်။
Global Express ပိုစတာ

ပွဲပြီးတဲ့အခါ IWP က ဝန်ထမ်းတစ်ဦးက ကျွန်မကို ဘယ်လိုသဘောရလဲလို့ လာမေးတော့ ဆဖရွန် ရွတ်သွားပုံကို ကြည့်ပြီးတဲ့အခါ အဲဒီကဗျာကို သူ့လိုကောင်းအောင် မရွတ်နိုင်လို့ ကျွန်မကိုယ်တိုင် ရွတ်ရဲမှာတောင် မဟုတ်တော့ဘူးလို့ ရယ်ကာမောကာ ပြောလိုက်ပါတော့တယ်။ သူရွတ်သွားပုံကို သင်ယူလေ့လာရအောင် ကင်မရာထဲမှာ ဗွီဒီယိုရိုက်ယူလာခဲ့ပါတယ်။(အဲဒီဗွီဒီယိုကို ကြည့်ချင်ရင် poetpandora@gmail.com ကို မေးလ်ပို့လိုက်ပါ။ ဆဖရွန်ရဲ့ ကော်ပီရိုက်ကိစ္စကြောင့် တစ်ဦးချင်းကိုပဲ ဖြန့်ဝေပေးနိုင်ပါတယ်။)

၁၅။ New Orleans သို့ အလည်ခရီး

၂၀၁၂ ခုနှစ် IWP စာရေးဆရာတွေအတွက် mid-residency trip လို့ခေါ်တဲ့ လေ့လာရေးခရီးမှာ သွားစရာ နေရာ နှစ်ခုထဲက တစ်ခုကို ရွေးခိုင်းလာပါတယ်။ တစ်နေရာကတော့ ဆန်ဖရန်စစ္စကိုပါ။ နောက်တစ်နေရာကတော့  နယူးအော်လန်းဇ်  ဆိုတဲ့ လူဝီစီယားနား ပြည်နယ်ရဲ့ စိတ်ဝင်စားဖွယ်နေရာပါ။ ကျွန်မက ဘယ်နေရာကိုမှ မရောက်ဖူးသေးပေမယ့် ယဉ်ကျေးမှုအရ ပိုထူးခြားတယ်လို့ ထင်မိတဲ့  နယူးအော်လန်းဇ်  ကိုပဲ ရွေးလိုက်ပါတယ်။ 

နယူးအော်လန်းဇ် ကို သွားဖို့ စာရင်းပေးထားတဲ့ စာရေးဆရာတွေဟာ အိုင်အိုဝါမြို့နဲ့ အနီးဆုံးဖြစ်တဲ့ စီဒါရက်ပစ် လေဆိပ်ကနေ အုပ်စု ၂ စု ခွဲပြီး ရှီကာဂိုကို ထွက်ခွာခဲ့ကြပါတယ်။ ရှီကာဂိုကနေ နောက်ထပ် လေယာဉ်ပြောင်းစီးပြီးတော့  နယူးအော်လန်းဇ်  လေဆိပ်ကို သွားဖို့ပါ။ ကျွန်မပါတဲ့ အဖွဲ့ဟာ စောစောထွက်တဲ့အဖွဲ့ဖြစ်ပြီး မနက် ၇ နာရီကျော်မှာ စီဒါရက်ပစ်ကနေ ထွက်လာပြီး ညနေ ၄ နာရီခွဲမှာ နယူးအော်လန်းဇ်ကို ဆိုက်ရောက်ဖို့ အစီအစဉ်ချထားပါတယ်။ စောစောစီးစီး ရောက်သွားတဲ့အခါ ဘယ်လို လျှောက်လည်လိုက်မယ်လို့ အဖွဲ့သားတွေက စိတ်ကူးယဉ်နေကြပါတယ်။ သို့သော်လည်း ကံဆိုးချင်တော့ လေယာဉ်နှောင့်နှေးမှုနဲ့ ကြုံရပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီးမှာလည်း ဒီလို အထစ်အငေါ့တွေ ရှိနေတတ်တာကို တွေ့ခဲ့ရပါတယ်။ (နောက်ပိုင်းမှာ အဝေးပြေးဘတ်စ် စီးဖြစ်တဲ့အခါ အဲဒီလို အတွေ့အကြုံတစ်ခု ထပ်ရပါသေးတယ်။)

 နယူးအော်လန်းဇ်  ရဲ့ လူးဝစ်အမ်းစထရောင်း လေဆိပ် ကိုရောက်တဲ့အချိန်မှာ နေဝင်ဖျိုးဖျ ဖြစ်နေပါပြီ။ လူးဝစ်အမ်းစထရောင်းက နာမည်ကျော် အမေရိကန် ဂျက်ဇ်ဂီတပညာရှင် အဆိုတော်ပါ။ အနုပညာရှင် တစ်ယောက်ကို ဂုဏ်ပြုပြီး ပေးထားတဲ့ လေဆိပ်နာမည်ဟာ အလွန်ကျက်သရေရှိတယ် လို့ ကျွန်မ ထင်မိပါတယ်။ ဂျက်ဇ်ဂီတ မြို့တော်ဖြစ်တဲ့  နယူးအော်လန်းဇ် နဲ့လည်း လိုက်ဖက်ညီလှပါတယ်။ မြို့ထဲကို ဖြတ်ကျော်ပြီး ကျွန်မတို့ တည်းခိုမယ့် ပြင်သစ်ရပ်ကွက် (French Quarter) ရှိရာကို ဘတ်စ်ကားက လိုက်ပို့ပါတယ်။ တည်းခိုတဲ့ ဟိုတယ်က Four Points By Sheraton ပါ။ လူစည်ကားရာ နာမည်ကျော် ဘာဘွန်းလမ်း (Barbon Street) မှာ တည်ရှိပါတယ်။

စက်တင်ဘာလကုန်ခါနီးမို့ အဲဒီအချိန်မှာ အိုင်အိုဝါမြို့နဲ့ အနီးတဝိုက်မှာ အတော်အေးလာပါပြီ။ အထူးသဖြင့် ညဖက်တွေဆိုရင် အနွေးထည်ထူထူ ဝတ်နေရပါတယ်။  နယူးအော်လန်းဇ် ကိုရောက်တဲ့အခါ နွေးထွေးတဲ့ ရာသီဥတုက ဆီးကြိုနေပါတယ်။ နေ့ဘက်တွေဆိုရင် နေကျဲကျဲပူနေတတ်ပြီး ညဘက်မှာလည်း အနွေးထည် လုံးဝဝတ်စရာမလိုပါ။ မြန်မာပြည်နဲ့ စင်ကာပူက ရာသီဥတုမျိုးမို့ ကျွန်မအတွက်ကတော့ သက်တောင့်သက်သာ ဖြစ်နေရပါတယ်။ ရာသီဥတုနဲ့ ပတ်သက်လို့ နယူးအော်လန်းဇ် ဒေသဟာ မုန်တိုင်းဒဏ်တော့ ရံဖန်ရံခါ ခံရတတ်ပါတယ်။၂၀၀၅ ခုနှစ်ကတော့ ကက်ထရီနာ ဟာရီကိန်း ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။

ပြင်သစ်ရပ်ကွက်ဟာ မန္တလေးမြို့က လမ်းတွေလို လေးထောင့်ကွက်ကျ တည်ဆောက်ထားတာမို့ မြေပုံကိုကြည့်ပြီး သွားလာရတာ သိပ်လွယ်ကူပါတယ်။ ညမှောင်ရီတရောမှာ ရေမိုးချိုးအပြီး ဟိုတယ်က ထွက်လာတဲ့အခါ မီးရောင်စုံ လမ်းမဟာ သီတင်းကျွတ်ပွဲတော်အလား စည်ကားနေတာကို တွေ့ရပါတယ်။ ဘာဘွန်းလမ်းဘေးတလျှောက်က စားသောက်ဆိုင်တွေနဲ့ အကခန်းတွေရှေ့မှာ မလုံ့တလုံ အဝတ်အစားနဲ့ ဧည့်သည်တွေကို ကြိုဆိုနေတဲ့ မိန်းကလေးတွေဟာ ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးတဲ့ မြင်ကွင်းတွေအတိုင်းပါပဲ။ သရဲပုံ၊ စက်ရုပ်ပုံ ဝတ်စားပြီး အခကြေးငွေယူပြီး ဓာတ်ပုံတွဲရိုက်ခံနေသူတွေကိုလည်း တွေ့ရပါတယ်။ တချို့ကလည်း အချင်းချင်း ပုတီးကုံးတွေနဲ့ ပစ်ပေါက် ဆော့ကစား နေကြပါတယ်။ တီးမှုတ် ကခုန်နေသူတွေကိုလည်း တွေ့ရပါတယ်။ ကျွန်မတို့ဟာ လမ်းလျှောက်ငေးမောရင်း Gumbo Shop ဆိုတဲ့ စားသောက်ဆိုင်ကို ရောက်လာကြပါတယ်။ 

နယူးအော်လန်းဇ် ဟာ ဒေသထွက် အစားအစာကောင်းတွေ အတွက်လည်း ထင်ရှားပါတယ်။ ခရီရိုး (Creole) လို့ခေါ်တဲ့ ပြင်သစ်၊ စပိန်၊ အာဖရိကန်၊ အင်ဒီယန် ရောနှောနေတဲ့ လူမျိုးတွေရဲ့ ဟင်းလျာတွေကို အလည်ရောက်နေတဲ့ ရက်အတွင်းမှာ တတ်နိုင်သလောက် မြည်းစမ်းကြည့်ဖို့ စဉ်းစားထားခဲ့ပါတယ်။ အဲဒီညကတော့ ပုစွန်လုံးအသားနဲ့ ချက်ထားတဲ့ crawfish Étouffée ကို စားခဲ့ပါတယ်။ ထမင်းကို အနှစ်ပါတဲ့ဟင်းနဲ့ စားရတာမျိုးမို့ ကျွန်မအတွက်တော့ မြန်မာထမင်းဟင်း စားရသလိုပဲ အရသာရှိပါတယ်။ အခြား စားဖြစ်ခဲ့တဲ့ အစားအစာတွေကတော့ Jambalaya ဆိုတဲ့ ထမင်းနဲ့ အသီးအရွက်၊ ဝက်အူချောင်း၊ အသားတွေ ရောနှောချက်ပြုတ်ထားတဲ့ အစားအစာ၊ ပဲနီ (red bean) နဲ့ ထမင်း၊ po-boy လို့ခေါ်တဲ့ အသားညှပ်ပေါင်မုန့် စတာတွေပါ။ ကမာ (oyster) အထူးပြုရောင်းတဲ့ ဆိုင်တွေမှာလည်း  သွားစားဖြစ်ကြပါတယ်။ နာမည်ကြီးတဲ့ဆိုင်ဆိုရင် တစ်နာရီလောက် တန်းစီရပါတယ်။ အဲဒီမြို့မှာ စားဖြစ်ခဲ့တဲ့ အစားအသောက်တွေမှန်သမျှ ကျွန်မကတော့ နှစ်သက်မိပါတယ်။ မနက်ခင်းစာ ဝယ်စားတဲ့ ကြက်ဥမွှေကြော်ကအစ အရသာရှိနေတာပါ။ 

ပြင်သစ်ရပ်ကွက်က အိမ်လှလှလေးတစ်လုံး
ပြင်သစ်ရပ်ကွက်ထဲမှာ လျှောက်ကြည့်တဲ့အခါ အိမ်ကလေးတွေကို ကျွန်မ အထူးသဘောကျမိပါတယ်။  တချို့အိမ်လေးတွေက ဗိသုကာ လက်ရာတွေဟာ မြန်မာပြည် တချို့ဒေသတွေမှာ တွေ့ရတဲ့ အိမ်လေးတွေနဲ့ တူသလိုလို ထင်မိပါသေးတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ မျက်နှာစာတွေနဲ့ ဝရံတာတွေကို ပန်းရောင်၊ ခရမ်းရောင်၊ အစိမ်းရောင် စသည်ဖြင့် တောက်ပတဲ့ ဆေးရောင်စုံတွေ ခြယ်ထားတာ၊ သံပန်းတွေ အလှဆင်ထားတာ အင်မတန် နှစ်သက်စရာကောင်းပါတယ်။ နောက်ထပ် စိတ်ဝင်စားမိတာကတော့ ဆိုင်ခန်းတွေရဲ့ ဒီဇိုင်းလှလှ ဆိုင်းဘုတ်တွေနဲ့ လမ်းမပေါ်မှာ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေပါ။ မြင်ရတဲ့အရာ အတော်များများဟာ အနုပညာမြောက်နေတယ်လို့ ခံစားရပါတယ်။
ပြင်သစ်ရပ်ကွက်က အိမ်လှလှလေးတစ်လုံး

ပြင်သစ်ရပ်ကွက်က ဆိုင်းဘုတ်တစ်ခု


ပြင်သစ်ရပ်ကွက်က ဆိုင်းဘုတ်တစ်ခု

လမ်းဘေးမှာ ချရောင်းတဲ့ ပန်းချီဆိုင်တွေရော ပန်းချီပြခန်းတွေကိုပါ ဝင်ကြည့်ဖြစ်ပါတယ်။ သူတို့ဆီက ပန်းချီပြခန်းတွေဟာ လက်ရာစုံ မူဟန်အစုံ ပြထားတာမဟုတ်ဘဲ တစ်ဆိုင်စီမှာ ကိုယ့်ဆိုင်ရဲ့ အထူးပြုလက်ရာ တစ်မျိုး နှစ်မျိုးကိုသာ ရွေးချယ်ရောင်းချကြတာ များပါတယ်။ ဥပမာ - တောက်ပတဲ့ ဆေးသားအထူသုံးပြီး ပန်းတွေကို ရေးထားတဲ့ ပန်းချီကားတွေကိုချည်း ရောင်းတဲ့ဆိုင်ရှိသလို၊ လူတွေရဲ့ လှုပ်ရှားမှု ကောက်ကြောင်း ပန်းချီလေးတွေကိုချည်း ရောင်းတဲ့ဆိုင်လည်းရှိပါတယ်။ ဆိုင်တိုင်းမှာ မူရင်းပန်းချီကားကိုရော၊ အဲဒီကားတွေရဲ့ ပုံနှိပ်မူပွား ပန်းချီတွေကိုရော အရွယ်အစားမျိုးစုံ ဈေးနှုန်းမျိုးစုံနဲ့ အမှတ်တရပစ္စည်း အနေနဲ့ ရောင်းကြပါတယ်။  ကျွန်မကတော့ သူတို့လက်ရာတွေထက် မညံ့တဲ့ ကိုယ့်ဆီက ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုလည်း မြန်မာပြည်ရောက်ရင် မဖြစ်မနေ ဝယ်သင့်တဲ့ အမှတ်တရ လက်ဆောင်အဖြစ် အဲဒီလို မူရင်းရော မူပွားကိုပါ တွင်တွင်ကျယ်ကျယ် ရောင်းရရင်ကောင်းမယ်လို့ တွေးမိပါတယ်။ 
body paint တွေအထူးပြသထားတဲ့ ပြင်သစ်ရပ်ကွက်က ပန်းချီပြခန်းတစ်ခန်း
အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ ရောင်းကြတာကတော့ အမှတ်တရ လွယ်အိတ်၊ တီရှပ်၊ ပို့စကဒ်တွေ အပြင် တစ္ဆေသရဲ ဝိညာဉ်တို့ ကျက်စားတယ်ဆိုတဲ့  နယူးအော်လန်းဇ် ရဲ့ အမှတ်အသားတွေဖြစ်တဲ့ ဗူးဒူးအရုပ်လေးတွေ၊ သွေးစုတ်ဖုတ်ကောင်တွေ၊ ငှက်မွှေးတွေ ဘော်ကြယ်တွေနဲ့ ရောင်စုံခြယ်သထားတဲ့ ဗင်းနစ် မျက်နှာဖုံးတွေ (Venetian masks)ကို တွေ့ရပါတယ်။ အမေရိကရဲ့ အမှတ်တရပစ္စည်းတွေဆိုပေမယ့် အားလုံးလိုလိုဟာ made in China ဖြစ်နေပြီး ရောင်းချတဲ့ ဈေးဆိုင်ပိုင်ရှင် အတော်များများကျပြန်တော့ အိန္ဒယလူမျိုးတွေ ဖြစ်နေတာကို သတိထားမိတော့ ပြုံးမိပါသေးတယ်။ မစ္စစ္စပီမြစ်နဲ့ အနီးအနားမှာရှိတဲ့ ပြင်သစ်ဈေး (French Market) မှာတော့ လက်မှုပစ္စည်းတွေ၊ အမှတ်တရ ပစ္စည်းတွေအပြင်၊ ဒေသထွက် အစားအစာတွေကိုလည်း တွေ့ရပါတယ်။
ပြင်သစ်ရပ်ကွက် အမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ဆိုင်က ဗူးဒူးအရုပ်တွေ

အမေရိကမှာ သရဲအခြောက်ဆုံးမြို့လို့ နာမည်ကြီးတဲ့  နယူးအော်လန်းဇ် က ပြင်သစ်ရပ်ကွက်မှာ ghost tour ဒါမှမဟုတ် haunted tour လို့ခေါ်တဲ့ သရဲခြောက်ခရီးစဉ်ကိုလည်း  လိုက်ပါခဲ့ပါသေးတယ်။ အဲဒီ ခရီးကတော့ ဧည့်လမ်းညွှန်က တစ္ဆေသရဲပုံပြင်တွေနဲ့ မြို့ရဲ့ သမိုင်းကြောင်းကို ပြောပြပြီး တစ်နာရီခွဲလောက် အနီးအနားနေရာတွေကို လှည့်လည် လိုက်ပြတဲ့ အစီအစဉ်ပါ။ ဒေါ်လာ ၂၀ ပေးရပါတယ်။ ဧည့်သည်တွေကို ဟာရီကိန်းဖျော်ရည် တစ်ခွက်ဝယ်ရင် တစ်ခွက်အလကား ပေးပါတယ်။ ဟာရီကိန်းဆိုတာက အဲဒီဒေသရဲ့ နာမည်ကြီး ကော့တေးလ် တမျိုးရဲ့ နာမည်ပါ။ အယ်လ်ကိုဟော အနည်းငယ် ပါတဲ့ ချိုရှရှဖျော်ရည်ဟာ အနီရဲရဲအရောင်မို့ သွေးစုတ်ဖုတ်ကောင်စုတ်ထားတဲ့ သွေးတွေနဲ့ တူတယ်ဆိုပြီး အခုလို သရဲခြောက်ခရီးစဉ်နဲ့ လိုက်ဖက်အောင် ရောင်းချပေးတာဖြစ်ပါတယ်။ ကျွန်မ အစက မျှော်လင့်မိတာကတော့ သရဲခြောက်တယ် ဆိုတဲ့ အဆောက်အဦတွေကို ဝင်ကြည့်ပြီး ညနေမှုန်ပျပျမှာ သရဲရထားစီးသလို ကြောက်စရာ ဖြစ်မလားလို့ပါ။ ဒါပေမယ့်လည်း အဲဒီအဆောက်အဦတွေရဲ့ အနီးအနားမှာ ရပ်နားရင်းနဲ့ပဲ သက်ဆိုင်တဲ့ ပုံပြင်တွေကို ဧည့်လမ်းညွှန်က ပြောပြတဲ့ ခရီးစဉ် ဖြစ်နေပါတယ်။

နယူးအော်လန်းဇ်က စိန့်လူးဝစ် ဘုရားကျောင်း

 နယူးအော်လန်းဇ် ဟာ တချိန်က စပိန်နဲ့ ပြင်သစ်တို့ရဲ့ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ပါတယ်။ လူမည်းတွေကို အကြီးအကျယ် ကျွန်ကုန်ကူးရာ ဆိပ်ကမ်းလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အဖြစ်တွေ၊ မြို့လုံးကျွတ်နီးပါး မီးလောင်ခဲ့တဲ့ အဖြစ်တွေလည်း ကြုံခဲ့ရပါတယ်။ နေ့ရက်တစ်ခု ရောက်တိုင်းမှာ ဘုရားကျောင်းက အလိုလို ခေါင်းလောင်းသံ မြည်လာတတ်တဲ့ အကြောင်း၊ သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်း၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ ဒီဒေသမှာ လူတွေ ပျောက်သွားတတ်တဲ့အကြောင်း စတဲ့ ခေတ်အဆက်ဆက်က အသည်းထိတ်စရာ ဇာတ်လမ်းတွေကို ဧည့်လမ်းညွှန်က တစ်ခုပြီးတစ်ခု ပြောပြခဲ့ပါတယ်။ အဲဒီပုံပြင်တွေဟာ သမိုင်းအရ တိတိကျကျ မှန်ချင်မှလည်း မှန်မှာပါ။ ဒါပေမယ့် စိတ်ဝင်စားတတ်တဲ့ ဧည့်သည်တွေကို ဖျော်ဖြေမှုပေးပြီး ဝင်ငွေအများအပြားရတဲ့ tour တွေလို့ ပြောကြပါတယ်။ ကျွန်မကတော့ ပုဂံလို နေရာမျိုးမှာ ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေပေါ် အခြေခံပြီး အဲဒီလို haunted tour တွေ တီထွင်ပြီး ရောင်းရင်တော့ သာသနာရေးအရ၊ သမိုင်းအရ လက်ခံနိုင်ဖွယ် ဖြစ်ပါ့မလားလို့ တွေးနေမိပါတယ်။ 
ပြင်သစ်ရပ်ကွက်က စိန့်လူးဝစ် သချိုင်္င်း အမှတ် (၁)
 
စိန့်လူးဝစ် သင်္ချိုင်း အမှတ် ၁ ကိုလည်း ဧည့်လမ်းညွှန်တစ်ဦးရဲ့ ဦးဆောင်မှုနဲ့ သွားခဲ့ကြပါတယ်။ ၁၇၈၉ ခုနှစ် ကတည်းက ဖွင့်လှစ်ခဲ့တာမို့ ရှေးအကျဆုံးနဲ့ အကျော်ကြားဆုံး ဂူသင်္ချီုင်းလို့ ဆိုပါတယ်။ ကြီးကြီးမားမား ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ အုတ်ဂူတွေကို တွေ့ရပါတယ်။ မိသားစုလိုက် နေရာချထားတဲ့ ဂူတွေ၊ ဘာသာရေး အထိမ်းအမှတ် အရုပ်တွေ ထုလုပ်ထားတဲ့ ဂူတွေဟာ စိတ်ဝင်စားစရာပါ။ Faulkner House လို့ခေါ်တဲ့ အမေရိကမှာ charming အဖြစ်ဆုံးလို့ ဆိုတဲ့ စာအုပ်ဆိုင်ကလေးကိုလည်း ရောက်ခဲ့ပါတယ်။ ရှားပါးစာအုပ်တွေကိုပါ စုဆောင်းထားတဲ့ဆိုင်ပါ။ ပန်းချီတွေ ရေးဆွဲထားတဲ့ ကွန်ကရစ်တိုင်လုံးတွေရှိရာ Claiborne Expresswayအောက်မှာလည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Claiborne Expressway အောက်က ပန်းချီခြယ်ထားတဲ့ တိုင်လုံးတွေ

နယူးအော်လန်းဇ်ရဲ့ ညတွေမှာ မဖြစ်မနေ ခံစားသင့်တဲ့ အရာတစ်ခုကတော့ တော့ ဂျက်ဇ် ဂီတ ဖျော်ဖြေပွဲတွေပါ။ ညနေစောင်းမှာ လမ်းမတွေရဲ့ ဘေးမှာ လွတ်လွတ်လပ်လပ် တီးမှုတ်နေတဲ့ တီးဝိုင်းတွေ ရှိသလို၊ ကော်ဖီဆိုင် ဘားဆိုင်တွေထဲမှာ ဖျော်ဖြေတဲ့ တီးဝိုင်းတွေလည်း ရှိပါတယ်။ တချို့နေရာတွေကတော့ အခကြေးငွေပေးပြီးမှ ဝင်လို့ရပါတယ်။ မနက်စောစောနဲ့ ညနေစောင်းတွေမှာ ခံစားသင့်တာကတော့ မစ္စစ္စပီမြစ်ကမ်းမှာ လေညင်းခံရင်း လမ်းလျှောက်ဖို့ပါ။ မစ္စစ္စပီမြစ်ကို မြင်တိုင်းတော့ စာရေးဆရာတွေရဲ့ စိတ်ထဲမှာ အမေရိကန် စာရေးဆရာကြီး Mark Twainရဲ့ Tom Sawyer တို့ Huckleberry Finn တို့ကို သတိတရ ဖြစ်နေကြမှာပါ။ 
စားသောက်ဆိုင်တစ်ဆိုင်ထဲက ဂျက်ဇ် ဂီတဖျော်ဖြေပွဲ

မစ္စ္စစ္စပီမြစ်ရဲ့ မနက်ခင်းအလှ
မစ္စစ္စပီမြစ်ရဲ့ ညချမ်းအလှ

ချောင်းထဲမှာ စက်လှေစီးပြီး alligator မိချောင်းခေါင်းတိုတွေကို သွားကြည့်ကြတဲ့ Bayou Tour လို့ခေါ်တဲ့ ခရီးတစ်ခုလည်း မှတ်မှတ်ရရပါ။ နယူးအော်လန်းဇ် ဟာ မိချောင်းတွေ ရှိတဲ့ ဒေသအဖြစ်လည်း ထင်ရှားပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမှတ်တရ ပစ္စည်းတွေမှာ မိချောင်းခေါင်းတွေကိုလည်း တွေ့ရပါတယ်။ Swamp ဆိုတဲ့ နွံဖုံးနေတဲ့ ရေတိမ်ချောင်းတွေမှာ မိကျောင်းတွေ မွေးထားကြပါတယ်။ ကျွန်မတို့ စီးနင်းလိုက်ပါလာတဲ့ စက်လှေကို မောင်းသူဟာ မိချောင်းတွေအကြောင်း ရှင်းလင်းပြောပြတဲ့ ဧည့်လမ်းညွှန်တစ်ယောက်လည်း ဖြစ်ပါတယ်။ လှေထဲမှာ မိကျောင်းခေါင်းပြတ် အစစ် အခြောက်တစ်လုံးကို ဧည့်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ကိုင်ကြည့်ကြပါတယ်။ နောက်တော့ ချောင်းစပ်က မိချောင်းတွေ ထွက်လာတာကို မြင်ရပါတယ်။ တစ်နေရာမှာတော့ စက်လှေကို ခဏစက်သတ်ပြီး မိချောင်းတွေကို ဧည့်လမ်းညွှန်က အနီးကပ် အစာကျွေးပြပါတယ်။ အပြန်ခရီးမှာတော့ လှေထဲမှာ ပါလာတဲ့ လာရီ လို့နာမည်ပေးထားတဲ့ မိချောင်းပေါက်စလေးကို ဧည့်သည်တွေက ကိုင်ကြည့်ကြပြန်ပါတယ်။ 
မိချောင်းလေးကို အစာကျွေးနေစဉ်

နယူးအော်လန်းဇ်မှာ ကျွန်မအပါအဝင် တချို့သော စာရေးဆရာတွေဟာ အလည်အပတ်ခရီးအပြင် IWP အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲရပါတယ်။ မောရိသျှက ဘာလင်၊ ဖိလစ်ပိုင်က ဂျန်နဲ့ ကျွန်မကတော့ နယူးအော်လန်းဇ်က အထက်တန်းကျောင်းတစ်ကျောင်းရဲ့ တီထွင်ဖန်တီးစာရေးသားခြင်း အတန်းတစ်တန်းမှာ ဆွေးနွေးဖို့ အစီအစဉ်ထဲမှာ ပါပါတယ်။ အဲဒီအတန်းဟာ တခြားကျောင်းပေါင်းစုံက ကျောင်းသားတွေ စုပေါင်းလာတက်ကြတဲ့ အတန်းဖြစ်ပါတယ်။ နယူးအော်လန်းဇ် က ကျောင်းသားတွေဟာ အိုင်အိုဝါက ကျောင်းသားတွေနဲ့ ကွဲပြားတဲ့အချက်လေးတွေ ရှိပါတယ်။ ဒီက ကလေးတွေက လူမည်းလေးတွေ များပါတယ်။ စာသင်ခန်းထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် နေကြပြီး မေးခွန်းတွေကိုလည်း ပိုမေးကြပါတယ်။ ကျွန်မတို့ရဲ့ စာ၊ကဗျာ နမူနာတွေကို သူတို့တွေကို ဖတ်ပြပြီး သူတို့တွေက အဲဒီစာတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးပါတယ်။ ပြီးတော့ ကလေးတွေဖတ်ဖို့ ကျွန်မတို့ ညွှန်းချင်တဲ့ နိုင်ငံတကာ စာရေးဆရာတွေအကြောင်းကို သူတို့ကို မိတ်ဆက်ပြောပြကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ ရွတ်ပြသွားတဲ့ လက်ရာတွေက ကောက်နုတ်ပြီးတော့ သူတို့ဆရာမက သူတို့ကို အောက်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါတယ်။


  • -       ကိုယ် တစ်ခါမှ မရောက်ဖူးတဲ့ မြို့တစ်မြို့အကြောင်း ရေးပါ။
  • -       ကမ္ဘာ့သမိုင်းကို အတိုဆုံးအကျဉ်းချုံး ရေးပါ။
  • -       နိုင်ငံရပ်ခြား ရေစိမ်းမြေစိမ်းမှာ ဆက်သွယ်မှု ခက်ခဲတဲ့အကြောင်း ရေးပါ။ 


နယူးအော်လန်းဇ်က creative writing စာသင်ခန်းတစ်ခန်းမှာ ဆွေးနွေးနေစဉ်
အီဂျစ်က ခါလက်၊ ဂျာမနီက လူစီနဲ့ ဘော့စဝါနာက တီဂျေ တို့ကတော့ Melvin’s Cocktail and Music ဆိုတဲ့ ဆိုင်မှာ ကျင်းပတဲ့ စာပေရွတ်ပွဲတစ်ပွဲမှာ ဒေသခံစာရေးဆရာ တစ်ယောက်နဲ့အတူ သူတို့ရဲ့ လက်ရာတွေကို ရွတ်ပြခဲ့ပါတယ်။ ကျွန်မတို့လည်း သွားနားထောင်ခဲ့ကြပါတယ်။ တကယ်တော့ ၄ ည ၅ ရက် ကြာမြင့်ခဲ့တဲ့ နယူးအော်လန်းဇ် ခရီးစဉ်အကြောင်းကို ဒီ့ထက်အသေးစိတ် ပြောစရာတွေ အများကြီးကျန်ပါသေးတယ် ပြောပြရရင်လည်း စာမျက်နှာပေါင်းများစွာ ဖြစ်သွားပါလိမ့်မယ်။  အမြဲတစေ ပွဲတော်အလား စည်ကားနေပြီး တက်ကြွပျော်ရွှင်နေသူတို့ရဲ့ ညတွေကို ကျွန်မအနေနဲ့တော့ အခုလို ခဏတဖြုတ် အလည်သွားပြီး ခံစားလေ့လာတာ လုံလောက်ပါပြီ။ ဒီလိုနေရာမျိုးမှာ နှစ်ရှည်လများ နေရရင် ကျွန်မအတွက်တော့ ပျော်ရွှင်စရာ လွန်ကဲပြီး အာရုံနောက်ကျိစေမှာပါ။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ ဂျူလိုင်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့





အိုင်အိုဝါရက်စွဲများ အပိုင်း (၆)

$
0
0


အိုင်အိုဝါရက်စွဲများ အပိုင်း (၆)

၁၆။ စာပေမြို့တော် နဲ့ ရာသီပြောင်းချိန်
အိုင်အိုဝါမြို့ဟာ ၂၀၀၈ ခုနှစ်မှာ စာပေမြို့တော် (city of literature) အဖြစ် ယူနက်စကို ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပါတယ်။ ကမ္ဘာပေါ်မှာ စာပေမြို့တော်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ မြို့ပေါင်း ၆ မြို့ရှိပါတယ်။ ၂၀၀၄ မှာ စကော့တလန်က အက်ဒင်ဘရာ၊ ၂၀၀၈ မှာ သြစတေးလျက မဲလဘုန်း၊ အမေရိကက အိုင်အိုဝါမြို့၊ ၂၀၁၀ မှာ အိုင်ယာလန်က ဒဗ္ဗလင်၊ ၂၀၁၁မှာ အိုက်စလန်က ရေဂျာဗစ်နဲ့ ၂၀၁၂မှာ အင်္ဂလန်က နောဝစ် တို့ဖြစ်ကြပါတယ်။ 

စာပေမြို့တော်အဖြစ် အသိအမှတ်ပြုခံရဖို့အတွက် အောက်ပါအချက်တွေ ပြည့်စုံဖို့လိုအပ်တယ်လို့ သိရပါတယ်။


  • ·         အဲဒီမြို့မှာ ကျယ်ပြန့်၊ စုံလင်၊ ကောင်းမွန်တဲ့ စာပေတွေကို အရေအတွက်များများ ပုံနှိပ်ထုတ်ဝေမှု ရှိရပါမယ်။
  • ·         ပြည်တွင်းစာပေရော နိုင်ငံရပ်ခြားစာပေတွေကိုပါ အထူးပြုတဲ့ ပညာရေးအစီအစဉ်တွေကို အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ကျောင်းတွေမှာ သင်ကြားမှုရှိရပါမယ်။
  • ·         စာပေ၊ ပြဇာတ်၊ ကဗျာတို့ဟာ မြို့မှာ အရေးပါတဲ့ ကဏ္ဍအဖြစ် တည်ရှိနေရပါမယ်။
  • ·         ပြည်တွင်းနဲ့ နိုင်ငံခြား စာပေတွေကို မြှင့်တင်ဖို့အတွက် စာပေပွဲတော်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရပါမယ်။
  • ·         စာကြည့်တိုက်၊ စာအုပ်ဆိုင်နဲ့ အများပိုင်၊ ပုဂ္ဂလိကပိုင် ယဉ်ကျေးမှု အဖွဲ့အစည်းတွေက ပြည်တွင်းနဲ့ နိုင်ငံခြား စာပေတွေကို ထိန်းသိမ်း၊ ဖြန့်ဝေ၊ တိုးမြှင့်ဖို့ လုပ်ဆောင်နေရပါမယ်။
  • ·         အမျိုးမျိုးအဖုံဖုံသော ဘာသာစကားတွေနဲ့ နိုင်ငံခြားစာပေတွေကနေ ဘာသာပြန်ဆိုထားတဲ့ လက်ရာတွေအတွက်လည်း ထုတ်ဝေမှု ကဏ္ဍတစ်ရပ် ပါဝင်ရပါမယ်။
  • ·         စာပေဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရေးနဲ့ စာပေဖန်တီးမှုတွေကို ဈေးကွက်ခိုင်မာစေရေး မှာ ထုံးတမ်းစဉ်လာမီဒီယာနဲ့ မီဒီယာအသစ်တွေရဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်မှု ရှိရပါမယ်။


ကျွန်မတို့ကို IWP အစီအစဉ်ကနေ မြို့ရဲ့ အများပြည်သူသုံး စာကြည့်တိုက်နဲ့ တက္ကသိုလ်စာကြည့်တိုက်တွေကို လိုက်ပို့ပြီး ရှင်းလင်းပြခဲ့ပါတယ်။ ကျွန်မတို့ကို ထုတ်ပေးထားတဲ့ ယာယီစာကြည့်တိုက်ကဒ်နဲ့ အိုင်အိုဝါတက္ကသိုလ် စာကြည့်တိုက်တွေမှာ စာအုပ်တွေ ဗီဒီယိုခွေတွေ ငှားလို့ရပါတယ်။ IWP စာရေးဆရာတွေ စာအုပ်ငှားရတာ အဆင်ပြေအောင်လို့ စာကြည့်တိုက်အရာရှိတွေကို လူမျိုးတူရာအုပ်စုခွဲပြီး တာဝန်ချပေးပါတယ်။ မြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့အတွက် အနီးစပ်ဆုံး အုပ်စုဖွဲ့ပြီး ဂျပန်လူမျိုး စာကြည့်တိုက်အရာရှိ အမျိုးသမီး တစ်ယောက်ကို တာဝန်ပေးထားပါတယ်။ သူက ကျွန်တို့ သိချင်သမျှကို ရှင်းလင်းပြပါတယ်။ 

အိုင်အိုဝါတက္ကသိုလ် စာကြည့်တိုက်တွေမှာ စုစုပေါင်း စာအုပ် ၅ သန်းလောက်ရှိတယ်လို့ ပြောပါတယ်။ စာကြည့်တိုက်တွေကို သွားလေ့လာတဲ့အခါ အနောက်တိုင်း ဘာသာစကား မဟုတ်တဲ့အထဲမှာ တရုတ်၊ အိန္ဒိယ စာပေတွေ တမျှော်တခေါ် တွေ့ရပြီး ထိုင်းစာပေတောင် အတော်အတန် တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာ စာအုပ်စင် တစ်စင်တောင် မတွေ့ရပါဘူး။ ရှိနေတဲ့ မြန်မာစာအုပ်အရေအတွက် နည်းလွန်းတာရယ်၊ ဖတ်လိုအား နည်းတာရယ်၊ စနစ်တကျ မှတ်တမ်းပြုစုဖို့ အခက်အခဲတချို့ရယ်ကြောင့် စာကြည့်တိုက်မှာ မြန်မာစာအုပ်တွေ မရှိရတဲ့အကြောင်း ဂျပန်မလေးက ရှင်းပြပါတယ်။ တန်ဖိုးရှိတဲ့ မြန်မာစာကောင်းပေကောင်းတွေကို နိုင်ငံတကာက သိရှိကြစေဖို့ ကျွန်မတို့ အခုထက်ပိုပြီး အများကြီး ကြိုးစားကြရပါဦးမယ်။ အိုင်အိုဝါက ပြန်ခါနီးမှာတော့ ကျွန်မယူလာတဲ့ စာအုပ်တချို့ကို စာကြည့်တိုက်ကို လှူခဲ့ပါတယ်။  ကျွန်မလှူခဲ့တဲ့ စာအုပ်တွေထဲမှာ ဆရာသုခမိန်လှိုင်ရဲ့ ပိုမို နဲ့ ပုစွန်တွေဖတ်ဖို့ကဗျာ လည်း ပါပါတယ်။ 
စာအုပ်စာပေ မြတ်နိုးသူတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့လေးမှာ ကျွန်မသဘောကျနှစ်သက်တဲ့ အရာတွေ အတော်များပါတယ်။ အေးဆေးငြိမ်သက်တဲ့ စာအုပ်ဆိုင်လေးတွေထဲမှာ စာပေရွတ်ပွဲတွေ ကျင်းပလေ့ရှိကြတာ ကြည်နူးစရာပါ။ အများပြည်သူသုံး စာကြည့်တိုက်နားမှာ ချထားတဲ့ ခုံတန်းလျားလေးတွေမှာ ပန်းချီပုံတွေကို  အမျိုးမျိုး လွတ်လွတ်လပ်လပ် ခြယ်ထားတာကိုလည်း ကျွန်မမျက်စိထဲမှာ သိပ်ကိုလှပပါတယ်။ စန္ဒရားတွေကို လမ်းဘေးမှာ ဒီအတိုင်း ချထားတာကိုလည်း သဘောကျနေမိတယ်။ ညဘက်တွေမှာလည်း အေးအေးဆေးဆေး သွားလာနေကြတဲ့ ကျောင်းသားလေးတွေကို အမြဲမြင်နေရပါတယ်။ ဒီမြို့လေးဟာ ရာဇဝတ်မှု လုံးဝ ကင်းရှင်းတဲ့မြို့လို့လည်း ပြောကြပါတယ်။
အများပြည်သူသုံး စာကြည့်တိုက်နားက ဆေးရောင်ခြယ် ခုံတန်းလျားလေးတွေ


အိုင်အိုဝါမြို့ လမ်းမဘေးမှာ ချထားတဲ့ စန္ဒယားတစ်လုံး


စာရေးသားခြင်း ယဉ်ကျေးမှု အလွန်ထွန်းကားတဲ့ မြို့လေးပီပီ တမြို့လုံးမှာ စာရေးဆရာ ကဗျာဆရာတွေ၊ စာပေလေ့လာနေကြတဲ့ ကျောင်းသားတွေ ပညာရှင်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီမြို့ကထွက်တဲ့ ကမ္ဘာကျော်စာရေးဆရာတွေထဲမှာ ကျွန်မနှစ်သက်တဲ့ ပို့စ်မော်ဒန် စာရေးဆရာ ကာ့တ်ဗွန်းနဂတ် (Kurt Vonnegut) လည်းပါပါတယ်။ မြို့ရဲ့လမ်းမတွေမှာ အမှတ်တရ ရုပ်တုတွေကို မကြာခဏတွေ့ရပြီး ပလက်ဖောင်းပေါ်မှာလည်း စာအုပ်စာပေ၊ စာရေးဆရာတို့ရဲ့ အမှတ်အသားတွေ စာတန်းတွေကို ထွင်းထု ခင်းကျင်းထားတာကို တွေ့ရတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပလက်ဖောင်းပေါ်မှာ ခင်းကျင်းထားတဲ့ Kurt Vonnegut ရဲ့ စကား

သစ်ရွက်တွေ အရောင်ပြောင်းတဲ့ ဆောင်းဦးပေါက်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့အခါ ရာသီဥတုလေးမျိုးရှိတဲ့ နိုင်ငံမှာ တစ်ခါမှ မနေဖူးတဲ့ ကျွန်မအဖို့ ရာသီပြောင်းချိန်အလှကို မျက်ဝါးထင်ထင် တွေ့ရပါတော့တယ်။ အိုင်အိုဝါ တက္ကသိုလ်တဝိုက်မှာ တွေ့ရတဲ့ သစ်ပင်တွေကတော့ အဝါရောင်ကို ပြောင်းတဲ့ အပင်မျိုးတွေ ပိုများပါတယ်။ နောက်တော့ ဒီကပ်ဘ်(DeKalb) မြို့ကို သွားတဲ့အခါ အဲဒီက အနီရောင် ပိုသန်းတဲ့ ပတ်ဝန်းကျင်မှာလည်း ကြည့်လို့မဆုံး ဖြစ်ရပါတယ်။ ဝါရှင်တန်ဒီစီမှာတော့ အချိန်နည်းနည်းနောက်ကျပြီးမှ အရောင်ပြောင်းတတ်တာမို့ IWP အစီအစဉ်ပြီးခါနီး ရက်တွေမှာ ကျွန်မတို့ ဝါရှင်တန်ဒီစီကို ရောက်တဲ့အခါ  အဲဒီနားက သစ်တောတွေ အရောင်ပြောင်းနေတဲ့ဆီကို လိုက်ပို့မယ်လို့ ဝါရှင်တန်မှာ နေကြတဲ့ မိတ်ဆွေတွေကပြောပါတယ်။ ဒါပေမယ့် ဝါရှင်တန် မသွားခင် ရက်ပိုင်းအလိုမှာ မုန်တိုင်းဝင်သွားတာမို့ သစ်တောကို သွားကြည့်မယ့် အစီအစဉ် ပျက်သွားခဲ့ရပါတယ်။

အိုင်အိုဝါ တက္ကသိုလ်ဝင်းအတွင်းက အရောင်ပြောင်း သစ်ပင်တွေ
ဒီကပ်ဘ်မြို့က သစ်ရွက်နီနီတွေ

လှပတဲ့ သစ်ရွက်ဝါဝါ နီနီ တွေကို ဓာတ်ပုံတွေတော့ အများအပြား ရိုက်လာခဲ့ပါတယ်။ ရွက်ကြွေရာသီအကြောင်းကိုလည်း မှတ်မှတ်ရရ ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။

ရွက်ကြွေရာသီ

နံနက်စောစောထတဲ့ ငှက်ကို ငါချီးကျူး
နံနက်စောစောထတဲ့ ပိုးတီကောင်ကို ငါမသနား

သူများမျက်ချေးကို လက်ညိုးထိုးပြီး ငါရယ်မော
ငါ့လက်ချောင်း လေးချောင်းက ငါ့မျက်ချေးကို တိတ်တိတ်ချောင်းကြည့်

ညံ့ဖျင်း တုံးအ  အဆင်ခြင်မဲ့ရန်ကော လို့ ခပ်လွယ်လွယ် စွပ်စွဲပစ်
ဖြစ်နိုင်လောက်တဲ့အဖြေကို မစဉ်းစားဘဲ ပြဿနာကို ငါသယ်ဆောင်သွား

ရာနှုန်းပြည့် သဘောကျ/တူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါတွေ့
ရာနှုန်းပြည့် သဘောမကျ/မတူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါမေ့

ငါ့ကျမ်းစာ ငါ့အဘိဓမ္မာ မနာယူနိုင်သူတွေကို ကရုဏာဝင် စုပ်သပ်
ကျောခိုင်းလှည့်ထွက်သွားသူတွေရဲ့ မျက်နှာပေါ်က အပြုံးကို ငါလျစ်လျူရှု

သစ်ရွက်တွေ ဝါ နီ  နိမိတ်ပြ သာမောဆန်းကြယ်အံ့လောက်ဖွယ်လို့ ငါမှတ်
ပင်ခြေမှာပုံထပ်ကြွေ အရိုးပြိုင်းပြိုင်းအကိုင်းတွေ ဒါကိုလည်း အလှတရားလို့ ငါထင်

ရာသီကူးပြီးရင် ပြန်ဝေဆာဦးမယ့် သစ်ပင်တွေကို သက်တောင့်သက်သာ ငါစောင့်ကြည့်နေ
ဘယ်တော့မှ အရောင်ပြန်မပြောင်းတော့မယ့် ငါ့ခေါင်းပေါ်က မြွေဟောက်ဖြူတွေကို သတိမထားမိ

ပန်ဒိုရာ
၁၆.၁၀.၂၀၁၂


၁၇။ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ်က မြန်မာနိုင်ငံအကြောင်း လေ့လာရေး နိုင်ငံတကာ ကွန်ဖရန့်

မြန်မာနိုင်ငံအကြောင်း လေ့လာရေး နိုင်ငံတကာ ကွန်ဖရန့် (International Burma Studies Conference) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ ကျွန်မ စင်ကာပူမှာ ရှိနေချိန် အဲဒီ ကွန်ဖရန့်ကို စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှာ ကျင်းပခဲ့တယ်ဆိုတာ သိခဲ့ပါသေးတယ်။ နှစ်နှစ်ကို တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီညီလာခံဟာ ကျွန်မ အမေရိကရောက်နေချိန်မှာ တိုက်ဆိုင်စွာပဲ အိုင်အိုဝါမြို့နဲ့ သိပ်မဝေးတဲ့ ဒီကပ်ဘ်မြို့ရဲ့ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ် (Northern Illinois University (NIU)) မှာ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပဖို့ ကြုံလာပါတယ်။ 

ကျွန်မနဲ့ နေဘုန်းလတ်တို့ဟာ ဒီကွန်ဖရန့်ကို တက်ဖို့ ဆက်သွယ်ကြတဲ့ အချိန်မှာ သွားလာရေးနဲ့ နေထိုင်တည်းခိုဖို့ စပွန်ဆာပေးတဲ့ အစီအစဉ်တွေက ပြီးဆုံးသွားပြီလို့ဆိုပါတယ်။ ကျွန်မတို့က အမေရိကကို လာခါနီးမှာ ဗီဇာကိစ္စနဲ့ မသေမချာဖြစ်နေခဲ့တော့ ကွန်ဖရန့် တက်နိုင်ကြောင်းကို စောစောစီးစီး အကြောင်းမကြားနိုင်ခဲ့ဘူးလေ။ ဒါပေမယ့်လည်း NIU က ဒေါက်တာသရဖီသန်းနဲ့ ဆရာဦးစောထွန်းရဲ့ဇနီး ဒေါ်စန္ဒာတို့က ကျွန်မနဲ့ နေဘုန်းလတ်အတွက် ကြိုးစားပမ်းစား စီစဉ်ပေးကြပါတယ်။

ဒီကပ်ဘ်မြို့ကို အိုင်အိုဝါမြို့ကနေ သွားဖို့အတွက် စီဒါရက်ပစ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေရဲ့ ကားကြုံနဲ့ ချိတ်ဆက်ပေးပါတယ်။ တည်းခိုဖို့အတွက်တော့ ကျွန်မက ဆရာဦးစောထွန်းနဲ့ ဒေါ်စန္ဒာတို့အိမ်မှာ တည်းပြီး၊ နေဘုန်းလတ်ကတော့ ဒေါက်တာသရဖီသန်းတို့အိမ်မှာ အခြားကျောင်းသားအချို့နဲ့အတူ တည်းခိုပါတယ်။ 

ဒီကပ်ဘ်မြို့ကလေးဟာလည်း ကျောင်းကိုအခြေပြုထားတဲ့ ကျောင်းမြို့ဖြစ်ပါတယ်။ သစ်ရွက်နီနီရဲရဲတွေ နဲ့ ဆင်ယင်ကာ အလွန်လှပပြီး ရာသီဥတုကလည်း လေတဟူးဟူးကြားမှာ အိုင်အိုဝါမြို့ထက် ပိုအေးပါတယ်။ ဆရာဦးစောထွန်းအိမ်မှာ တည်းခိုတဲ့အတွက် နာမည်ကြားဖူးပြီး တစ်ခါမှမဆုံဖူးတဲ့ ပညာရှင်တွေ၊ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ ဆရာ့တပည့် နိုင်ငံခြားသားတွေ အလည်လာတဲ့အခါ  ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်စန္ဒာ ချက်ပြုတ်ကျွေးမွေးတဲ့ မြန်မာအစားအသောက်တွေကိုလည်း စားခဲ့ရပါတယ်။ ဒေါက်တာသရဖီသန်းတို့ အိမ်ကို သွားလည်တဲ့အခါမှာလည်း ကျောင်းသားလူငယ်တွေနဲ့  စုစုဝေးဝေး စားသောက်ကြ ပျော်ပျော်ရွှင်ရွှင် စကားပြောခဲ့ရပါတယ်။ 

မိတ်ဆွေသစ် မိတ်ဆွေဟောင်း အတော်များများနဲ့ ဆုံဖြစ်ပါတယ်။ မြန်မာကျောင်းသား လူငယ်လေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် စင်ကာပူမှာ ဘွဲ့လွန်တက်သူတွေ၊ ပိုလီကျောင်းတက်ကြတဲ့ ဆယ်ကျော်သက် လူငယ်တွေ များပါတယ်။ ဒါပေမယ့် အဲဒီကာလက စင်ကာပူမှာတော့ ဆယ်တန်းအောင်ပြီးတဲ့အခါ တက္ကသိုလ် ကောလိပ် ဘွဲ့ကြို တိုက်ရိုက် လာတက်သူတွေ ရှားပါးပါတယ်။ အဲဒီအချိန်က အမေရိကမှာလည်း ဒီလိုပဲ လို့ထင်ပါတယ်။ အခုတွေ့ရတဲ့ ကျောင်းသားလေးတွေကတော့  မြန်မာနိုင်ငံမှာ အထက်တန်းဖြစ်စေ၊ ဂျီစီအီး၊ အက်စ်အေတီ ဖြစ်စေ အောင်ပြီး အမေရိက တက္ကသိုလ် ကောလိပ်တွေမှာ ဘွဲ့ကြိုတက်နေကြသူတွေ အတော်များများ ပါပါတယ်။ လူငယ်တွေရဲ့ တက်ကြွမှုနဲ့ ဖောက်ထွက်တဲ့ အမြင်တွေ၊ ငယ်ငယ်ရွယ်ရွယ်မှာ ပြင်ပအတွေ့အကြုံ (exposure) ရထားသူတို့ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ပြောရဲဆိုရဲရှိမှုကို မြင်ခဲ့ရတာ အားရစရာလည်း ကောင်းပါတယ်။ နောင်အနာဂတ် မြန်မာပြည်မှာ သူတို့တွေဟာလည်း တတပ်တအား ဖြစ်လာကြဖို့ မျှော်လင့်မိပါတယ်။

NIU တက္ကသိုလ်ဝင်းအတွင်း တနေရာ
NIU လိုဂို

ဒီကပ်ဘ်မြို့လည်က မြင်ကွင်းတစ်ခု

ကွန်ဖရန့်တက်ရောက်ကြသူများနဲ့အတူ ဒေါက်တာသရဖီသန်း အိမ်မှာ (အများစုက မြန်မာကျောင်းသားတွေပါ။)


ဒီကွန်ဖရန့်ကို တက်ရောက်ခဲ့တဲ့အတွက် အိုင်အိုဝါတက္ကသိုလ်က အစီအစဉ်တချို့ကို လွတ်သွားပါတယ်။ ဒါပေမယ့်လည်း အားလုံးမျှော်လင့်နေခဲ့ကြတဲ့ mid residency travel ဆိုတဲ့ ခရီးသွားအစီအစဉ်နဲ့ တိုက်ဆိုင်မနေဘဲ နယူးအော်လန်းဇ်ခရီးကို မလွတ်ခဲ့လို့ ကံကို ကျေးဇူးတင်နေရပါသေးတယ်။ ဆရာကျော်ဝင်းတို့နှစ်မှာတော့ ကွန်ဖရန့်တက်နေတဲ့ရက်တဲ့ တိုက်နေတဲ့အတွက် သူသွားချင်တဲ့ နယူးအော်လန်းဇ်ကို မသွားလိုက်ရဘူးလို့ ဆရာ့ခရီးသွားမှတ်တမ်းစာအုပ်မှာ ဖတ်လိုက်ရပါတယ်။

မြန်မာ့အကြောင်းလေ့လာရေး နိုင်ငံတကာကွန်ဖရန့် ဟာ မြန်မာ့ နိုင်ငံရေး စီးပွားရေး အကြောင်းတွေသာမက ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ အကြောင်းအရာတွေနဲ့ စုံလင်လှပါတယ်။ ညစာစားပွဲမှာ ဖျော်ဖြေတဲ့ ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအခုန်တွေ၊ ခင်းကျင်းထားတဲ့ မြန်မာ့ရိုးရာ အနုပညာလက်ရာတွေဟာလည်း အမေရိကမှာဆိုပေမယ့် စုံလင်လှပါတယ်။

ညစာစားပွဲမှာ ဖျော်ဖြေတဲ့ မွန်ရိုးရာ အက
ဒီနှစ်ရဲ့ထူးခြားချက်ကတော့ မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်အချို့ တက်ရောက်မှာပဲဖြစ်ပါတယ်။ သမ္မတအကြံပေး ဦးကိုကိုလှိုင်နဲ့ အခြားအဖွဲ့ဝင်တချို့ကို ပွဲမှာ တွေ့လိုက်ရပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေရော၊ အတိုက်အခံတွေပါ စုံလင်လှတဲ့ ဒီပွဲမှာ သမ္မတ အကြံပေးတွေဖြစ်တဲ့ ဦးကိုကိုလှိုင် နဲ့ ဦးသန်းကျော်တို့ ကဘာတွေပြောမလဲဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။ မေးခွန်းမေးချင်သူတွေကလည်း များပါတယ်။

၂ ရက်ခွဲတာ ကာလအတွင်းမှာ အစီအစဉ်အတော်များများကို လေ့လာနားထောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ မှတ်မှတ်ရရ နှစ်ခုကတော့ “မြန်မာပြည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အထွေထွေရွေးကောက်ပွဲအပြီးကာလ တရုတ်မြန်မာ ဆက်ဆံရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောသွားတဲ့ ဆွေးနွေးပွဲတွေရယ်၊ နောက်ဆုံးနေ့က “မြန်မာနိုင်ငံ၏ လတ်တလောကိစ္စရပ်များ” ဆိုတဲ့ ဆွေးနွေးပွဲရယ်ပါ။ 

ဒုတိယနေ့မှာ တရုတ်ပြည်က လာကြတဲ့ ပညာရှင် တွေပြောသွားတဲ့အထဲမှာ တရုတ် နဲ့ မြန်မာနိုင်ငံကြားက စီးပွားရေး ဆက်စပ်မှု၊ မြန်မာနိုင်ငံက ခရိုနီတွေအကြောင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလိုအပ်ပုံ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်တွေ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေတဲ့ စီမံကိန်းတွေအပေါ်မှာ တရုတ်ပြည်ရဲ့ အနာဂတ်အစီအစဉ် စတာတွေ အတော်များများကို ခြုံငုံသွားကြပါတယ်။ 

ပြောသွားတဲ့အထဲမှာ သိသာထင်ရှားတဲ့ အချက်အလက်တွေ ကတော့ “မြန်မာနိုင်ငံ ပွင့်လင်းလာတဲ့အခါ အနောက်နိုင်ငံတွေနဲ့ စီးပွားရေး နိုင်ငံရေးဆိုင်ရာ ဆက်သွယ်မှုတွေ ရှိလာကြောင်း၊ အဲဒါဟာ တရုတ်-မြန်မာ ဆက်ဆံရေးမှာ တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိကြောင်း၊ မြန်မာ့စီးပွားရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို အမေရိကန်က ဘယ်လိုမှ အစားထိုးမဝင်နိုင်ကြောင်း၊ မြန်မာပြည်နဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ တရုတ်က အမြဲ အရေးပါနေသေးပေမယ့်လည်း တရုတ်ရဲ့ အခန်းကဏ္ဍ လျော့ကျသွားနိုင်ကြောင်း၊  ဒါပေမယ့်လည်း အဲဒီလို တခြားနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံလာမှုကရော မြစ်ဆုံစီမံကိန်း ရပ်သွားတဲ့ကိစ္စမျိုးကရော တရုတ်နဲ့မြန်မာရဲ့ အနာဂတ် ဆက်ဆံရေးကို ထိခိုက်မယ့် အလှည့်အပြောင်းတစ်ခု (Turning point) တော့ မဟုတ်တဲ့အကြောင်း”၊ ဒါတွေကို အဓိက ပြောသွားပါတယ်။ ပြောဆိုတင်ပြပုံကတော့ သုတေသနမှတ်တမ်း၊ ပညာရပ်ဆိုင်ရာ စာတမ်းမဆန်ဘဲ တရုတ်ပြည်ရဲ့ ရည်တည်ချက်နဲ့ သဘောထားကို ကြေညာသွားသလိုဖြစ်တယ်လို့ ကျွန်မကတော့ ခံစားမိပါတယ်။

“တရုတ်ကုမ္မဏီတွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ စီမံကိန်းတွေအတွက် ထည့်တွက်စဉ်းစားမှု အားနည်းခဲ့ကြောင်း၊ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံခြား စီမံကိန်းတွေမှာပါ ပြဿနာတွေရှိခဲ့ကြောင်း၊ ဒါကြောင့်မို့ သတင်းကောင်းကတော့ တရုတ်ပြည်ရဲ့ သက်ဆိုင်ရာဌာနတွေဟာ ဒီကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြပြီဖြစ်ကြောင်း၊  စီမံကိန်းတွေကို သဘာဝပတ်ဝန်းကျင်အရ၊ လူမှုတန်ဖိုးတွေအရ အကဲဖြတ်သုံးသပ်ဖို့ ညွှန်ကြားမှုတွေ ပေးနေပြီဖြစ်ကြောင်း” လည်း ပြောသွားပါတယ်။

တရုတ်ပညာရှင်တွေရဲ့ တင်ပြဆွေးနွေးမှု ပြီးသွားတဲ့အခါ ကျွန်မ သိချင်တဲ့ မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။

“နောင်လာမယ့် စီမံကိန်းတွေမှာ တရုတ်ကုမ္မဏီတွေက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုတန်ဖိုးတွေကို ဒီ့ထက်ပိုပြီး ထည့်တွက်လာကြမယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် လောလောဆယ် မြန်မာနိုင်ငံနဲ့ စာချုပ်ချုပ်ဆိုပြီးသား စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ကို ထိခိုက်စေမယ့် ကိစ္စတွေ ရှိနေတာကို ဘယ်လိုလုပ်မလဲ။ အဲဒီအကျိုးသက်ရောက်မှုတွေကို ကြားနေအဖွဲ့အစည်းတစ်ခုခု (ဥပမာ- ကုလသမဂ္ဂ အဖွဲ့အစည်း) ကို အကဲဖြတ်စေပြီး တကယ်ကို ဆိုးကျိုးတွေ တွေ့ရတယ်ဆိုရင် ချုပ်ခဲ့တဲ့ စာချုပ်တွေကို အခုအချိန်မှာ သင့်တော်မျှတအောင် ပြန်ပြင်လို့ ရနိုင်မလား။ ပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေ တကယ် ရှိနေတယ်ဆိုရင်တောင် ဘာမှမပြင်တော့ပဲ စီမံကိန်းတွေ ဆက်အကောင်အထည်ဖော်သွားတော့မလား”

ယူနန်တက္ကသိုလ်က ပါမောက္ခဟာ ကျွန်မမေးခွန်းကို ဒါက ဒီလို ဟိုလိုနဲ့ လှည့်ပတ်ဖြေနေပါတယ်။ နောက်ဆုံးတော့ “စာချုပ်တွေ ပြင်လို့ရမရ ကျွန်တော်လည်း မသိဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာလူမျိုး ပါမောက္ခတစ်ဦးက ပရိသတ်ထဲက ထရပ်လိုက်ပြီး
“ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာချုပ်ဆိုတာ စာချုပ်ပဲ (a deal is a deal)။ မြန်မာဘက်က ကိုယ်လုပ်ခဲ့ရမှာကို မလုပ်ခဲ့တာတော့ ဆိုးတာပေါ့ (too bad you didn’t do your homework). ဥပဒေအရ စာချုပ်ဟာ လက်မှတ်ထိုးချုပ်ပြီးသွားရင် တရားဝင်သွားပြီ”
လို့ဝင်ဖြေပါတယ်။ ဆွေးနွေးချိန်လွန်နေပြီမို့ မကြာခင်မှာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာတော့ ဘဝင်မကျနိုင်ခဲ့ပါ။ အဲဒီလို တရားဝင်ဖြစ်အောင် လက်မှတ်ထိုးခဲ့တဲ့ အစိုးရက ပြည်သူ့ဆန္ဒကို ကိုယ်စားပြုခဲ့လို့လားလေ။ (အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်းမှာတော့ လက်ပံတောင်းတောင်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေ၊ ပြင်ဆင်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ပြဿနာတွေက လုံးလုံးလျားလျား ပြေလည်မသွားသေးပါဘူး။ မြစ်ဆုံစီမံကိန်းကလည်း ခဏတာ ရပ်ဆိုင်းထားရုံပဲ ရှိသေးတယ်မဟုတ်လား။)

ကွန်ဖရန့်နောက်ဆုံးနေ့ နောက်ဆုံးအစီအစဉ်ကတော့ လတ်တလော မြန်မာ့အရေးကိစ္စများကို ဆွေးနွေးမယ့် ခေါင်းစဉ်ဖြစ်ပါတယ်။ ပါမောက္ခ ဒေးဗစ်စတိန်းဘတ်၊ ဦးကိုကိုလှိုင်၊ ဦးသန်းကျော် နဲ့ ဒေါက်တာတင်မောင်မောင်သန်း တို့က ဆွေးနွေးပြီး ဂျွန်ဘရန်ဒွန် က မော်ဒရိတ်တာ လုပ်ပါတယ်။ အားလုံး စိတ်ဝင်စားနေကြတဲ့ ဦးကိုကိုလှိုင်က ဆင်းရဲနွမ်းပါးမှု အပါအဝင် မြန်မာနိုင်ငံရဲ့ လက်တလော အခက်အခဲတွေကို ပြောသွားခဲ့ပါတယ်။ နိဂုံးချုပ်မှာတော့ ဘုရားက ပစ္စုပ္ပာန် တည့်တည့်ရှု ဖို့ ဟောကြားခဲ့တာကို ကိုးကားပြီး “လက်ရှိအရေးတွေကိုသာ အာရုံထားပြီး အတိတ်ကို ပြန်အပြစ်မတင်ကြဖို့” အဓိကထား ပြောသွားခဲ့ပါတယ်။ 

အဲဒီ နိဂုံးချုပ်ပုံကတော့ ကျွန်မကို အတွေးတွေ ပွားစေပါတယ်။ မူဝါဒအသစ်တွေ၊ ဥပဒေအသစ်တွေ ချမှတ်တဲ့နေရာမှာဖြစ်စေ၊ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲစရာတွေ လိုလာတဲ့အခါဖြစ်စေ ယခင်ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေဟာ ဘယ်လို၊ ဘာကြောင့် ဆိုတာကို ပြန်မသုံးသပ်လို့မရဘူးလို့ ထင်ပါတယ်။ အဲဒီတုန်းက တာဝန်ယူ၊ တာဝန်ရှိခဲ့သူတွေ အကြောင်းကလည်း တစ်နွယ်ငယ် တစ်စင်ပါ ထည့်သွင်းစဉ်းစားလာရမှာပါပဲ။ ဝန်ခံစရာရှိတာကို ဝန်ခံရမှာပါပဲ။ အတိတ်ကို လုံးဝ ဖုံးကွယ်ထားပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ဆိုတာ လက်တွေ့အားဖြင့် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။

မြန်မာကျောင်းသားလေးတစ်ယောက်က ဦးကိုကိုလှိုင်ကို “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားရှိပါသလား။ အစိုးရအနေနဲ့မဟုတ်တောင် မိမိကိုယ်ပိုင်အမြင်နဲ့ ပြောပြပါ” လို့ မေးတဲ့မေးခွန်းကတော့ သူ့ကို အတော်အကျပ်ရိုက်စေပါတယ်။ (အခုအချိန်မှာတော့ တစ်နှစ်အတွင်းမှာကို အဲဒီကိစ္စတွေ၊ အသုံးအနှုန်းတွေ အတော်အတန် ညှိနှိုင်းပြေလည်လာကြပါပြီ။)

တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၁

တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၃
တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၎
ပါမောက္ခ ဒေးဗစ်စတိန်းဘတ်၊ ဦးကိုကိုလှိုင်၊ ဦးသန်းကျော် နဲ့ ဒေါက်တာတင်မောင်မောင်သန်း တို့က ဆွေးနွေးပြီး ဂျွန်ဘရန်ဒွန် က မော်ဒရိတ်တာလုပ်တဲ့ မြန်မာအရေး ဆွေးနွေးပွဲ


ကျွန်မဟာ အဲဒီ ကွန်ဖရန့်ကို တက်နေတဲ့အချိန်မှာ ခေါင်းမှာ ဦးထုပ် ၂ လုံးဆောင်းထားရသလိုပါပဲ။ ကျွန်မ ဖိတ်ကြားခံရတာ မြန်မာစာရေးဆရာ၊ ကဗျာဆရာ တစ်ယောက်ဆိုတဲ့ အနေအထားနဲ့ပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့ ပြည်သူ့ရေးရာ ဘာသာရပ်တွေအပေါ် သင်ယူလေ့လာခဲ့မှုတွေ၊ နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒ ချမှတ်ရေးနဲ့ စီမံကိန်းရေးဆွဲရေး အစိတ်အပိုင်းတစ်ခုမှာ (ခွင့်ရက်ရှည် ယူထားပေမယ့်) တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတစ်ယောက်ရဲ့ အတွေ့အကြုံတွေက မေးချင် ပြောချင်စိတ်တွေကို လှုံ့ဆော်နေပါတယ်။ တစ်ဖက်ကလည်း ကျွန်မဟာ ဒီပွဲမှာ စင်ကာပူက ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် တရားဝင်ဖိတ်ကြားခံရပြီး တက်ရောက်နေတာ မဟုတ်တဲ့အတွက် သူများနိုင်ငံအစိုးရက ချမှတ်ထားတဲ့ ဝန်ထမ်းကျင့်ဝတ်တွေကိုလည်း စောင့်စည်းပြီး အပြောအဆို ထိန်းသိမ်းရပါတယ်။ နှောင်ကြိုးမဲ့သွားတဲ့ အနေအထားမှာ နောင်နှစ်တွေမှာ ကျင်းပမယ့် အခုလို ပွဲတွေကို တက်ရောက်ခွင့်ရပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်လို့သာ မျှော်လင့်မိပါတော့တယ်။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ သြဂတ်စ်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့



အိုင်အိုဝါရက်စွဲများ အပိုင်း (၇)

$
0
0


အိုင်အိုဝါရက်စွဲများ အပိုင်း (၇)


၁၈။ ကဗျာရွတ်ပွဲ၊ စာဖတ်ပွဲများ

IWP တက်ရောက်နေတဲ့အချိန်မှာ ကျွန်မပထမဆုံး ဆင်နွှဲခဲ့တဲ့ ကဗျာရွတ်ပွဲဟာ ကလေးတွေအတွက် တီထွင်ဖန်တီးစာရေးသားခြင်း သင်တန်းအတွက် သွားခဲ့စဉ်က Spirit Lake မြို့ရဲ့ စာအုပ်ဆိုင်လေးမှာ ဖတ်ခဲ့တဲ့ ပွဲပါ။ အဲဒီနောက် International Burma Studies Conference က ပြန်လာပြီးတဲ့အခါ အိုင်အိုဝါမြို့က Prairie Lights Books စာအုပ်ဆိုင်မှာ ကျွန်မရဲ့ ကဗျာတွေကို ဖတ်ပြဖို့ အလှည့်ကျပါတယ်။ ကျွန်မနဲ့အတူတူ ဖတ်ခဲ့တဲ့ စာရေးဆရာတွေကတော့ ထိုင်ဝမ်က စာရေးဆရာ လင်းချန်ရင်နဲ့ အိုင်အိုဝါတက္ကသိုလ်က ကျောင်းသား ဂျိမ်းစ် မော်လီတို့ ဖြစ်ပါတယ်။

တစ်ယောက်ကို ၁၅ မိနစ်လောက် အချိန်ပေးထားတာမို့ အဲဒီနေ့က ကဗျာ ၄ ပုဒ် ဖတ်ဖြစ်ပါတယ်။ “ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်”၊ “လူရိုင်းတွေနေတဲ့ရွာ”၊ “ဒီမြို့ထဲမှာ” ကဗျာတွေရဲ့ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ဖြစ်ပါတယ်။ အဲဒီနောက် နောက်ဆုံးအနေနဲ့ နေဘုန်းလတ်ထောင်ကျနေတုန်းမှာ အမှတ်တရ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ “နှုတ်တိုက်ကဗျာ” ကို ရွတ်ဖြစ်ပါတယ်။ ဘလော့ဂါဘဝနဲ့ ခင်မင်သိကျွမ်းရတဲ့ နေဘုန်းလတ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် IWP ကို အတူတက်ရောက်ခွင့်ရတဲ့အချိန်မှာ ဘလော့ဂါတစ်ဦးအနေနဲ့  အဲဒီအချိန်က နေဘုန်းလတ်လွတ်မြောက်ရေးကို ရည်စူးပြီး ရေးထား
ခဲ့တဲ့ အဲဒီကဗျာကို ဖတ်ပြသင့်တယ်လို့ တွေးမိလို့ပါ။ အဲဒီကဗျာကို မရွတ်ခင် ရက်ပိုင်းအလိုမှာ ကိုယ့်ဘာသာပဲ အင်္ဂလိပ်လိုပြန်လိုက်ပြီး ကဗျာရွတ်ပွဲမှာတော့ အင်္ဂလိပ်မြန်မာ ၂ ဘာသာနဲ့ ရွတ်ပြခဲ့ပါတယ်။ ကြိုတင်ပြောမထားတာမို့ နေဘုန်းလတ်ကိုလည်း အံ့သြစေခဲ့ပါတယ်။
Prairie lights Books စာအုပ်ဆိုင်မှာ ပန်ဒိုရာ ကဗျာရွတ်စဉ်

နေဘုန်းလတ်ကိုတော့ IWP စာရေးဆရာတွေကို အိုင်အိုဝါမြို့ ဒေသခံတွေက တည်ခင်းတဲ့ အထူးညစာစားပွဲ ကဗျာရွတ်ဖို့ IWP က စီစဉ်ပေးခဲ့ပါတယ်။ ဟယ်လိုဝင်းပွဲတော်ချိန်ခါ နီးနေတာမို့ အဲဒီညစာစားပွဲမှာ ဟယ်လိုဝင်းသင်္ကေတ တစ္ဆေ သရဲ အရုပ်တွေနဲ့ ဆင်ယင်ထားတာကလည်း အမှတ်တရပါပဲ။ အဲဒီနေ့မှာ နေဘုန်းလတ်က  ခေတ်အဆက်ဆက် လင်းလက်နေမယ့်ကြယ်” ဆိုတဲ့ကဗျာရဲ့ အင်္ဂလိပ်ဘာသာပြန်ကို ရွတ်ဆိုခဲ့ပါတယ်။  ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ ကိုမင်းကိုနိုင်ရဲ့ ၅၉ နှစ်မြောက်မွေးနေ့အမှတ်တရ အနေနဲ့ နေဘုန်းလတ်က ဘားအံအကျဉ်းထောင်မှ ရေးသားပေးပို့ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ၂၀၁၂ အတွက် ကိုမင်းကိုနိုင်ရဲ့ အသက် ၆၀နှစ်ပြည့် မွေးနေ့နီးလာပြီမို့ အမှတ်တရ ရွတ်ဆိုတဲ့အကြောင်းနဲ့ နောက်ခံ သမိုင်းကြောင်းလေးကို ရှင်းပြတဲ့အခါ ပရိသတ်က အထူးစိတ်ဝင်စား အားပေးခဲ့ကြပါတယ်။ 
ညစာစားပွဲမှာ နေဘုန်းလတ် ကဗျာရွတ်စဉ်

 ကဗျာဆရာကြီး မာဗင်ဘဲလ် (Marvin Bell) နဲ့ IWP ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်တို့ အတူတူ ကဗျာရွတ်ဆိုခဲ့ကြတဲ့ ပွဲကိုလည်း အလွန်သဘောကျမိပါတယ်။ သူတို့နှစ်ဦးပေါင်း ထုတ်ဝေတဲ့ “Everything at once” ဆိုတဲ့ စကားပြေကဗျာစာအုပ် မိတ်ဆက်ပွဲမှာ ကဗျာဆရာကြီးနှစ်ဦးဟာ တစ်နာရီလောက်အတွင်းမှာ တစ်ယောက်တစ်လှည့် မရပ်မနား ကဗျာတွေ ရွတ်ကြတာဖြစ်ပါတယ်။ အဲဒီကဗျာစာအုပ် ဖြစ်မြောက်လာဖို့အတွက် ခရစ္စတိုဖာမာရေးလ်က ပြည်ပနိုင်ငံတွေမှာ ရှိနေပြီး မာဗင်ဘဲလ်က အမေရိကန်နိုင်ငံမှာ ရှိနေခဲ့ချိန်မှာ သူတို့နှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦး ၁၅ လကြာအောင် အပြန်အလှန် ကဗျာတွေ ပို့ ဆွေးနွေးတိုင်ပင်ပြီး ထုတ်ဝေခဲ့ကြတာဖြစ်ပါတယ်။ ကဗျာပုဒ်ရေ အတော်များများကို မနားတမ်း တစ်ယောက်တစ်လှည့် ဖတ်ပြပြီးတဲ့အခါ သူတို့ထုတ်ဝေခဲ့တဲ့ အခြားကဗျာစာအုပ်တွေကိုလည်း လက်မှတ်ထိုး ရောင်းချပေးပါတယ်။ 
မာဗင်ဘဲလ်နဲ့ ခရစ္စတိုဖာမာရေးလ်
အဲဒီအထဲက စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်က  ကဗျာဆရာ ၇ ယောက်၊ လေးရက်တာ၊ စာအုပ်တစ်အုပ်( seven poets, four days, one book)  လို့ ခေါင်းစဉ်ပေးထားတဲ့ စာအုပ်ပါ။ ခရစ္စတိုဖာမာရေးလ်ဟာ ကဗျာဆရာ ၆ ယောက်ကို အိုင်အိုဝါမြို့ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် တဲ့။ အဲဒီမှာ လေးရက်တာ နေထိုင်တဲ့အခိုက် ရေးသားခဲ့တဲ့ ကဗျာတွေပါ။ ပထမဦးဆုံး ခရစ္စတိုဖာမာရေးလ်က ကဗျာတစ်ပုဒ်ကို အရင်ရေးပါတယ်။ သူ့ကဗျာထဲက စာကြောင်းတွေကို ကျန်ကဗျာဆရာတစ်ယောက်စီက ပထမဆုံး စာကြောင်းအဖြစ်ယူပြီး အသီးသီး ကဗျာဆက်ပြီး ရေးကြပါတယ်။ ပြီးတော့ အဲဒီကဗျာဆရာအသီးသီးရဲ့ စာကြောင်းတွေကို တခြားကဗျာဆရာတွေက ပထမဆုံးစာကြောင်းအဖြစ် ခွဲဝေယူပြီး ဆက်ရေးကြပြန်ပါတယ်။ အဲဒီလိုနဲ့ ချိတ်ဆက်ဖြစ်ပေါ်လာတဲ့ ကဗျာတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ဖြစ်လာဖို့ ကဗျာဆွေးနွေးပွဲစီစဉ်ပုံ နဲ့ ကဗျာထုတ်လုပ်ပုံဟာ မှတ်သားစရာပါပဲ။ 

IWP စာရေးဆရာတွေထဲမှာ ကဗျာရွတ်တဲ့နေရာမှာ ထူးခြားဆန်းသစ်တဲ့ဟန်နဲ့ ရွတ်လေ့ရှိသူ ကဗျာဆရာတစ်ယောက်ကတော့ ယူရူဂွေး နိုင်ငံက လူးဝစ်ဘရာဗိုဖြစ်ပါတယ်။ အိုင်အိုဝါကို ရောက်ခါစက Pittsburg မှာ ကျင်းပတဲ့ Jazz Poetry ပွဲမှာလည်း ဘော့စဝါနာက တီဂျေဒီးမားနဲ့အတူ လူးဝစ်ဘရာဗိုဟာ သွားရောက်ကဗျာရွတ်ခဲ့ပါသေးတယ်။ တီဂျေဒီးမားရော လူဝစ်ဘရာဗို နှစ်ဦးစလုံးဟာ ကဗျာကို ရွတ်ဖတ်တဲ့နေရာမှာ အထူးအလေးပေးကြသူတွေပါ။ ပရိသတ်ကို စေ့စေ့ကြည့်ပြီး ပုံပြင်ဇာတ်လမ်းတစ်ခု ပြောပြနေသလို အသက်ဝင်လှတဲ့ တီဂျေရဲ့ စာရွက်မကြည့်ဘဲ ကဗျာကို အလွတ်ရွတ်ပုံက ဆွဲဆောင်မှုရှိသလို ဂီတနောက်ခံ၊ ဒစ်ဂျစ်တယ် လှုပ်ရှားမှုတွေပါတဲ့ ဗီဒီယိုနောက်ခံတွေ သူ့ရဲ့ ကိုယ်ပိုင်အသံအနိမ့်အမြင့်ရဲ့ အားတွေကို ထည့်သွင်းပြီး စိတ်ပါလက်ပါ ကဗျာရွတ်လေ့ရှိတဲ့ လူးဝစ်ဘရာဗိုကိုလည်း လူတိုင်းက အလွန်နှစ်သက်စွာ အားပေးကြပါတယ်။ 

ကံကောင်းထောက်မစွာပဲ ကျွန်မဟာ မြန်မာကဗျာဆရာတွေကြားမှာလည်း ထင်ထင်ရှားရှား ကြားဖူးနေတဲ့ ကွန်ဆက်ချူရယ် ကဗျာဆရာ ကဲနက်ဂိုးလ်စမစ် ရဲ့ ကဗျာရွတ်ပွဲနဲ့လည်း ကြုံကြိုက်ခဲ့ပါတယ်။ ဆရာဇေယျာလင်းနဲ့ ဆရာငြိဏ်းဝေတို့ရဲ့ ဆောင်းပါးတွေကြောင့် ကဲနက်ဂိုးလ်စမစ် အကြောင်းကို ရင်းနှီးနေခဲ့တာကြာပါပြီ။ ဒေါင်လိုက်အစင်းတွေ ထင်းထင်းပါတဲ့ ကုတ်အကျီဘောင်းဘီ ဝတ်စုံပြည့်နဲ့ ရှပ်အင်္ကျီ လိမ္မော်ရောင်လွင်လွင်ကို စတိုင်ကျကျ ဝတ်ဆင်ထားတဲ့ ဂိုးလ်စမစ်ဟာ ကဗျာတစ်ပုဒ်ကို နာရီဝက်ကြာအောင် ရေသောက်လိုက် လမ်းလျှောက်လိုက်နဲ့ မရပ်မနား ရွတ်ခဲ့ပါတယ်။ ကဗျာဆရာတစ်ယောက်တည်းက ကဗျာတစ်ပုဒ်တည်းကို နာရီဝက်ကြာအောင် ဆက်တိုက်ရွတ်ဆိုတဲ့ ကဗျာပွဲကို ကျွန်မ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ 

အဲဒီနေ့က ဂိုးလ်စမစ်ရွတ်ခဲ့တာကတော့ “အမေရိကန်၏ သေကြေပျက်စီးမှု အဖြစ်ဆိုးကြီး ခုနစ်ခု - Seven American Deaths and Disasters”  ဆိုတဲ့ကဗျာရှည်ပါ။ အဖြစ်ဆိုးတွေကတော့ ဂျွန်အက်ဖ်ကနေဒီ၊ ရောဘတ်ကနေဒီ၊ ဂျွန်လင်နွမ်တို့ကို လုပ်ကြံသတ်ဖြတ်မှုတွေအကြောင်း၊ ချယ်လင်ဂျာ လွန်းပျံယာဉ် ပျက်ကျခဲ့တဲ့အကြောင်း၊ ၁၉၉၉ခုနှစ်က ကိုလန်ဘိုင်း ကျောင်းမှာ လူအများအပြားကို သေနတ်သမားတစ်ယောက်က ပစ်ခတ်သတ်ဖြတ်မှုအကြောင်း၊ စက်တင်ဘာ ဆယ့်တစ်ရက်နေ့ World Trade Centre တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း နဲ့ မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့တဲ့ အကြောင်းတွေပါ။  ဂိုးလ်စမစ်ဟာ အဲဒီကဗျာကို အစီရင်ခံစာတွေ၊ မှတ်တမ်းတွေ၊ အသံလွှင့်ချက်တွေ၊ အင်တာဗျူးတွေ အစရှိတဲ့ မူလတည်ရှိပြီးသား စာသားတွေကို အသုံးပြုပြီး ဖွဲ့စပ်ခဲ့ပါတယ်။  ဂိုးလ်စမစ်ဟာ ၂၀၁၁ခုနှစ် က အိမ်ဖြူတော်မှာ ကျင်းပတဲ့ အမေရိကန်ကဗျာပွဲတော်မှာလည်း အိုဘားမားနဲ့ မီရှဲလ်တို့ရှေ့မှာ ကဗျာရွတ်ပြခဲ့ရပါသေးတယ်။ ဂိုးလ်စမစ်ရဲ့ လေယူလေသိမ်း အလှည့်အပြောင်းတွေနဲ့ ကဗျာရွတ်ဆိုတဲ့ အသံဟာ သူ့ရဲ့ စုစည်းဖွဲ့စပ်ထားတဲ့ စာသားတွေနဲ့ အံဝင်ခွင်ကျပြီး အသက်မရှူမိအောင်ကို စိတ်ဝင်စားစရာပါ။ စာရွက်ထဲမှာ ကဗျာကို မျက်စိနဲ့ ဖတ်ရုံဆိုရင် ဒီလိုအရသာကို မခံစားနိုင်ဘူးလို့ ကျွန်မယုံကြည်မိပါတယ်။  (Conceptual ကဗျာဆရာ ဂိုးလ်စမစ်၊ LP ကဗျာဆရာ ဘန်းစတိန်းနဲ့ flarf ကဗျာဆရာမ နာဒါဂေါ်ဒင်တို့နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းတွေကို ကဗျာလောက ၂ မှာလည်း ဆောင်းပါးသီးသန့် ရေးထားခဲ့ပါတယ်။) 
Conceptual ကဗျာဆရာ ကဲနက်ဂိုးလ်စမစ်

အိုင်အိုဝါမြို့မှာ ရောက်နေတဲ့အခိုက် ကျွန်မကို ရေဒီယိုကနေ ကဗျာရွတ်ဖို့ ဖိတ်ခေါ်တာကိုလည်း ကြုံခဲ့ရပါတယ်။ အိုင်အိုဝါမြို့မှာတည်ရှိတဲ့ KRUI ရေဒီယို ရဲ့ Lit Show လို့အမည်ရတဲ့ FM အသံလွှင့်မှု အစီအစဉ် ဖြစ်ပါတယ်။  ကျွန်မအပါအဝင် IWP စာရေးဆရာ အချို့ကို အဲဒီရေဒီယိုအစီအစဉ်မှာ တိုက်ရိုက်အသံလွှင့်ပြီး ကဗျာရွတ်ဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။  ကျွန်မနဲ့အတူ ရေဒီယိုမှာ အသံလွှင့်ခဲ့ကြသူတွေကတော့ ဖိလစ်ပိုင်က ဂျင်းန်ဗီးအာဆန်ဂျို၊ ရုရှက အလီဆာ ဂျနီဗာ၊  နယူးဇီလန်က ဂျက်ဖရီပါပရိုရာဟိုးလ်မန်း၊ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီနဲ့ စင်ကာပူက စတက်ဖနီရဲ တို့ဖြစ်ကြပါတယ်။ တချို့က စကားပြေဖတ်ကြပြီး တချို့က ကဗျာဖတ်ကြပါတယ်။ တစ်ယောက်ကို အချိန် ၈ မိနစ်လောက် ပေးထားတာမို့ ကဗျာ ၂ ပုဒ်ကို ရွေးချယ်လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာပြန်တွေကိုပဲ ရွတ်ခဲ့ပါတယ်။ “လူရိုင်းတွေနေတဲ့ရွာ” နဲ့ “စိတ်အစွန်းရောက်ရောဂါနဲ့ ၂၈ ရက်အကြာ” တို့ပဲဖြစ်ပါတယ်။ တိုက်ရိုက်အသံလွှင့်ရတဲ့ ပထမဆုံးအတွေ့အကြုံမို့ မမှားအောင် သတိထားရပါတယ်။

၁၉။ ရှီကာဂိုမြို့ ခရီးစဉ်

IWP လေ့လာရေး ခရီးစဉ်တွေထဲမှာ အောက်တိုဘာ ၁၉ ကနေ ၂၁ ရက်နေ့အထိ ကျွန်မတို့ကို ရှီကာဂိုမြို့ကို ပို့ဆောင်ပေးမယ့် အစီအစဉ်တစ်ခု ပါဝင်ပါတယ်။ အိုင်အိုဝါမြို့ကနေ ရှီကာဂိုကို လေယာဉ်နဲ့ သွားလို့လည်းရသလို ကားမောင်းသွားရင်လည်း ၄ နာရီလောက်ပဲ ကြာတဲ့ ခရီးဖြစ်ပါတယ်။
မနက် ၉ နာရီခွဲမှာ အိုင်အိုဝါမြို့ကနေ ဘတ်စ်ကားတွေနဲ့ ထွက်ခွာခဲ့ကြပါတယ်။ ရှီကာဂိုကို ၁ နာရီ ခွဲလောက် ဝင်မယ် ခန့်မှန်းထားပြီး ရောက်တဲ့ မွန်းလွဲပိုင်းမှာလည်ပတ်ဖို့ အတွက် ကျွန်မတို့ကို အစီအစဉ် ၃ ခုထဲက တစ်ခု ရွေးခိုင်းထားပါတယ်။ အဲဒါတွေကတော့ (၁) Frank Lloyd Wright Home and Studio / Architectural Tour (၂) Ernest Hemingway Museum/Birthplace  (၃) Poetry Foundation တို့ဖြစ်ပါတယ်။ ဟဲမင်းဝေးရဲ့ ပြတိုက်ကို စိတ်ဝင်စားပေမယ့် Poetry Foundation ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 


Poetry Foundation ဟာ ကျွန်မတို့တည်းခိုတဲ့ Hyatt Chicago Millennium Mile ဟိုတယ်ကနေ လမ်းလျှောက်သွားရင် နီးနီးလေးပါ။ ဟိုတယ်ကို ရောက်တဲ့အချိန်မှာ မှန်းထားတာထက် နည်းနည်း နောက်ကျနေတာမို့ Poetry Foundation ရုံးမပိတ်ခင် အမြန် သုတ်ခြေတင်ခဲ့ကြရပါတယ်။ ရောက်တဲ့အခါ IWP စာရေးဆရာတွေကို ရုံးက တာဝန်ရှိသူတွေက အချိန်ယူပြီး အဆောက်အဦအတွင်းမှာ အသေအချာ လှည့်လည်ပြသကြပါတယ်။ နှစ် ၁၀၀ ပြည့်မဂ္ဂဇင်းအပါအဝင် အခြားမှတ်သားဖွယ်ရာ စာရွက်စာတန်းတွေကိုလည်း လက်ဆောင်ပေးကြပါတယ်။ (နောက်နေ့မှာတော့ Poetry Foundation နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပြသမှုတွေ၊ တင်ဆက်မှုတွေ၊ ပိုစတာတွေကို မြို့ထဲက လမ်းမတွေ အတော်များများမှာ တွေ့ခဲ့ရပါတယ်။) 
Poetry Foundation ရုံးခန်းတွင်း


Poetry Foundation မဂ္ဂဇင်းမျက်နှာဖုံးများရှေ့တွင်အုပ်စုလိုက် အမှတ်တရ

အဲဒီနေ့ ညနေခင်းမှာတော့ IWP ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကေစီယာ (Kecia) က IWP စာရေးဆရာအချို့ကို တရုတ်တန်းကို လိုက်ပို့ပေးပါတယ်။ အိုင်အိုဝါမြို့မှာ တရုတ်စားသောက်ဆိုင် အနည်းငယ်ရှိပေမယ့် အာရှက လာသူတွေဟာ အိမ်ကနေထွက်ခွာလာတာ နှစ်လနီးပါး ကြာလာတဲ့အခါ အာရှအစားအစာ ကောင်းကောင်းစားဖို့ တောင့်တနေကြတာ အမှန်ပါ။ တရုတ်တန်းက ဆိုင်တွေထဲမှာ စီချွမ်အစားအသောက် ရတဲ့ ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ကြပြီး ဟောင်ကောင်က လင်းနဲ့ ထိုင်ဝမ်က ချမ်း တို့ ဦးဆောင်ပြီး အစားသောက်တွေ မှာကြပါတယ်။ အဲဒီညက အရသာရှိတဲ့ ဟင်းလျာတွေကို စားသောက်ပြီး အားလုံး ကျေနပ်ပျော်ရွှင်ခဲ့ကြပါတယ်။
ရှီကာဂို တရုတ်တန်းတွင် ပျော်ရွှင်စွာ စားသောက်နေသော IWP စာရေးဆရာများ

နောက်တစ်နေ့မနက်မှာတော့ မနက်စာကို ဟိုတယ်ကနေ လှမ်းမြင်နေရတဲ့ နံနက်ခင်းစာဆိုင်လေးမှာ စောစောစီးစီး သွားစားလိုက်ကြပြီး  Art Institute of Chicago လို့အမည်ရတဲ့ ပန်းချီပြတိုက်ကြီးကို လမ်းလျှောက်သွား ခဲ့ကြပါတယ်။ ကျွန်မတို့တည်းတဲ့ ဟိုတယ်ဟာ မြို့ရဲ့ အရေးပါတဲ့ နေရာအတော်များများရဲ့ အချက်အချာမှာ တည်ရှိတာမို့ စိတ်ဝင်စားစရာနေရာ အတော်များများဟာ လမ်းလျှောက်သွားရင် အလွယ်တကူရောက်နိုင်တဲ့ အကွာအဝေးမှာပါ။ ပြတိုက်ကို သွားတဲ့လမ်းမှာ Cloud Gate သို့မဟုတ် Chicago Bean လို့အမည်ရတဲ့ ဖန်လုံးကြီးနဲ့ ပန်းခြံတည်ရှိပါတယ်။ လမ်းတလျှောက်မှာ မြင်ရတဲ့ လှပခန့်ညားတဲ့ အဆောက်အဦကြီးတွေဟာလည်း သဘောကျစရာကောင်းလှပါတယ်။ ချီကာဂိုဟာ City of Architecture လို့ အသိအမှတ်ပြုခံရတဲ့ မြို့ဖြစ်ပါတယ်။ 
ရှီကာဂိုရဲ့ ပဲစေ့ပုံဖန်လုံးကြီး

 Art Institute of Chicago ရဲ့ရှေ့ကိုရောက်တဲ့အခါ ပြတိုက်ဖွင့်ဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကို တွေ့လိုက်ရပါတယ်။ ပြတိုက်က မနက် ၁၀ နာရီခွဲမှာ ဖွင့်ပါတယ်။ အဆောက်အဦဟာ စတုရန်းပေပေါင်း တစ်သန်းကျော်ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အနုပညာပြတိုက်လို့ သိရပါတယ်။ လက်ရာပေါင်း ၂၆၀၀၀ ကျော်ကို ပြသထားပါတယ်။ ကျွန်မတို့ဟာ အဲဒီပြတိုက်မှာ နေ့လည်စာ မစားမီအချိန်အထိသာ လည်ပတ်ဖို့ စီစဉ်ထားခဲ့တာကြောင့် ပြတိုက်တစ်ခုလုံးကို နှံ့စပ်အောင်သွားဖို့ စိတ်မကူးတော့ဘဲ ကိုယ်စိတ်အဝင်စားဆုံး အထပ်တွေကိုသာ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဗန်ဂိုး၊ မိုနေး၊ မာနေး၊ ရေနွှား၊ ပီကာဆို၊ ဒါလီ၊ အန်ဒီဝါးဟိုး အစရှိတဲ့ နာမည်ကျော် အနုပညာရှင်တို့ရဲ့ မူရင်းလက်ရာတွေကို ကြည့်ရှုရတာ စိတ်လှုပ်ရှားဖို့လည်းကောင်းလှပါတယ်။ 
Art Institute of Chicago ထဲက ဗန်ဂိုးရဲ့ နာမည်ကျော် ပန်းချီကား Bedroom in Arles

Art Institute of Chicago ထဲက အန်ဒီဝါးဟိုးရဲ့ မော် နဲ့အတူ

အဲဒီနေ့ကတော့ museum tour လို့ပဲ ပြောရတော့မှာပါ။ နေ့လည်စာစားပြီးတဲ့အခါမှာ ဟိုတယ်နဲ့ အနီးဆုံးမှာရှိတဲ့ Museum of Contemporary Art ကိုလည်း သွားခဲ့ကြပါတယ်။ အဲဒီ ပြတိုက်ကတော့ သိပ်မကြီးလှတာမို့ အချိန်သိပ်ယူစရာ မလိုခဲ့ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ အထူးပြုလုပ်ချက်တွေနဲ့ ဗီဒီယိုတွေ၊ installation art တွေနဲ့ လက်ရှိဖန်တီးနေဆဲ အနုပညာရှင်တွေရဲ့ လက်ရာတွေကိုတော့ အဲဒီမှာ လေ့လာခဲ့ရပါတယ်။ တကယ်တော့ အချိန်သာရမယ်ဆိုရင် တစ်ရက်မှာ အဲဒီလို ပန်းချီပန်းပု အနုပညာပြတိုက်မျိုး တစ်ခုသာ ကြည့်ရှုလေ့လာမယ်ဆိုရင် ပိုကောင်းမယ် လို့ ထင်မိပါတယ်။ ဒါမှပဲ ကျေကျေညက်ညက် စိတ်အေးလက်အေး ခံစားနိုင်မှာပါ။

Museum of Contemporary Art ကနေထွက်လာပြီးတဲ့အခါ လှမ်းမြင်နေရတဲ့ မီရှီဂန်ရေကန်ကြီးရှိရာကို လမ်းဆက်လျှောက်ကြပါတယ်။ ရေကန်ကြီးလို့ဆိုပေမယ့် ကျွန်မမျက်စိထဲမှာတော့ ပင်လယ်ကြီးလို ကျယ်ဝန်းလှပါတယ်။ မီရှီဂန်ရေကန်ဟာ မြောက်အမေရိကရဲ့ ရေကန်ကြီး ၅ ကန်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ လုံးလုံးလျားလျား တည်ရှိတဲ့ တစ်ခုတည်းသော ကန်ကြီးဖြစ်ပါတယ်။ ကျန်တဲ့ ရေကန်ကြီး ၄ ခုကတော့ ကနေဒါနိုင်ငံနဲ့ ဆက်စက်တည်ရှိနေကြပါတယ်။ လေကလေးတဖြူးဖြူးနဲ့ ပင်လယ်ကမ်းစပ်လို ဖြစ်နေတဲ့ ရေပြာပြာကမ်းခြေမှာ ခဏတဖြုတ်နားကြပြီးတဲ့အခါ လှမ်းမြင်နေရတဲ့ ချားရဟတ်တွေရှိတဲ့ စည်ကားတဲ့ကမ်းခြေတစ်နေရာကို သွားကြရအောင် လို့ ကိုရီးယားက စာရေးဆရာ အီစူးက တိုက်တွန်းလာပါတယ်။

Navy Pier လို့ ခေါ်တဲ့ ရှီကာဂိုရဲ့ သမိုင်းဝင် ဆိပ်ကမ်းတစ်နေရာမှာတော့ မကြာမီကျရောက်တော့မယ့် ဟယ်လိုဝင်းတစ္ဆေကြီးပွဲအတွက် ဆင်ယင်ထားတဲ့ အရုပ်တွေနဲ့ ကြောက်စရာ ချစ်စရာ လှပစည်ကားနေပါတယ်။ ချားရဟတ်စီးတဲ့လူတွေက စီး၊ တစ်နေ့လုံး လျှောက်ထားရလို့ ခြေထောက်ညောင်းပြီး ထိုင်သူတွေက ထိုင်နေချိန်မှာ ကျွန်မကတော့ ကမ်းနားတလျှောက် ဖြည်းဖြည်း လျှောက်ရင်း ရှီကာဂိုရဲ့ နေဝင်ဆည်းဆာအလှကို ဓာတ်ပုံမှတ်တမ်းတင်နေမိပါတယ်။  အဲဒီပွဲခင်းထဲမှာ ကလေးတွေအတွက် အစားအစာနဲ့ အမြန်စား အစားအစာတွေသာ များနေတာမို့ ညစာစားဖို့အတွက် မြို့ထဲကို ပြန်ထွက်လာကြပြန်ပါတယ်။
ရှီကာဂိုမြို့လယ်မြင်ကွင်း


မီရှီဂန်ကန်စောင်းမှ IWP စာရေးဆရာများ

Navy Pier မှ ရှီကာဂိုမြို့ ဆည်းဆာကို လှမ်းမြင်ရစဉ်

အဲဒီနေ့ညစာကိုတော့ ပြီးခဲ့တဲ့ ညကလို ခမ်းခမ်းနားနား မစားဖြစ်ကြပါဘူး။ တချို့လည်း ခြေထောက်တော်တော်ညောင်းနေကြပြီမို့ စားပြီးတဲ့အခါ ဟိုတယ်ကို တန်းပြန်သွားကြပါတယ်။ ကျွန်မကတော့  ဖိလစ်ပိုင်၊ ကိုရီးယား၊ ထိုင်ဝမ် စာရေးဆရာ ဆရာမတို့ နဲ့အတူ အဆောက်အဦအမြင့်တစ်ခုကို တက်ပြီး ညရှုခင်းကို ကြည့်ဖို့ စိတ်ဝင်စားမိပြန်ပါသေးတယ်။ ဒီလိုနဲ့ John Hancock Building and Observatory ဆိုတဲ့ အဆောက်အဦကြီးပေါ်တက်ပြီး ကော်ဖီသောက်ခဲ့ကြပါတယ်။ မီးရောင်စုံတွေနဲ့ ရှုမငြီးတဲ့ ရှီကာဂိုရဲ့ ညမြင်ကွင်းကို ကြည့်ရင်း စင်ကာပူက sky park တို့ Singapore Flyer တို့ကို သတိရပါတယ်။ ပြီးတော့ ကျွန်မတို့ ရန်ကုန်မြို့မှာတော့ ဒီလို မြို့ရှုခင်းကို အများပြည်သူ တက်ကြည့်လို့ရတဲ့ အဆောက်အဦမြင့် မရှိသေးတာကို သတိထားမိပါတယ်။ အနီးစပ်ဆုံးကတော့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့က ဆာကူရာတာဝါ အထပ် ၂၀ မှာရှိတဲ့ ကော်ဖီဆိုင်လောက်ပါပဲ။ ဒါတောင်မှ မှိတ်တုပ် မီးလေးတွေနဲ့ ရန်ကုန်ညအလှဟာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ အခုအချိန်မှာတော့ အကွာခြားကြီး ကွာခြားနေပါတယ်။

နောက်တစ်နေ့မှာ အိုင်အိုဝါမြို့ကို ပြန်ကြမယ့် ကားတွေထဲမှာ အစောဆုံးခရီးစဉ်ကို ကျွန်မကရွေးလိုက်ပါတယ်။ အဲဒီနေ့ ညနေမှာ ကျင်းပမဲ့ ကဲနက်ဂိုးလ်စမစ်ရဲ့ ကဗျာရွတ်ပွဲကို အမီသွားနိုင်အောင်ပါ။ မနက်စောစောမှာတော့ အချိန်နည်းနည်းရသေးတာမို့ စာရေးဆရာတချို့နဲ့အတူ မနက်စာစားဖို့ထွက်ရင်း ကန်တစ်ပတ်ကို လမ်းလျှောက်ကြပါသေးတယ်။ အပြန်မှာ မြို့ထဲက မစ္စစ္စပီမြစ် ဖြတ်စီးနေတဲ့ ဆိပ်ကမ်းကို ရောက်တဲ့အရာ ကူဝိတ်က စာရေးဆရာက တားလ်ဘ် (Taleb) က Architectural cruise tour နဲ့ အပျော်စီးသင်္ဘောမြို့တစ်ပတ် စီးချင်တယ်လို့ အဖော်စပ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သင်္ဘောထွက်မယ့် အချိန်ဇယားက ကျွန်မတို့ ပြန်ရမယ့် အချိန်နဲ့ မကိုက်ညီပါဘူး။
ဒီလိုနဲ့ ဟိုတယ်ကို ပြန်လာကြရင်း စကားလက်ဆုံကျမိတော့ ကျွန်မက မှတ်ချက်ချမိပါတယ်။ “ဒီမြို့မှာ ထင်ထင်ရှားရှားအဖြစ်ဆုံးကတော့ မြင့်မားလွန်းတဲ့ အဆောက်အဦ အများကြီးရှိတာပဲ။ ကျွန်မနေခဲ့တဲ့ မြို့တွေမှာ ဒီလိုအတွေ့အကြုံမျိုး မရှိခဲ့ဖူးဘူး။ မြို့ထဲလမ်းမတွေမှာ လျှောက်သွားတဲ့အခါ အခုလို မြင့်လွန်းတဲ့ အဆောက်အဦတွေကြားမှာ ကျွန်မဟာ ပိုပြီး ပုဝင်သေးကွေးသွားတယ်လို့ ခံစားရတယ်။ တခါတလေတော့ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို သေးသေးလေးဖြစ်ကြောင်း အခုလို သတိပေးတဲ့ ခံစားမှုမျိုးလိုတယ် ထင်ပါတယ်”

တားလက်ဘ်က သူ့ရဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြပါတယ်။ “ကျွန်တော် ပထမဆုံး လေယာဉ်စီးဖူးခဲ့တဲ့ အတွေ့အကြုံကို သတိရတယ်။ ပြတင်းပေါက်ကနေ အခြားလေယာဉ်တစ်စီး ပျံသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော့်မျက်စိထဲမှာ အဲဒီလေယာဉ်လေးဟာ သေးသေးလေးရယ်။ ဒါနဲ့ အနားမှာ အစားအသောက်လာချပေးတဲ့ လေယာဉ်မယ်လေးကို ပြောလိုက်မိတယ်။ ဟိုးမှာ လှမ်းမြင်ရတဲ့ လေယာဉ်လေးက သေးသေးလေးနော် လို့။ လေယာဉ်မယ်လေးက ကျွန်တော့်ကို ပြုံးပြီးပြန်ပြောပါတယ်။ ဟိုဘက်က လေယာဉ်ကနေ ပြန်ကြည့်ရင်လည်း ကျွန်မတို့ လေယာဉ်ကို သေးသေးလေးလို့ မြင်ရမှာ။ တကယ်တော့ အဲဒီလေယာဉ်ဟာလည်း ကျွန်မတို့လို လေယာဉ်ကြီးပါပဲ။ ဝေးနေလို့ပါ တဲ့။ ကျွန်တော် သင်ခန်းစာတစ်ခုရပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ကြီးမားလှတယ်လို့ ထင်နေတတ်ကြတယ်” တဲ့။

အဲဒီနောက် ရှီကာဂိုနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ရေးမိပေမယ့် အခုအထိ စိတ်တိုင်းမကျသေးလို့ အဆုံးမသတ်ရသေးပါဘူး။ “ဒေါင်လိုက်ပြန့်ကားနေတဲ့ မြို့ကြီးထဲမှာ ငါတစ်ယောက်တည်း ပိုပြီးတော့ ပုဝင်သေးကွေးသွား” ဆိုတဲ့ စာကြောင်းတစ်ကြောင်းကိုတော့ တေးထားလိုက်ပါသေးတယ်။
ရှီကာဂိုမြို့ကအပြန် မစ္စစ္စပီမြစ်နံဘေးမှာ IWP စာရေးဆရာများ အမှတ်တရ

အဲဒီခရီးစဉ်အပြီးမှာရှီကာဂိုမြို့ကို နောက်ထပ်တစ်ခေါက်ထပ်ရောက်ခဲ့ပါသေးတယ်။ အောက်တိုဘာလကုန်မှာ ကျွန်မရဲ့ အမျိုးသား ရောက်လာတဲ့အတွက် ရှီကာဂိုကို သွားပြီး ခေါ်ခဲ့တာပါ။ အဲဒီတစ်ခေါက်မှာတော့ တစ်နေ့တာ လည်ပတ်တဲ့အခါ စောစောက တားလက်ဘ် သွားချင်ခဲ့တဲ့ Architectural cruise tour ကို သွားဖြစ်ခဲ့ပါတယ်။ မြို့လည်ခေါင်မှာ မြစ်ကြီးက ဖြတ်စီးနေတာလည်း ရှီကာဂိုမြို့ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ Windy City လို့ နာမည်ကျော်တဲ့ ရှီကာဂိုရဲ့ လေအေးတွေတသုန်သုန်တိုက်နေတဲ့ သင်္ဘောကြီးပေါ်မှာ ချမ်းချမ်းစီးစီးနဲ့ ထိုင်ရင်း ရေကြောင်းလမ်းတလျှောက် မြင်နေရတဲ့ အဆောက်အဦတွေအကြောင်းကို ဧည့်လမ်းညွှန် အင်ဂျင်နီယာက ရှင်းပြတာကို နားထောင်ရပါတယ်။ အဆောက်အဦတွေရဲ့ သမိုင်းသာမက မော်ဒန်၊ ပို့စ်မော်ဒန် သွင်ပြင်လက္ခဏာတွေနဲ့ တည်ဆောက်ပုံ သဘောတရား (ism) တွေကိုပါ ရှင်းပြသွားတာဟာ အလွန်ကို ဗဟုသုတ တိုးစေပါတယ်။  ကျွန်မ အနှစ်သက်ဆုံး လေ့လာရေးခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

အဲဒီတစ်ခေါက်မှာ ညနေချမ်းမှာတော့ ရှီကာဂိုရဲ့ အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Willis Tower ကို တက်ခဲ့ပါတယ်။ အဲဒီ အဆောက်အဦမှာ အပြင်ကို ထိုးထွက်နေပြီး မှန်နဲ့ခင်းထားတဲ့ ကြမ်းပြင်အကြောင်းကို ကြားဖူးခဲ့ပါတယ်။ ကျွန်မတို့ရောက်သွားတဲ့အခါ အဲဒီမှန်ခန်းကလေးထဲကို ခြေလှမ်းလိုက်သူတိုင်းဟာ ကိုယ့်ခြေထောက်အောက်က မှန်သားကြည်ကြည်အောက်မှာ လှမ်းမြင်နေရတဲ့ အကွာအဝေးကို ဗြုန်းစားကြီး ကျင့်သားမရဘဲ ဒူးတုန်ခြေတုန် ဖြစ်ကုန်ကြတာကို အချင်းချင်းကြည့်ရင်း ရယ်မောကြတာလည်း အမှတ်တရပါပဲ။  
Willis Tower ပေါ်မှ မှန်ကြည်ခန်းရှုခင်း

Willis Tower ပေါ်မှ ရှီကာဂိုမြို့အလှကိုမြင်ရစဉ်


Willis Tower ပေါ်မှ ရှီကာဂိုမြို့အလှ ညမြင်ကွင်း

ရှီကာဂိုကို နောက်ထပ်တော့ ဘယ်အချိန်ပြန်ရောက်ဖြစ်ဦးမလဲ မသိပါ။ ကျွန်မကတော့ အစားအသောက်တွေ၊ အဆောက်အဦတွေ၊ ကြည့်ရှုစရာနေရာတွေ၊ ရှုခင်းမြင်ကွင်းတွေ၊ သပ်ရပ်မှုတွေ အားလုံးအတွက် ရှီကာဂိုမြို့ကို နှစ်သက်သဘောကျမိပါတယ်။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ စက်တင်ဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


 
အပိုင်း (၁) သို့  
အပိုင်း(၂) သို့



My 10 reasons for wanting a kid သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက်

$
0
0
My 10 reasons for wanting a kid
သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက်

1. I love kids. I really want to raise my own child, give her/him all my support and see how she/he will grow and stand on own feet. (my goodwill)

၁။ ကလေးတွေကိုချစ်တယ်။ ကိုယ့်ကလေးကို ပျိုးထောင်ချင်တယ်။ ပံ့ပိုးမှုတွေအားလုံး ပေးချင်တယ်။ ပြီးတော့ သူဘယ်လိုကြီးပြင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လာမလဲဆိုတာ ကြည့်ချင်တယ်။ (ကျွန်မရဲ့စေတနာ)

2. I don’t want to miss the experience/advantage that only women can have. (my greed)
၂။ မိန်းမတွေသာလျှင် ရရှိနိုင်တဲ့ အဲဒီ အတွေ့အကြုံ/အခွင့်အရေးကို လက်မလွတ်ချင်ဘူး။ (ကျွန်မရဲ့လောဘ)

3. I am very interested in going through by myself the human-making process provided by our mother nature. (my curiosity)
၃။ သဘာဝမိခင်ကြီးက ဖန်တီးပေးထားတဲ့ လူပြုလုပ်ခြင်း ဖြစ်စဉ်ကို ကိုယ်တိုင်ဖြတ်သန်းဖို့ ကျွန်မ အလွန်စိတ်ဝင်စားတယ်။ (ကျွန်မရဲ့စူးစမ်းမှု)

4. I feel like I have done all I wanted so far and I am bored. I need the change of life. (my craziness)
၎။ အခုအချိန်အထိ ကျွန်မလုပ်ချင်တာတွေ အားလုံး လုပ်ပြီးသွားပြီလို့ ခံစားရတယ်။ ကျွန်မငြီးငွေ့လာပြီ။ ဘဝအပြောင်းအလဲ လိုအပ်တယ်။ (ကျွန်မရဲ့ရူးသွပ်မှု)

5. With the change of life, I think I will also have new challenges to polish my abilities (as well as new subjects to create my literary work). (my ego)
၅။ အဲဒီဘဝအပြောင်းအလဲမှာ ကျွန်မရဲ့ အရည်အသွေးတွေကို အရောင်တင်ပေးဖို့ စိန်ခေါ်မှုအသစ်တွေ ရလာမယ်လို့ထင်တယ်။ (စာပေလက်ရာတွေ ဖန်တီးဖို့ ကုန်ကြမ်းတွေလည်း ရလာမှာပေါ့)။ (ကျွန်မရဲ့အတ္တ)

6. I don’t want to run away from the ordinary ways of life that many other people are encountering. (my stubbornness)
၆။ အများသူငါ ကြုံတွေ့နေကြရတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် လူ့ဘဝမျိုးကနေ ကျွန်မ ထွက်မပြေးချင်ဘူး။ (ကျွန်မရဲ့ခေါင်းမာမှု)

7. I want to prove that, while not trying to escape from the ordinary ways of human life and entering motherhood, a woman can still manage some other things which not everyone can achieve. (my esteem)
၇။ အဲဒီလို လူတိုင်းရဲ့သာမန်ဖြစ်စဉ်တွေကနေ ရုန်းထွက်ဖို့ မကြိုးစားနေတုန်း၊ ပြီးတော့ မိခင်ဘဝကို ခံယူလိုက်တုန်းမှာပဲ မိန်းမတစ်ယောက်ဟာ လူတိုင်းမဆောင်ရွက်နိုင်တဲ့ တခြားကိစ္စတချို့ကိုလည်း စီမံနိုင်သေးတယ်ဆိုတာ ကျွန်မက သက်သေပြကြည့်ချင်တယ်။ (ကျွန်မရဲ့ဂုဏ်သိက္ခာ)

8. It is my gift that can make my beloved ones happy. I believe in all sorts of love. I believe in happiness. I have witnessed happy families. I think I can enjoy my life better with my devotion to family. (my hope)
၈။ ဒါဟာ ကိုယ်ချစ်တဲ့လူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မဲ့ ကျွန်မရဲ့လက်ဆောင်တစ်ခု ဖြစ်တယ်။ ကျွန်မက ချစ်ခြင်းမေတ္တာ အမျိုးမျိုးကို ယုံကြည်ပါတယ်။ ပျော်ရွှင်မှုကိုလည်း ယုံကြည်တယ်။ ပျော်ရွှင်တဲ့ မိသားစုတွေကိုလည်း ကြုံတွေ့ဖူးခဲ့တယ်။ မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျွန်မရဲ့ဘဝကို ပိုပြီး နှစ်ခြိုက်ပျော်ရွှင် ခံစားနိုင်မယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့မျှော်လင့်ချက်)

9. Some people believe that this ruined blue planet is not worthy of bringing in innocent babies. But I would like to try my best to generate a good person (at least not a destructive one) to this crazy world with a hope that he/she will provide a helping hand. (my ambition)
၉။ တချို့လူတွေကတော့ ပျက်စီးနေတဲ့ ဒီဂြိုဟ်ပြာကြီးကို အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေကို ထပ်ခေါ်မလာသင့်တော့ဘူးလို့ ယုံကြည်ကြတယ်။ ကျွန်မကတော့ အဲဒီ ရူးသွပ်နေတဲ့ ကမ္ဘာကြီးအတွက် လူကောင်းတစ်ယောက် (အနည်းဆုံးတော့ ဖျက်လိုဖျက်ဆီးမလုပ်မဲ့ လူတစ်ယောက်) မွေးထုတ်ကြည့်ချင်တယ်။ သူက ကူညီပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့။ (ကျွန်မရဲ့ရည်မှန်းချက်)

10. I think all pros and cons about having a kid will make me more like a human, bring me to a more mature level and help me to find out interesting perspectives on the essence and meaning of life. (my willingness to learn)
၁၀။ သားသမီးရှိခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ အားလုံးဟာ ကျွန်မကို လူသားတစ်ယောက် ပိုဆန်လာအောင် လုပ်ပေးနိုင်မယ်၊ ပိုပြီးရင့်ကျက်တဲ့ အဆင့်တစ်ခုကို ခေါ်ဆောင်သွားနိုင်မယ်၊ ဘဝရဲ့အနှစ်သာရနဲ့ အဓိပ္ပာယ်အပေါ် စိတ်ဝင်စားစရာ အမြင်တွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်မယ် လို့ ကျွန်မ ထင်မိတယ်။ (ကျွန်မရဲ့သင်ယူလိုမှု)

Pandora
24.10.2013
ပန်ဒိုရာ
၂၄.၁၀.၂၀၁၃

အိုင်အိုဝါရက်စွဲများ အပိုင်း (၈)

$
0
0


အိုင်အိုဝါရက်စွဲများ အပိုင်း (၈)

၂၀။ စီနီယာကောလိပ် နှင့် ဂျာနယ်လစ်ဇင်သင်တန်း စာသင်ခန်းများတွင်ဆွေးနွေးခြင်း

အိုင်အိုဝါမြို့က ကျောင်းစာသင်ခန်းတွေကို သွားလည်ပတ်တဲ့ အစီအစဉ်တွေက မပြီးဆုံးသေးပါဘူး။ အိုင်အိုဝါစီနီယာ ကောလိပ်ကို သွားပြီး မြန်မာနိုင်ငံအကြောင်းနဲ့ စာပေအကြောင်း ဆွေးနွေးပေးနိုင်မလားလို့ ဖိတ်ခေါ်လာပြန်ပါတယ်။ စီနီယာကောလိပ်မှာ အသက်အရွယ်ကြီးတဲ့ ပင်စင်စားအရွယ် ကျောင်းသားကျောင်းသူတွေ ရှိတယ်လို့ ပြောပါတယ်။
ရုရှက အယ်လီဇာ ရယ် ကျွန်မရယ်ဟာ စီနီယာကောလိပ်ကို သွားဖို့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အလှည့်ကျပါတယ်။ အဲဒီနေ့က ညနေခင်းမှာ ကျွန်မတို့ IWP စာရေးဆရာအားလုံး ဘဏ်အကောင့်ဖွင့်ဖို့ စီမံပေးတဲ့ US Bank က ဖိတ်ကြားထားတဲ့ ညစာစားပွဲကလည်းရှိနေပါတယ်။ အောက်တိုဘာလထဲမှာ အပြင်ထွက်ရတာ ရာသီဥတုက အတော်အေးနေပါပြီ။ အဲဒီနေ့က ကျွန်မနဲ့ အယ်လီဇာဟာ မိုး သည်းသည်းအောက်မှာ အတူတူထွက်လာခဲ့ကြပါတယ်။

ညစာစားပွဲအတွက် အယ်လီဇာက အင်္ကျီပြန်လဲချင်တယ်ဆိုလို့ သူ့ကိုအရင်ဆုံး ဆွေးနွေးဖို့ အလှည့်ပေးလိုက်ပါတယ်။ ကျွန်မကတော့ အဲဒီဆွေးနွေးပွဲပြီးပြီးချင်းပဲ US Bank ကို ဆက်သွားလိုက်ပါတယ်။ ကောလိပ်မှာတွေ့ရတဲ့ သင်တန်းသားတွေက တကယ့်ကို အဘိုးအဘွားအရွယ်တွေပါ။ ဒီလိုအရွယ်မှာ ကိုယ်ဝါသနာပါတဲ့ စာပေကို လေ့လာနိုင်ဖို့ အခွင့်အရေး ရှိနေသေးတာလည်း အားကျစရာပါ။ တချို့လည်း တုတ်ကောက်နဲ့ တချို့လည်း ဘီးတပ်လှည်းတွေနဲ့ပါ။ လူကြီးတွေဖြစ်တဲ့အတွက် သူတို့နဲ့ ပြောတဲ့အခါမှာ ကျောင်းသားကလေးတွေကို ပြောရမယ့် အကြောင်းအရာနဲ့မတူပါဘူး။ အားလုံးက ဘားမား/မြန်မာ ဆိုတာကို သိကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးနေဝင်း စသည်ဖြင့် အသေအချာ ကြားဖူးကြသူတွေလည်း ပါပါတယ်။ စာပေထက် နိုင်ငံအကြောင်းကို ပိုစိတ်ဝင်စားကြဟန်တူပါတယ်။ ကျွန်မလည်း သူတို့နဲ့ လိုက်ဖက်မယ့် အကြောင်းအရာတွေကို ပြင်ဆင်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံအကြောင်းနဲ့ မြန်မာ့စာပေအကြောင်းအကျဉ်းချုပ်ကို မိနစ်၂၀ လောက်ပြောပြပြီး ကျွန်မရဲ့ ကဗျာတွေထဲက သူတို့ကို ဖျော်ဖြေမှု ပေးနိုင်မယ့် ကဗျာ ၃ ပုဒ်ကို ရွေးထုတ်ပြီး ရွတ်ပြခဲ့ပါတယ်။ အချိန်နည်းသွားတာမို့ မေးခွန်း နှစ်ခု သုံးခုသာ ခွင့်ပြုနိုင်ခဲ့တယ်။ သူတို့ထဲက တချို့ကတော့ မနှစ်ကလည်း မြန်မာစာရေးဆရာ တစ်ယောက် လာပြီး ဟောပြောသွားသေးတယ်လို့ ဆိုပါတယ်။ ကိုချိုတူးဇော်လား ဆိုတော့ ဟုတ်တယ်လို့ ပြန်ပြောကြပါတယ်။ ကိုချိုတူးဇော်ကို သူတို့က အမှတ်တရဖြစ်နေခဲ့ကြပါတယ်။ 
စီနီယာကောလိပ်မှာ မြန်မာနိုင်ငံနှင့် မြန်မာစာပေအကြောင်း ဆွေးနွေးနေစဉ်

ဂျာနယ်လစ်ဇင်စာသင်ခန်းအတွက်ကိုတော့ သူတို့ရဲ့ ပရော်ဖက်ဆာ ဆရာမကြီးက ကြိုတင်ပြီး စာတွေပို့ထားပါတယ်။ ဒီအတန်းအတွက်ကိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ထင်ရှားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ကရှာဖွေ စုဆောင်းပြီး slide show ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ သီပေါဘုရင်နဲ့ စုဘုရားလတ်ပုံ၊ ကိုလိုနီခေတ်က ဓာတ်ပုံတွေ၊ ၈၈ အရေးအခင်းမှာ မဝင်းမော်ဦးကို ဆရာဝန်နှစ်ယောက် သယ်ပြေးသွားတဲ့ပုံ အပါအဝင် လှုပ်ရှားမှုပုံတွေ၊ ရွှေဝါရောင်အရေးအခင်းတုန်းက နာမည်ကျော်တဲ့ ကိုရင်လေးသပိတ်မှောက်နေတဲ့ပုံနဲ့ ဂျပန်သတင်းထောက်ကို ပစ်သတ်နေတဲ့ ပူလစ်ဇာဆုရပုံ၊ နာဂစ်ဒဏ်ခံရပုံ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမဆုံး ပြန်လည်ညှိနှိုင်းကြစဉ် ဗိုလ်ချုပ်ဓာတ်ပုံကားချပ်ရှေ့မှာ ရိုက်ထားတဲ့ ပုံ၊ စတာတွေအပြီးမှာ မြန်မာ့ရေမြေတောတောင်ရဲ့ လှပတဲ့ရှုခင်းတွေနဲ့ မြန်မာ့ကျေးလက်လူထုရဲ့ သနပ်ခါးပါးကွက်ကျားနဲ့ ရိုးရိုးသားသား ပြုံးရွှင်နေတဲ့ ပုံလေးတွေ ပါဝင်ပါတယ်။ 

ကျွန်မရဲ့တင်ပြမှုကို “ဓာတ်ပုံတွေက ပြောပြတဲ့ မြန်မာအကြောင်း” လို့ ခေါင်းစဉ်တပ်ပြီး ကျောင်းသားတွေကို ဓာတ်ပုံရဲ့နောက်ကွယ်က မြန်မာ့သမိုင်းကြောင်းကို ပြောပြခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ချီလီက မာတီးရားစ်နဲ့ ဘော့စဝါနာက တီဂျေတို့လည်း ပါကြပါတယ်။ ဆွေးနွေးသူတွေရဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ပရော်ဖက်ဆာက ကျောင်းသားတွေကို ကြိုတင်ပြီးတော့ မေးခွန်းလေးတွေ မေးထားခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာ၊ ချီလီ၊ ဘော့စဝါနာ လို့ ပြောလိုက်ရင် အဲဒီနိုင်ငံအသီးသီးအတွက် ခေါင်းထဲကိုဝင်လာတဲ့ စကားလုံး ၃ လုံးစီ ချရေးထားပါ ဆိုတာလည်း ပါပါတယ်။ အဲဒီစကားလုံးတွေကို ကြည့်လိုက်တဲ့အခါ တချို့ကျောင်းသားတွေဟာ မြန်မာနိုင်ငံအကြောင်းရော ချီလီ နဲ့ ဘော့စဝါနာတို့ အကြောင်းကိုရော တော်တော် မသိကြတာကို သတိထားမိပြန်ပါတယ်။ ဂျာနယ်လစ်ဇင် ဘာသာရပ်ကို သင်ကြားနေတဲ့ ကျောင်းသားတွေ ဖြစ်ကြပေမယ့် ကျွန်မပြတဲ့ ပူလစ်ဇာဆုရ ဓာတ်ပုံကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ အကြောင်းအရာတွေကို သူတို့ကို မိတ်ဆက်တင်ပြခွင့်ရခဲ့ရတာ ကျွန်မအတွက် အခွင့်အရေးဖြစ်သလို သိခွင့်ကြုံရတာလည်း သူတို့အတွက် အကျိုးရှိခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဂျာနယ်လစ်ဇင် စာသင်ခန်းမှာ ချီလီက မာတီးရားစ်၊ ပန်ဒိုရာနဲ့ ဘော့စဝါနာက တီဂျေ

၂၁။ ပျော်ရွှင်ဖွယ်တွေ့ဆုံပွဲများ

အောက်တိုဘာလထဲမှာ တဖြည်းဖြည်းနဲ့ နောက်ဆုံးပိတ် အစီအစဉ်တွေကို အပြီးသတ်ဖို့ ကြိုးစားလာရပါပြီ။ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြတာကိုတော့ နောက်ဆုံးအချိန်အထိ စောင့်မနေဘဲ စက်တင်ဘာလကတည်းက လုပ်ခဲ့ပြီးပါပြီ။ IWP ကိုတက်ရောက်ကြတဲ့ စာရေးဆရာတွေထဲမှာ အချိန်အစကနေ အဆုံးအထိ မနေနိုင်ကြသူတွေလည်း ပါပါတယ်။ တချို့ကလည်း ကြားကာလတွေမှာ အိမ်ပြန်ကြ၊ သူတို့အစီအစဉ်နဲ့ သူတို့ ခရီးသွားကြသူတွေလည်း ပါပါတယ်။ ဒီတော့ အားလုံးစုံစုံညီညီ ရှိလောက်တဲ့ စက်တင်ဘာလကတည်းက စုပေါင်းဓာတ်ပုံကို ရိုက်ထားခဲ့ကြပါတယ်။
စုပေါင်းဓာတ်ပုံ။ ရိုက်ပေးသူကတော့ စင်ကာပူက စတက်ဖနီရဲ့ အမျိုးသားပါ


ကျွန်မတို့ကို နေရာချထားပေးတဲ့ Iowa House Hotel မှာ IWP စာရေးဆရာအားလုံး အသုံးပြုနိုင်ဖို့ အများပိုင်အခန်းတစ်ခုကိုလည်း ပေးထားပါတယ်။ အဲဒီအခန်းထဲမှာ စာဖတ်ကြ၊ တွေ့ဆုံဆွေးနွေးကြ၊ စားသောက်ကြ၊ ညနေခင်းအစီအစဉ်တွေ လုပ်ကြ ပါတယ်။ တစ်ခါကတော့ အိုင်အိုဝါမြို့ခံ ကဗျာဆရာတစ်ယောက်ကို အဲဒီအခန်းကို ဖိတ်ကြားပြီး ကဗျာရွတ်ပွဲလုပ်ခဲ့ကြတယ်။ ပွဲအပြီး အမေးအဖြေ ကဏ္ဍမှာ ကျွန်မက မေးခွန်းတစ်ခုကို အမှတ်မထင် အစဖော်ခဲ့မိပါတယ်။ အဲဒါကတော့ ကဗျာဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်သလား ဆိုတာပါပဲ။ အဲဒီနေ့ကမှတ်မှတ်ရရ အီရတ်က  ဂူလာလာနဲ့ ဥဘက်ကစ္စတန်က အလီနာတို့ နှစ်ယောက်ကြားမှာ ဆွေးနွေးငြင်းခုံပွဲလေး ဖြစ်သွားကြပါတယ်။

ဧည့်သည်ကဗျာဆရာ ပြန်သွားတဲ့အခါ အဲဒီအကြောင်းအရာကို ဆက်ဆွေးနွေးကြပါတယ်။ ဂူလာလာဟာ အသက်လေးဆယ်ပတ်ဝန်းကျင်ဖြစ်ပြီး စစ်ပွဲနဲ့ ဒုက္ခသုခ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့တဲ့ ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ အလီနာကတော့ ၂၃ နှစ်လောက်ပဲ ရှိသေးပြီး အင်မတန်မှ စိတ်အားတက်ကြွတဲ့ ထူးချွန်ထက်မြက်သူလေးပါ။ သူတို့နှစ်ဦးက ကိုယ့်အမြင်နဲ့ကိုယ် ဆက်ဆွေးနွေးကြပါတယ်။ ဂူလာလာက “ကျွန်မကြုံတွေ့ခဲ့သမျှတော့ ကဗျာနဲ့ လူ့အဖွဲ့အစည်းကို မပြောင်းလဲနိုင်ဘူး” လို့ ဆိုပါတယ်။ “ကျွန်မဟာ ဝါသနာအရ ကဗျာရေးပေမယ့်လည်း နိုင်ငံက ကြုံနေရတဲ့ လတ်တလော စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့အတွက် လက်တွေ့ကျတဲ့ လူမှုရေး နိုင်ငံရေး အလုပ်တွေကို လုပ်ခဲ့ရတယ်၊ အဲဒီလိုအချိန်မှာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်မှုတွေကို ကဗျာရေးခြင်းအားဖြင့်တော့ ထိထိရောက်ရောက် မကူညီနိုင်ဘူး” လို့ဆိုပါတယ်။ 

အလီနာကတော့ လူငယ်ပီပီ မျှော်လင့်ချက်ထက်သန်စွာနဲ့ တက်တက်ကြွကြွပြန်ပြောပါတယ်။ “ကျွန်မဆိုလိုတာကတော့ ရေရှည်အတွက်ပါ။ ကဗျာက လူ့အဖွဲ့အစည်းကို ချက်ချင်းလက်ငင်း ပြောင်းလဲမသွားပေးပေမယ့် ကဗျာရေးခြင်း ဖတ်ခြင်း ဆိုတဲ့ ကဗျာယဉ်ကျေးမှု ဟာ လူ့အဖွဲ့အစည်းရဲ့ ခံယူချက်တွေကို ပြောင်းသွားစေနိုင်တယ် လို့ ကျွန်မကတော့ ယုံကြည်တယ်။” လို့ပြောပါတယ်။ ဒီအခါ ဂူလာလာက “ကဗျာတစ်ပုဒ်ကို ဖတ်ပြီးတော့ လူ့အဖွဲ့အစည်းတစ်ခုလုံး ပြောင်းသွားမှာလား” လို့မေးခွန်းထုတ်ပါတယ်။ ဂူလာလာဟာ ကဗျာတစ်ပုဒ်ကြောင့် ကိုလိုနီလက်အောက်မှာ အမျိုးသားရေးစိတ်ကို လှုံ့ဆော်ပေးတာတို့၊ အာဏာရှင် ဖိနှိပ်မှုအောက်မှာ လွတ်လပ်လိုစိတ်ကို အားပေးတာတို့အထိ လက်ခံပေမဲ့ လူ့အဖွဲ့အစည်းကို ပြောင်းနိုင်တယ် ဆိုတဲ့ စကားလုံးအပေါ်မှာတော့ လက်တွေ့ကျတဲ့ အယူအဆဘက်ကနေ သဘောမတူနိုင်ဘူးဖြစ်နေပါတယ်။

ကျွန်မက ကဗျာဆရာနှင်းခါးမိုးပြောခဲ့ဖူးတဲ့ “ကဗျာဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေမယ့် လူတွေကို ပြောင်းလဲပေးစေနိုင်ပါတယ်” ဆိုတဲ့စကားကို ကိုးကားလိုက်တော့ ဒါကိုတော့ သူတို့ နှစ်ဦးစလုံး လက်မခံနိုင်စရာ မရှိကြပါဘူး။ အဲဒီလို အမျိုးသမီးကဗျာဆရာတွေ တက်တက်ကြွကြွ ဆွေးနွေးနေကြတာကို အမျိုးသားကဗျာဆရာတွေကတော့ ခေါင်းတညိတ်ညိတ်နဲ့ စိတ်ဝင်တစား ထိုင်ကြည့်နေကြပါတယ်။ အဲဒီလို လွတ်လပ်ပွင့်လင်းတဲ့ အလွတ်သဘော ရင်းရင်းနှီးနှီး ဆွေးနွေးချိန်တွေဟာ စိတ်လှုပ်ရှားစရာ ပျော်စရာကောင်းလှပါတယ်။ 

တစ်ခါကလည်း ကိုရီးယားစာရေးဆရာ ဟေးအီစူးနဲ့ စကားလက်ဆုံကျဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ဂျပန်စာရေးဆရာ မူရာကာမိကို နှစ်သက်ကြတဲ့အကြောင်း ပြောဖြစ်ပါတယ်။ သူက ကိုရီးယားရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေဟာ ကမ္ဘာကျော်ပေမယ့် ဂျပန်စာရေးဆရာတွေ ကမ္ဘာကျော်သလို ကိုရီးယားစာရေးဆရာတွေ ကိုရီးယားဝတ္ထုရှည်တွေ ကိုတော့ လူမသိကြဘူးဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ဒါကြောင့်မို့ သူတို့ဆီမှာ အစိုးရအစီအစဉ်နဲ့ ဘာသာပြန်သင်တန်းတွေပေးပြီး ကိုရီးယားဝတ္ထုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဘာသာပြန်ဖို့ လုပ်နေတာတွေရှိတယ် လို့ ပြောပြပါတယ်။ သူတို့ဆီက စာရေးဆရာတွေဟာ ၂ နှစ် ၃ နှစ်လောက်မှ တစ်ခါ ဝတ္ထုရှည်တစ်ပုဒ်ရေးတာနဲ့ ဒီကြားထဲမှာ စာသင်တာနဲ့ မိသားစု လူတန်းစေ့ နေနိုင်တယ်လို့ဆိုပါတယ်။ သူဟာလည်း ဝတ္ထုတိုကိုတောင်မှ လိုအပ်တဲ့ သုတေသနတွေလုပ်၊ အချိန်ယူပြီးမှ တစ်နှစ်ကို ပုဒ်ရေအနည်းငယ်သာ ရေးသူပါ။ ကျွန်မတို့ဆီမှာ လောလောဆယ်ဖြစ်နေသေးတဲ့ အနေအထားတွေ (ဥပမာ- စာရေးဆရာတစ်ယောက်ဟာ စာရေးသားခြင်းသက်သက်နဲ့ အသက်မွေးဖို့ ခက်ခဲတာ၊ ရသစာပေ အရည်အသွေး တိုးတက်မှုနည်းနေတာ) တစ်ခွန်းပြောပြလိုက်တိုင်း သူက ဒီလိုမျိုး ကိုရီးယားမှာ လွန်ခဲ့တဲ့ အနှစ် ၂၀၊ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျယ်ပြန့်တဲ့ ကိုရီးယားနိုင်ငံမှာ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ဆိုတာကလည်း မလွယ်ပါဘူးတဲ့။ စာပေပြိုင်ပွဲ အဆင့်ဆင့်မှာ ဆုရဖို့လိုအပ်တယ် လို့ ပြောပါတယ်။ အခုအချိန်မှာ စာပေရေးသားခြင်းကို လူငယ်တွေဟာ အလွန် စိတ်ဝင်စားနေကြပြီး တက္ကသိုလ်တွေမှာ creative writing မေဂျာကို တက်ခွင့်ရဖို့အတွက် အမှတ်ကောင်းကောင်းရဖို့ ယှဉ်ပြိုင်နေကြတယ်လို့ဆိုပါတယ်။ 

IWP တက်ရတဲ့အခါမှာ ကျောင်းကစီစဉ်ပေးတဲ့ ပုံမှန်အစီအစဉ်တွေအပြင် အခုလို နိုင်ငံတကာက စာရေးဆရာတွေနဲ့ အလွတ်သဘော စကားစမြည်ပြောပြီး သူတို့ဆီက ဗဟုသုတရစရာတွေကို ဆွေးနွေးဖလှယ်ရတာ တန်ဖိုးရှိလှပါတယ်။ ဘော့စဝါနာက တီဂျေဒီးမားနဲ့ အိုင်အိုဝါမြစ်ဘေးမှာ နေ့လည်စာအတူထိုင်စားဖြစ်တဲ့ နေ့တစ်နေ့ကတော့ ကျွန်မတို့ဟာ ကဗျာအကြောင်း ပြောနေရင်းနဲ့ ဘော့စဝါနာနိုင်ငံရဲ့ ကြောက်စရာလန့်စရာ HIV/AIDS ပြန့်ပွားမှု အခြေအနေဆိုး အကြောင်းကို ပိုပြီး စိတ်ဝင်တစား ပြောဖြစ်ကြပါတယ်။ ခုခံအားကျဆင်းမှုရောဂါ ပျံ့နှံ့မှုဟာ တစ်နိုင်ငံလုံးကို ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားတဲ့အထိ ရှင်းလင်းပစ်နိုင်လောက်အောင် ဆိုးဝါးနေကြောင်းကို သဘောပေါက်သွားတဲ့အခါ ဘော့စဝါနာ  အုပ်ချုပ်သူတွေဟာ ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေကို အတည်ပြုဝန်ခံပြီး အကူအညီတွေကို တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အိုင်အိုဝါဟိုတယ်ရဲ့ ညနေခင်းတချို့မှာ စာရေးဆရာတွေဟာ အဲဒီ အများသုံးဧည့်ခန်းမှာ စုဝေးပြီး စားသောက်ကြ သီချင်းဆိုကြ ကကြနဲ့ ပျော်ရွှင်စရာအချိန်တချို့လည်း ရှိခဲ့ပါတယ်။ တစ်ညနေမှာတော့ တစ်ယောက်က ဂစ်တာယူလာခဲ့ပါတယ်။ စာရေးဆရာ အတော်များများဟာ ဂီတအနုပညာနဲ့လည်း မစိမ်းသူတွေပါ။ အထူးသဖြင့် ဘီလာရုဇ်က အန်ဒရေနဲ့ ဘရာဇီးလ်က ရော်ဒရီဂိုး တို့ဟာ ပရော်ဖက်ရှင်နယ်တွေလို ဂစ်တာတီး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ နေဘုန်းလတ်ကလည်း သူကိုယ်တိုင် စပ်ထားတဲ့ မြန်မာသီချင်း တစ်ပုဒ်ကို ဂစ်တာတီးပြီး ဆိုပြခဲ့ပါသေးတယ်။ အီရတ်က ဂူလာလာက သူတို့ရိုးရာ ဗိုက်လှုပ်အကကို သင်ပေးလို့ စာရေးဆရာတွေက ကိုးရိုးကားရား လိုက်ကကြတာလည်း ပြန်တွေးကြည့်ရင် ရယ်စရာပါ။ Life of Discovery လို့ခေါ်တဲ့ IWPနဲ့ တရုတ်နိုင်ငံက စာရေးဆရာတွေရဲ့ ပူးတွဲပရောဂျက်အတွက် ရောက်ရှိနေကြတဲ့ တရုတ်စာရေးဆရာ ၄ ယောက်ကလည်း ဟိုတယ်ကို လာလည်ပြီး အဲဒီ အများသုံးဧည့်ခန်းလေးမှာ တရုတ်ရိုးရာ တူရိယာတွေကို တီးမှုတ်ဖျော်ဖြေသွားကြပါသေးတယ်။

အိုင်အိုဝါဟောက်စ်ဟိုတယ်မှာ အီရတ်က ဂူလာလာနဲ့ ဘီလာရုဇ်က အန်ဒရေ

အိုင်အိုဝါဟောက်စ်ဟိုတယ်မှာ ညနေခင်း အမှတ်တရ တွေ့ဆုံပွဲတစ်ခု



၂၂။ နှုတ်ဆက်ပွဲများ


စီနီယာကောလိပ်မှာ သွားရောက်ဆွေးနွေးတဲ့နေ့ ညနေပိုင်းမှာ US Bank က ဖိတ်ခေါ်တဲ့ ညစာစားပွဲကို သွားရပါတယ်။ US Bank ဟာ IWP စာရေးဆရာတွေ အစဉ်အဆက်ကို ငွေစာရင်းဖွင့်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်လည်းဖြစ်ပါတယ်။ အဲဒီညစာစားပွဲမှာ IWP ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဟွာလင်းနီးလ်အန်ဂယ်လ် (ပေါလ် အန်ဂယ်လ်ရဲ့ ဇနီး) နဲ့လည်းတွေ့ခဲ့ရပါတယ်။ အဲဒီပွဲမှာတော့ ဘီလာရုဇ်က အန်ဒရီ၊ ဇင်ဘာဘွေက ခရစ္စတိုဖာနဲ့ ကိုရီးယားက ချွိုင် တို့က ကဗျာတွေ ပြဇာတ်တွေကို ဖတ်ခဲ့ကြပါတယ်။ ညစာစားပွဲအပြီး ချမ်းအေးလှတဲ့ ညချမ်းမှာ Englert Theatre မှာ နာမည်ကျော် Kronos Quartet ဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို အခမဲ့ နားဆင်ခဲ့ကြရပါတယ်။ IWP ကိုတည်ထောင်ခဲ့တဲ့ ဟွာလင်း အန်း အန်ဂယ်လ်ကို International IMPACT Award ဆုပေးပွဲ အခန်းအနားကိုလည်း IWP စာရေးဆရာတွေဟာ နှုတ်ဆက်ကာလတွေမှာ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနေ့အခန်းအနားက WorldCanvass Broadcast နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ 
US Bank ရဲ့ အမှတ်တရ ဒေါ်လာပြားလေးကို လက်ခံစဉ်


US Bank ဒင်နာမှာ ဆရာမကြီး ဟွာလင်း အန်း အန်ဂယ်လ် နဲ့ အမှတ်တရ


Kronos Quartet ဖျော်ဖြေပွဲ


နှုတ်ဆက်ပွဲတွေထဲမှာ ဖော်ရွေလှတဲ့ စာကြည့်တိုက်တာဝန်ခံ ဂျပန်မလေး ချာကီရဲ့ အိမ်ကိုခေါ်ကျွေးမွေးတဲ့ နေ့လည်စာကိုလည်း မေ့ထားလို့မရပါဘူး။ ချာကီဟာ အာရှတိုက်သား စာရေးဆရာတွေရဲ့ စာကြည့်တိုက်ကိစ္စ အဝဝ ကို ကူညီဖို့ တာဝန်ပေးခံထားရသူဖြစ်ပါတယ်။ သူက အာရှတိုက်သား စာရေးဆရာတွေကို လူနည်းနည်းစီခွဲပြီး သူ့အခန်းမှာ နေ့လည်စာလာစားကြဖို့ ဖိတ်ပါတယ်။ ကျွန်မကို ဘယ်သူတွေနဲ့ အတူတူလာချင်လဲ လို့ မေးတော့ ကျွန်မတို့ မြန်မာ ၂ ယောက်နဲ့အတူ ကိုယ်နဲ့လည်းခင်မင်နေတဲ့ ကိုရီးယား ၂ ယောက်ကို တစ်အုပ်စု ဖိတ်ပေးဖို့ ပြောလိုက်ပါတယ်။ အဲဒီနေ့မှာ သူ့တစ်ဦးတည်းနေထိုင်တဲ့ သပ်ရပ်တဲ့ အခန်းလေးထဲမှာ အရသာရှိလှတဲ့ ဂျပန်နေ့လည်စာကို စားခဲ့ရပါတယ်။ 
ချာကီရဲ့အိမ်မှာ ချာကီ၊ နေဘုန်းလတ်၊ ကိုရီးယားက အီးစူးတို့နဲ့အတူ။ ကိုရီးယားက ချွိုင် ကတော့ ဓာတ်ပုံရိုက်ပေးနေလို့ ဒီပုံထဲမှာ မပါဘူး။



နောက်ထပ်မမေ့စရာပွဲတစ်ခုကတော့ အောက်တိုဘာ ၃၀ ညမှာ IWP က ဆက်ဆံရေးတာဝန်ခံ ဂျိုးရဲ့ ညီတစ်ယောက် အိမ်မှာ ကျင်းပတဲ့ တစ္ဆေကြီးပွဲလို့ ခေါ်တဲ့ ဟယ်လိုဝင်းပါတီ ပါ။ ကျွန်မလည်း ဟယ်လိုဝင်းပါတီတွေကို တစ်ခါမှ မသွားဖူးပါဘူး။ သူတို့တွေ ဝတ်စားဆင်ယင်ကျင်းပပုံကိုတော့ အလွန်သိချင်နေပါတယ်။ ကျွန်မ အပါအဝင် IWP စာရေးဆရာတချို့ဟာ ပါတီပွဲနဲ့ လိုက်လျောညီထွေ ဝတ်စားဆင်ယင်ပြီး အဲဒီပွဲကို သွားခဲ့ကြပါတယ်။ အက ဝါသနာပါသူတွေကလည်း သီချင်းတွေဖွင့်ပြီး ကကြပါတယ်။ အဲဒီတလောမှာ ခေတ်စားနေတဲ့ အိုပါဂန်းနန်းစတိုင် သီချင်းကိုလည်း ဖွင့်ပြီး ကကြတာတွေ့ရပါတယ်။ အမေရိကန်တွေဟာ အဲဒီသီချင်းကိုလည်း အလွန်နှစ်သက်ကြပါတယ်။ 
စင်ကာပူက စတက်ဖနီက ယူရူဂွေးက လူးဝစ်ကို ဟယ်လိုဝင်းပွဲအတွက် ပြင်ဆင်ပေးနေစဉ်


အာဖဂန်နစ္စတန်က မိုဟစ်ဘ်နဲ့ ကိုရီးယားက ချွိုင် ဟယ်လိုဝင်းအတွက် ဝတ်စားဆင်ယင်ထားပုံ


စာကြည့်တိုက်မှာ အပတ်စဉ်ကျင်းပတဲ့ panel discussion ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအစီအစဉ်မှာ Image of America ဆိုတဲ့ ခေါင်းစဉ်နဲ့ IWP စာရေးဆရာတွေက အမေရိကမှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ထင်မြင်ချက်တွေကို ပြောကြပါတယ်။ အဲဒီနေ့က စကားပြောအလွန်ကောင်းတဲ့ ကူဝိတ်က တားလက်ဘ်က စာကြည့်တိုက်ဆွေးနွေးပွဲတွေမှာ ပီဇာကိုပဲ အမြဲကျွေးလို့ ငြီးငွေ့မိတဲ့အကြောင်း ဟာသနှောကာ ပြောတော့ အားလုံးပွဲကျခဲ့ကြပါတယ်။ ကျွန်မနဲ့ နေဘုန်းလတ်တို့လည်း အမေရိကအပေါ် ထင်မြင်ချက်တွေကို အနည်းငယ် ပြောဖြစ်ခဲ့ကြပါတယ်။ စလိုဗက်ကီးယားက စာရေးဆရာမ ယာနာ ရဲ့ holy တွေ ထပ်နေတဲ့ အိုင်အိုဝါ နှုတ်ဆက် ကဗျာတစ်ပုဒ် ကိုလည်း အားလုံးက အထူးသဘောကျကြပါတယ်။ ယာနာ ဟာ ထူးချွန်တဲ့ စာရေးဆရာမတစ်ဦး ဖြစ်ပါတယ်။ IWP တက်ရောက်နေတဲ့ ကာလထဲမှာပဲ ဥရောပစာပေဆု ချီးမြှင့်ခြင်း ခံလိုက်ရပါသေးတယ်။ 
Images of America ဆွေးနွေးပွဲမှာ စကားပြောဖြစ်စဉ်

နိုဝင်ဘာ ၄ ရက်နေ့မှာတော့ Englert Theatre မှာ IWP အစီအစဉ်က ကျင်းပတဲ့နှုတ်ဆက်ပွဲနဲ့ ဂုဏ်ပြုကဒ်ပြား ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ လက်ဆောင်တွေလဲလှယ်ကြ အမှတ်တရဓာတ်ပုံတွေရိုက်ကြတဲ့ နောက်ဆုံးနေ့ပါ။ စာရေးဆရာအားလုံးကို ဂုဏ်ပြုကဒ်ပြားတွေပေးအပ်ပြီးတဲ့အခါမှာ တစ်ယောက်ကျန်နေတယ်လို့ ဒါရိုက်တာ ခရစ္စတိုဖာ မာရေးလ်က ပြောပါတယ်။ ဟုတ်ပါတယ်။ ကဒ်ပြားမရသေးပဲ ကျန်နေသူက ကူဝိတ်က တားလက်ဘ်ပါ။ သူ့အတွက်တော့ အထူးပြင်ဆင်ထားပါတယ်လို့ ကြေညာပြီးတော့ လှမ်းပေးလိုက်တာက ပီဇာဗူးတစ်ဗူး ဖြစ်နေတဲ့အခါ အားလုံးက ရယ်မောကြပါတယ်။ ပီဇာကို ခဏခဏစားရလို့ မုန်းနေသူ တားလက်ဘ်ကို သက်သက် ကျီစယ်ကြတာဖြစ်ပါတယ်။ အဲဒီ ပီဇာဗူးထဲမှာ ဂုဏ်ပြုကဒ်ပြားကို ထည့်ထားပါတယ်။ အဲဒီပွဲအပြီးမှာတော့ စားသောက်ဆိုင်တစ်ခုမှာ ဆက်ပြီး အတီးအမှုတ်တွေ အကတွေနဲ့ နှုတ်ဆက်ပြီး ညဥ့်နက်အောင် နေခဲ့ကြပါတယ်။ 
IWP fall 2012 နှုတ်ဆက်ပွဲမှာ ဂုဏ်ပြုကဒ်ပြားတွေနဲ့အတူ နေဘုန်းလတ်နဲ့ အမှတ်တရ

နောက်တစ်နေ့မှာတော့ ကျွန်မတို့အားလုံးကို အိမ်အပြန်ခရီးရဲ့ နောက်ဆုံးအစီအစဉ်တွေဖြစ်တဲ့ ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့ ခရီးစဉ်အတွက် ပြင်ဆင်နေကြရပါပြီ။ တချို့စာရေးဆရာတွေက အဲဒီခရီးစဉ်မှာ မပါဝင်တာမို့ သူတို့အတွက်တော့ IWP အစီအစဉ်ကို တစ်ခါတည်း အပြီးနှုတ်ဆက်ခဲ့ရခြင်း ဖြစ်ပါတယ်။ IWP စာရေးဆရာတွေ ထွက်ခွာသွားတဲ့အခါ သူတို့ကျောင်းကြီးလည်း ခြောက်ကပ်ကျန်ခဲ့မယ်လို့  IWP ရုံးသူရုံးသားတွေက လွမ်းလွမ်းဆွတ်ဆွတ် ပြောကြပါတယ်။ ဒီမြို့လေးကို နောက်တစ်ခေါက် အလည်ရောက်လာဖို့ ဆိုတာကလည်း မလွယ်ဘူးမဟုတ်လား။  အဲဒီအချိန်မှာ သစ်ရွက်တွေ နီနီဝါဝါ အရောင်ပြောင်းရာကနေ ပင်လုံးကျွတ် တဖွဲဖွဲကြွေကျကုန်လို့ အိုင်အိုဝါတစ်မြို့လုံးက သစ်ပင်တွေဟာလည်း အရိုးပြိုင်းပြိုင်းနဲ့ ခြောက်သွေ့လာခဲ့ပါပြီ။


အိုင်အိုဝါတက္ကသိုလ်တစ်နေရာက သစ်ပင်ကြီး


 ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။ အပို်င်း ၉ တွင်နိဂုံးချုပ်ပါမည်။ )
 ၂၀၁၃ အောက်တိုဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။ 




အိုင်အိုဝါရက်စွဲများ အပိုင်း (၄)

$
0
0


အိုင်အိုဝါရက်စွဲများ အပိုင်း (၄)

၁၁။ လူငယ်များအတွက် တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း 

Face to Face Creative Writing for Youths လို့ အမည်ရတဲ့  “လူငယ်များအတွက် တီထွင်ဖန်တီး စာရေးသားခြင်း” သင်တန်းတိုတွေမှာ လုပ်အားပေးနိုင်သူတွေကို IWP က ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကတော့ IWP နဲ့ the Iowa Youth Writing Project (IYWP) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါဟာ IWP စာရေးဆရာတွေအတွက် မဖြစ်မနေ ပါဝင်ရမယ့် အစီအစဉ်မဟုတ်ပေမယ့် သူတို့ဆီမှာ ကလေးတွေကို သင်ကြားတဲ့ creative writing ကို သိချင်တာရယ်၊ ရောက်တုန်းရောက်ခိုက်မှာ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေထဲမှာ တတ်နိုင်သလောက် ကူညီချင်တာရယ်ကြောင့် စာရင်းပေးလိုက်ပါတယ်။

မူလတန်းကနေ အထက်တန်းအရွယ်အထိ ကလေးတွေအတွက် ဒီသင်တန်း အစီအစဉ်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ IYWP က ဦးဆောင် စီစဉ်သူတွေဖြစ်တဲ့ ဒိုရာ (Dora Malech)၊ ကက်သရင်း (Catherine Blauvelt)၊ ဖာတီမာ (Fatima Espiritu)တို့ဟာ IWP က စိတ်ပါဝင်စားသူ စာရေးဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ကြပါတယ်။ ပထမဦးဆုံး ခရီးအဖြစ် အိုင်အိုဝါပြည်နယ်ရဲ့ မြို့တော် ဒီမွိုင်း (Des Moines) ကို စက်တင်ဘာ ၁၅ ရက် စနေနေ့မှာ သွားရောက်ခဲ့ကြပါတယ်။ IWP စာရေးဆရာတွေထဲက စေတနာ့ဝန်ထမ်းအဖြစ် နယူးဇီလန်က ဂျက်ဖရီ ၊ ဖိလစ်ပိုင်က ဂျင်းန်ဗီးလ်၊ ဥဇဘက်ကစ္စတန်က အလီနာ၊ မောရိသျှက ဘာလင် နဲ့အတူ ကျွန်မလည်း လိုက်ပါခဲ့ပါတယ်။
ပြည်နယ်မြို့တော် ဒီမွိုင်းဟာ အိုင်အိုဝါမြို့နဲ့ သိပ်မဝေးလှပါဘူး။ 

မြို့တော်ဆိုပေမယ့်လည်း အေးဆေးငြိမ်သက်တဲ့ မြို့လေးတစ်မြို့ပါ။ သင်တန်းကို ပူးပေါင်းစီစဉ်သူဖြစ်တဲ့ Monsoon Bayanihan Asian Resource Centre တည်ရှိရာကို ရောက်လာတဲ့အခါ ကျွန်မတို့အဖွဲ့ကို အဲဒီရုံးရဲ့ တာဝန်ခံ ဖိလစ်ပိုင်လူမျိုး အမျိုးသမီးက ဆီးကြိုနှုတ်ဆက်ပါတယ်။ Monsoon ဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူ့ရဲ့လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုက ကာကွယ်တာ၊ ကလေးသူငယ်တွေကို စောင့်ရှောက်တာ စတာတွေ ပါဝင်ပါတယ်။ ရုံးခန်း အနှံ့အပြားကို တာဝန်ခံက လိုက်ပြပါတယ်။ အခန်းတွေမှာ ပြင်ဆင်ထားပုံက ကျွန်မရဲ့ အာရုံကို ဖမ်းစားပါတယ်။ နံရံမှာရော မျက်နှာကြက်တွေမှာပါ ဆေးရောင်စုံ စိုစိုလက်လက်တွေ ခြယ်သထားပြီး အရုပ်တွေလည်း ရေးခြစ်ထားပါတယ်။ အခန်းတွေရဲ့ အပြင်အဆင်က ကလေးငယ်တွေ ကြိုက်နှစ်သက်မယ့် ပုံစံမျိုးပါ။ စာသင်ခန်းမထဲမှာ ကပ်ထားတဲ့ နိုင်ငံစုံက ပိုစတာတွေကို အမှတ်မထင် ကြည့်လိုက်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစတာတစ်ခုကို သွားတွေ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံကို ဂုဏ်ပြုရေးဆွဲထားတဲ့ ပိုစတာပါ။ 
 
(Monsoon စာသင်ခန်းထဲမှာတွေ့ရတဲ့ ၈၈၈၈ ပိုစတာ)


မကြာခင်မှာပဲ ကလေးတွေနဲ့ မိဘတချို့ရောက်လာကြပါတယ်။ သင်တန်းလာတက်ကြတဲ့ ကလေးတွေဟာ အရွယ်စုံလင်သလို လူမျိုးလည်း စုံလင်ပါတယ်။ ကျွန်မ မှတ်မိသလောက် ထိုင်း၊ ဂျပန်၊ လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ အာဖရိကတိုက်က ကလေး အများအပြားကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ အကြောင်းကြောင်းကြောင့် အမေရိကကို ပြောင်းရွှေ့လာကြသူတွေပါ။  တချို့ကတော့ ပြောင်းရွှေ့လာတဲ့ မိဘတွေကနေ အမေရိကမှာ အခြေချရင်း မွေးဖွားလာကြသူတွေပါ။

(ဒီမွိုင်းမြို့ တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း)


(ဒီမွိုင်းမြို့ တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း)


ဒီသင်တန်းက ကလေးတွေကို တီထွင်ဖန်တီးချင်တဲ့ စိတ်ကူးဥာဏ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ သင်တန်းသာဖြစ်ပြီး ရေးနည်းရေးဟန်တွေကို ကျောင်းသင်ခန်းစာဆန်ဆန် သင်ကြားပေးခြင်းမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ လက်ရာတွေအပေါ်မှာ ဘယ်လိုဘယ်ပုံ ဖြစ်ရမယ်လို့ ကန့်သတ်ထားခြင်းလည်း မရှိပါဘူး။ ခေါင်းစဉ်ကို သူတို့ စဉ်းစားလို့ရအောင် ကူညီတဲ့အနေနဲ့ ပေးထားပေမယ့် သူတို့နှစ်သက်တဲ့ အကြောင်းအရာကို ရေးသားဖန်တီးခဲ့ရင်လည်း ပြဿနာ မရှိပါဘူး။ တချို့က ပေးထားတဲ့ ခေါင်းစဉ်အတိုင်း အက်ဆေး ရေးကြပါတယ်။ တချို့ကလည်း ကဗျာရေးပါတယ်။ တချို့ကလည်း ခေါင်းစဉ်ကို မလိုက်နာဘဲ သူတို့ ခေါင်းထဲပေါ်လာတဲ့ ဝတ္ထု၊ ပုံပြင်တွေ ချရေးကြပါတယ်။
ကလေးတွေကို တစ်ခုခု ဖန်တီးရေးသားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးတဲ့အထဲမှာ အောက်မှာဖော်ပြထားတဲ့ လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။

  • ·         ကလေးတွေ အဓိက ရေးသားရမယ့် ခေါင်းစဉ်ကို “Identity” လို့ ပေးထားပါတယ်။ အဲဒီအကြောင်းကို ရေးဖို့အတွက် သူတို့ကို စဉ်းစားစရာလေးတွေပေးပါတယ်။
  • ·         ကိုယ့်နာမည်ဟာ ဘာအဓိပ္ပာယ်ကို ဆောင်သလဲ ဆိုတာကို သူတို့ကို စဉ်းစားခိုင်းပါတယ်။ နာမည် နဲ့ ပတ်သက်လို့ တခြားကလေးတွေနဲ့ စာရေးဆရာတွေ ရေးထားခဲ့တဲ့ အက်ဆေး ကဗျာတွေကို နမူနာအဖြစ် အားကျလာအောင် ဖတ်ပြပါတယ်။
  • ·         ကျွန်တော်/ကျွန်မဟာ အရင်တုန်းကတော့….. ဒါပေမယ့် အခုတော့…. (I used to be…. But now I am…) အဲဒီလို အစချီတဲ့ ဝါကျလေးတွေ တည်ဆောက်ခိုင်းပါတယ်။
  • ·         ကျွန်တော်/ကျွန်မ သတိရမိသေးတယ်… (I remember…. ) လို့ အစချီတဲ့ စာကြောင်းလေးတွေ ရေးခိုင်းပါတယ်။ အဲဒီအတွက် နမူနာကိုတော့ Joe Brainard ရဲ့ I remember စာအုပ်ထဲက စာကြောင်းတချို့ကို ဖတ်ပြပါတယ်။
  • ·         ကလေးတွေကို အက်ဆေး၊ကဗျာ တစ်ခုခု ချရေးခိုင်းပါတယ်။ ရေးတဲ့နေရာမှာ အုပ်စုခွဲလိုက်ပါတယ်။ သင်တန်းမှာ ကူညီသူတွေက လူခွဲပြီး အုပ်စုတွေကို ဦးဆောင်တာဝန်ယူပေးရပါတယ်။ တစ်ဦးချင်းကို အကဲခတ်ပြီး လိုရင်လိုသလို အတူတကွ အပြန်အလှန်ဆွေးနွေး ကူညီပေးပါတယ်။
သင်တန်းမှာ မှတ်မှတ်ရရဖြစ်ခဲ့ရတာ တစ်ခုကတော့ အလီနာရဲ့ ကူညီမှုပါ။ ဥဇဘက်ကစ္စတန်က အလီနာ ဆိုတဲ့ ဂျာနယ်လစ် စာရေးဆရာမလေးဟာ IWP စာရေးဆရာ အားလုံးထဲမှာ အငယ်ဆုံးပါ။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ အလီနာဟာ ရုရှရေမြေမှာ မွေးဖွားသူလေးပီပီ ဒစ္စနေကာတွန်းထဲက မင်းသမီးလေးတွေလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ထင်းနေအောင် အလွန်လှပသူလေးလည်း ဖြစ်ပါတယ်။ သူ့ကို တွေ့တဲ့ ကလေးတိုင်းဟာ (အထူးသဖြင့် မိန်းကလေးငယ်လေးတွေဟာ) အရမ်းသဘောကျကြပါတယ်။ သူ့အသားလေးကို ကိုင်ကြည့်ပြီး မင်းကဘာကြောင့် ဒီလောက်လှနိုင်ရတာလဲ လို့မေးသူကလည်း မေးပါတယ်။ 

သင်တန်းမှာ သိသိသာသာ အေးဆေးငြိမ်သက်တဲ့ ကလေးမလေး တစ်ယောက်ရှိပါတယ်။ သူက အိန္ဒိယက ပြောင်းရွှေ့နေထိုင်လာသူလေးပါ။ မျက်မှန်လည်း အထူကြီးနဲ့ မျက်စိအားအတော်နည်းပြီး လက်ရေးကိုလည်း ညီညာအောင် မနည်းထိန်းရေးရပါတယ်။ ခေါင်းကို ငုံ့ထားပြီး စကားလည်း မပြောသလောက်ပါပဲ။ အက်ဆေးရေးကြတဲ့အခါ သူဟာ ဘာရေးရမှန်း အိုင်ဒီယာ မထွက်ဘူးဖြစ်နေပါတယ်။ ရေးသမျှကလည်း သဒ္ဒါအမှားအယွင်းတွေနဲ့ ဘာသာစကားလည်း အတော်အားနည်းရှာပါတယ်။ အလီနာက သူ့အနားမှာ ထိုင်ပေးတဲ့အခါ သူ တော်တော် အားတက်သွားပါတယ်။ အဲဒီ့နောက်မှာ မသိမသာနဲ့ အလီနာက သူ့ကို မေးခွန်းလေးတွေ မေးပေးပါတယ်။ အလီနာမေးတဲ့ မေးခွန်းလေးတွေကို ဖြေလိုက် စဉ်းစားလိုက်နဲ့ သူဟာ နောက်ဆုံးတော့ တကယ်ကို လှပတဲ့ ကိုယ်ပိုင် ပုံပြင်လေးတစ်ပုဒ်ကို ရေးသွားနိုင်ခဲ့ပါတယ်။ သင်တန်းပြီးသွားတော့ အတန်းရှေ့မှာ သူတို့လက်ရာတွေကို ထွက်ပြီး ဖတ်ပြကြတဲ့အထဲမှာလည်း အဲဒီ ကလေးမလေးဟာ ယုံကြည်မှုရှိရှိနဲ့ သူ့ဇာတ်လမ်းလေးကို ခပ်တည်တည် ဖတ်ပြသွားနိုင်ခဲ့ပါတယ်။ 

နောက်ထပ်မှတ်မှတ်ရရ ရေးသားချက်တစ်ခုကတော့ ထိုင်းလူမျိုးနဲ့ လာအိုလူမျိုး အထက်တန်း ကျောင်းသားလေး နှစ်ယောက် စုပေါင်းရေးကြတဲ့ ကဗျာပါ။ “အထက်တန်းကျောင်း” လို့ ခေါင်းစဉ်ပေးထားတဲ့ စာကြောင်းလေးတွေကို အစကတော့ ကဗျာလို့ပဲ ထင်မိတာပါ။ အတန်းရှေ့မှာ ထွက်ပြီး ရွတ်ပြတဲ့အခါ ဟစ်ပ်ဟော့ သီချင်းဖြစ်နေပါတယ်။ တစ်ယောက်က စာသားတွေရွတ် တစ်ယောက်က ပါးစပ်ဆိုင်းနဲ့ သီဆိုပြသွားတာ  အံ့သြစရာစွမ်းရည်တွေပါပဲ။ ဂျပန်မလေး တစ်ယောက်ကတော့ ပုံပဲဆွဲချင်တယ် စာတွေ မရေးချင်ဘူး ဆိုပြီး identity ဆိုတဲ့ ခေါင်းစဉ်ကို သရုပ်ဖော်ထားတဲ့ ကာတွန်းကွက်လေးတွေ ဆွဲပြခဲ့ပါတယ်။ 
(ဟစ်ပ်ဟော့ သီချင်း ဆိုပြနေတဲ့ ထိုင်းကျောင်းသားလေးနဲ့ လာအိုကျောင်းသားလေး)

(သူဆွဲထားတဲ့ ကာတွန်းတွေကို ပြနေတဲ့ ဂျပန်ကျောင်းသူလေး)


ဒီကလေးတွေရဲ့ နောက်ခံကို ကျွန်မတို့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ သူတို့ထဲက တချို့ရဲ့ နောက်ခံဇာတ်ကြောင်းတွေမှာ သိပ်မလှပတဲ့ အကြောင်းတွေလည်း ပါဝင်နိုင်တယ်လို့ ခန့်မှန်းမိပါတယ်။ ဥပမာ - တချို့ဟာ နယ်စပ်ကနေ ခိုလှုံလာတဲ့ ဒုက္ခသည်လေးတွေလည်း ဖြစ်နိုင်ပါတယ်။ အာရုံဝင်စားပြီး စိတ်ကူးတွေ ညှစ်ထုတ်တဲ့အခါ မလိမ်ညာတတ်တဲ့ ကလေးတွေပီပီ စိတ်ထဲမှာ တကယ်ရှိတာတွေကို ချရေးတတ်ကြပါတယ်။ သူတို့ရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးတဲ့အခါ   အနုတ်လက္ခဏာဆောင်တဲ့ အရေးအသားတချို့ကို တွေ့ရပါတယ်။ ကလေးမလေး တစ်ယောက်ကတော့ သူ့ကို လူတိုင်းကမုန်းတယ်။ ဘယ်သူမှမချစ်ကြဘူး၊ သူကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး စသည်ဖြင့် ရေးနေတာကို တွေ့တဲ့အတွက် သူ့အနားမှာ ထိုင်ပေးပြီး တခြားမေးခွန်းတွေကို အာရုံပြောင်းအောင် မေးပေးရပါတယ်။

အဲဒီ သင်တန်းအပြီး နောက်ထပ်နေရာတွေကို မသွားခင်မှာတော့ အခုလို ငယ်စဉ်ဘဝက ဝမ်းနည်းစရာ၊ မမှတ်မိချင်စရာ အဖြစ်အပျက်တွေ ကြုံတွေ့နိုင်မယ့် ကလေးတွေ၊ လူနည်းစု လူမျိုးနွယ် ဖြစ်နေတဲ့ ကလေးတွေကြုံလာခဲ့ရင် ပိုသတိထားပြီး သူတို့အတွက် စိတ်ခံစားမှု မကောင်းစေမယ့် အကြောင်းအရာတွေကို ရှောင်ရှားကြဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ 

စက်တင်ဘာ ၂၀ ရက်နေ့မှာ နောက်ထပ် သွားရောက်ခဲ့တဲ့ မြို့ကတော့ အိုင်အိုဝါ ပြည်နယ်ထဲကပဲ စပစ်ရစ် လိပ်ခ် (Spirit Lake) ဆိုတဲ့ မြို့ပါ။ အဲဒီမြို့ဟာ IWP ရဲ့ coordinator ဂျိုး (Joseph Tiefenthaler)  ရဲ့ ဇာတိမြို့လေးလည်း ဖြစ်ပါတယ်။ အဲဒီနေရာကတော့ အိုင်အိုဝါမြို့ကနေ အတော်လေး အလှမ်းဝေးတာမို့ ညအိပ်ညနေ သွားခဲ့ကြရပါတယ်။ ဒီတစ်ခါတော့ သင်တန်းမှာ ကူညီဖို့ လိုက်ပါလာကြတဲ့ IWP စာရေးဆရာတွေက အီရတ်က ဂူလာလာ၊ ချီလီက မာတီးရားစ်၊ ဘော့စဝါနာက တီဂျေ၊ နေဘုန်းလတ်နဲ့ ကျွန်မ တို့ဖြစ်ပါတယ်။ 

သွားတဲ့ လမ်းတလျှောက်မှာ ပြောင်းဖူးခင်းတွေကို တမျှော်တခေါ် မြင်နေရပါတယ်။ မြို့အဝင်နားမှာတော့ စွမ်းအင်ထုတ်လုပ်တဲ့ လေရဟတ် (windmill) တွေကို တွေ့ရပါတယ်။ ဒါကတော့ ကျွန်မတို့နိုင်ငံမှာ မရှိတဲ့အရာတွေပါ။ အဲဒီအချိန်မှာ တီဂျေက “ဝတ္ထုတစ်ပုဒ်ကို သတိရလိုက်တာ” လို့ ကောက်ခါငင်ကာ ပြောပါတယ်။ သူက စာအုပ် နာမည်ကို မေ့နေပါတယ် ။ “ဟို.. ဒွန်.. ဒွန်နဲ့စတယ်လေ” တဲ့။  ဒွန်ရယ် လေရဟတ်ရယ် ဆက်စပ်ပြီး ကျွန်မလည်း ချက်ချင်း သိလိုက်ပါတယ်။ “စပိန် စာရေးဆရာ ဆာဗန်းတေးစ်ရဲ့ ဒွန်ကီရောတေး (Don Quixote) မဟုတ်လား” ဆိုတော့ သူက ဝမ်းသာအားရ ခေါင်းညိတ်ပါတယ်။ 
(စပစ်ရစ်လိပ်ခ် မြို့အဝင်မှ လေရဟတ်များ)
 မြို့အဝင်မှာ ဂျိုးရဲ့အမေအိမ်ကို ခဏဝင်ခဲ့ကြပါတယ်။  ဂျိုးရဲ့ အမေက ကျွန်မတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ထားပါတယ်။ အဲဒီနေရာဟာ အိုင်အိုဝါမြို့နဲ့စာရင် သိသိသာသာ အေးလှပါတယ်။ ညစာစားပြီးတဲ့အခါ ကျွန်မတို့အတွက် မီးပုံပွဲလည်း လုပ်ပေးပါတယ်။ အဲဒီနောက် တည်းခိုနေထိုင်ရမယ့် မြို့ထဲ ရေကန်အနားက လှပတဲ့ ဘန်ဂလိုတွေဆီကို ရောက်လာပါတယ်။   ဘန်ဂလိုနားက ရေကန်ဟာ နွေရာသီမှာဆိုရင် အပန်းဖြေသူတွေနဲ့ စည်ကားနေတယ် လို့ ဂျိုးက ပြောပြပါတယ်။ ခရီးပန်းလာလို့ တချို့က နားကြပေမယ့် ကျွန်မနဲ့ စာရေးဆရာတချို့ဟာ ဂျိုးနဲ့အတူ ရေကန်ရှုခင်းကို ညမှောင်မှောင်မှာ သွားကြည့်ရင်း လေညင်းခံကြပါသေးတယ်။
စပစ်ရစ် လိပ်ခ် မှာ သင်တန်းတက်ဖို့ ရောက်လာကြတဲ့ ကလေးတွေကတော့ ဒီမွိုင်းမှာလောက် မများပြားပါဘူး။ အဲဒီကလေးတွေကတော့ အမေရိကန် မြို့ခံလေးတွေဖြစ်ကြပါတယ်။ သူတို့က ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိပြီးတော့ သွက်လက်ကြတာကို သတိထားမိပါတယ်။ အဲဒီ သင်တန်းကျောင်းမှာကတော့ သင်ထောက်ကူပစ္စည်းတွေ စုံလင်ပါတယ်။ ကျောင်းက ကျယ်ဝန်းပြီး ပန်းချီပြခန်းလည်း ရှိပါတယ်။ 

ဒီသင်တန်းမှာတော့ ကလေးအရေအတွက် နည်းပြီး ကျွန်မတို့က လူများနေတဲ့အတွက် ­­­­­ကလေးတွေ အနေခက်မှာစိုးလို့ စာသင်နေတုန်း ဓာတ်ပုံရိုက် မှတ်တမ်းတင်တာကို သိပ် မလုပ်ဖြစ်ခဲ့ကြပါဘူး။ သင်တန်းပြီးမှသာ သူတို့နဲ့ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒီသင်တန်းမှာတော့ အချိန်လည်းရတဲ့အတွက် ကဗျာရွတ်ဆိုမှုမှာ အထူးကျွမ်းကျင်တဲ့  တီဂျေဒီးမားက သူတို့ရေးထားတဲ့ စာတွေကို ပရိသတ်ရှေ့မှာ အသံထွက် ရွတ်ဆိုတဲ့အခါ ဘယ်လိုဟန်ပန်နဲ့ အသံနေအသံထား ပီပြင်အောင် ရွတ်ဆိုရမယ် ဆိုတဲ့ အခြေခံ အချက်ကလေးတွေကို သင်ပြပေးခဲ့ပါတယ်။ ကလေးတွေကလည်း သူတို့စိတ်တိုင်းကျ လေ့ကျင့်ပြီးမှ သူတို့ရေးထားတာလေးတွေကို သေသေချာချာ ရွတ်ဖတ်ပြခဲ့ပါတယ်။ အဲဒီလို သင်တန်းတွေကို အပတ်စဉ်တိုင်း တခြားမြို့တွေမှာလည်း လှည့်လည်ဖွင့်လှစ် ခဲ့ပါတယ်။ ကျွန်မက အခုဖော်ပြခဲ့တဲ့မြို့ ၂ မြို့ကို လိုက်ပါခဲ့ပါတယ်။ အဲဒီသင်တန်းတွေအားလုံးမှာ ရေးသားခဲ့တဲ့ ကလေးတွေရဲ့ လက်ရာတွေကို စုစည်းပြီးတဲ့အခါ The Iowa Youth Writing Project က စာအုပ်တစ်အုပ် ထုတ်ဝေပေးမှာပါ။ 
(စပစ်ရစ်လိပ်ခ်မြိှု့ တီထွင်ဖန်တီး စာရေးသားခြင်းသင်တန်း)

(စပစ်ရစ်လိပ်ခ်မြို့ တီထွင်ဖန်တီး စာရေးသားခြင်းသင်တန်း)


ဒီလို ရက်တိုသင်တန်းလေးတွေကို ကျွန်မတို့ဆီမှာလည်း စာရေးဆရာတွေက ကျောင်းဆရာတွေနဲ့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်း လိုက်လံဖွင့်လှစ်ပေးနိုင်ရင် ကောင်းမယ် လို့ တွေးမိပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ကျောင်းတွေမှာသာ ရရှိနိုင်တဲ့ သင်ရိုးညွှန်းတန်းပြင်ပ ပညာရေးကို သင်ယူခွင့် မရနိုင်တဲ့ နွမ်းပါးတဲ့ ဒေသက အစိုးရကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေမှာ ချိတ်ဆက်ပြီး သင်ကြားနိုင်ရင် ကောင်းမယ်လို့ တွေးမိပါတယ်။ တစ်ခုရှိတာကတော့ ဒီလိုသင်တဲ့နေရာမှာ ကျွန်မတို့ရဲ့ ပညာရေးစနစ်ဟောင်းမှာ အရိုးစွဲလာခဲ့တဲ့ ဆရာကသာ တဖက်သက် ပို့ချသင်ကြား လိုတဲ့ အလေ့အထကိုတော့ ဖျောက်ပစ်လိုက်ဖို့ လိုပါလိမ့်မယ်။ တီထွင်ဖန်တီးမှုနဲ့ ပတ်သက်လာရင် ကလေးတွေကို ဘယ်လို သင်ကြားပေးလိုက်မယ်လို့ ကိုယ့်ကိုယ်ကို ဆရာသဖွယ် သဘောထားလို့ မရပါဘူး။ ကလေးတွေမှာ ပင်ကိုယ်သဘာဝအားဖြင့် တီထွင်ဖန်တီးနိုင်စွမ်းတွေ အံ့မခန်းရှိပါတယ်။ ကလေးတို့ရဲ့ သန့်စင်တဲ့ စိတ်ကူးဥာဏ်မှာ အကန့်အသတ်မရှိပါဘူ။ အဲဒါတွေကို ဖန်တီးမှုရလာဒ်အဖြစ် ထွက်ပေါ်လာအောင် လူကြီးတွေက လှုံ့ဆော်ပေးမယ့်၊ အားပေးတိုက်တွန်းမယ့် အခန်းကဏ္ဍက ဖြည့်စွက်ပါဝင်ဖို့သာ လိုအပ်ပါတယ်။


၁၂။ Spirit Lake ရဲ့ စာအုပ်ဆိုင်က ဝတ္ထု/ကဗျာရွတ်ပွဲ နဲ့  ရေကန်ထဲမှာ လှေစီးကြခြင်း

စပစ်ရစ်လိပ်ခ် ကို ရောက်တုန်းရောက်ခိုက်မှာ စာပေဖတ်ပွဲတစ်ပွဲ ကျင်းပဖို့လည်း  ဂျိုးက စီစဉ်ပေးခဲ့ပါတယ်။ IWP မှာ အိုင်အိုဝါမြို့က စာပေရွတ်ပွဲ အနည်းဆုံး တစ်ပွဲဟာ IWP စာရေးဆရာတွေ မဖြစ်မနေ ပါဝင်ဆင်နွှဲရမယ့် အစီအစဉ်တွေထဲမှာ ပါပါတယ်။ အဲဒီ ရွတ်ပွဲတွေမှာ ကျွန်မရဲ့ အလှည့် မကျသေးတာမို့ အခု စပစ်ရစ်လိပ်ခ် မှာ ရွတ်ဆိုတဲ့ပွဲဟာ ကျွန်မအတွက်တော့ အမေရိကမှာ ပထမဆုံး ကဗျာရွတ်ရမယ့် ပွဲဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ သင်တန်းကို လိုက်ပါလာကြတဲ့ စာရေးဆရာတွေအားလုံးဖြစ်တဲ့ ဂူလာလာ၊ မာတီးရားစ်၊ တီဂျေ၊ နေဘုန်းလတ်နဲ့ ကျွန်မတို့ အားလုံး ရွတ်ကြမှာဖြစ်ပါတယ်။ မာတီးရားစ် ကတော့ ဝတ္ထုရေးဆရာ ဖြစ်တဲ့အတွက် သူ့ဝတ္ထုရှည်တစ်ပုဒ်ရဲ့ ကောက်နုတ်ထားတဲ့ စာသားတွေကို ဖတ်ပြပါတယ်။ ကျန်သူတွေအားလုံးက ကဗျာရွတ်ကြပါတယ်။ စာအုပ်ဆိုင်ထဲမှာ လာရောက်ကြည့်ရှု အားပေးကြသူတွေဟာ မြို့ခံ အရပ်သူအရပ်သားတွေပါ။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ ပိုများတာကို သတိထားမိပါတယ်။ 

လမ်းမကြီးရဲ့ ဘေးမှာ တည်ရှိတဲ့ Hill Avenue Book Co. စာအုပ်ဆိုင်ထဲက ထိုင်ခုံလေးတွေ စီချထားတဲ့ နေရာလေးဟာ အသံလုံ အခန်းတစ်ခုမဟုတ်ပါဘူး။ ခန်းခန်းနားနားလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် တက်ရောက်လာကြတဲ့ ပရိသတ်ဟာ စည်းကမ်းတကျ တိတ်ဆိတ်ငြိမ်သက်လှပါတယ်။ ရွတ်ဖတ်သမျှ စာတွေကို အသေအချာ နားစွင့်ပြီး တလေးတစား နားထောင်ကြပုံဟာ စာရေးဆရာတွေအဖို့ တကယ့်ကို အားတက်စရာပါ။ အဲဒီနေ့က ကျွန်မရဲ့ ကဗျာ၂ ပုဒ်ဖြစ်တဲ့ “ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်” နဲ့ “မြို့ပြသူလေးနဲ့ တစ်ညနေ” တို့ရဲ့ အင်္ဂလိပ်ဘာသာပြန်တွေ ကို ရွတ်ခဲ့ပါတယ်။ 
(စာပေရွတ်ပွဲအတွက် ကြော်ငြာထားတဲ့ ပိုစတာ)

(စပစ်ရစ်လိပ်ခ်မြို့ စာအုပ်ဆိုင်ထဲက စာပေရွတ်ပွဲကို တက်ရောက်လာကြသူအချို့)
(စပစ်ရစ်လိပ်ခ်မြို့ စာအုပ်ဆိုင်ထဲက စာပေရွတ်ပွဲမှာ ပန်ဒိုရာ ကဗျာရွတ်နေစဉ်)


ဒီနေရာမှာ ကဗျာဆရာမလေး တီဂျေဒီးမားအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ သူဟာ အသက် ၃၀ ဝန်းကျင်သာရှိသေးပေမယ့် ကဗျာနဲ့ပတ်သက်ရင် သူ့နိုင်ငံမှာ ဦးဆောင်ဦးရွက် လုပ်ဆောင်နေသူပါ။ သူက spoken poetry ဆိုတဲ့ စကားပြောကဗျာကို အထူး အလေးပေး လုပ်ဆောင်နေသူပါ။ ကျွန်မနဲ့သူဟာ ကိုယ့်နိုင်ငံတွေ အကြောင်းရော ကဗျာအကြောင်းကိုပါ မကြာခဏ စကားပြောဖြစ်ကြပါတယ်။ သူဟာ ကဗျာကို စာရွက်မကြည့်ပဲ အလွတ်ရွတ်ဆိုလေ့ရှိပါတယ်။ ဘော့စဝါနာရဲ့ ကဗျာဟာ စကားပြော ဘာသာစကားနဲ့ အသံကို အခြေခံတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ပြုထားပြီး အသံကို အားပြုပြီး ရွတ်သူပါ။ သူ့ရဲ့ အလွန်ဆွဲဆောင်မှု ရှိတဲ့ ကဗျာရွတ်ဆိုမှုကို အဲဒီပွဲမှာ ကျွန်မ ပထမဆုံး မြင်ဖူး ကြားဖူးခဲ့ရပါတယ်။

အဲဒီခရီးစဉ်ဟာ ဂျိုးရဲ့ ဇာတိမြို့ဖြစ်တာကြောင့် အစီအစဉ်တွေ ချိတ်ဆက်ထားတာ အဆင်ပြေလှပါတယ်။ ဂျိုးရဲ့ အမျိုးတွေ အကုန်လုံးက ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေ ကူညီကြပါတယ်။ ရှေ့မှာ ပြောပြခဲ့တဲ့အတိုင်း ဂျိုးရဲ့အမေက ညစာကျွေးခဲ့တယ်။ ဂျိုးရဲ့ အဖေကတော့ တည်းခိုဖို့ ဘန်ဂလို ရအောင် စီစဉ်ပေးခဲ့ပါတယ်။ ဂျိုးရဲ့ အဒေါ် က မော်တော်ဘုတ် တစ်စီးနဲ့ ရောက်လာပြီး ကျွန်မတို့ကို ကန်ထဲမှာ လိုက်ပြပါတယ်။ အဲဒီနေ့က ကောင်းကင်ဟာ ပြာနှမ်းနေပြီး တိမ်တွေအဆုပ်ဆုပ်နဲ့ သိပ်ကို သာယာလှပပါတယ်။ လေတဖြူးဖြူးနဲ့ လှေစီးနေရင်း အမိမြေက အင်းလေးကန်ကိုလည်း သတိရမိပါတယ်။ 
(ဂျိုးရဲ့ အဒေါ်က အဲဒီ မော်တော်ဘုတ်နဲ့ လာခေါ်ခဲ့ပါတယ်။)

(Spirit Lake ရေကန်မြင်ကွင်း)
( လှေပေါ်မှာ ထိုင်နေကြတဲ့ ဘော့စဝါနာက တီဂျေ၊ အီရတ်က ဂူလာလာနဲ့ IWP ရုံးဝန်ထမ်း အမ်မလီ)
ဒီဒေသဟာ အိုင်အိုဝါရဲ့ ထင်ရှားတဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်ပါတယ်။ အိုင်အိုဝါပြည်နယ်ရဲ့ ဒစ်ကင်ဆင် နယ်မြေ (Dickinson County) မှာ ရှိတဲ့ Spirit Lake, West Okoboji and East Okoboji ရေကန်အစုအဝေးကို Iowa Great Lakes လို့ခေါ်ပါတယ်။ ဒေသတစ်ခုလည်း ခြုံပြီး Okoboji လို့လည်း ခေါ်ပါတယ်။ Spirit Lake က အကြီးဆုံးဖြစ်ပြီး ၂၃ စတုရန်းမီတာ ကျယ်တယ်လို့ဆိုပါတယ်။
အဲဒီလို ရေကန်ထဲမှာ လျှောက်လည်ရတာ အမေရိကကိုရောက်မှ ဒါဟာ ဒုတိယအကြိမ်ပါ။ 

အိုင်အိုဝါမြို့ကို ရောက်ပြီး တစ်ပတ်လောက်အကြာတုန်းက တနင်္ဂနွေတစ်နေ့မှာလည်း မြို့အနီးအနားက Lake Macbride ရေကန်ကို IWP ရုံးအဖွဲ့က လိုက်ပို့ကြပါသေးတယ်။ အဲဒီရေကန်ထဲမှာတော့ လူ ၄ ယောက် စီးလို့ရတဲ့ ခြေနင်းလှော်ရတဲ့ လှေကလေးမှာ အီရတ်က ဂူလာလာ၊ အီရန်က ယာကုဘ်၊ နေဘုန်းလတ်နဲ့ ကျွန်မတို့ လျှောက်စီးဖြစ်ခဲ့ကြပါတယ်။ ကန်အနီးတဝိုက်က တောအုပ်ကလေးမှာလည်း လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။ အပြန်မှာ Wilson’s Apple Orchard ပန်းသီးခြံကို လိုက်ပို့ပေးပါတယ်။ ပန်းသီးခြံထဲမှာ Bessie လို့ နာမည်ပေးထားတဲ့ လယ်ထွန်စက်ကားကြီးကို စီးပြီး ပန်းသီးပင်တွေ ရွှေဖယုံခင်းတွေကို လျှောက်ကြည့်ဖြစ်ကြပါတယ်။ 
(Lake Macbride ရေကန်ဘေးမှာ ထိုင်ရင်း စကားပြောနေကြတဲ့ IWP စာရေးဆရာတွေ)

(ပန်းသီးခြံကို လှည့်လည်ကြည့်ကြစဉ်)


ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံကြီးတစ်ခုကို ရောက်နေတဲ့အခိုက်မှာ အခုလို သူတို့ရဲ့ ကျေးလက် နယ်ဒေသတွေကို သွားရောက် လေ့လာခွင့်ရတာ အလွန်ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်လို့ ကျွန်မကတော့ မှတ်ယူပါတယ်။ အိုင်အိုဝါမြို့ အနီးအနားက ပရေရီမြက်ခင်းပြင် ရှိရာဒေသက ကျေးလက်အိမ်တစ်အိမ်ကိုလည်း IWP အစီအစဉ်နဲ့ သွားလည်ခွင့်ရခဲ့ပါတယ်။ အဲဒီ့အပြင် ယာခင်းမှာ နေထိုင်တဲ့ ဂူလာလာရဲ့ မိတ်ဆွေတစ်ယောက်က ဖိတ်ခေါ်ကျွေးမွေးလို့လည်း ပိတ်ရက်တစ်ရက်မှာ ဂူလာလာနဲ့ အတူကပ်လိုက်ပြီး ရောက်ဖူးခဲ့ပါသေးတယ်။  

(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ ဂျွန်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့





Viewing all 97 articles
Browse latest View live